မနေ့က ဆေးရုံမှာဆေးသွားစစ်တယ်။ စိုးရိမ်တဲ့ဟာက ဘာမှမဖြစ်ဘဲ လိုလိုပိုပိုစစ်တဲ့ဟာက ဆရာဝန်နဲ့တွေ့ပြီး ဆွေးနွေးဖို့လိုတယ်တဲ့။ ဆေးရုံကပြန်လာပြီးကတည်းက ဒီအဖြေကိုစောင့်လိုက်ရတာ တညနေလုံး၊ တညလုံး။ သိရပြန်တော့လဲ မစိုးရိမ်ဖို့ဘယ်လောက်ပြောပြော ရင်ထဲမှာကျပ်ပြီး မျက်ရည်ကြီးပဲကျချင်နေတော့တာ။ တခုခုဖြစ်ပြီဆိုမှ ကိုယ့်ဘာကိုယ်သတိထားမိတယ်။ ဒီဘဝမှာ ကိုယ်လုပ်ချင်တာတွေမလုပ်ရသေးဘူးဆိုတာ။
ဒါကြောင့် လူကြီးတွေဆုပေးရင် "ကျန်းမာ ချမ်းသာပါစေ" ဆိုပြီး "ကျန်းမာ" အရင်လာတာနေမှာ။ မ ကျမ်းမာရင် လူတင်မဟုတ်၊ စိတ်ပါထိခိုက်တာဆိုတော့ ပိုက်ဆံတွေအများကြီးရှိလဲမထူးဘူးမှတ်လား။ မလိုအပ်သေးပဲအများကြီးစိတ်ပူနေလို့တဲ့ ဆူတဲ့သူကဆူတယ်။ ဒါပေမဲ့ စိတ်ပူတယ်ဆိုတာ ပူစရာရှိလို့ပေါ့လို့ ကျမကတော့ခေါင်းမာမာနဲ့တွေးတာပဲ။ ဟုတ်တယ်လေ ဘယ်သူကတော့အပျော်စိတ်ပူပါ့မလဲ။ မဟုတ်ဘူးလား။ ကိုယ့်ဘာကိုယ် တချိန်လုံးပြောဖြစ်နေတာက အားကစားလိုက်စားဖို့၊ ကျန်းမာရေးနဲ့ညီအောင်စားဖို့၊ ဝိတ်နည်းနည်းလျှော့ဖို့။ လုပ်ချင်နေတာက မသေခင် လုပ်ချင်တာလေးတွေလုပ်ထားရအောင် တနေရာမှာချရေးထားဖို့။ ကျမတယောက်နဲ့လဲခက်ပါတယ်။
Tuesday, 6 May 2014
Monday, 21 April 2014
ရင်ထဲကသင်္ကြန် ၃
သင်္ကြန်မှာ သူများတွေရဲ့မဏ္ဍာပ်တွေသွားဖူးသလို တက္ကသိုလ်ကသူငယ်ချင်းတွေ မဏ္ဍာပ်လုပ်တုန်းကလဲ သွားကူဖူးပါတယ်။ ကျမရဲ့အတွေ့အကြုံအရကတော့ စိတ်လွတ်လက်လွတ်နဲ့ ပျော်ချင်ရင် သူများမဏ္ဍာပ်သာ ပိုက်ဆံပေးပြီးသွားလိုက်ပါ။ ကိုယ်တိုင်မဏ္ဍာပ်လုပ်တာ စိတ်ပင်ပန်းသလို တာဝန်လဲအရမ်းကြီးတာပါ။ စပွန်စာရှာရတာ၊ သစ်ရှာရတာ၊မဏ္ဍာပ်ဆောက်မဲ့သူရှာရတာ၊ ၄ရက်စလုံး ရေမပြတ်သွားအောင် စီစဉ်ရတာ၊ ပြီးတော့အစားအစာ၊ သီချင်း၊ဆောင်းဘောက် ရှုပ်နေတာပါပဲ။ ခုများဆို ဒီဂျေနဲ့ ဘာနဲ့ဆိုပိုတောင်ရှုပ်ပါလိမ့်အုံးမယ်။ ကိုယ့်မဏ္ဍာပ်ကို လူသိအောင်လဲ ကြော်ငြာရသေးတယ်။ ဒါမှ ဝင်ထားသမျှငွေတွေ ပြန်ရပြီး အရင်းလောက်ကျမှာကိုး။ စပွန်ဆာ၊ အလှူငွေထည့်တဲ့သူတွေများရင်တော့ ပူစရာမလိုလှပါဘူး။ ကျမတို့က ပထမဆုံးစလုပ်တဲ့သူတွေ ထုံးစံအတိုင်း အိုးနင်းခွက်နင်း၊ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ စာရင်းချုပ်လိုက်တဲ့အခါ သူငယ်ချင်းတွေခွက်ခွက်လန်အောင်ရှုံးကြပါတယ်။ ရှုံးမယ်ဆိုတာ ကြိုသိနေပြီးသားဆိုတော့ သင်္ကြန်အကြတ်နေ့ မဏ္ဍာပ်မှာနေ့လည်စာဝေပြီးလို့ ပိုနေတဲ့ထမင်းဘူးတွေကို ကျမတို့မိန်းကလေးတွေကို စရိတ်ကာလိုကာငြား ကူပြီးရောင်းခိုင်းလို့ ရှက်ရှက်နဲ့ရောင်းပေးဘူးတာတော့အမှတ်တရပါပဲ။အဲဒီနှစ်ကစပြီး ဘယ်သူမှမဏ္ဍာပ်လုပ်ဖို့ စကားမစတော့ပါဘူး။
