Wednesday, 19 June 2013

Masquerade Ball

ဒီနှစ်ကုမ္မဏီရဲ့ Dinner & Dance Theme က "Masquerade Ball" လို့ကြေငြာလာပါတယ်။ "Masquerade Ball" ကို မြန်မာလို တိုက်ရိုက် ဘာသာပြန်ရင်တော့ အယောင်ဆောင် ကပွဲသဘင်လို့ ဆိုရပါမယ်။ ဘာလို့လဲ ဆိုတော့ ကပွဲလာတဲ့ သူတွေက ဘယ်သူဘယ်ဝါမှန်း မသိနိုင်အောင် မျက်နှာဖုံး (Mask) တွေဝတ်ပြီး လာကြလို့ပါ။
Masquerade Ball တွေက ၁၅ရာစု လောက်ကစပြီး  ပြင်သစ် နိုင်ငံကစတယ်လို့ ဖတ်ဖူးပါတယ်။ ၁၆၊၁၇၊၁၈ ရာစုနှစ်များမှာ တခြားဥရောပနိုင်ငံများအထိ ပြန့်နှံ့ခဲ့ပြီး အထူးသဖြင့် အီတလီနိုင်ငံ ဗင်းနစ်မြို့က ဗင်းနစ်မြို့သူ မြို့သားများရဲ့ ပျော်ပွဲရွှင်ပွဲအဖြစ် ထင်ရှားခဲ့ပါတယ်။ ကျွန်မဆို အီတလီနိုင်ငံ ဗင်းနစ်မြို့က အစပြုတယ်တောင် ထင်ခဲ့တာပါ။ သူငယ်ချင်းတွေ ဥရောပနိုင်ငံတွေ အလည်အပတ်ထွက်လို့များ ပြန်လာပြီဆို ဗင်းနစ်မြို့က Mask လှလှလေးတွေ လက်ဆောင်ပါလာတတ်တာကိုး။

တချို့သမိုင်းအထောက်အထားများ အရ မျက်နှာဖုံးစွပ် ကပွဲတွေဟာ လူ့အထက်တန်းလွှာ မင်းစိုးရာဇာနဲ့ သူဋ္ဌေးများရဲ့  ပျော်ပွဲရွှင်ပွဲပါတဲ့။ တချို့တွေကတော့ အထက်တန်းလွှာများနဲ့ အောက်ခြေလူလတ်တန်းစားများ တွေ့ဆုံမိတ်ဆက်ရာ၊ ဆွေးနွေးရာ၊ သတင်းအချက်အလက်ဖလှယ်ဖို့ရာ ကျင်းပတဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံ့ရေးရာများပါ ကပွဲတက်ရောက်လာသူအချင်းချင်း ဆွေးနွေးကြတယ်လို့တောင် မှတ်ရပါတယ်။မျက်နှာဖုံးစွပ်များနောက်က တွေ့ဆုံမှုဟာ စိတ်ဝင်စားဖို့ ကောင်းမှာအမှန်ပါပဲ။ အလွှာမတူတဲ့ အသိုင်းအဝိုင်းနှစ်ခုက ပေါ်ထွက်လာတဲ့ အချစ်ဇာတ်လမ်း အမြောက်အမြားလဲ ရှိလိမ့်မယ်လို့ အတွေးနယ်ချဲ့မိပါသေးတယ်။ ကြည့်ရုံနဲ့ ဘယ်သူဘယ်ဝါမှန်းမသိနိုင်တဲ့ ဒီလိုပွဲမျိုးမှာ မကောင်းမှုလုပ်တဲ့သူတွေလဲ ရှားမယ်မထင်ပါဘူး။

ဒီနေရာမှာ Mardi Gras Carnival တွေအကြောင်းနဲနဲ လျှာရှည်ချင်ပါတယ်။ Mardi Gras ဆိုတာ ရှေးတုန်းက ရောမမြို့က ဘာသာမဲ့တွေရဲ့ ရိုးရာပွဲတမျိုးပါ။ ခရစ်ယန်ဘာသာ ရောမကို ပျံ့လာတဲ့အခါ ဘာသာရေးခေါင်းဆောင်တွေက ထင်ရှားတဲ့ရိုးရာပွဲကို  ခရစ်ယန်တွေရဲ့ ဥပုသ်လ မတိုင်မီ ပွဲတော်ကြီးတခုအနေနဲ့ ကျင်းပကြပါတယ်။
ခရစ်ယန်ဘာသာ တခြားဥရောပနိုင်ငံများကို ပျံ့ပွါးလာတာနဲ့အမျှ Mardi Gras Carnival တွေကို ပြင်သစ်၊ဂျာမဏီ၊ စပိန်၊ အီတလီစတဲ့ နိုင်ငံများမှာ ကျင်းပလာကြပါတယ်။ ဒါကိုကြည့်ရင် Mardi Gras ဆိုတာ ဘာသာရေးနဲ့ပက်သတ်တဲ့ ပွဲတမျိုး ဖြစ်ပြီး  Masquerade Ball ကတော့ လူ့ရေပေါ်ဆီတွေရဲ့ ကပွဲတမျိုးပါ။  

တချို့သော အင်တာနက်စာမျက်နှာများက Mardi Gras ကို နိုင်ငံအမျိုးမျိုးက ပုံသဏန် မျိုးစုံနဲ့ကျင်းပရာမှာအီတလီနိုင်ငံ ဗင်းနစ်မြို့မှာတော့ Masquerade Ballအနေနဲ့ ထင်ရှားတယ်လို့ ဆိုပါတယ်။( သေသေချာချာသိတဲ့ သူများ Comment box မှာရေးသွားကြပါအုံး။ )

သမိုင်းတွေ ခဏထားပြီး လွန်ခဲ့တဲ့ ရာစုနှစ်တွေက မျက်နှာဖုံးစွပ် ကပွဲတွေမှာ ဝတ်တဲ့  မျက်နှာဖုံးအမျိုးအစားတွေနဲ့ အဝတ်အစား ဖက်ရှင်တွေအကြောင်း ဆက်ရအောင်ပါ။



