Wednesday, 5 February 2014

နှစ်သက်မိတဲ့ မြန်မာဖက်ရှင်များ

ဒီတခါတော့ ဆားချက်တယ်ပဲဆိုဆိုဘာပဲဆိုဆို နှစ်သက်မိတဲ့ မြန်မာဖက်ရှင်တွေ အင်တာနက်ပေါ်ကနေ စုစည်းထားသမျှတင်ပါရစေ။ Adora blogကိုလာလည်ကြတဲ့သူတွေတော်တော်များများက search engineကနေ မြန်မာဖက်ရှင်အကြောင်းရှာရင်း ရောက်လာကြတာသတိထားမိတာ တော်တော်ကြာပါပြီ။ တကယ်က ကျမ blogမှာ  မြန်မာဝတ်စုံတွေအကြောင်းဘာမှ များများစားစားမရှိလှပါဘူး။ ဟိုးအရင်ကရေးထားတဲ့ Celebrating the Curves ထဲမှာ မြန်မာဝတ်စုံက ဝသော၊ပိန်သောမြန်မာမိန်းကလေးတိုင်းနဲ့လိုက်တဲ့အကြောင်း ရေးထားတာမှာ keyword နဲ့သွားတိုက်ဆိုင်နေတဲ့အတွက်ရောက်လာကြတာပါ။

ကျမက မြန်မာဝတ်စုံကိုအင်မတန်နှစ်သက်တဲ့ထဲမှာပါ ပါတယ်။ အဝေးမှာနေလို့ မြန်မာဝတ်စုံနေ့တိုင်းဝတ်ဖို့အဆင်မပြေလှပေမဲ့ ဘုန်းကြီးကြောင်းသွားတိုင်း၊ အလှူဖိတ်တိုင်း၊ မြန်မာမဂ်လာဆောင်သွားတိုင်း  မြန်မာဝတ်စုံလေးတွေ ထုတ်ဝတ်ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားရိုးရာချည်ထည်လေးတွေက အေးလဲအေး၊ အရောင်အသွေးစုံပြီး၊ ဈေးလဲအရမ်းမကြီးတဲ့အတွက် ထသွားထလာလဲ ဝတ်ပျော်ပါတယ်။ ရန်ကုန်ပြန်တိုင်းလဲ စမ်းချောင်းက ချုပ်နေကြအမဆီမှာ ၃-၄ထည် ပြန်ယူလာဖို့သွားချုပ်ဖြစ်တာပါပဲ။ ဒီတော့ ဘယ်ပိတ်စကို ဘယ်လိုပုံချုပ်မလဲစဉ်းစားရပြီလေ။ ကျမလုပ်လေ့ရှိတာကတော့ အင်တာနက်ပေါ်က အကျီပုံလေးတွေကြိုက်တာတွေ့သမျှ ဖုံးထဲမှာ၊ laptopထဲမှာ saveလုပ်ပြီးသိမ်းထားတာပါ။ ချုပ်ခါနီးကြတော့ ပြန်ကြည့်လိုက်ရုံပေါ့။ ကဲ အကြံမပိုင်လား။

အခုသိမ်းထားတဲ့ပုံလေးတွေထဲက အနှစ်သက်ဆုံးပုံလေးတွေကို ဝေမျှချင်ပါတယ်။ ဒီမှာတခုပြောချင်တာက ဒီ ပို့စစ် ထဲမှာရေးထားတဲ့ ဒီဇိုင်းတွေက အင်တာနက်ပေါ်ကနေ စုစည်းထားတာပါ။ ကျမမပိုင်ပါဘူး။ အခကြေးငွေယူပြီး ကြေငြာတာလဲမဟုတ်ပါဘူး။  ဒီဇိုင်းနာတွေက သူတို့ဒီဇိုင်းတွေကို အင်တာနက်စာမျက်နှာကနေကြေငြာထားတဲ့ထဲကမှ ကိုယ်ကြိုက်တာလေးတွေ သိမ်းထားတာပါ။ သူတို့ ဒီဇိုင်းတွေထဲကအကောင်းဆုံး ဒီဇိုင်းတွေလို့လဲမဆိုလိုပါဘူး။ ကျမအရပ် နဲ့ ကျမ ကိုယ်လုံးနဲ့လိုက်မယ်ထင်တဲ့၊ လိုက်တဲ့ ပုံစံလေးတွေရွေးပြီး သိမ်းထားတာလေးတွေ ဝေမျှတာပါ။မြန်မာဝတ်စုံလှလှလေးတွေ (Adoraနဲ့ အကြိုက်တူမယ်ဆိုရင်ပေါ့လေ) ရှာနေတဲ့သူတွေအတွက်အဆင်ပြေမယ်ဆိုရင် ကျေနပ်ပါတယ်။ ဓာတ်ပုံတွေကို ဖဘပေါ်ကအောက်ပါpageများမှကူးယူပါတယ်။

Tuesday, 4 February 2014

Happy New Year 2014

၂၀၁၄ ဇန်နဝါရီလထဲဝင်လို့ ကုန်တောင်ကုန်တော့မှာဆိုတော့ နှုတ်ဆက်ဖို့နည်းနည်းတောင်နောက်ကြနေပြီပေါ့နော်။ကျမရဲ့ Blogမှာ ၂၀၁၄အတွက် ပထမဆုံးရေးတဲ့စာမို့လို့ "Happy New Year 2014" လို့အရင်ဆုံးနှုတ်ဆက်ချင်ပါတယ်။

ဒီဇင်ဘာလတုံးက ၃ပတ်ကျော်ကြာအောင် ရွှေပြည်ကြီးကိုပြန်သွားတာကြောင့် ကျမBlogကို ကိုယ်တိုင်မရောက်တာတောင် ကြာပါပြီလေ။ ကိုယ့်Blogကို မရောက်ပေမဲ့ ကြည့်နေကြ ကိုညီလင်းတို့၊ အမသက်တို့၊မလေး၊ မလေနုအေး နဲ့အမချစ်တို့ဆီတော့ သွားသွားချောင်းဖြစ်တယ်။ ကိုညီလင်း တယောက်လဲ မအားလို့နေမှာ၊ စာအသစ်မတွေ့တာ နဲနဲတောင်ကြာပြီ။ ဒီကြားထဲမှာ ကျမနှစ်သက်ရတဲ့ ttsweet စာပြန်ရေးလို့ ဝမ်းသာလိုက်တာ။
ဇန်နဝါရီလဆန်းကတဲက အခန်းထဲမှာဒီအတိုင်းပက်လက်ကြီးချပြီး မရှင်းဘဲထားတဲ့ ခရီးဆောင်အိတ်ကြီး  ပြီးခဲ့တဲ့အပတ်ကရှင်းအပြီးမှပဲ အေးအေးလူလူ စာတွေရှင်း၊ emailတွေဖတ်၊ပြန်၊ youtubeမှာ subscribe လုပ်ထားတဲ့ channelsတွေက သီချင်းအသစ်တွေ program,segment အသစ်တွေကိုလိုက်ကြည့်ရင်း michelle phan ရဲ့ 2014 new year resolution ဆိုတဲ့ video အတိုလေးကို ကြည့်ဖြစ်ပါတယ်။

michelle phan ဆိုတာ ဗီယက်နမ်လူမျိုး၊ အမေရိကားမှာအခြေချနေထိုင်သူ၊  မိတ်ကပ်ပြင်နည်းတွေကို သူမရဲ့ youtube channelကနေတဆင့် ရှင်းလင်း သင်ပြရာကနေ နာမည်ကြီးလာပြီး အခုဆို em ဆိုတဲ့ မိတ်ကပ်လိုင်းတခုကိုတောင် ပိုင်ဆိုင်နေပါပြီ။ michelle phan ရဲ့video တွေကအများအားဖြင့် နောက်ခံသီချင်းအေးအေးလေးတွေနဲ့ မိတ်ကပ်ပြင်နည်းအဆင့်ဆင့်ကို လှလှပပချစ်စရာကောင်းအောင်ရိုက်ပြထားတာများပါတယ်။ ဒါပေမဲ့ ဒီ2014 new year resolution videoလေးမှာ ရိုးရိုးရှင်းရှင်းမိတ်ကပ်လေးနဲ့ သူ့အိပ်ခန်းလိုနေရာမျိုးလေးမှာထိုင်ပြီး သူမရဲ့ new year resolutionတွေကို တခုချင်းထိုင်ရှင်းပြနေတာကြည့်ရင်း ကျမရဲ့  new year resolutionကို စဉ်းစားမိပါတယ်။

(၁) ပထမဦးဆုံးတခုက လက်ရှိအချိန်၊ လက်ရှိပတ်ဝင်းကျင်၊ လက်ရှိရောက်နေတဲ့နေရာလေးကို စိတ်ရောကိုယ်ပါ တန်ဖိုးထားပြီး Enjoy လုပ်ဖို့ပါ။ Adora တို့တွေတနေ့တနေ့  ပြီးသွားတဲ့အတိတ်နဲ့ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေးပြီး ပျော်လိုက်ကြ၊ စိတ်လှုပ်ရှားလိုက်ကြ၊ ဝမ်းနည်းကြ၊ စိတ်ပူကြနဲ့ ကိုယ်အခုပိုင်ဆိုင်နေတဲ့ လက်ရှိအချိန်လေးကိုမေ့နေတတ်ကြတာလေ။ လက်ရှိသွားရင်းလာရင်း၊ စားရင်းသောက်ရင်းတောင် မြင်နေတွေ့နေ စားနေရတာတွေကို လူကိုယ်တိုင်မခံစားတော့ဘဲ ဒစ်ဂျစ်တယ်ဖုံးတွေ၊ ကင်မရာ Filterနဲ့ social media sites တွေကနေပဲ ခံစားကြ၊ နှစ်သက်တဲ့အကြောင်းကို Like button နဲ့ပဲစကားပြောကြတော့တာ။ မျက်လုံးက မြင်ကွင်းကျယ်ကြီးကို တမေ့တမောခံစားလို့ရပါလျှက်နဲ့ ထောင့်မှန်စတုဂံအကွက်လေးတွေကပဲ ကြည့်နေကြတော့တာ။ ကျမကတော့ ၂၀၁၄မှာ ဒီအကျင့်တွေကို တတ်နိုင်သလောက်ဖျောက်ပြီး လက်ရှိအချိန်၊လက်ရှိပတ်ဝင်းကျင်လေးကို စိတ်ရောကိုယ်ပါနှစ်ပြီး ခံစားဖို့ဆုံးဖြတ်ထားပါတယ်။
(၂) Get Organized - ကျမ ကအင်မတန် စည်းနစ်မကျတဲ့လူအမျိုးအစားထဲမှာပါ ပါတယ်။ ဘယ်အရာကိုမှ မှတ်မှတ်သားသားမထားသိုတတ်၊ မိန်းကလေးမို့ သပ်သပ်ရပ်ရပ် သိမ်းသိမ်းထုတ်ထုတ် မနေတတ်၊ စိတ်ပါရင် တနေကုန် မရပ်မနား ရှင်းလင်းသိမ်းဆည်းဖို့ ဝင်မလေးပေမဲ့ နေ့တိုင်းတော့ ဘယ်တော့မှမလုပ်၊ ဒါတွေကြောင့်လဲ ဟိုပစ္စည်းရှာမတွေ့၊ ဒီပစ္စည်းဘယ်နားမှန်းမသိ ဆိုတာမျိုးခဏခဏဖြစ်တတ်တာမျိုး။ ဒါတောင် စည်းစနစ်ကြီးပြီး မိန်းမအရမ်းပီသတဲ့ မေမေ့လက်ပေါ်မှာကြီးလာတာ။ ဒီနှစ်သစ်မှာတော့ ဒီအကျင့်ဆိုးလေးတွေပြင်ဖို့ကြိုးစားပါမယ်။
(၃) Truely take care of myself -  ကိုယ့်ကျန်းမာရေးနဲ့ စိတ်ချမ်းသာရေးကိုဂရုစိုက်ရန်။
(၄) Still motivated - ရုံးကအထက်လူကြီးက မလေးရှားနိုင်ငံသားတရုတ်လူမျိုးပါ။ အလုပ်နဲ့ပတ်သက်တဲ့ ဗဟုသုတပြည့်ဝပြီးတော်ပေမဲ့လည်း လက်အောက်ငယ်သားအပေါ်မမောက်မာတက်သူ၊ စကားပြောချိုသာယဉ်ကျေးတဲ့သူမျိုး ဆိုတော့ သူကောင်းတာကို အခွင့်ကောင်းတတ်တဲ့ သူမျိုးကလဲမရှားဘူးဆိုပါတော့။ ကျမ ကတော့ အလုပ်ရှိရင်အချိန်ကုန်မြန်တယ်ဆိုပြီး မရှိရှိတာရှာလုပ်၊ အလုပ်ကို အချိန်တိုအတွင်းမြန်မြန်ပြီးအောင်လုပ်၊ ရီပို့တွေ ကောင်းကောင်းလုပ်ပြီးထပ်ဆိုတော့ Quarterly Assessment မှာသူက "မင်းက ဒီဌာနမှာအသစ်ပေမဲ့ မသိတာကိုမေး၊ အလုပ်အပေါ်မှာ စေတနာထားပြီး မြန်မြန်အဖြေထွက်အောင်လုပ်၊ အစပိုင်း ခဏပဲငါguideလုပ်ရပြီး အချိန်တိုတိုလေးအတွင်းမှာ ကျွမ်းကျင်လာတာ ငါတောင်အံ့ဩယူရတယ်" တဲ့။ ဒီလိုလေးအမြဲချီးကျူးခံရဖို့ ဆက်ပြီးကြိုးစားမယ်။
(၅) Give more but expect less - ၂၀၁၃ကစိတ်မချမ်းသာစရာဖြစ်ခဲ့ရတဲ့ ကိစ္စတွေကိုပြန်စဉ်းစားကြည့်ရင် ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့လို့သာ ကိုယ့်မှာစိတ်ဆင်းရဲရတယ်လို့ သုံးသပ်မိတယ်။ လူတကိုယ်စိတ်တမျိုးမို့ ကိုယ်တန်ဖိုးထားတဲ့အရာတွေက တပါးသူအတွက်အရေးမပါတာဖြစ်နိုင်သလို၊ သူဖြစ်ချင်တဲ့အရာတိုင်းက ကိုယ့်အတွက်ဘာမှမဟုတ်တာလဲ ဖြစ်နိုင်တာပဲလေ။ဒီတော့ ဘယ်အရာကိုမဆိုကိုယ့်ဘက်ကအကောင်းဆုံးဖြစ်အောင်လုပ်ပြီး ဘာမှပြန်ပြီး မျှော်လင့်ချက်မထားတာအကောင်းဆုံးနဲ့ စိတ်အသက်သာဆုံးနေထိုင်နည်းတမျိုးပါပဲ။
(၆) Focus - ကျမက ရည်မှန်းချက်ကြီးတဲ့သူ။  ရည်မှန်းချက်ကြီးသော်လဲ အာရုံတွေများတတ်သူပါ။ အလုပ်တခုကိုအာရုံစိုက်နေတုန်း၊ တခြားဟာတခုကိုလဲ သွားလုပ်လိုက်ချင်တာမျိုး။ အပြိုင်အဆိုင်တွေများတဲ့ ဒီခေတ်ကြီးမှာ Multi Tasking လုပ်နိုင်တာကကောင်းတယ်ဆိုပေမဲ့လဲ တခါတရံမှာအာရုံတွေပျံ့လွန်းတာဟာ လက်ရှိလုပ်နေတဲ့ အရေးကြီးကိစ္စတချို့ကို အာရုံစူးစိုက်မှုနည်းသွားစေတာ မကောင်းပါဘူး။ ဒါကိုလဲ ပြင်ရပါမယ်။
(၇) ဒီဇင်ဘာလကရန်ကုန်ပြန်တဲ့အခါ ၁၀တန်းတုန်းကစာသင်ပေးခဲ့တဲ့ အလွန်ချစ်ရတဲ့ ဆရာနဲ့ဆရာမကိုသွားတွေ့ပြီး ကန်တော့ဖြစ်ပါတယ်။နှစ်ပေါင်း၁၀နှစ်ကျော်ကြာခဲ့ပေမဲ့  ဆရာရော၊ ဆရာမရော တစက်ကလေးမှ ရုပ်မကြသွားတဲ့အပြင် မျက်နှာတွေများ ကြည်လို့ရှင်းလို့။ ညဥ့်နက်တဲ့အထိ အချိန်အတော်ကြာအောင်စကားထိုင်ပြောပြီး ရင်ထဲမှာအေးချမ်းလိုက်တာ။ဒီမှာသတိထားမိတာက ဆရာရော၊ ဆရာမရော ဘုရား၊တရားရိုသေကိုင်းရှိုင်းပြီး သီလ၊သမ္မာဓိနဲ့ပြည့်စုံကြလို့ဒီလိုမျိုးစိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာနေကြတာပါ။ ဆရာတွေရဲ့ အိမ်ကနေပြန်လာတော့ "ငါများ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာများလုပ်ဖြစ်သလဲ" လို့ပြန်တွေးတဲ့အခါ လစဉ်ပုံမှန် အလှူထည့်ဖြစ်တာကလွဲလို့ ဘာမှဟုတ်တိပတ်တိ မလုပ်ဖြစ်ပါဘူး။ လိုချင်တာတခုခုရှိတဲ့အခါ ဘုရားကိုကုန်းရုန်းရှိခိုးတတ်တဲ့အကျင့်ဆိုးကြီးကလဲ ငယ်ငယ်ကအတိုင်း မပျောက်သေးပါဘူး။ ဒီနှစ်သစ်ကစလို့ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ဖို့တတ်နိုင်သလောက်ကြိုးစားချင်ပါတယ်။
(၈) Save More , Spend Less - ဒါကတော့ နှစ်တိုင်းနှစ်တိုင်းကိုယ့်ဘာကိုပြောတဲ့စကားပါ။တချို့လတွေမှာ လကုန်ခါနည်းတိုင်းပြောဖြစ်ပါတယ်။ ခုထိတော့ သိပ်မအောင်မြင်သေးပါဘူး။
(၉) To pursue own hobbies and taking up courses သူများတွေအတွက်တော့ မပြောတတ်ပါဘူး။ Adora ကတော့တခါတလေ ကိုယ့်ဘဝကိုကိုယ်ငြီးငွေ့ပါတယ်။ တနေ့အနေ့ရုံးနဲ့အိမ်၊ shopping mall နဲ့စားသောက်ဆိုင် ဒီသံသရာကကိုမထွက်ဘူး။ စိတ်ပြေလက်ပျောက် ခဏခဏးD ခရီးတွေထွက်တဲ့အခါ အပေါ်မှာရေးထားတဲ့ new year resolution နံပတ်၈နဲ့မကိုက်တော့ပြန်ပါဘူး။ ဒီနှစ်တော့ စိတ်လဲအပန်းပြေ၊ ပညာအသစ်လဲတိုး၊ ကိုယ်လဲဝါသနာပါတဲ့ Baking ဒါမှမဟုတ် musical instrument တခုခုသင်မလားစဉ်းစားနေပါတယ်။

တွေးကောင်းကောင်းနဲ့ တွေးပြီးရေးလိုက်တာ ၉ခုတောင်မှထွက်လာပါတယ်။ များနေပေမဲ့ တကယ်လိုအပ်တဲ့အချက်တွေမို့ လုပ်ဖြစ်အောင်လိုက်လုပ်ဖို့ကြိုးစားပါမယ်။ အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ပါစေ။

Wednesday, 20 November 2013

လက်ဆောင်သည် မှတ်စု

မြန်မာပြည်အလည်ပြန်ဖို့ ရက်ကနီးလာပြီဆိုတော့ ရုံးအားရက်တွေမှာအများဆုံးလုပ်ဖြစ်နေတာက လက်ဆောင်ဝယ်တာနဲ့ စာရင်းမှတ်တာပါပဲ။ တနှစ်မှတခါ၊ တခါအလေ နှစ်နှစ်မှတခါ အလည်ပြန်တာလဲဖြစ်၊ ကိုယ်ချစ်ခင်တဲ့ မိဘဆွေမျိုးတွေ၊  မောင်နှမတွေ၊ သူငယ်ချင်းတွေကို ဘာရယ်မဟုတ် မုန့်ကလေးပဲကလေးပဲဖြစ်ဖြစ်၊ လက်ဆောင်တိုတိုထွာထွာလေးပဲဖြစ်ြ
ဖစ် မှတ်မှတ်ရရသယ်သွားချင်တာလေ။ ကျွန်မပြန်တဲ့အခါတိုင်းလဲ သူတို့က အချိန်ပေးပြီး တကူးတကလာတွေ့ကြ၊ မုန့်ပေးကြနဲ့ မဟုတ်လား။ ဒါပေမဲ့လဲ "ဘဲအုပ်ကတရာနှစ်ရာ မဗေဒါတပင်ထဲ" ဆိုသလို လက်ဆောင်အားလုံးကို တပြိုင်ထဲဝယ်မယ်ဆိုမယ်ဆိုရင်တော့ ရှိတဲ့လခလေး လဆန်းပိုင်းမှာပဲပြောင်သွားနိုင်ပါတယ်။

ကျွန်မက လက်ဆောင်ပေးရတာ အင်မတန်ဝါသနာပါပါတယ်။ အထူးသဖြင့် ကျွန်မချစ်ရ၊ ခင်ရတဲ့ ကျွန်မနဲ့ အင်မတန်ရင်းနီးတဲ့သူမျိုးတွေအတွက်ဆို ပိုပြီးဈေးဝယ်ထွက်ချင်ပါတယ်။ သူတို့တွေနဲ့ အပြင်သွားတဲ့အခါ၊ တူတူရှိတဲ့အခါ သူတို့ကြိုက်တတ်တာလေးတွေ မှတ်ထားပြီး ကျွန်မတတ်နိုင်တဲ့ ငွေအတိုင်းအတာလေးထဲကဆိုရင် လက်ဆောင်ဝယ်ရတာအဆင်ပြေသွားပါပြီ။ မကြိုက်မှာပူစရာ မလိုတော့ဘူးလေ။ ဒါ့အပြင် သွားရင်းလာရင်း ကြုံကြိုက်တဲ့အခါ၊ ကိုယ်လိုချင်တဲ့ ပစည်းကို ပုံမှန်ထက် အကြောင်းအမျိုးမျိုးကြောင့်ဈေးလျှော့ရောင်းတဲ့အခါမျိုးတွေမှာ ကြုံရင်ကြုံသလို ဝယ်ထားလို့ရပါတယ်။ မုန့်ကလွဲရင်ပေါ့ရှင်။ လက်ကိုင်အိတ်၊ ချစ်စရာ လက်ဆောင် ပစ္စည်းလေးတွေ၊ ခရီးသွားလာရာမှာအသုံးဝင်မဲ့ လိုးရှင်းလို၊ ဆက်ပြာရည်လို မျိုးကြတော့ ၄၊၅လ ကြိုဝယ်ထားလဲ အဆင်ပြေတာမဟုတ်လား။ ဒီနိုင်ငံကသူတွေကြည့်တတ်တဲ့ Groupon တို့လို Dealတို့လို websiteမျိုးတွေကလဲ တခါတလေ ပစ္စည်းလေးကောင်းလေးတွေ မထင်မှတ်တဲ့ဈေးနဲ့ ရတတ်ပါတယ်။ ကိုယ်က မှန်မှန်သွားကြည့်ဖို့တော့လိုတာပေါ့လေ။ ကျွန်မကတော့ ပြန်မယ်လို့ စဉ်းစားထားရင် ၄-၅လထဲက ကြိုပြီး တလကို နည်းနည်းစီ လက်ဆောင်ကြိုစုပါတယ်။ တကယ်တမ်း ပြန်တွက်ကြည့်တဲ့အခါ ကြိုကြိုတင်တင် ဝယ်စုတာက အချိန်ကုန် သက်သာသလို ငွေကုန်လဲပိုနဲပါတယ်။ လိုချင်တဲ့ ပစ္စည်းလေးတွေကိုအချိန်ဆွဲပြီး ကြိုက်တဲ့ဈေးနဲ့လျှာနိုင်ပါတယ်