ဆက်ရန်

Tuesday, 18 June 2013

အဝါရောင် ဖက်ရှင်

အရောင်တောက်တောက်တွေ ခေတ်တုံးပြီလားတော့မသိ။ ကျွန်းနိုင်ငံလေးရဲ့ ဇွန်ဈေးရောင်းပွဲကြီးမှာ အဝါရောင် ဂါဝန်တထည်ဝယ်ဖြစ်ပါတယ်။ပုံမှန်ဆို အနားမကပ်နိုင်တဲ့ တံဆိပ်က ၇၀% ဈေးချတော့လဲ trend တွေဘာတွေ မတွေးတော့ပါဘူး။ ဖက်ရှင်ဆိုတာ ပြန်လည်တာပဲမှတ်လား။

ဝယ်ပြီးတော့ ဘာနဲ့ဘယ်လိုတွဲဝတ်ရမလဲ စဉ်းစားမိတဲ့အချိန်မှာ စိတ်ထဲမှာပေါ်လာတဲ့ဖက်ရှင်၂မျိုးက ဒီမှာပါ။ညနေ သူငယ်ချင်းတွေနဲ့ Night out သွားဖို့ နဲ့၊ weekend ဖက်ရှင်ပေါ့ပေါ့ပါးပါးလေးပါ။ အေးတဲ့ ရာသီမျိုးမှာတော့ ခြေအိပ်အမည်း ဒါမှမဟုတ် legging အမည်း နဲ့တွဲဝတ်နိုင်ပါတယ်။ အဲလို တွဲဝတ်မယ်ဆိုရင် ဂါဝန်ကအရမ်းကြီးရှည်မနေဖို့တော့ လိုတယ်နော်။




ဒီပုံကတော့ ဝယ်ဖြစ်ခဲ့တဲ့ Forever New က အဝါရောင် ဂါဝန်လေးပါ။

Tuesday, 28 May 2013

စိတ်ကူး ထိန်ထိန်သာ

"ဖြူ ဘာတွေတွေး နေပြန်တာလဲ"
၂နှစ်သာ ရှိသေးသော သားလက်ကိုဆွဲခါ လမ်းလျှောက်ရာမှ ပြန်လာသော မောင်က မေးသည်။ မောင့်လက်ထဲမှာလဲ စာအုပ်တချို့နှင့်။

ဒါအိမ်ရှေ့ စာကြည့်တိုက်က ယူလာတာပဲဖြစ်ရမယ်.. ဒီနေ့မနက်ကမှ ထည့်ထားတာကို ဟု ဖြူစိတ်ထဲကတွေးရင်း မနေနိုင်စွာ
"မောင် ဘာလို့စာအုပ်တွေ ထုတ်လာပြန် တာလဲ.. မနက်က အသစ်လဲ ထားပြီးသား"
"မဟုတ်ပါဘူးကွာ၊ ဟိုလမ်းထိပ်က အိမ်က ဂစ်တာနဲ့ ပတ်သက်တဲ့ နိုင်ငံခြား မဂ္ဂဇင်းတွေ တွေ့လို့ မောင်ယူလာတာ... နော်ကွာ ပြောလိုက်စမ်း မေမေ့ကို"
 ဖြူတို့ရပ်ကွက်ထဲတွင် အိမ်တိုင်းလိုလို ခြံရှေ့တွင် စာကြည့်တိုက် အသေးစားလေးတွေ ရှိကြသည်။ စာအုပ်များများ မဟုတ်..   ၁၀၊၁၅အုပ်သာ ဆံ့သော စင်အသေးစားလေးများဖြစ်သည်။ တချို့က သစ်တို၊သစ်စ နှင့် ဆောက်သည်၊ တချို့က အုတ် နှင့်.. အဓိက က မိုးလေ လုံဖို့ အမိုးကလေးပါဖို့ ဖြစ်သည်။ အိမ်တွင် အဆင်သင့်ရှိသော၊ အိမ်နီးနားချင်းများနှင့် မျှဝေလိုသော၊ လဲလှယ်ဖတ်ရှုလိုသော စာအုပ်များကို စာကြည့်တိုက်ထဲ ထည့်ကြသည်။ အခမဲ့ ယူဖတ်နိုင်ကြသည်။ဖတ်ပီးရင် တရိုတသေ သူ့နေရာသူပြန်သွားထားကြသည်။



ဤဓလေ့ကို ဘယ်သူကစသည် မသိ။ ဖြူတို့ ဒီရပ်ကွက်ကလေးကို ပြောင်းလာ ကတည်းက ရှိနှင့်နေပြီး ဖြစ်သည်။ ထူးထူးဆန်းဆန်း တွေ့ရခဲသော၊ ချစ်စရာကောင်းသော စိတ်ကူးကို သဘောကြကာ မောင်က လက်သမားဆရာခေါ်၍ အမိုးအကာနှင့် စာအုပ်ဗုံးကလေး ဆောက်ခဲ့သည်။ လက်သမားဆရာကြီးက ကျွန်းသားကလေးဖြင့် စာအုပ် ၁၀အုပ်ခန့် ဆံ့သော စာကြည့်တိုက်အသေးစားလေးကို မှန်ချက်တံခါးလေးနှင့် ဆေးအပြာလေးသုတ်ပေးခဲ့သည်။ အဝေးကကြည့်ရင် ငှက်အိမ်ကလေးနဲ့ပင် တူသေးသည်။ စာကြည့်တိုက်လေးပြီး ပြီးခြင်း ပထမဆုံးအလုပ်က ဆေးဖြူနှင့် စာရေးခြင်းပင်.. "Take a book, Leave a book please"

စာဖတ်ဝါသနာပါသော ဖြူတို့အတွက် အိမ်တွင်စာအုပ်မရှား၊ မောင်က သတင်းနှင့်သုတစာအုပ်များ စိတ်ဝင်စားသည်။ ဖြူက မိန်းမပီပီ အလှအပ ဖက်ရှင်၊ ရသစာအုပ်များကို နှစ်သက်သည်။ နှစ်ယောက်စလုံးကြိုက်သော သီချင်း၊ ဂီတမဂ္ဂဇင်းတွေလဲ ရှိသည်။ အစပိုင်းမှာတော့ မောင်နဲ့ဖြူ ဘာစာအုပ်ထည့်မလဲ စဉ်းစားရင်း အငြင်းပွါးရသေးသည်။ ကိုယ်ထည့်သည့် စာအုပ်လေးများကို အိမ်နီးနားချင်းများ မနှစ်သက်မှာ စိုးသလို၊ ငါကြိုက်တဲ့စာအုပ်လေး ပျောက်သွားရင် ဆိုသည့် စိုးရိမ်စိတ်လဲရှိသေးသည်။ နောက်ဆုံး ကောင်းနိုးရာရာ စာအုပ်ရွေးထည့်ရင်း ခုတို့ ကိုယ်ကြိုက်သည့်စာအုပ် ကိုယ့်ဘာသာ သွားထည့်ရင်း၊ သူများ ဝေမျှထားသည့် ကြိုက်နှစ်သက်ရာ စာအုပ်လေးများငှါးဖတ်ရင်း အသားကြနေပြီ။ တခါတရံ အပျက်အစီးရှိတတ်ပေမဲ့ သည်စာအုပ်စင်ကလေးကြောင့် တအိမ်နဲ့တအိမ် ပိုရင်းနီးပြီး တယောက်အကြောင်း၊ တယောက်ဝါသနာ တယောက်သိကာ မိတ်ဆွေတိုးသည်မို့ အကျိုးကျေးဇူး များလှသည်။ ဖြူတို့ရဲ့ အခမဲ့ စာကြည့်တိုက်ကလေးကို ပထမဆုံးစာအုပ်လာယူသည့် ဘေးအိမ်က အလယ်တန်းကျောင်းသူလေးကို ချောင်းကြည့်ရင်း ပီတိဖြစ်ရသည့် အကြောင်းကို တော့ မောင်နဲ့ဖြူ ဘယ်တော့မှ မေ့မည်မထင်။

"ခြံထဲ လမ်းလျှောက်ရအောင် သဲ"
အားကစားလုပ်ရမှာ ပျင်းသော ဖြူ့ကိုမောင်က အမြဲကိုယ်လက်လှုပ်ရှား အားကစား လုပ်ဖို့ တိုက်တွန်းလေ့ရှိပါသည်။ ဖြူချူချာတာ ဒါ့ကြောင့် ဟုလဲ မကြာခဏ ဆူတတ်သေးသည်။ ဖြူ မငြင်းနိုင်အောင် သဲ ဟူ၍လဲ ကြင်ကြင်နာနာခေါ်တတ်ပါသေးသည်။ မောင်စိတ်မတိုခင် သားလက်ကိုဆွဲပြီး မောင့်လက်ကိုတွဲခါ ခြံထဲလမ်းဆင်းလျှောက်ကြသည်။ သားနှင့်ဆော့ရင်း ညောင်းလာရင်တော့ သားအမိ၊သားအဖ ၃ယောက် ခြံဘေးက မြက်ခင်းစပ် ကားပျက်ကြီးနား ခြေပြစ်လက်ပြစ် ထိုင်ခါ နားလို့ရသည်။
ကားပျက်ကြီးအကြောင်းရှင်းပါအုံးမည်။
သူငယ်ချင်း တယောက်ကသူတို့စက်ရုံတွင် သုံးသော အိုးမော်ဒယ် မြန်မာအခေါ် ပေါင်မုန့်ကား၊ သိုးစောင်းလို LiteAce Van အမျိုးအစား ကားကိုဈေးပေါပေါဖြစ်ထုတ်လိုသည် ဆို၍မောင့်ကို အတင်းဝယ်ခိုင်းခဲ့သည်။ မွေးနေ့လက်ဆောင်ကဒ်လေး ၃၊၄ခုလုပ်ဖူးရုံ၊ အိမ်ဆောက်တုံးက ဟိုဆေးဟိုနေရာသုတ်၊ ဒီပစ္စည်းဒီမှာထား ဟုနှမ်းဖြူးဖူးရုံနှင့် ကိုယ့်ကိုယ်ကို အနုပညာ မျက်စိရှိသည်၊ စိတ်ကူးကောင်းသည် ဟု ဘဝင်မြင့်နေသောဖြူသည် နိုင်ငံခြားမှာလို ကားထဲတွင် အိမ်ခန်းလေးတခန်း ပြင်ကြည့်လိုသည်။ မောင်ခရီးဝေးဝေးလံလံ ထွက်ဖို့မအားသော နွေရာသီရက်များတွင် ကိုယ်တိုင်စိတ်ကြိုက်ပြင်ထားသော သည်နေရာလေးတွင် မိသားစုလာနားနိုင်ကြသည်။
တကယ်လုပ်ကြည့်တော့ပြောသလောက်မလွယ်ရေးချမလွယ်။ မလိုတဲ့ပစ္စည်းတွေထုတ်၊ ရောင်းတန်တာရောင်း၊ လိုတဲ့ ပစ္စည်းတွေလိုက်ရှာ၊ ပစ္စည်းကြိုက်တော့ ငွေကမလိုက်နိုင်နှင့် ခုထိအပြီးမသတ်သေး။ အလျင်လဲ မလို၍ ဖြေးဖြေးခြင်းပဲလုပ်မည်။ မောင့်အမ မိသားစု တနေ့ အိမ်လာလည်တုံး ဆယ်ကျော်သက် တူမလေးက  မြက်ခင်းစပ်သွားထိုင်မယ် မပြောဘဲ ကားပျက်ကြီးနား ထိုင်မယ်ဆိုသဖြင့် ဖြူ့စိတ်ကူးအိမ်လှလှလေး အမျိုးတွေကြား နာမည်ဆိုးတွင်သွားတော့သည်။ ဘာမှသေသေချာချာ မပြီးသေးသည့်အပြင် အမြဲတမ်း အိမ်ဘေးတွင်ရပ်ထားသည်မို့ ကားစုတ်ကြီးနှင့်တူသေးတာပင်။ "နေနှင့်အုံး၊ အားလုံးပြီးမှ အမျိုးတွေကို ခေါ်ကြွားလိုက်မည်" ဟုဖြူ့စိတ်ထဲက ပြောမိသည်။ ဘယ်တော့လဲဆိုရင် တော့ "ဘုရားကို မေးပေါ့"
ကားကျဉ်းကျဉ်းလေးထဲမှာ ဖြူထည့်ချင်တာတွေအကုန်ဝင်ဖို့ တကယ်တော့မလွယ်။ပစ္စည်းတမျိုးကို အမျိုးမျိုးအသုံးပြုနိုင်တာမျိုးဖြစ်ဖို့လိုသည်။ ဥပမာ ထိုင်လဲထိုင်၊အိပ်လို့လဲ ရသည့် ဆိုဖာ လိုမျိုး။ စားပွဲခုံပုပုလေးလဲ လိုသည်။ တီဗီလေး၊ music player လေးလဲထားမည်။ ဂီတာလေး တလက်လောက် ထားဖို့ နေရာလေးလဲ ရှိရမည်။ ပြီးတော့ ဘေစင်၊ မီးဖို နဲ့ရေခဲသတ္တာ။
မောင်က မီးဖိုကြီး မထည့်ချင်ပေ။  အနားယူနေတုန်း ဗိုက်ဆာလို့မှ အိမ်ဘက်ကိုပြေးပြီးပြန်ယူရမယ်ဆိုရင် မနိပ်သေးပါဘူး" ဟု ဖြူပြန်ဂျီကြမည်ကို သိသဖြင့် ငြိမ်နေခြင်းဖြစ်သည်။