ကျွန်မငယ်ငယ်ကဆို ကိုယ့်ပစ္စည်းဆိုသိပ်သိတတ်ပြီး ကပ်စီးနဲလိုက်တာမှ တွန့်တိုတဲ့အထဲတောင်ပါမယ်ထင်ပါတယ်။ တဦးတည်းသောသမီးလဲဖြစ် မြေးဦးလဲဖြစ်ပြန်တော့ အမျိုးတွေဝိုင်းမြောက်စားထားတာနဲ့ တကိုယ်ကောင်းကလဲသိပ်ဆန်ပါတယ်။ ဒီလိုမကောင်းတဲ့စိတ်ကလေးကို ပြင်ပေးခဲ့တာမေမေပါ။ အလယ်တန်းကျောင်းသူဘဝက ဖေဖေကစီးပွါးရေးလုပ်ငန်းတခုအသစ်စလုပ်တာဆိုတော့ ရှိသမျှပိုက်ဆံလေး ရင်းနီးတဲ့ထဲကို အကုန်လုံးဝင်နေတာပေါ့လေ။ အဲဒီတုံးက နွေရာသီကျောင်းပိတ်ရက်တွေမှာ ခေတ်စားတဲ့ ဖက်ရှင်တခုက စပန့်သား ဝမ်းဆက်တွေပါ။ အရောင်တောက်တောက် အသားအေးအေး ဝတ်စုံတွေကို အရမ်းကိုကြိုက်တာပေါ့။ တစုံကို ၅၀၀ ကနေ ၇၅၀ကျပ်လောက်ရှိပါတယ်။ လက်ထဲမှာ ငွေပိုငွေလျှံမရှိတဲ့အချိန်မို့လို့  မေမေက ၃ထည်ပဲဝယ်ပေးနိုင်ပါတယ်။ အဲဒီ၃ထည်ကိုပဲ တပတ်မှာ ၃-၄ရက်လောက် မချွတ်တန်းဝတ်နေတော့တာပေါ့။ တရက် အိမ်ကိုနယ်မှာနေတဲ့ ညီမလေးအလည်လာပါတယ်။အသက်က၁နှစ်လောက်ပဲကွာတာဆိုတော့ သူလေးကလဲ အဝတ်အစားကြိုက်တတ်နေပါပြီ။  နွေရာသီနဲ့ကိုက်တဲ့၊ အေးတဲ့ စပန့်သား ဝမ်းဆက်တွေကိုသူလဲကြိုက်ပါတယ်။  ရန်ကုန်ကို ၁၀တန်းအမှတ်ခြစ်ဖို့လာတဲ့ ကျွန်မအဒေါ်က ညီမလေးကို လိုက်ဝယ်ပေးဖို့အချိန်မရှိပါဘူး။ ဒါနဲ့ မေမေက  ညီမလေးကို ကျွန်မမှာရှိတဲ့ ၃ထည်ထဲက တထည်ပေးဖို့ပြောလာပါတယ်။ ရှိတာမှ ၃ထည်၊ ပေးလိုက်ရင် ၁ထည်ဝတ်ဖို့လျှော့သွားမယ် ဆိုပြီး စကားပြန်မရတဲ့ ကျွန်မကို မေမေက
"သမီးရေ ကိုယ်ကြိုက်တဲ့ဟာလေးကို သူများကို စေတနာနဲ့ပေးလိုက်တယ်ဆိုတာ တကယ်တမ်းတွေးကြည့်ရင် ကိုယ့်ဆီမှာလျှော့သွားတာမဟုတ်ပါဘူး။
သမီးက စေတနာအပြည့်နဲ့ ညီမလေးနဲ့တူတူမျှသုံးတယ် ဆိုကတည်းက သမီးမှာကုသိုလ်တွေအများကြီးရသွားပြီ။
 ညီမလေးကလဲ သူကြိုက်တာလေးဝတ်ရလို့ ဝမ်းသာတယ်။ ညီမလေးပျော်တဲ့ သမီးလဲပျော်တယ် မဟုတ်ဘူးလား။ စေတနာ၊ အကြင်နာ ရှိတဲ့သူကို နတ်တွေကချစ်တယ်။ သမီး နောက်ဆို အဝတ်လှလှလေးတွေများကြီးဝတ်ရမယ်။"

တိုက်ဆိုင်တာပဲလားမသိ အဲဒီနှစ်နွေရာသီကျောင်းပိတ်ရက်မကုန်ခင်မှာပဲ ကျွန်မနှစ်သက်တဲ့ စပန့်သားဝမ်းဆက်၂စုံ ဦးလေးတယောက်ကလက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ ငါပြန်ရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လှူခဲ့တာမျိုးရှိခဲ့ပေမဲ့ အခုတော့ လက်ဆောင်ပေးရတာကိုပျော်တတ်နေပါပြီ။ ချစ်တဲ့ ခင်တဲ့သူတယောက်ယောက်အတွက်လက်ဆောင်ဝယ်တိုင်းလဲ ငယ်ငယ်က တွန့်တိုတတ်တာတွေ ရှက်ရှက်နဲ့ပဲပြန်သတိရမိသေးတယ်။

Adoraလိုပဲ ဒီနှစ် ဒီဇင်ဘာမှာ အိမ်ပြန်ဖို့ပြင်ဆင်နေတဲ့ အကို၊အမတွေ  မောင် ညီမလေးတွေနဲ့ သူငယ်ချင်းတွေကို ပျော်စရာခရီးလေးဖြစ်ပါစေလို့ ဒီနေရာကပဲဆုတောင်းလိုက်ပါတယ်။

Monday, 14 October 2013

ပွဲပြီးအတွေးများ

ပြီးခဲ့တဲ့ စက်တင်ဘာလ၂၂ရက်မှာ မြန်မာကလပ်ကဦးစီးပြီး sentosa ကျွန်းက Compass ballroom မှာ ကျမတို့နိုင်ငံရဲ့  ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို သွားကြည့်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် ခပ်ဝေးဝေးကနေ လူကိုယ်တိုင်မြင်ဖူးခဲ့ပါတယ်။ ရောက်လာကတဲက မိုက်ကလေးကိုင်ပြီး တပြုံးပြုံးနဲ့ မရပ်မနား စကားပြောသွားလိုက်တာများ ဟိတ်ဟန်ကင်းလိုက်တာ။ နိုင်ငံတကာက အသိအမှတ်ပြုလေးစားရတဲ့ ကမ္ဘာသိအမျိုးသမီးကြီးဖြစ်တာတောင် အန်တီ့မျက်နှာမှာအပြုံးကလွဲလို့ ဘာမှမရှိ။ အိမ်မှာ သား၊သမီး၊ မောင်၊ညီမ၊ မြေး၊ မြစ်တွေနဲ့ စကားအေးအေးဆေးဆေးထိုင်ပြောနေတဲ့အတိုင်း။ 

(ပုံကို Google ကယူပါတယ်)


 " ဘယ်နိုင်ငံပဲရောက်ရောက်၊ ဘာနိုင်ငံသားပဲခံခံ ကျမအနေနဲ့ကတော့ မြန်မာပြည်ကလာတဲ့သူတွေအားလုံး မြန်မာနိုင်ငံသားတွေပါပဲ" ဆိုတဲ့အတိုင်း အားလုံးကိုတပြေးညီဆက်ဆံရင်း ရတဲ့အချိန်တိုတိုလေးအတွင်း ကျမတို့ရဲ့ ( အထူးသဖြင့် လူငယ်တွေရဲ့) တွေးပုံတွေးနည်းကို ပညာသားပါပါတည့်မတ်ပေးသွားတာ၊ မေးလာသမျှမေးခွန်းတိုင်းကို သူ့စိတ်ထဲရှိတဲ့အတိုင်း၊ သူ့မူအတိုင်း၊ သူ့ယုံကြည်ချက်အတိုင်း လက်တမ်းရှင်းလင်း ဖြေသွားလိုက်တာများ ခမ်းမကြီးတခုလုံး သဘောကျ လက်ခုပ်သံတွေကို ညံနေတာပါပဲ။  တကယ်လို့အန်တီ့မှာသာ အချိန်ပိုရှိရင် သူ့ရှေ့က ဖန်ဇလုံကြီး၃လုံးအပြည့် မေးခွန်းတွေကို တခုပြီးတခု မမောမပန်းထိုင်ဖြေမယ်လို့ ကျမကတော့ယုံပါတယ်။

ပွဲပြီးသွားပေမဲ့ အန်တီရဲ့ ဟောပြောမှုတွေအကြောင်းကတော့ ဒီနိုင်ငံရဲ့သတင်းစာတိုင်းမှာ၊ ရေဒီယိုတွေမှာဝေဝေဆာဆာပါပဲ။ "အန်စန်းစုဂျီးက နင်တို့နိုင်ငံကနေ ငါတို့နိုင်ငံက လေ့လာသင်ယူဖို့လိုတယ်လို့ပြောသွားတယ်ဆို " လို့မေးလာတဲ့ ရုံးက ဒီနိုင်ငံသားလုပ်ဖော်ကိုင်ဖက်ကို ကျမပြုံးပဲပြမိပါတယ်။ တွေ့လိုက်ရတဲ့ ၁နာရီအချိန်အတွင်း အန်တီ့ဆီမှာတွေ့ရတာက အန်တီ့ရဲ့ အကောင်းမြင်တတ်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပါ။ တချို့မြန်မာနိုင်ငံသားတွေတောင် အောက်ကျနောက်ကျဖြစ်နေပြီရယ်လို့ အထင်သေးနေတဲ့ ကျမတော့ရွှေပြည်ကြီးအတွက် အန်တီ့မှာယုံကြည်ချက်အပြည့်နဲ့ပါ။ အရှေ့တောင်အာရှမှာအချမ်းသာဆုံးဆိုတဲ့ ဒီကျွန်းနိုင်ငံငယ်လေးရဲ့ ခေါင်းဆောင်တွေကို "ရှင်တို့လဲ ကျမတို့နိုင်ငံကနေ  လေ့လာသင်ယူနိုင်ပါလိမ့်မယ်" လို့ပြောသွားတယ်ဆိုကတဲက သူ့ရဲ့ကျမတော့နိုင်ငံမှာထားတဲ့ ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

အန်တီရဲ့ဟောပြောပွဲတွေအကြောင်းအသေးစိတ်ရေးဖို့ ကျမမှာစိတ်ကူးမရှိပါဘူး။ facebook မှာ၊ သတင်းဆိုက်တွေမှာ၊ youtube မှာ သတင်းအစုံအလင်ကို နားထောင်၊ ဖတ်ရှုနိုင်ပါတယ်။ နိုင်ငံရေးကို ကိုယ်ကသူများလို နှိုက်နှိုက်ချွတ်ချွတ် မလေ့လာဘူးလို့မသိ၊ သိသလောက်လေးနဲ့ရေးရင်လဲ အမှားတွေပါပြီး ဆရာလုပ်သလိုဖြစ်မှာဆိုးတာနဲ့ ရေးဖို့တော်တော်လက်တွန့်ပါတယ်။ ဒါပေမဲ့ အန်တီပြောသွားတဲ့အကြောင်းအရာလေးတခုက ကျမစိတ်ထဲမှာရှိတဲ့အကြောင်းလေးတခုနဲ့ အတော်တိုက်ဆိုင်နေပါတယ်။ ဒီနေရာမှာ ကြိုပြီးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ဒီစကားကို ဒီသဘောနဲ့ပြောသွားပါတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အန်တီပြောသွားတဲ့ စကားလေးကို ကျမနားလည်သလို၊ စိတ်ထဲခံစားမိသလို ရေးတာဖြစ်ကြောင်း အရင်စကားခံပါရစေ။

"ငါတို့နိုင်ငံကမျက်နှာငယ်လို့ ငါတို့မျက်နှာငယ်လို့ စိတ်ထားမဲ့အစား၊ ငါတို့နိုင်ငံ မျက်နှာမငယ်အောင်လို့ငါတို့လုပ်မယ် ဆိုတဲ့စိတ်ဓာတ်တွေတော့မွေးစေချင်တယ်။ (ဒေါ်အောင်ဆန်းစုကြည်)"

ကျမလိုပဲ မြန်မာနိုင်ငံကနေပြီး သူများနိုင်ငံမှာ ပညာလာသင်၊ အလုပ်လာလုပ်တဲ့သူတွေတော့သိကြမှာပါ။ အလုပ်မှာ၊ ကျောင်းမှာ လူမျိုးခြားတယောက်အကြောင်းပြောတဲ့အခါ ငါတို့ရုံးက မြန်မာက၊ ငါတို့ကျောင်းက မြန်မာကလေ ဆိုတာမျိုးကိုပိုပြီးသုံးကြပါတယ်။ မြန်မာတင်ပဲလားဆိုတော့လဲမဟုတ်ပါဘူး။ ကျမတို့နည်းတူ ဒီနိုင်ငံလေးမှာလာပြီး နေထိုင်ကြတဲ့သူတိုင်းပါပဲ။ ဖိလစ်ပင်းနိုး၊ တရုတ် (ပြည်မကြီးက တရုတ်)၊ အိန္ဒိယ၊ အင်ဒိုနီးရှန် အကုန်တူတူပါပဲ။ ကိုယ့်မြေ ကိုယ့်ရေမှမဟုတ်တာကိုး။ ဒီမှာပြောချင်တာက ကျမတို့တဦးတယောက်ချင်းစီရဲ့ လုပ်ပုံ၊ ကိုင်ပုံ၊ အမူအကျင့်တွေက ကိုယ်ကိုတိုင်အတွက်တင်မဟုတ်ဘဲ နိုင်ငံနဲ့တွဲပြီးသက်မှတ်ခံရတယ်ဆိုတာပါပဲ။ ဒါကြောင့်ကျမတို့တဦးတယောက်ချင်းစီရဲ့အပြုအမူ၊ အလုပ်အကိုင်နဲ့ အကျင့်စာရိတ္တတွေအလွန်ကိုအရေးကြီးပါတယ်။ကျမတို့တဦးတယောက်ချင်းဆီက သန်းခြောက်ဆယ်သော မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရား၊ ဓလေ့စရိုက်တွေကို ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်စားပြုနေတာပါ။ အန်တီပြောတာတွေ နားထောင်ရင်း တိုင်းပြည်တခု အများအမြင်မှာ မျက်နှာပန်းလှဖို့၊ အရင်ကလို မြန်မာနိုင်ငံကလာတယ်ဆိုရင်ပဲ အထင်တကြီးနဲ့ လေးစားတာခံရဖို့ ဆိုတာ အစိုးရ၊ အဖွဲ့အစည်း တခုအပြင် ကျမတို့တွေမှာလဲ တာဝန်ရှိတယ် ဆိုတဲ့အတွေးရင်ထဲကိုဝင်လာပါတယ်။

အရင်တုန်းက စစ်အစိုးရလက်ထဲမှာ မဖွံ့ဖြိုးတဲ့နိုင်ငံလေးဆိုပြီး အရေးတယူမရှိလှတဲ့ တပြည်သားတွေက အခုကြတော့လဲ ကျမတို့ရဲ့နိုင်ငံအကြောင်းကို ကျမတို့ထက်ကိုပိုပြီးစိတ်ဝင်စားနေပါတယ်။ နေ့လည်စာ စားချိန်မှာ၊ tea break မှာ "နင့်နိုင်ငံက portကြီးဆောက်နေပြီဆို။ မြေဈေးတွေလဲ မနဲဘူးဆို။ Protest တွေဖြစ်နေတယ်ဆို။ အန်စန်းစုဂျီးက ဘယ်နိုင်ငံသွားပြီး ဘာတွေဆွေးနွေးတယ်ဆို။ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာအုံးမယ် ထင်လဲ" စသဖြင့် မေးခွန်းပေါင်းစုံနဲ့ သူတို့သိလဲသိနိုင်ပါတယ်။ ဒီလိုနိုင်ငံရေး စီးပွါးရေးရာတွေအပြင် ခရီးသွားဖို့ကိုလဲ အတော်လေးစိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ ခရီးမသွားခင်တော့ မြန်မာပြည်ရဲ့ အထင်ကရ နေရာတွေ အကြောင်းကို တော်တော်လေးစုံစုံလင်လင်၊ စေ့စေ့ပေါက်ပေါက် မေးတတ်ကြပါတယ်။ သူတို့ဘက်ကတွေးတော့လဲ မှန်ပါတယ်လေ။ အာရှမှာ အရင်ကလူသွားနည်းတဲ့ နေရာ၊ အင်တာနက်တော့ ဖုံးတို့ဆိုတာ မနေ့တနေ့ကမှ အဆင်ပြေစပြုလာတာ။ ဒါတောင်အကောင်းကြီးမဟုတ်သေး။ မြန်မာပြည်ဝင်တာနဲ့ ဖုံးကို သိမ်းလိုက်တယ်ဆို ဆိုတဲ့ မဟုတ်ကဟုတ်က ကောလဟာလကြီးကို သူဌေးကဘယ်ကကြားလာမှန်းမသိလို့ ရှင်းရသေးတယ်။ 

ခရီးသွားဖို့မေးတဲ့အခါ ယေဘူယျအားဖြင့် တော့ "ထင်ရှားတဲ့ နေရာတွေက ဘာတွေလဲ။ ဘာတွေရှိလဲ။ ဘာ activitiesတွေလုပ်နိုင်မလဲ" ဆိုတာတွေပါဘဲ။ တရက် ရုံးနားကဆိုင်မှာ နေ့လည်စာစားနေတုံး ဘေးကပ်ရက်ဝိုင်းကို မြန်မာအကိုတယောက်နဲ့အတူ မြန်မာမဟုတ်တဲ့ Local မိသားစုတစုလာထိုင်ပါတယ်။ တရုတ်အမျိုးသားက ထမင်းမှာပြီး မစားသေးပဲ မြန်မာအကို,ကိုမြန်မာနိုင်ငံကိုသွားလည်ချင်တဲ့အကြောင်းပြောရင်းကနေ ဘယ်တွေသွားရမလဲမေးနေတာပါ။ သူများပြောတာတွေ နားထောင်တာမကောင်းဘူးဆိုတာနားလည်ပေမဲ့ ကိုယ့်နိုင်ငံအကြောင်း၊ ခရီးသွားဖို့အကြောင်းပြောတာဆိုတော့ ထမင်းစားရင်းနားစွင့်မိတယ်ဆိုပါတော့။ သူပြောတဲ့အထဲ ရန်ကုန်၊ မန္တလေး၊ ပုဂံ နဲ့ ဂိုးဒဲန်းရော့ (ကျိုက်ထီးရိုး) ဆိုတာလဲပါရဲ့။ အဲဒီမှာ မြန်မာအကိုက (ဗိုက်ဆာလို့လားမသိ) ရန်ကုန်မှာ ရွှေတိဂုံဘုရား၊ မန်းလေးမှာ မဟာမြတ်မုနိနဲ့ ရွှေကျောင်း၊ ပုဂံမှာ 
ဘုရားကျောင်းတွေ၊ ကျိုက်ထီးရိုးကလဲ ဘုရားပဲဆိုပြီး ခြုံပြီးပြောတော့ "ဟင် အားလုံးကဘုရားပဲဆိုရင်တော့ ငါ့ခလေးတွေနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။ သွားဖို့စဉ်းစားရအုံးမယ်" ဆိုပြီး စကားဝိုင်းသိမ်းသွားပါတယ်။ 
ကျမစိတ်ထဲမှာတော့ " ဒီအကိုနှယ်..ရန်ကုန်က ကိုလိုနီအဆောက်အဦးတွေအကြောင်း၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးလုပ်ကြံခံသွားရတဲ့ အတွင်းဝင်ရုံးအကြောင်း၊ ၁၉၂၀ကျော် ကတည်းက ဆောက်တဲ့ မြန်မာလက်မှုပစည်းတွေ ရနိုင်တဲ့ ဗိုလ်ချုပ်ဈေးကြီးအကြောင်း၊ မန်းလေးမှာဆိုလဲ ဦးပိန်တံတားရဲ့ ရှူခင်းတွေ၊ တနာရီလောက် ကားမောင်းရင်ယောက်တဲ့ ပြင်ဦးလွင် တောင်ပေါ်မြို့လေးအကြောင်း၊ သဘာဝရေတံခွန်တွေ၊ ရုက္ခဗေဒဥယျာဉ်က ပန်းတွေအကြောင်း၊ ပုဂံမှာဆိုလဲ ရှေးဟောင်းအနုပညာလက်ရာတွေအကြောင်း၊ ဘုရားနံရံက ပန်းချီ ပန်းပုတွေအကြောင်း၊ အင်မတန်လှတဲ့ ပုဂံရဲ့ နေဝင်ချိန်အကြောင်းတွေ၊ ကျိုက်ထီးရိုးဆိုလဲ တောင်တတ်တာ ဝါသနာပါတဲ့ သူတွေအတွက် သွားသင့်တဲ့ ခရီးဖြစ်တဲ့အကြောင်း" ဆက်ပြောပါလား လို့ မချင့်မရဲဖြစ်မိပါတယ်။

ဒီလိုရေးတဲ့ မြန်မာအကို ကိုအပြစ်တင်တာမဟုတ်ပါဘူး။ ကျမတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်ကတော့ ဘယ်ခရီးသွားသွား ဘုရားကအဓိကပါပဲ။ မန်းလေးများ သွားမယ်ဆိုရင် "မဟာမြတ်မုနိ ဘုရားဖူးခဲ့နော်။ တန်ခိုးကြီးတယ်" လို့မှာကြတာပါ။ ဘယ်သူမှ "ဟဲ့ ဘယ်မှမရောက်ရင်တောင် ဦးပိန်တံတား သွားခဲ့နော်။ ပြင်ဦးလွင်လဲ တက်အုံး" လို့ ဘယ်သူမှမမှာပါဘူး။ ဒါတွေက ဒုတိယပါ။ ဒါကြောင့် မြန်မာပြည်ကနေရာတခုခုကိုများ တယောက်ယောက်ကပြောလိုက်ရင်  ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအရင်ဆုံး စိတ်ထဲဝင်လာတာ ဘုရားပါပဲ။  လူမျိုးခြားတွေအတွက်တော့ ဘုရားတွေက ကျမတို့လောက်အဓိကမကြပါဘူး။ သူတို့ခရီးသွားတဲ့အခါ စဉ်းစားတဲ့အချက်တွေထဲမှာ ငါဘာတွေလုပ်လို့ရမလဲ၊ ငါ့ခလေးတွေ ဘာလုပ်လို့ရမလဲ၊ ဘယ်လိုအစားအစာမျိုးတွေစားရမလဲ၊ သွားရမဲ့ ခရီးလမ်းက လုံခြုံမှုမှရှိရဲ့လား ဆိုတာမျိုးကို ပိုစိတ်ဝင်စားပါတယ်။ တခါကလဲ ရုံးကလုပ်ဖော်ကိုင်ဘက်တွေမေးလို့ သူတို့အခေါ် ဂိုးဒဲန်းရော့ အကြောင်းပြောပြနေတာ တယောက်က လမ်းလျှောက်သွားရင် တက်ရမဲ့တောင်တွေကဘယ်လောက်မြင့်လဲ လို့မေးတော့ အခေါက်ပေါင်းမြောက်မြားစွာ ကျိုက်ထီးရိုးကို လမ်းလျှောက်တမျိုး၊ ကားနဲ့တဖုံ သွားဖူးပေမဲ့မဖြေနိုင်ပါဘူး။  ငါ နင့်ကိုပြန်ပြောပါ့မယ်လို့ ပြန်ပြောလိုက်ရပါတယ်။