"ငါ့မိန်းမကလည်း ခဏနားပြီး လမ်းပြန်လျှောက်မယ် မရှိဘူး။ တယောက်ထဲငြိမ်ပြီး ပြုံးလိုက်၊ မဲ့လိုက်၊ ရီလိုက် နဲ့ဘာတွေများ ဒီလောက်တွေးနေတာလဲဟင်။ ဟိုမှာ အန်တီတောင် ညနေစာပြင်နေပြီ။ သွားကြရအောင်လေ။"

မောင်ပြောမှ အိမ်ဘက်ကို ကြည့်မိတော့ မေမေနှင့် အိမ်အကူအမကို မီးဖိုစောင်တွင် လှမ်းမြင်နေရသည်။ ဖြူတို့အိမ်က L ပုံစံ တထပ်ခွဲ တိုက်ပုလေးမို့ ဖြူထိုင်နေသည့် နေရာကဆိုရင် အိမ်ဘေးတခြမ်းလုံးကို မြင်နေရသည်။ သည်အိမ်ကလေးက ဖြူတို့မိသားစု ကြိုးစားပမ်းစား တည်ဆောက်ထားတာမှို့ ငွေကြေးအရ အမြတ်မကြီးရင်တောင် ဖြူ့အတွက်တန်ဖိုးကြီးလှသည်။ ဖေဖေရော မေမေနှင့် ဖြူပါ ခြံကျယ်ကျယ်ကလေးနှင့် အိမ်ကလေးတလုံးပိုင်ဖို့ အတော် ကြိုးစားခဲ့ရသည်။ တော်ပါပြီလေ။ ဒီအကြောင်တွေ တွေးရင် မောင်ပြောသလို ပြုံးလိုက်၊မဲ့လိုက် နှင့် မိုးစုန်းစုန်းချုပ်တော့မည်။

မောင်နဲ့သားလေးက ဖြူ့အရှေ့ကပြောပြောဆိုဆို လျှောက်နှင့်ကြပြီ။ မေမေနဲ့ ဖြူ စိုက်ထားသော Kiss Me ပန်းများ နှင့် နှင်းစီ အိုးများဘေးကဆင်ဝင်ဝတောင် ရောက်လုပြီ။ သားကခလေးပီပီ ပန်းတွေဆွဲချ ခြင်သည်ကို မောင်ကကောက်ချီကာ ထိန်းလိုက်ရသည်။ ဖြူနဲ့ မေမေက မိန်းကလေးပီပီ ဆူးများသောပန်းကိုမှ ကြိုက်တတ်သည်လေ။

မောင်တို့ကိုကြည့်ရင်း ဖြူအိမ်ဘက်သို့ လှမ်းလာသည်။ တကယ်တော့ ဖြူဘာမှမလိုချင်တော့ပါ။ ဖြူ့ဘဝတွင် မေနဲ့ဖေရှိသည်။ ဖြူ့ကိုယ်ပိုင် ချစ်စရာမိသားစုလေးလဲရှိသေးသည်။ ပြီးတော့ဖြူချစ်သည့် ဖြူတို့အိမ်လေး။

ဖြူသည် ဒီဘဝကို အလွန်မက်မောလှပါသည်။

May 27/2013 - 5pm

Reference
http://www.houzz.com/ideabooks/8726158/list/Book-It--Bring-a-Mini-Library-to-Your-Front-Yard
http://www.houzz.com/ideabooks/8949248

Wednesday, 24 October 2012

၄၉ ရက်


ကိုရီးယားကား ကြည့်ဖူးကြမယ်ထင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းလောက်ကစပြီး ကိုရီးယားဇာတ်ကားတွေ ခေတ်စားလာလိုက်တာ ဒီနေ့ထိပါပဲ။ ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ် အလှည့်အပြောင်း၊ ဟာသ၊ မင်းသား မင်းသမီးတွေရဲ့ ရုပ်ရည် ကြောင့် စွဲလမ်းကြသူတွေ ရှိသလို  တချို့ကလဲ ကိုရီးယားကား ကြည့်ရရင် စိတ်ဖိစီးမှူပျောက်ပြီး စိတ်အပန်းပြေတယ် လို့ ပြောတဲ့သူတွေတောင် တွေ့ဖူးပါတယ်။ ကျွန်မထင်တာကတော့ ဇာတ်လမ်းထဲမှာ မျောပြီး ကိုယ့်အပူကိုယ် ခဏမေ့သွားတာ ပိုဖြစ်နိုင်ပါတယ်။ တချို့ဟာသကားလေးတွေကတော့  စိတ်အပန်းပြေစေတာအမှန်ပါပဲ။

ကိုယ်ကိုတိုင် ကိုရီးယား ဒရာမာတွေ တစိုက်မတ်မတ် ကြည့်ရအောင် မစွဲလန်းပေမဲ့ ကိုယ်ကြိုက်တဲ့မင်းသား၊ မင်းသမီး ပါတာမျိုး  ဒါမှမဟုတ် ဖြစ်ရပ်မှန် သမိုင်းအကြောင်းရိုက်တာမျိုးဆိုရင်တော့ အချိန်ပေးပြီးကြည့်ဖြစ်ပါတယ်။ အပိုင်းတွေသိပ်မများရင်ပေါ့လေ။ စကားကြုံလို့ပြောရရင် ပြီးခဲ့တဲ့ ၁လလောက် သူငယ်ချင်းတယောက်ပြောလို့ Gentleman's Dignity ဆိုတဲ့ ကားလေးကြည့်ဖြစ်ပါတယ်။ ဟိုအရင် ကိုရီးယားကားတွေ ခေတ်စားခါစ All about Eve ကားထဲက ဒါရိုက်တာရင်ကို မှတ်မိတယ်ဆိုရင်၊ ကြိုက်တယ်ဆိုရင် ကြည့်ဖို့ ညွှန်းချင်ပါတယ်။ ပျော်စရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး ကားလေးပါ။ စကားတွေချီးနေတာနဲ့ပဲ ပြောချင်တဲ့ အကြောင်းမရောက် ဖြစ်တော့မယ်။

"၄၉ ရက်" ဆိုတဲ့  နာမည်ခပ်ဆန်းဆန်းနဲ့ ကားလေးပါ။
ဒီဇာတ်လမ်းကြည့်မဲ့သူတွေ အတွက်လဲ အနှောက်အယှက် မဖြစ်အောင် ဇာတ်လမ်းကိုအကျဉ်းချုံး ပြောရရင် ရုပ်ရှိ ရေလျှံ သတို့သမီးလောင်းလေး ကားတိုက်မှုဖြစ်ပြီး ကိုမာ ရသွားတာကနေ စပါတယ်။ လူက ဆေးရုံကုတင်ပေါ်မှာ မလှုပ်မရှက်ပေမဲ့ သူ့ရဲ့ ဝိညဉ်ကတော့ မြန်မာလိုအခေါ်ဆို ယမမင်းဖြစ်မလားမသိ၊ ဒရာမာထဲမှာတော့ Scheduler လို့ခေါ်တဲ့ မင်းသားငယ်ငယ်ချောချောလေးနဲ့တွေ့နေပါတယ်။ Scheduler ရဲ့ တာဝန်က သေရမဲ့သူတွေ သေချိန်တန် သေမသေ စောင့်ကြည့်၊ စောင့်ခေါ်ရတာပါပဲ။ ဒီကြားထဲ သတို့သမီးလောင်းလေးလို သေချိန်မတန်ဘဲ အကုသိုလ်ဝင်ပြီး အပေါ်တက်မရ၊ အောက်လဲဆင်းမရဘဲ.. လူ့ဘဝထဲလဲပြန်သွားလို့မရတဲ့ သူတွေကို ကူညီရတာပါ။ လူ့ဘဝထဲပြန်သွားဖို့ သန့်ရှင်းတဲ့ မျက်ရည် ၃စက်လို ပါတယ်။ သန့်ရှင်းတဲ့ မျက်ရည်ဆိုတာ ကိုယ့်ကိုချစ်တဲ့စိတ် တခုထဲအတွက်ကြောင့်ကြတဲ့ မျက်ရည်ပါ။

"လူ့ဘဝထဲကိုပြန်သွားဘာလို့ မျက်ရည်လိုတာလဲ"
"လူ့ဘဝထဲမှာ ဒီအသက်အရွယ် အထိနေလာပြီး ကိုယ့်ကို ချစ်တဲ့သူမှ မရှိရင် ဘာလို့ လူ့ဘဝမှာ ဆက်နေအုံးမလဲ"

"မိမိကိုယ်သာ အားကိုးရာ"၊ " ကိုယ်ကိုတိုင်အတွက် အသက်ရှင်ပါ" ဆိုပေမဲ့ တယောက်ထဲနေလို့မရတဲ့ လောကကြီးမှာ ကိုယ့်အပေါ်တကယ် စစ်မှန်တဲ့၊ ကိုယ့်ကိုတကယ်ချစ်တဲ့ အဖော်ကောင်း မိတ်ဆွေကောင်းတကယ်လိုပါတယ်။ ဒါမှမဟုတ် အသက်ရှင်ပြီး တယောက်ထဲအထီးကျန်နေမယ်ဆိုရင် အသက်ရှင်ပေမဲ့ ပျော်စရာကောင်းမှာမဟုတ်ဘူးနော်။

နောက်ထပ် ကျွန်မကို အတွေးပွါးစေတာက ဇာတ်လမ်းထဲက မင်းသားတယောက်ရဲ့ စကားပါ။ ကိုရီးယားဒရာမာတို့ ထုံးစံ ဗီလိန်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားက တခြားတယောက်ကို သူ့လုပ်ရပ်နဲ့ပက်သက်ပြီး  ချေပတာဆိုပါတော့။

" ငါ ကံမကောင်းခဲ့ ဆင်းရဲခဲ့တုံးက ငါဘယ်သူ့ကို အပြစ်တင်လို့ရခဲ့လို့လဲ"
" ငါဘာမှ အမှားမလုပ်ဘဲ ဘာလို့ ခက်ခဲတဲ့ ဘဝမျိုး ကြုံရသလဲ "
" အခုလဲ ဒီလိုပါပဲ...  သူတို့ဘာအပြစ်မှ ကျူးလွန်လို့ မဟုတ်ပါဘူး။ သူတို့ ငါနဲ့တွေ့ရတာ ကံဆိုးသွားတာပါ"

လူတယောက်၊ မိသားစု တခုကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာ မှားတယ် ဆိုပေမဲ့ သူပြောတာကို ခံစားပေးလို့ရပါတယ်။ ဒီလိုရေးလို့ ကိုယ်ကံဆိုးတိုင်း မဆိုင်တဲ့သူကို တိုက်ခိုက်ရမလား ဆိုတော့လဲ မဟုပ်ပါဘူး။ တခါ တခါ လူတွေငြီးကြသလို ဘဝကြီးက မတရားဘူး မဟုတ်လား?

သရုပ်ဆောင် ၂ယောက်လမ်းခွဲ ခါနီးပြောတဲ့ စကားကလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
 ကောင်မလေးက မေးတယ်။ "ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ"

"ဘာအပြစ်မှ ရှိလို့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁နှစ် အတွင်း မင်းနဲ့ငါရဲ့ ဆက်ဆံရေးက ချစ်သူတွေဆိုတာထက် အကျိုးတူစီးပွါးဖက်တွေနဲ့ ပိုတူတယ်။ တွေ့လိုက်တိုင်း စီးပွါးရေးကိစ္စတွေ ဆွေးနွေးရင် ဆွေးနွေး ဒါမှမဟုတ် ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်တွေလုပ်နဲ့ ။ ဒါကြောင့် တခြားတယောက်ကို ငါစိတ်ဝင်စားသွားတာ "