သဘာဝတောတောင်၊ရေမြေအလှအပရှိပြီးသား ကျမတို့နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကိုစွဲဆောင်ဖို့ ခက်လှမယ်မထင်ပါဘူး။ အခုတောင် ခရီးသွားတွေအရင်ကထက် အလွန်များလာတဲ့အတွက် ဟိုတယ်တွေတောင်မလောက်မငဖြစ်နေတယ်မဟုတ်ပါလား။ ကျမတို့ ခရီးမသွားခင်သွားမဲ့နိုင်ငံက အသိမိတ်ဆွေတွေကို သွားမဲ့နိုင်ငံအကြောင်း မေးမြန်းစုံစမ်းသလို ကျမတို့နိုင်ငံအကြောင်း မေးလာတဲ့အခါ ကောင်းနိုးရာရာလေးတွေ အကြံပေးနိုင်ဖို့၊ သူတို့သိချင်မယ့် အချက်အလက်လေးတွေ လက်လှမ်းမှီသလောက်လေး လေ့လာထားရင် ကောင်းမယ်လို့ ရိုးရိုးလေးတွေးမိပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဆိုတာ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရတဲ့ လုပ်ငန်းဆိုတော့ ခရီးသွားတွေများလာလေလေ၊ တိုင်းပြည်စီးပွါးရေးအတွက်အကျိုးရှိလေလေ၊ မြန်မာပြည်ဆိုတာ ဘာမှလည်စရာမရှိ၊  သံယံဇာတမရှိတဲ့ စုတ်ချာချာနိုင်ငံမဟုတ်ဘူးဆိုတာ လူတွေပိုသိလေလေ၊ ကျမတို့လိုရေမြေခြားမှာ နေနေရတဲ့ သူတွေလဲ  မျက်နှာမငယ်ရလေလေပါပဲ။ 

အန်တီ့နဲ့ Singaporeက မြန်မာမိသားစုတွေ တွေ့စုံပွဲကတော့ အောင်အောင်မြင်မြင်နဲ့ပြီးသွားခဲ့ပါပြီ။ ပွဲအပြီးမှာ ကျမလိုပဲ အတွေးပေါင်းစုံနဲ့ ပြန်လာမဲ့သူတွေလဲ အများကြီးပဲရှိမှာပါ။ "အန်တီက အသက်၆၈နှစ်တောင် ရှိပြီ။ ဒေါ်ကြီးအရွယ်၊ အဖွားအရွယ်။ သူ့မှာအေးအေးဆေးဆေး သားသမီး၊ မြေးတစုနဲ့ မနေနိုင်ပဲ အလုပ်တွေမရပ်မနားလုပ်နေရတာ သနားပါတယ်" လို့ အကိုတယောက်နဲ့ပြောဖြစ်တဲ့ အခါ " ဟယ် အန်တီကပြောတယ်လေ။ သူ့ကိုသနားစရာမလိုဘူး။ ဒါကိုသူလုပ်ချင်လို့ကို လုပ်နေတာ တဲ့" နင် သေသေချာချာ နားမထောင်ဘူးလား"။ ဟုတ်ကဲ့ ကျမတို့သေသေချာချာ နားထောင်ခဲ့ကြပါတယ်။ အန်တီ့ရဲ့ စကားလုံးတိုင်းနီးပါးကို သဘောကျစွာနဲ့ပဲ ခမ်းမလျှံအောင် လက်ခုပ်လဲတီးခဲ့ကြပါတယ်။  သေသေချာချာ နားထောင်ခဲ့ ပေမဲ့လဲ အန်တီ့လိုတွေးပြီး အန်တီပြောသလိုလိုက်လုပ်နိုင်ဖို့ကတော့ လူတဦးတယောက်ချင်းစီမှာပဲ မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို လူငယ်ဖြစ်တဲ့ ကျမ အကြောင်းကြောင်းကြောင့် ကိုယ့်တိုင်းပြည်ကိုယ်မပြန်နိုင်ခင် ရောက်ရာနေရာက ကိုယ့်ချစ်တဲ့မြေ အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားရင်းနဲ့ပဲ ဒီစာကိုရေးဖြစ်ပါတယ်။

Wednesday, 18 September 2013

အလင်းသစ်


http://favim.com/image/248101/


"xxxxx xxxx"

ပင်ပန်းလွန်း၍ မှိတ်ထားသော မျက်လုံးအစုံကဖျတ်ခနဲပွင့်လာသည်။ အသံသွင်းထားသော အမျိုးသမီးကအခုရောက်နေသော မှတ်တိုင်ကို ထက်ခါထပ်ခါကြေငြာနေချင်းဖြစ်သည်။
"ဒါသူနေတဲ့နေရာက မှတ်တိုင်ပဲ"
အကျင့်ပါနေတဲ့မျက်လုံးတွေက ရထားပေါ်တက်လာသူတွေ၊ ဆင်းသွားသူတွေကြားဟိုဟိုဒီဒီ။ ဒါပေမဲ့ သူ့အလုပ်ကအိမ်နှင့်မဝေးလှတာမို့ ဒီလိုအချိန်သူရထားမစီးတတ်မှန်းလဲသိပြီးသား။ နှုတ်ခမ်းထောင့်ကကွေးရုံကွေးခါ မျက်နှာပေါ်မှာအပြုံးမပီတပီ တခုပေါ်လာသည်။
"အင်းလေ မတော်တဆများ ရထားပေါ်သူတတ်လာခဲ့ရင် ငါနောက်တမှတ်တိုင်မှာ ဆင်းသွားမှာပဲဟာ"
ဒီလိုပဲ မာန်နဲ့ပတ်သက်ရင် စုရဲ့ခံစားချက်တွေက အစွန်းနှစ်ဘက်မှာ။

စုနဲ့သူသိတာ သူငယ်ချင်းတယောက်မိတ်ဆက်ပေးလို့ပါ။ တွေ့တွေ့ချင်း မျက်နှာခြင်းဆိုင်မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားတုန်းက သတိထားမိတာ သူ့ရဲ့ခြေချောင်းဖြူဖြူတွေ။ အရပ်သိပ်မရှည်သော မာန့်မှာ ရုပ်ရှင်တွေထဲကမင်းသားတွေလို ခြေချောင်းရှည်ရှည်တွေတော့မရှိ။ သေသေချာချာ ပွတ်တိုက်ဆေးကျောထားမှန်းသိသာသော ရှင်းသန့်သည့်ခြေထောက်တစုံကိုတော့ ကတ္တီပါဖိနပ်တစုံနဲ့အတူတွဲမှတ်မိခဲ့သည်။ မထင်မှတ်စွာနဲ့ရင်းနီးသွားတဲ့နောက်ပိုင်း နေ့နံပဲမကိုက်သလား၊ အကျင့်စရိုက်ပဲ ညှိမရအောင်ကွဲသလား မပြောနိုင် စကားများရန်ဖြစ်ကြတာက အကြိမ်ပေါင်းမနဲ။ ရန်ဖြစ်တိုင်း နောက်ဆုံးမှာနာကျင်ရတာ၊ ခဏခဏအဝေးကို ပြေးဖို့ကြိုးစားမိတာလဲစု။ သူစိတ်ပြေသွားချိန်မှာပို့လာတဲ့ စာတကြောင်း၊ ဖုံး ၁ခါခေါ်ရုံနဲ့ စိတ်နာတာတွေ ဝမ်းနည်းရတာတွေပြေတာကလဲ စုပါပဲ။

စုနဲ့မာန့်အကြောင်းကို သိတဲ့သူငယ်ချင်းတယောက်ကတော့ပြောဘူးသည်။ "ဒီကောင်က ဘယ်အချိန်မှာ နင့်ကိုဘယ်လိုပြောရမလဲ၊ နင့်အကြောင်းနောကြေနေအောင် သိပီးသား။ ဒါကြောင့်နင်ပြေးမလွတ်တာ" တဲ့။ ဒီအကြောင်းသူ့ကိုပြန်ပြောတဲ့အခါသူက "အေး ဒီကောင်က နင့်ကိုကြိုက်နေလားမှမသိတာ။ ငါ့ကိုဘယ်အကောင်းပြောပါ့မလဲ" လို့ဘုတောလွှတ်သေးသည်။ မာန်တခါတခါ စိတ်ကြည်လို့ "Honey" လို့စုကိုခေါ်သောအခါ၊ သူ့အပြစ်တွေကို တစက်မှရှင်းမပြနိုင်ပဲ "ငါမှ နင့်ကိုမခေါ်ဘဲ မနေနိုင်တာ"ဟု အော်ဟစ်သောအခါ မာန်ဘာမှထပ်ပြောစရာမလိုအောင် စုစိတ်တွေ အလိုလိုညွတ်နူးသွားမှန်း သူငယ်ချင်းသိရင်တော့ စုကိုနားမလည်စွာနဲ့ လှောင်ရီလိမ့်မည်။

တခါ မာန်နဲ့စု ခလေးဆန်စွာရန်ဖြစ်ကြတာ Facebookက သူနဲ့သူ့ကောင်မလေးရဲ့ဓာတ်ပုံတွေကို Like လုပ်မိခြင်းမှစသည်။။ (မာန်က ဘယ်ကောင်မလေးကိုမှ စုရှေ့မှာသူ့ကောင်မလေးလို့ ဝင်မခံ။ ဘယ်အချိန် ဘယ်အခါ ဘယ်လိုသက်သေတွေနဲ့မေးမေး မဟုတ်ဘူးပဲဖြေသည်။ သူ့ကောင်မလေးတွေကလဲ ပြောပဲမရတာလား၊ သဝန်ပဲမတိုတတ်သလား၊ သူပဲဘာပြောထားသလဲ မသိ။စုနဲ့ ၂ယောက်ထဲ ထမင်းစား ကော်ဖီသောက်ထွက်ခြင်းကို ဘယ်တော့မှမတား) ဓာတ်ပုံတွေကြည့်လို့မှ မပြီးသေးခင် စုဖုံးလေးတဖြတ်ဖြတ်နဲ့ လင်းလာသည်။ သေချာတယ် အဲဒါမာန်ပါပဲ။ ပုံတွေကလှပြီး အသက်ဝင်လို့ ငါ Like လုပ်မိတာလို့ မရေမရာ ဆင်ခြေပေးတော့ "အပိုတွေလာမပြောနဲ့စု။ နင်ဘာကိုဘာအချိုးနဲ့လုပ်သလဲဆိုတာ ငါသိပြီးသား။ ငါ့အကြောင်းတွေ နင်သိပါတယ်ဆိုတဲ့ စတိုင်မျိုးနဲ့ လာလုပ်နေတာ။ နောက်ဒါမျိုးထပ်မလုပ်နဲ့" ပြောပြီး အရင်ဖုံးချပြစ်ခဲ့သည်။

မာန်အပေါ် အစစအရာရာ မသိချင်ယောင်ဆောင်ပြီး အရှုံးပေးနေသော်လဲ စုက ခပ်ထုံထုံ၊ခပ်တုံးတုံးမိန်းမတော့ မဟုတ်။ ကျောင်းတက်စဉ်ကရော၊ အလုပ်ခွင်မှာပါ ဆရာ၊ဆရာမတွေနှင့် လုပ်ဖော်ကိုင်ဖက်များကပါ ထူးချွန်ထက်မြက်သူဟုသက်မှတ်ခံရသူ။ မာန်နဲ့ကြမှ ဆုံးဖြတ်ချက်တွေမခိုင်မာပဲ ပျော့ညံ့နေခဲ့တာ အချစ် သို့ ဝဋ်တမျိုးပင်ဖြစ်မည်။ ဒါမှမဟုတ်ရင်တော့ ယုံကြည်ချက်တခုကြောင့် ဖြစ်နိုင်ပါသည်။ ဟုတ်သည်။ စုသည် အနာဂါတ်တချိန်ချိန်တွင် မာန်နှင့်စုအတူမခွဲမခွါရှိကြလိမ့်မည်ဟု ယုံကြည်သည်။ မာန်သည်လဲ စုနှင့်တူတူ ထပ်တူထပ်မျှပင်ဖြစ်လိမ့်မည်။ ထိုအတွက် မာန်သည် စုကိုဘယ်တော့မှပစ်ပစ်ခါခါ လုပ်လိမ့်မည်မဟုတ်။ မာန်အကြောင်းကို စုအချိန်ပြည့်နီးပါးတွေးနေသလို မာန်လဲစုကို သတိရနေလိမ့်မည်။

မထင်မှတ်စွာပဲ မာန်၏စိတ်ထဲတွင် စုလုံးဝရှိမနေကြောင်းသိလိုက်ရသောအခါ တစစ်စစ်နာနေသောရင်ကိုဖိ၍ သည်းသည်းထန်ထန်ငိုမိသည်။ တခါမှမပြောဘူးသော စကားလုံးအကြမ်းများနှင့် ဖုံးပေါက်ကွဲမတတ် အော်ဟစ်ပြစ်ခဲ့သည်။ မာန်၏ စကားလုံးများသည် ငါနှင့်စ၍ ငါနှင့်ဆုံးသည်ကို စုရင်နာလှသည်။ စုက သူ့ကိုလိုက်ပတ်သက်ပါသည်ဟု စွပ်စွဲသောအခါ၊ စုအပေါ်တွင် သူလုပ်ပေးဖူးသောအကြောင်းအရာများကို ပြန်ပြောသောအခါ မာန်မမြင်ရမှန်းသိပါရက်နှင့် ခေါင်းကို တွင်တွင်ခါရမ်းပစ်မိသည်။ "စုကရော မာန်ကိုဘာတွေလုပ်ပေးခဲ့တယ် မာန်လိုအပ်တဲ့အချိန်တိုင်း ဘယ်လိုဘေးနားမှာရှိပေးခဲ့တယ်ဆိုတာတွေပြန်ပြောရအုံးမလား" လို့မေးတော့ မာန်ခေါင်းမာစွာနဲ့ နှုတ်ပိတ်နေလေသည်။

"ငါရှင်းစရာရှိတာတွေ အကုန်ရှင်းပြီးပြီ။ နင် ငါ့ကိုထပ်ပြီးအာရုံတွေလာမစားပါနဲ့တော့" လို့ နဖူးပေါ်တွင်ဝဲကြနေသော ဆံပင်ပျော့ပျော့တွေကို သပ်တင်ပြီး မာန်ပြောသောအခါ စုသူ့အမူအရာတွေကို မျက်နှာလွှဲတတ်ခဲ့ပြီ။ စုဘဝထဲကနေလည်း အပြီးအပိုင်ထွက်သွားပါတော့ လို့မျက်နှာကိုမှ မကြည့်ဘဲ ပြောဖြစ်ခဲ့သည်။ မာန်သည် စုကိုချစ်သော၊ စုအပေါ်ကြင်နာသော၊ စုအပေါ်တွင် အကိုတယောက်ပမာကာကွယ်ပေးတတ်သော၊ အစစအရာရာ နားလည်ပေးတတ်သော စုသိပ်ချစ်ရသည့်မာန်မဟုတ်တော့။ သေသေချာချာပြန်တွေးကြည့်တော့ မာန်ပြောင်းလဲတာတွေ တရေးရေးပြန်မြင်သည်။ စုကသာ စုကိုယ်ပိုင်စိတ်ကူးထဲကနေ အပြောင်းအလဲတွေကိုမြင်အောင် မကြည့်တတ်ခဲ့ ခြင်းဖြစ်သည်။ အိမ်မက်မက်နေသူကို ရေခဲရေနှင့် မျက်နှာကိုပက်ပြီးနှိုးခံရသူလို စပ်ဖြင်းဖြင်းနှင့် လက်ရှိအခြေအနေကို အိတ်ချင်မူးတူးနှင့် စုပြန်ရောက် ခဲ့ပြီ။ လက်ရှိတွင် မာန်သည် စုသိသော ချစ်စရာကောင်လေးမဟုတ်တော့။ စုကတော့စုပင်ဖြစ်သည်။

မာန့်ကို စုရင်ထဲတွင် မေ့ဖျောက်၍ရချင်မှရမည်။ ဒါပေမဲ့ မာန်သည် စု၏အတိတ်ဖြစ်သည်။ ထို့ကြောင့် ထက်မြက်လိမ္မာသောစု၏ အနာဂတ်၊ စု၏ပျော်ရွှင်မှုသည် စုနှင့်သာဆိုင်လေတော့သည်။

Monday, 16 September 2013

ဖက်ရှင်ဘာသာစကား (ဝါ) ဗန်းစကား

ဒီတလောတနေ့တခြားတိုးပွါးလာပြီး တခါတလေလုံးဝနားမလည်အောင်ဖြစ်လာတာက ဖက်ရှင်ဘာသာစကား ဒါမှမဟုတ် ဗန်းစကား။

လွန်ခဲ့တဲ့၈နှစ်ကျော် ဒီနိုင်ငံရောက်စက ကိုယ်သိတာ ဂါဝန်၊စကပ်၊ဘောင်းဘီနဲ့ အင်္ကျီ။ ဖိနပ်ဆိုရင် လေဒီရှူး၊ ဒေါက်မြင့်၊ ကြိုးသိုင်း၊ ဝေါကင်းရှူးနဲ့ အထက်တန်းကျောင်းသူဘဝကနေခုချိန်ထိနှစ်သက်မြတ်နိုးနေဆဲ ပုံတော်ဖိနပ်။   လေဒီရှူးဆိုတာ ထိပ်ပိတ်နောက်ပိတ်၊ ကျောင်းသူအရွယ်တွေအများဆုံးစီးတဲ့ ဖိနပ်ကိုခေါ်တာ၊  ဒေါက်မြင့်ကတော့အပျိုအရွယ်ကနေ အန်တီငယ်ငယ်တွေစီးတဲ့ ဒေါက်အမြင့်နဲ့ဖိနပ်ပေါ့၊ ကြိုးသိုင်းက ကြိုးတွေသိုင်းထားတဲ့ဟာ (ရှင်းသွားတာပဲနော်)၊  ဝေါကင်းရှူးကတော့ အားကစားဖိနပ်ပါပဲ။ အောကျန်သေးတယ် ဟတ်ဖ်ရှူး၊ နောက်ပိတ်မပါတဲ့ ဖိနပ်။ ပုံတော်ကတော့ မိတ်ဆက်စရာလိုမယ်မထင်ပါဘူးနော်။

ကျောင်းတက်တုံးက မိဘပေးတဲ့မုန့်ဖိုးနဲ့ဆိုတော့ခုလောက် ရှော့ပင်တွေဂတီး၊ဂတီးမထွက်သေး။ အိမ်နဲ့နီးတဲ့ ရှော့ပင်းစင်တာက ဆိုင်တွေလိုက်ငေး။ အဲဒီတုန်းက tampines mrt ကထွက်ရင် push cardတွေနဲ့ရောင်းတဲ့ ဆိုင်လေးတွေက ဈေးသင့်တဲ့ တီရှပ်လေးတွေ၊ စကပ်လေးတွေဝယ်နဲ့  ဒီတော့မှစကြားဖူးတာက Spaghetti Strap။ လက်ကကြိုးလုံးလေးတွေက စပက်ဂတီခေါက်ဆွဲတွေနဲ့ဆင်တာကိုအစွဲပြုပြီး ခေါ်တဲ့ ဗမာလို ကြိုးတချောင်း ဒါမှမဟုတ် ကြိုးတလုံး အင်္ကျီ။ပထမဆုံးတတ်တဲ့ ဖက်ရှင်ဘာသာစကားအဖြစ်မှတ်တန်းတင်။
Spaghetti Strap - A Spaghetti Strap is a very thin shoulder strap used in clothing, such as camisoles, crop tops, cocktail dresses, and evening gowns, so-named for its resemblance to the thin pasta strings called spaghetti.

အရင်ရုံးမှာအတူတူအလုပ်လုပ်တဲ့ သူငယ်ချင်းကဒေါက်မြင့်ဖိနပ်နှစ်သက်သူ။ ကျမကလဲ ဖိနပ်ရူးဆိုတော့ ရုံးမှာအလုပ်ပါးချိန်၊ ကော်ဖီချိန်တွေဆို လေပေးဖြောင့်လို့။တခါတလေ အိပ်ရာထနောက်ကျလို့ ရုံးချိန်အမှီပြေးရတဲ့အချိန်မျိုးမှာ ဖိနပ်အမြင့်နဲ့အဆင်မပြေလှကြောင်းပြောရင်း သူက "ငါတော့ ဒီတခေါက် ဖိနပ်ဆိုင်ရောက်ရင် ခုခေတ်စားနေတဲ့ Wedges Heels ဝယ်စီးမလားလို့။ လမ်းလျှောက်ရတာပိုကောင်းတယ်" ကိုယ်သိတာ Wedges ဆိုရင် Potatoes Wedges ပဲရှိတော့ ဘေးကနေ အိယောင်ဝါးနဲ့ "အင်း" ပေါ့။ နောက်တယောက်က ဝင်ပြောတယ်။ "Platform Heel" လဲမဆိုးပါဘူး စီးလို့ကောင်းတယ်တဲ့။ လာပြန်ပြီဟဲ့ နောက်တလုံး။ ဘယ်ရမလဲ အဲဒီနေ့က အိမ်ပြန်ရောက်တော့ google ထဲမှာ Wedges Heel Platform Heel ရိုက်ထဲ့ ရှာပြီး ပုံတွေတွေ့တော့ "အော ဒါမျိုး" ပေါ့။
Wedges Heel- A heel where the space under the foot is filled in, giving the appearance of a triangle “wedge” under the arch and heel of the foot when viewed from the side; not to be confused with the “Platform Heel” which refers to a thickened sole under the ball of the foot.