ဒီအခန်းကို ကြည့်ရင်း လွန်ခဲ့တဲ့ ၃-၄ နှစ်က ဖတ်ဖူးတဲ့ စာရေးဆရာမ Sherry Agov's ရဲ့ "Doormat to Dreamgirl" ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာကို သတိရသွားတယ်။ "ချစ်သူရည်းစားဆိုတာ ချစ်သူရည်းစားလိုပဲ နေသင့်တယ်"တဲ့။ အရမ်းရင်းနှီးပြီး လင်မယားလို ဖြစ်သွားရင်မကောင်း သလို၊ အုပ်ရောရော ကျောက်ရောရောနဲ့ သူငယ်ချင်း မိတ်ဆွေလိုဖြစ်သွားလဲ မကောင်းဘဲ အမျိုးသားတွေဘက်က စိတ်ဝင်စားမှု ရော့တတ်တယ်" တဲ့။ မှန်မမှန်တော့ အမျိုးသားတွေမှပဲ သိနိုင်မှာပါ။ ကျွန်မအနေနဲ့ပြောရရင်တော့ မိန်းကလေးတွေက ရင်းနှီးလာတာနဲ့အမျှ ပိုပြီးသံယောဇဉ်တွယ်လာတတ်တာမျိုးပါ။

နောက်ဆုံး စိတ်ထဲရောက်လာတာ တခုကတော့ ကိုမာ ရပြီး မျက်ရည်လိုက်စုနေတဲ့ မင်းသမီးလေးပြောတဲ့စကားပါ။ သူက
" ဘယ်သူတွေ ကျွန်မအတွက် ငိုသလဲ ဆိုတာ မသိချင်ပါဘူး။ သိနေရင် လူတွေအပေါ် မမျှမတ ဆက်ဆံမိမှာ စိုးရိမ်လို့ပါ"

နီးစပ်ရာ ကိုယ်နဲ့အလှင်းသင့်တဲ့သူတွေ၊ ကိုယ့်အပေါ် အကျိုးပြူတဲ့ သူတွေကိုပဲ ဦးစားပေး အသာပေးနေတဲ့ ခေတ်ကြီးမှာ ဒီလိုစိတ်ထားမျိုးထားတတ်တဲ့ သူအချိုး အခုထက် နဲနဲများ ပိုများလာရင် လောကကြီး တော်တော်သာယာလာမှာပါ။

ဒီဇာတ်လမ်းကို ကြည့်ကြမဲ့သူတွေအတွက် အသေးစိတ်မရေးတော့ပါဘူး။ အချိန်ရလို့ အားကြမယ်ဆိုရင်တော့ ကြည့်ဖို့ ညွှန်းချင်ပါတယ်။

ဒါက ဝီကီကလင့်လေးပါ။
http://wiki.d-addicts.com/49_Days



Wednesday, 10 October 2012

လမ်းလျှောက်ထွက်ရအောင်


ပြီးခဲ့တဲ့ လပြည့်တညက အိမ်နားတဝိုက်ကို လမ်းလျှောက်ထွက်ရင်းနဲ့တွေးမိ၊ မြင်မိတာတွေကို ချရေးထားတာပါ။ လကသာသာနဲ့ မြင်သမျှ ကြည်နူးစရာကောင်းလွန်းလို့ စာတပုဒ်ထွက်လာသလား မသိ။ ကဲ ကျွန်မနဲ့တူတူ လမ်းလျှောက်လိုက်ခဲ့ကြပါအုံး။

(အဲဒီနေ့ညက ကင်မရာ မပါသွားတာ တော်တော်နောင်တရနေပါတယ်။ နောက်ဆိုဘယ်သွားသွား ကင်မရာယူမှဖြစ်တော့မယ်။ :D အောက်ကပုံကို Google ကယူပါတယ် )



မနေ့ညက
ငါတို့လမ်းလျှောက်ထွက်ခဲ့ကြတယ်
ပြာလဲ့လဲ့ မီးရောင်တွေရှိတဲ့
ညဈေးတန်း ဆီကိုပေါ့.
လရောင်ကလဲ ဖြာနေလိုက်တာ
လမ်းမကြီးတခုလုံးလင်းလို့။

မနေ့ညက
ငါတို့လမ်းလျှောက်ထွက်ခဲ့ကြတယ်
လမ်းတဖက်တချက်
ဖယောင်းတိုင် အတိုအစတွေနဲ့ မုန့်အချို့
ဒါတစ္ဆေညရဲ့ အကြွန်းအကျန်တွေလား
ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ
တယောက်ယောက်တော့ ချစ်တဲ့သူအတွက်
ဆုတောင်းခဲ့မှာ သေချာတယ်။

ဟော  ဟိုညာဘက်မှာ မီးရောင်တချို့
ငါတို့ အမောပြေ ကော်ဖီဆိုင်
ဒါမှမဟုတ်
ဝိုင်နီဆိုင် တဆိုင် ဖြစ်ပါစေ။
လက်ထဲမှာ ရေခဲချောင်းကိုယ်စီကိုင်လို့
ဆိုင်က ပြန်ထွက်လာပြီ
လိုရင်းက ရေငတ်ပြေဖို့မဟုတ်လား။

ရှေ့ဆက်သွားတော့
တတိယအရွယ် လူတစု
အများသုံး တီဗီ ရှေ့မှာ
မျက်လုံးတွေကတော့ တီဗီ ပေါ်မှာမရှိဘူး
အင်း.. သူတို့လိုချင်တာ တီဗီ မဟုတ်ဘူး...အဖော်။

ဟိုး ရှေ့ရှေ့က မီးတွေက ထူးထူးခြားခြား
လင်းလိုက်တာ
ပွဲတော် ဒါမှမမဟုတ်ရင်
အခမ်းအနားတခု ဖြစ်ရမှာပေါ့
ရောက်သွားတော့
ခလေးလေးတွေ
မီးပုံးလေးတွေ မီးပန်းလေးတွေနဲ့
ပျော်နေလိုက်ကြတာများ
အပြစ်ကင်းတဲ့ ပျော်ရွှင်ခြင်းတွေ
ရှိသမျှ နေရာဟာပွဲတော်ပါပဲ။

"ဆက်လျှောက်လိုက်ပါအုံး" တဲ့
ဒီတခါတော့ သီချင်းသံတွေဆီကိုပါ
ဟော ညာဘက်မှာ
အရွယ်လတ် အမျိုးသမီး တစု
စုပေါင်းပြီး "က" ရတဲ့ အကတမျိုး ကျင့်နေကြတာပါ
တချို့က စည်းချက်ကြကြ လှလှပပ
တချို့က မညီမညာ ယောင်ရောင်မှားမှား
ဒါပေမဲ့ အားလုံးပြုံးထားကြတယ်။