ခုမှစပြီး ဒေါက်မြင့်ဖိနပ်စီးမယ်ဆိုရင် Kitten Heel ကိုစပြီးစီးဖို့ အင်တာနက်နဲ့ YouTubeပေါ်က ဖက်ရှင်ဂုရုတွေကအကြံပေးထားသေးတယ်။ အင်း ကြောင်ပေါက်စလေးတွေရဲ့ ဖိနပ်။ အန် သူတို့ကဖိနပ်မှမစီးပဲ။ googleမှာ ထပ်ရှာတယ် ထပ်တွေ့တယ်။ ၂လက်မထက်နိမ့်တဲ့နိမ့်တဲ့ ဖိနပ်ကိုခေါ်တာကိုး။ ဒါဆို ၂လက်ထက်မြင့်ရင်ရော။ဟင် ဒါကျ "Stiletto" တဲ့။ Cat Heel ဖြစ်ရမှာ။အနိမ့်ကျ Kitten Heel ခေါ်ပြီး.. ထားပါတော့လေ။
Kitten Heel- A short but narrow heel; less than 2″ with a diameter of no more than 0.4″ (1cm) where it reaches the ground.
Stiletto Heel- A heel that is long, narrow, 2″ and above with a diameter of no more than 0.4″ (1cm) where it reaches the ground; generally round or square shaped.

သိပ်မကြာသေးဘူး။ Facebook မှာကောင်မလေးတယောက်က ငွေရောင်ဒေါက်မြင့်ကြိုးသိုင်းဖိနပ်ပုံလေးတင်လာတယ်။ ကျမတို့ မိန်းကလေးတွေ တခဲနက် လက်မထောင်ပြီးအားပေးကြတာပေါ့။ တယောက်ကရေးတယ်။ 
"I love your sandal" တဲ့။ နောက်တယောက်က ပြန်ရေးတယ်။
"No. This is not sandal။This is a pair of heels" တဲ့။ အရင်ကောင်မလေးက ပြန်ရေးတယ်။
"Aww ok" တဲ့။ အသံက အီလည်လည်နဲ့။ (ကိုယ်ထင်တာ ကိုယ်ပြောတာပါ။ :D)
အင်း ရှုပ်တော့ရှုပ်ကုန်ပြီ။ လက်က ဒီတခေါက် မီးမြေခွေးကို ခိုင်းလိုက်တယ်။ ဒီလိုတွေ့တယ်။
Sandal- A shoe where the upper portion consists of one or more straps running over the foot and is more open in design then other shoe.
အနိမ့်အမြင့် ဘာမှမပါ။ ဗမာလိုလွယ်လွယ်ပြောရရင် ကြိုးသိုင်းဖိနပ်။ သေချာအောင် ဓာတ်ပုံတွေကြည့်တော့ အများအားဖြင့် ဖိနပ်အပါးတွေ။ ရုံးက Politics ကောင်းတဲ့ ဦးဦး ဒေါ်ဒေါ်တွေလိုပြောရရင် ပထမတယောက်က Techically မှန်ပြီးတော့ ဒုတိယတယောက်က ယေဘူရ (Generally) မှန်တယ်ပေါ့နော်။နေဦး၊ နေဦး လေဒီရှူးလို ဖိနပ်အပိတ်ကြိုးသိုင်းလေး ပါတာကျတော့ တမျိုး။ "Mary Jane" တဲ့။
Mary Jane- A “Mary Jane” is a shoe very similar to a “pump” with an additional strap running horizontally across the middle of the foot from one side to the other, usually closed with a buckle.

ဖိနပ်ပဲရှုပ်သလားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။
ရုံးအားရက်တရက်အိမ်မှာ Fashion Police ဆိုတဲ့ TV Program တခုကြည့်နေတုန်း "ဂျီး" လို့ချစ်စနိုးခေါ်ကြတဲ့ ဂျူလီယာနာက ဆယ်လယ်ဗရစ်တီတယောက်ရဲ့ ၀တ်စုံကိုကြည့်ပြီး "This is so Avant Garde" တဲ့။ ဘေးကအတူထိုင်နေတဲ့ သူငယ်ချင်းကိုမေးဖို့ကြံရုံရှိေ
သး သူကအရင်ဦးသွားပါတယ်။
"ဟဲ့ အာဗန်ဂတေး ဆိုတာ ဘာတုန်း"
ကိုယ်ကတခုခုဆို ဟိုစပ်စပ် ဒီစပ်စပ်ရှိတတ်လို့ အထင်တကြီးနဲ့မေးတာကို ဟန်ကိုဖို့ရင်း
" အင်း....... အီတာလျံ စကားထင်တယ်။"
ဂျီးက အီတာလျံလူမျီူးဖြစ်တာမို့ ထင်သလိုရမ်းတုတ်လိုက်တာပါ။ သူငယ်ချင်းက အားနာလို့ပဲလား ဘာတွေသဘောပေါက်သွားလည်းမသိ ထပ်မမေးပါဘူး။ ကျမရဲ့လက်ဆွဲတော် Google လေးနဲ့ သွားကြည့်တော့မှ ... လားလားမှမဆိုင်ပါတကား။ Avant Garde ဆိုတာပြင်သစ်စကား အများနဲ့မတူ ထူးထူးခြားခြားရှိတဲ့ ဒီဇိုင်းကိုခေါ်တာ။


Avant-garde in fashion is actually to make clothing that not only looks unusual, but works or fits in a different way to normal clothing, and the overall image and how it is combined with other parts of an overall outfit will be a big part of the image that is portrayed.  

http://rosaxmaria.blogspot.sg/2010/10/avant-garde.html


နောက်တခုက Haute couture။ ဆယ်လယ်ဗရစ်တီတွေ ကော်ဇောနီခင်းတဲ့ပွဲတွေတက်တဲ့အခါ ဝတ်တဲ့ တချို့ညနေခင်းဝတ်စုံတွေကို Haute coutureလို့ပြောကြပါတယ်။ ကျမထင်တာက ကိုယ်မသိတဲ့ ဟောလီးဝုတ်က နာမည်ကြီး ဒီဇိုင်းနာပေါ့လေ။ မှတ်မှတ်ရရ ဒီအကြောင်းဆွေးနွေးတုန်းက ရုံးကနေ့လည်စာစားချိန်မှာ။ Haute couture ဆိုတာ ဝတ်မဲ့သူအတွက်ရည်ရွယ်ပြီး ဒီဇိုင်းနာက ချုတ်ပေးတဲ့ ဝတ်စုံလဲဆိုရော "ဟယ် ဒါဆိုငါတော့ဝတ်နေတဲ့ မြန်မာရိုးရာဝတ်စုံတွေအားလုံးက Haute couture ပေါ့။" ဟုတ်တယ်လေ။ ကိုယ်ကြိုက်တဲ့ ပိတ်စနဲ့ ကိုယ်ကြိုက်တဲ့ ပုံစံကို အပ်ချုပ်ဆိုင်သွားပြီး ကိုယ့်ကိုယ်တိုင်းနဲ့ချုပ်ခိုင်းတာ ဒီထပ် Haute couture ကြတာဘာရှိမတုန်း။

Haute couture - exclusive clothes, often individually designed and customised for private clients. Haute couture is often used to describe the work of top fashion designers but, strictly speaking, the term applies to only a handful of Paris fashion houses

လွန်ခဲ့တဲ့၎၊၅လလောက်ကတော့ စင်ကာပူမှာခေတ်စားလိုက်ပါတဲ့ Peplum။ ဟိုနေရာသွားလည်း peplum၊ ဒီနေရာသွားလည်း Peplum။ ဒီနိုင်ငံက တရုတ်မ ပိန်ပိန်လေးတွေ peplum နဲ့ကိုယ်လုံးတွေလှသွားလိုက်တာများ။ peplum ဆိုတာ ခါးကနေ တင်ရိုးပေါ်ကိုကားသွားတဲ့ အကျီပုံစံ။ ခါးလေးသေးသွားသလိုမျီူး ဖြစ်သွားပါတယ်။ ဒီတခါလဲကျမကို သင်ခန်းစာပေးသွားတာ ဆိုင်က၀န်ထမ်းအမျီူးသမီးပါပဲ။ ဒါကအခုခေတ်စားနေတဲ့ peplum ဆိုတော့ အူကြောင်ကြေင်ပြန်ကြည့်နေတဲ့ကျမကို အကျီယူလာပြပါတယ်။ မိန်းကလေးတွေခါးပေါ်မှာ ဒါမျီူးတွေ့နေ၊ မြင်နေပေမယ့် အခေါ်အဝေါ်မှမသိတာကို။


Peplum -A ruffle attached to the waistline of a skirt or a dress. Super cute and hides flaws.

Peplumတွေဘယ်လောက်ပေါ်ပေါ် ကျမစိတ်ဝင်စားနေတာက Bandage Dress ပါ။ တိုက်ရိုက်ဘာသာပြန်ရင်တော့ ပတ်တီးများနှင်ပြုလုပ်ထားသောဂါဝန်။ အီဂျစ်က မမ်မီရုပ်ကြီးတွေမြင်ယောင်ကုန်ကြပြီမှတ်လား။ (နည်းနည်း တော့တူပါတယ်။ :D) ပတ်တီးစ ၁ လက်မအရွယ်အပြားလေးတွေနဲ့ကပ်ချူပ်ထားတဲ့ ပုံစံမျီူးနဲ့ဆင်ပါတယ်။ ဒီ ဒီဇိုင်းကလဲ ၀တဲ့သူရော၊ ပိန်တဲ့သူပါ နှစ်သက်တဲ့ပုံမျီူး။ အကျီအသားကတော်တော်ထူတာဆိုတော. ခနွာကိုယ်ပေါ်မှာ မလိုပဲပိုနေတာတွေကို ချပ်ချပ်ရပ်ရပ်ဖြစ်သွားစေတယ်လေ။ သူငယ်ချင်းတယောက်ကဆ်ုအမြဲ စပါတယ်။ နင်တို့မိန်းကလေးတွေ မမ်မီသရဲတော့ကြောက်ကျတယ်။ ဒါပေမယ့် မမ်မီနဲ့တူမှာတော့မကြောက်ကြဘူးတဲ့။ 
Bandage Dress -A dress made of horizontal stripes of elasticy material that makes you feel like a sausage, but in a sexy way.

Fashion magazine တခုမှာဖတ်လိုက်ရတယ်။ Grunge ဖက်ရှင်တွေပြန်ခေတ်စားနေပြီတဲ့။ လာပြန်ပီလား။ ကိုယ်သိတဲ့ Grunge က မြူးဇစ်တမျီူးပါ။ ဘယ်လိုလုပ် ဖက်ရှင်ဖြစ်သွားပါလိမ့်။  ခုတခါတော့ လက်စွဲတော် google နဲ့တန်းမရှာပဲ ဦးရှံစားလိုတွေးကြည့်လိုက်တော့ထူးထူးခြားခြားမှန်သွားပါတယ်။ Grunge ဂီတသမားတွေဝတ်တဲ့ သားရေဂျက်ကက်တွေ၊ အနားဖွာနေသော၊ stone wash, acid wash လုပ်ထားပြီး အရောင်မှိန်နေတဲ့ ဂျင်းတွေ၊ ဖလန်ထည်အကျီတွေ၊ သံတွေကပ်ထားတဲ့ဘောင်းဘီ၊ အပေါ်ထပ် လက်ပြတ်ခါးတို ပုံစံမျိုးတွေပါ။ မနေနိုင်စွာနဲ့ အင်တာနက်မှာ ရှာကြည့်တော့ ဒီမှတ်ချက်လေးဖတ်ရပါတယ်။
"Grunge fashion ဆိုတာ အိမ်ထဲကနေ ၀တ်ကောင်းစားလှတွေဝတ်ပြီး အပြင်ထွက်အလာ တယောက်ယောက်က ဂိုထောင်ထဲကို တရွတ်တိုက် ဆွဲခေါ်သွားတာခံရပြီး ပြန်ထွက်လာတာနဲ့တူပါတယ်" တဲ့။ ဂိုထောင်ထဲကို တရွတ်တိုက်ဆွဲတာခံရတော့ ဖုံတွေပေ၊ အကျီ ဘောင်းဘီအောက်နားတွေ ဖွာလန်ကြဲ၊ တစေ့စေ့တွေးပြီးတရေးရေး မျက်စိထဲပေါ်ပါတယ်။
"This trend had it's greatest moment in the 90's, and I kind of like it and kind of hate it, it looks like you got dressed then got dragged through a warehouse by friends before going out. Think distressed denim, plaid shirts, leather jackets, Doc Martens, beanies and smokey eyes."