ဘယ်ဘက်ကို ကြည့်လိုက်အုံးတဲ့
ဖြူတဲ့ လရောင်အောက်မှာ
ဖြူတဲ့ အဝတ်ကိုဆီနဲ့
ကျောင်းသားလေးတွေ
ကရာတေး ကစားနေတာ
ဘေးမှာ ဆရာလုပ်တဲ့သူက ပီတိတွေစားလို့။

ဆက်လျှောတ်လာတော့
တခါးအဖြူရောင် တခု
ဘေးကို မော့ကြည့်တော့ သူကပြုံးပြတယ်
ကိုယ့်လက်လေးတွေလဲ
သူ့လက်ထဲမှာ နွေးတုန်း
ငါအိမ်ပြန် ရောက်ပြီလေ။

Wednesday, 3 October 2012

နားမလည်ခြင်းများ



ဘာရယ်မဟုတ် ကြုံရတာလေးတခုကိုရေးချင်ပါတယ်။
တလောကရုံးမှာ Team Building အနေနဲ့ တနေရာကို Company က စပွန်ဆာပေးပြီးသွားကြဖို့ဖြစ်လာပါတယ်။ ရုံးခွဲတွေရှိပေမဲ့ ကျွန်မတို့ရုံးမှာပဲ စီစဉ်တာပါ။ ဒါနဲ့ပဲ တခြားရုံးခွဲမှာ လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကို လှမ်းစလိုက်ပါတယ်။
"ငါတို့တော့ ဘယ်နေ့ကြရင် အလုပ် လုပ်စရာ မလိုဘူး"
"နင် တို့ရုံးမှာတော့ မလုပ်ဘူး ဟုတ်?"
သူက ဒီနိုင်ငံက စ လူမျိုး ယောက်ကျားလေး သူငယ်ချင်းပါ။ ရှားရှားပါးပါး စ လူမျိုးထဲမှာ အရမ်းကူညီတတ်.. အရမ်းသဘောကောင်းပြီး မတွက်ကတ်တာမို့ ငယ်သူငယ်ချင်းမဟုတ်ပေမဲ့ တော်တော်ခင်ပါတယ်။

ဒါနဲ့ စကားပြောဖြစ်ရင်း သူကလဲ မရောက်ဖူးတဲ့နေရာမို့ စိတ်ဝင်စားပုံ ရပါတယ်။
"ဘယ်လိုသွား မလဲ"
"ဘာတွေရှိလဲ"
"ဘယ်သူတွေရော ပါမလဲ" နဲ့ မေးနေတာမို့ ကျွန်မကလဲ လိုက်ခဲ့ဖို့ ခေါ်လိုက်ပါတယ်။
ပြဿနာက သူက Company တူပေမဲ့ တခြားရုံးခွဲကမို့ လိုက်မယ်ဆိုရင် ခွင့်ယူရပါမယ်။  Company က သူ့အတွက် စပွန်ဆာလဲပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ကျွန်မတို့သွားမဲ့ နေရာက
အားလုံးပေါင်းမှ ဒေါ်လာ၂၀ လောက်ကြမှာပါ။ သူက "သွားဖြစ်ရင် ပြန်ပြောအုံး" ဆိုပြီး အစည်းအဝေး ရှိလို့ စကားပြတ်သွားပါတယ်။

နေ့လည်ထမင်းစားတော့ တခြားလုပ်ဖော်ကိုင်ဖက်တယောက်နဲ့ အဲဒီအကြောင်းပြန်ပြောမိရော။ သူငယ်ချင်းကောင်လေးကို ခေါ်လိုက်တယ်ပေါ့လေ။
အဲဒီမှာသူက ချက်ခြင်းပဲ ( မြန်မာလို ပြန်ရရင်)
"ဟယ်  နင်ကသူ့ရည်းစား မှို့လို့ သူက ခွင့်ယူ၊ သူ့စရိတ်သူခံပြီး လိုက်ရမှာလား?"
ရုတ်တရက် တော်တော်အံ့ဩသွားသလို "ငါ သဘောကောင်းတဲ့ သူကို အခွင့်အရေးယူပြီး အဖော်ရရုံ ခေါ်မိသလား" ဆိုပြီး စိတ်ထဲ တမျိုးတောင်ဖြစ်သွာပါတယ်။
တကယ်က သူလဲခွင့်ရက်တွေ ရှိ.. ( သူက ခရီးထွက်တာဝါသနာမပါ..  ဘယ်မှလျှောက်မသွား... အလွန်အလုပ်ကြိုးစားပြီး တော်ရုံ ခွင့်မယူလို့ နှစ်ကုန်ရင် ၃ပတ်လောက် အိမ်မှာနားပြီး ခွင့်ရှင်းရတဲ့ သူမျိုးပါ။) စိတ်ဝင်စားပုံလဲရ တာမို့လို့ ပျော်ပျော်ပါးပါးသွားဖို့ ခေါ်လိုက်တာပါ။

ဒါကို တခြားသူတွေ အမြင်မှာ ဘယ်လိုဖြစ်သွားလဲ တွေးရင်း   ဒီနေ့တော်တော် စိတ်ရှုတ်နေပါတယ်။

Friday, 20 July 2012

နောက်ဆုံးပုံပြင်


လူတယောက်က သွေးမတော် သားမစပ် တခြားသူတယောက်ကို ဘယ်လောက်ထိချစ်နိုင်သလဲ ရှင်တို့သိကြပါ့မလား။ ပြီးတော့ အချစ်မှာ "အသွားအပြန်" တို့ "အလျားအနံ" တို့ လူတိုင်းအတွက်မရှိဘူးဆိုတဲ့ အမှန်တရားကြီးကိုရော ရှင်တို့လက်ခံရဲ့လား။

အချစ်နဲ့ပတ်သက်ရင်၊ သူနဲ့ပတ်သက်ရင် ကိုယ့်ဆီမှာ ပျော်စရာတွေထက် ငိုစရာတွေများခဲ့မှန်း ကိုယ်, ကိုယ်တိုင်ကလွဲပြီးဘယ်သူပိုသိအုံးမှာလဲ။ ကိုယ်ကပဲ ကံဆိုးတာလား။ မျှော်လင့်ချက်ပဲများလွန်းနေတာလား မသေချာပေမဲ့ ရေရေရာရာသိတာတခုက သူ ကိုယ့်ကို မချစ်ဘူးဆိုတာပါ။ 