ဖက်ရှင်ဆိုတာ အနုပညာတခုပဲမို့ တီထွင်ဖန်တီးသူ ဖန်တီးနိင်သမျှတော့ ဒီဇိုင်းအသစ်အဆန်းတွေ၊ ထွက်လာတဲ့ ဒီဇိုင်းနဲ့ပတ်သက်တဲ့ စကားလုံးအသစ်အဆန်းတွေတခုပြီးတခုထွက်လာအုံးမှာပါပဲ။ အကျီအ၀တ်အစားသာမက ဖက်ရှင် accessories တွေမှာပါ ကိုယ်မသိတဲ့ နာမည်တွေအမျီူးမျီူး။ စိတ်ဝင်စားတဲ့သူတွေအဖို့တော့ အားလပ်ချိန်တွေမှာ ဟိုဟိုဒီဒီလျှောက်ဖတ်ရင်း အပျင်းလဲပြေ၊ ဗဟုသုတလဲရပေါ့။ 

ဘာရယ်တော့မဟုတ်ပါဘူး။ အသစ်မတင်ဖြစ်တာလဲ နည်းနည်း ကြာသွားပြီဆိုတော့ စိတ်ထဲမှာရှိတာလေးတွေပေါ့ပေါ့ပါးပါး ချရေးလိုက်ပါတယ်။

Monday, 2 September 2013

ပီနန်ကျွန်းက Peranakan Mansion II

Peranakan Baba Nyonyas ဆိုရင် အရင်ကတရုတ်လူမျိုးနဲ့မလေးလူမျိုး ပေါင်းစပ်ရာကဖြစ်လာတယ်လို့ ထင်ခဲ့တာ တကယ်က အင်ဒိုနီးရှားနဲ့ ပင်နီဆူလာမလေးရှား ဘက်ကို ရေကြည်ရာ မြက်နုရာပြောင်းလာတဲ့ တရုတ်လူမျိုးတွေရဲ့ အဆက်အနွယ်တွေပါပဲ။ တရုတ်အဆက်အနွယ်တွေဖြစ်တာကြောင့် တရုတ်စကားပြောတတ်တဲ့ အပြင် နယ်ခံတွေရဲ့ဘာသာစကားတွေနဲ့ English ဘာသာကိုပါ ကျွမ်းကျင်တာမို့ အများစုက ကုန်သည်အလုပ်နဲ့အသက်မွေးပါတယ်။ Englishလူမျိုး တရုတ်လူမျိုးနဲ့ နယ်ခံမလေး၊အင်ဒိုလူမျိုးတွေကြားသူတို့ကလွယ်လွယ်ပြောရရင်ပွဲစားပါပဲ။

Peranakan တွေရဲ့အယူ၊ အလေ့အထတွေက တရုတ်လူမျိုးတွေနဲ့ဆင်တူပေမယ့် အမျိုးသမီးတွေရဲ့အ၀တ်အစားနဲ့ အစားအစာပုံစံတွေကျတော့ နယ်ခံမလေးလူမျိုးတွေနဲ့တူပါတယ်။ 

အိမ်ထောင့်က နတ်စင်

အိမ်နောက်ဘက်က Praying Hall


"Baju Kurung" လို့ခေါ်တဲ့ ညိုညအမျိုးသမီးဝတ်စုံ 


ညိုည အမျိုးသမီးတွေရဲ့ဝတ်စုံက မလေးအမျိုးသမီးတွေရဲ့ ရိုးရာဝတ်စုံနဲ့တူတူပါပဲ။ စကတ်အရှည်ပေါ်မှာ ခြေသလုံးတဝက်ထိအရှည် အပေါ်အကျီလက်ရှည်နဲ့ပါ။ ကော်လာမပါတဲ့ ရိုးရိုးအကျီပုံစံပေါ်မှာမှ ရွှေကြယ်သီး အမျိုးမျိုး၊ ဆွဲကြိုး၊ ရင်ထိုးပုံစံအမျိုးမျိုးနဲ့ ဝတ်ကြတာဆိုတော့အကျီပုံစံ တမင်ရိုးထားသလားတောင် ထင်ရပါတယ်။ "အိမ်ထောင်ကျပီးဖြစ်တဲ့ ညိုညအမျိုးသမီးတွေဟာ အရောင်တမျိုးထဲကိုပဲ တနှစ်ပတ်လုံးဝတ်ဆင်ရပါတယ်။ ပထမနှစ်က မီးခိုးရောင်ပါ" လို့လဲ ဝန်ထမ်းတယောက်ကရှင်းပြရော ကျမမျက်နှာကြီး ရှုံ့မဲ့သွားတာများ.. The Little Nyonya ကြည့်ပြီးကတည်းက Nyonya ယဉ်ကျေးမှု၊ အဝတ်အစားနဲ့အသုံးအဆောင်တွေကို ကျမသဘောကျနေမှန်း သိနေတဲ့ အတူလိုက်လာတဲ့သူငယ်ချင်းက စပါတယ်။
"နင်ညိုည ယဉ်ကျေးမှု၊ အဝတ်အစားတွေကို ကြိုက်တယ်ဆို" တဲ့..
မိန်းမတွေကို ဟိုဟာပဲဝတ်ရမယ် ဒါမလုပ်ရဘူးဆိုတဲ့ ချုပ်ခြယ်တာမျိုးကိုမကြိုက်တာက တမျိုး၊ ပြီးတော့ ညားခါစလင်မယား ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်၊ လှလှပပနေရမဲ့ဟာကို... ဘယ့်နှယ် ဒီအရောင်မှိုင်းမှိုင်းကြီးကိုမှ တနှစ်ပတ်လုံး အတင်းဝတ်ခိုင်းရတယ်လို့။ သတို့သမီးက ကြိုက်နှစ်သက်တာဆိုတမျိုးပေါ့။
"ဟင့်အင်း မြန်မာပဲလုပ်တော့မယ်" လို့ ခပ်သွက်သွက်လေး ပြန်ပြောဖြစ်ခဲ့တယ်။

ရင်ထိုးနဲ့ ကြယ်သီးတွေ။



တခြားမူကွဲ ဝတ်စုံတမျိုးကတော့ Kebayaပါ။ Kebayaကို အင်ဒိုနီးရှားက ညိုညတွေဝတ်ကြပါတယ်။ ပါတိတ်လုံချည်နဲ့တွဲဝတ်တာပါ။  ပိုပြီးခေတ်မှီလှပတဲ့ ရိုးရာဝတ်စုံပါ။ မြန်မာဝတ်စုံနဲ့ တော်တော်ကြီးကိုတူပါတယ်။ အကျီရှေ့မှာ ပန်းတွေကို ချည်ရောင်စုံနဲ့လှအောင်ထိုးထားတာဆိုတော့ Kebaya တထည်၊ တထည်ကို တော်တော်ဈေးကြီးပါတယ်။ 


ပန်းအနီးကပ်
နားကပ်ပုံစံအမျိုးမျိုး



အမျိုးသမီးတွေရဲ့ မရှိမဖြစ် (handmade) ဒေါက်မြင့်ဖိနပ်များ 



သတို့သမီးအတွက် ဆံထိုးတွေ (ဒါက Touristsတွေကို ဆံထိုးမျိုးစုံပြချင်လို့ စုံနေအောင်ထိုးထားတာမဟုတ်ပါဘူး။ ဧည့်ခံပွဲမှာ သတို့သမီးရဲ့ လူနေမှုအဆင့်အတန်း၊ ပြည့်စုံကုံလုံမှုကိုပြဖို့ ဒီလိုအများကြီးထိုးရပါတယ်။)

 ရွှေအစစ်နဲ့ ရက်ထားတဲ့ပိုက်ဆံအိတ် 

ပုံမှန်အားဖြင့်တို့ ပြည့်စုံတဲ့ Peranakan အိမ်တအိမ်ရဲ့အသုံးအဆောင်တွေကရွှေတွေချည်းပါ။ ကန့်လကာချိတ်လဲ ရွှေ၊ ပန်းနံ့သာထည့်တဲ့အိုးကလဲရွှေ၊ နားဖာကလော်၊ သွားကြားထိုးတံကအစရွှေဆိုတော့ ကျမတို့လိုပဲအလည်လာတဲ့ အမျိုးသားတယောက်က မှတ်ချက်ချပါတယ်။ "အရင်က ရွှေကတော်တော်ဈေးပေါရမယ်" တဲ့။ ကျမတို့သိတဲ့အတိုင်း ရွှေဆိုတာမျိုးကအစဉ်အဆက် ဘယ်တုံးကများပေါဖူးလို့လဲ။ အရင်က ခုခေတ်လောက်မရှားရင် နေမယ်၊ တန်ဖိုးတော့ရှိမှာပါပဲ။ ဒါပေမဲ့ ပစည်းတခုကို လိုတာထက်ပိုပြီးပေါပေါများများ မြင်ရတဲ့အခါ ပစည်းတန်ဖိုးက စိတ်ထဲမှာအလိုလို လျော့သွားတတ်ကြပါလားလို့ ဖျတ်ခနဲတွေးလိုက်မိတယ်။ 

တခြား အိမ်မီးဖိုချောင်အသုံးအဆောင်တွေဖြစ်တဲ့ ပန်းကန် ခွက်ယောက်တွေကိုတော့ ထမင်းတည့်ခင်းမဲ့ ဧည့်သည်ပေါ်မှာမူတည်ပြီး ပြင်ဆင်လေ့ရှိပါတယ်။ အနောက်နိုင်ငံက ကုန်သည်တွေအတွက်ထမင်းစားပွဲကို အနောက်နိုင်ငံတွေရဲ့ထုံးစံအတိုင်း ဇွန်း၊ခရင်း၊ဓား၊ ဝိုင် အရက်အစုံအလင်နဲ့ England ကလုပ်တဲ့ ပန်းကန်များနဲ့တည့်ခင်းပါတယ်။ရှေးခေတ် တရုတ်ပြည်ဖြစ် ပန်းကန်အထူတွေကိုလဲ ပြထားပါတယ်။ Wedding ဆိုရင် သုံးရတဲ့ ပန်းကန်အမျိုးအစားက နောက်ထပ်တမျိုးပါ။ Wedding အတွက် သုံးတဲ့ ပန်းကန်တွေကိုပုံမှန်အချိန်တွေမှာသုံးလေ့မရှိပါဘူး။ကျမလို သမီးတယောက်ထဲရှိတဲ့ အိမ်ဆိုရင်တော့ ဒီပန်းကန်တွေ တခါသုံးပြီး ချောင်ထိုးထားရမှာပါပဲ။ နှမျောစရာကြီးနော်။


ဒါက Wedding မှာသုံးတဲ့ ပန်းကန်ပါ။ ဖီးနစ်ငှက်က သားသမီးတိုးပွါးစေပြီး အိမ်ထောင်ရေးကံကောင်းစေတယ်လို့ အယူရှိပါတယ်။


Peranakan Baba Nyonyas တွေရဲ့ ယဉ်ကျေးမှု၊ အသုံးအဆောင်တွေကို ကြည့်ရင် တခြားအရှေ့တောင်အာရှက လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေ၊ အသုံးအဆောင်တွေ နဲ့နဲနဲစီရောနေတယ်လို့ ကျမတော့မြင်ပါတယ်။ ပီနန်ကျွန်းကို အလည်ရောက်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

ကျမနဲ့ Blog ပေါ်ကနေပြီး Penang Peranakan Mansion ကိုအတူလိုက်လည်တဲ့သူတွေကကိုလဲ အများကြီးကျေးဇူးတင်ပါတယ်နော်။