အခုမှ သိတာတော့လဲ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ခုနကပြောခဲ့သလိုပဲ ကိုယ်မျှော်လင့်ချက်တွေ များခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လရဲ့ ရက်တခုမှာ စာတကြောင်း၊ စကားတလုံးမှတောင် နှုတ်မဆက်ပဲ သူ့ကိုသိပ်ချစ်တဲ့၊ သူ့ကိုအောင်မြင်စေချင်တဲ့၊ သူ့ကိုအမြဲ ပျော်ရွှင်စေချင်တဲ့၊ သူလိုအပ်တဲ့အခါတိုင်း ဘေးမှာအမြဲရှိပေးတဲ့၊ သူ့ရီးစားတွေနဲ့ ပြတ်သွားလို့ စိတ်လေနေတိုင်း,၊မျက်ရည်ကြတိုင်း ဘေးကနှစ်သိမ့်ပေးတတ်တဲ့ ချစ်သူတယောက်ကို သူ နှုတ်မဆက်ပဲထွက်သွားရက်ခဲ့တယ်။

~တော်ပါပြီ စိတ်ကုန်တယ် မေ့လိုက်ပြီ
အချိန်ကုန်တယ် စိတ်ပျက်နေပြီ
မင်းကြောင့်ငါ အလုပ်ပျက် ညတို့နက်ပြီ
အိမ်မှာဆို ရိပ်မိကုန်ပြီ~

သေချာတယ် ကိုယ်တို့နှစ်ယောက်ပြန်မဆုံတော့ပါဘူး။ သိပြီးသား ဇတ်သိမ်းတခုအတွက်တော့ ဝမ်းမနည်းသင့်ဘူးလေ။ သူ့ကို အဲလိုပြောရင်တော့ "ဟုတ်တာပေါ့" ဆိုပြီး ခပ်ရွဲ့ရွဲ့နဲ့ သူခေါင်းငြိမ့်လိမ့်အုံးမယ်။ တမြေထဲနေရင်း တောင် ကိုယ်နဲ့အကြောင်းအမျိုးမျိုးပြပြီး မတွေ့နိုင်ပဲနဲ့တော့ ရေမြေခြားမှာ ကိုယ့်ကိုသတိရဖို့ဆိုတာ ဝေလာဝေးပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဆယ်ခုနှစ် ၁ခုကျာ် သူ့အနားရှိ ပေးခဲ့တဲ့ ကိုယ့်မှာ ကောင်းကောင်းမွန်မွန် အချိန်လေးတခုပေးပြီး နှုတ်ဆက်ခွင့်လေးတော့ ရှိသင့်ပါတယ်။ ထိုင်နေကြ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟိုးတုန်းက ညဥ့်နက်တဲ့အထိ မိုးရေတွေထဲသွားထိုင်ဘူးခဲ့တဲ့ ပန်းခြံလေးမှာ ညနေခင်း တခုလောက် အချိန်ဖြုံးရင်း ဖြစ်ဖြစ်ပေါ့။ ထုံးစံအတိုင်း သူ့စာရင်းထဲမှာ ကိုယ့်ဆဒ္ဒတွေ အကျုံးမဝင်ဘူး။

~ငါ့အတွက်ဆိုထဲ့မတွက် မင်းကြောင့်ခက်ပြီ
ငါဒီမှာစိတ်ညစ်နေပြီ
အပေါင်းအသင်းတွေ မင်းကြောင့် 
မျက်နှာပျက်တာများပြီ
သေချာတယ် မေ့လိုက်ချင်ပြီ~


ဖြစ်ချင်တာတွေ မဖြစ်ခဲ့ပေမဲ့ ဖြစ်သင့်တာတွေကတော့ ဖြစ်သွားခဲ့ပါပြီ။ ကိစ္စတော့မရှိပါဘူးလေ။ လူဆိုတာမွေးကတဲက တယောက်ထဲပဲဟာ။ ဆယ်စုနှစ်တခုစာ အသားကြခဲ့တဲ့ အကျင့်တွေကိုလတ်ရှိအခြေအနေနဲ့ လိုက်ရောညီထွေရှိအောင် ပြင်ရုံပါပဲ။ ဥပမာ - ကိတ်မုန့်အသစ်စမ်း လုပ်တဲ့အခါ သူ့ကိုဖုန်းစက်စရာမလိုတော့ဘူး၊ သူကြိုက်တတ်တဲ့ဟင်းချက်နည်းတွေကိုလဲ လေ့လာစရာမလိုတော့ဘူး၊ သူနေမကောင်းတိုင်း လိုက်စောင့်ပေးရတဲ့ ဆေးခန်းမှာ ရုံးအပြန်ထမင်းမစားဘဲ အချိန်အကြာကြီးထိုင်ဖို့ မရှိတော့ဘူး၊ ကိုယ်သိပ်ကြိုက်တဲ့ ဖိနပ်အမြင့်တွေကိုလဲ ဂျောင်ထိုးထားစရာ မလိုတော့ဘူး၊ သူ့မှာ အသုံးပြတ်တိုင်း ကိုယ့်မှာရှိတဲ့ နည်းနည်းကို ခွဲဝေပေးစရာမလိုတော့ဘူး၊ ပြီးတော့ သူရီးစားနဲ့ ပြတ်တိုင်း ဟန်ဆောင်ပြုံးတခုနဲ့ ဘာမှမခံစားရသလို "နင်ကလဲ အားလုံးအဆင်ပြေသွား မှာပါ။ စိတ်မကောင်းမဖြစ်ပါနဲ့" လို့နှစ်သိမ့်စရာလဲမလိုတော့ဘူး။


~တော်ပါပြီ  Go Go Go အဝေးကို
Gone Gone Gone ပြီးပြီ
It's so cool ဘဝဟာ ပျော်စရာကြီး

သေချာတယ် No No No နောက်တခါ
ရှေ့ဆက်ဖို့မရှိပါ
မင်းမရှိတဲ့ ဘဝဟာပျော်စရာအတိ
Honey..It's cool baby~

ဒါဟာ ကိုယ်တို့နှစ်ယောက်ရဲ့ တကယ့် နောက်ဆုံးပါပဲ.

(သီချင်းလေးကို ခံစားပြီးရေးပါသည်။)