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စတုဒီသာ မုန့်လုံးရေပေါ်လုပ်ကြတာကိုလဲ မမေ့ပါဘူး။ အချိန်က ပထမနှစ်တက်နေတုန်းအချိန်။ မုန့်ထဲမှာ ထန်းလျှက်နဲ့ ငရုတ်သီးစိမ်း ထည့်ပြီးလုံးတာလောက်တော့ဘာခက်လိမ့်မလဲလို့ ကိုယ့်ဘာကိုအထင်တွေကြီးပြီး လုပ်ကြတာ ထွက်လာတဲ့ မုန့်လုံးရေပေါ်က မာလိုက်တာမှ ကျောက်ခဲလေးတွေလိုပဲ။ မုန့်လုံးရေပေါ်ကို ကားရပ်ပြီးယူကြတဲ့ သင်္ကြန်ကားပေါ်ကသူတွေကို "နည်းနည်းတော့ မာသွားတယ်။ ဒါပေမဲ့ ကောင်းတယ်" လို့ပြောပြောပြီးဝေတာ မှတ်မိသေးတယ်။ နောက်ဆုံး ကျမတို့ရဲ့ အလွန်မာသော မုန့်လုံးရေပေါ်တွေ မကုန်နိုင်တော့ တယောက်နဲ့တယောက်ပစ်ပေါက်ကစားရင်း ကျမတို့ရဲ့ စတုဒီသာပွဲလေးအဆုံးသတ်သွားတော့တယ်။
နောက်ဆုံးသင်္ကြန်အတတ်နေ့ရောက်ပြီဆိုရင်တော့ စိတ်ထဲမှာ လွမ်းသလိုလို၊ စိတ်မကောင်းပဲဖြစ်သလိုလိုနဲ့။ မဏ္ဍာပ်တွေပေါ်က လူအချင်းချင်းလဲ "ဒီနေ့ နောက်ဆုံးနေ့နော်။ထိုင်မနေနဲ့။ နောက်နေ့ဆို ရေပက်ချင်လို့တောင် ပက်လို့မရဘူး" ဆိုပြီး အော်နေကြတော့ လူက ငိုချင်ရက် လက်တို့ဆိုတာမျိုး စိတ်ကမကြည်။ ရခိုင်ဘက်မှာ ( ကျမ အမှတ်မှားနေရင် ပြင်ပေးကြပါအုံးနော်) နှစ်ဆန်းတရက်နေ့အထိရေပက်တယ်ကြားဖူးတော့ စိတ်ထဲမှာ "အတတ်နေ့ညကို တယောက်ယောက်ကများ ရခိုင်ဘက်ကားနဲ့သွားမယ် လိုက်ခဲ့" လို့ခေါ်ရင်သိပ်ကောင်းမှာပဲလို့ တွေးမိတာခဏ၊ ခဏ။ မဏ္ဍာပ်ကရေသိမ်းပြီဆိုရင်လဲ အိမ်မပြန်ချင်သေး။ ဖြစ်နိုင်ရင် ငယ်ငယ်တုန်းကလို မြို့တော်ဝင်မဏ္ဍာပ်မှာ ညမိုးချုပ်အထိ အကအလှတွေ၊ ဆုပေးပွဲတွေကို ရေစိုစိုနဲ့ ငေးချင်သေးတာ။ကိုယ်တွေကသာ တနေကုန် မမောမပန်းနဲ့ သွားချင်သေးပေမဲ့ ညနေဘက် ရေသိမ်းချိန်မဏ္ဍာပ်မှာလာကြိုရတဲ့ သူငယ်ချင်းအကိုမှာတော့ မဏ္ဍာပ်ကိုညနေ ၅နာရီ၊၆နာရီလောက်ရောက်ဖို့ကို အိမ်ကအစောကြီးထွက်ရတာ သိနေတာဆိုတော့ အားနာစိတ်နဲ့ တခါမှမတောင်းဆိုဖူးပါဘူး။ အဖေကတော့ သင်္ကြန်တွင်းကားကိုမမောင်းချင်။ ဒီတော့ အိမ်ပြန်ရောက်၊ ရေမိုးချိုး၊ ထမင်းစားရင်းနဲ့ TVရှေ့မှာထိုင်ပြီး သတင်းကြည့်ရပါတယ်။ နှစ်ဆန်း၁ရက်နေ့ မနက်စောစော မိသားစုနဲ့ ဘုရားသွား ကုသိုလ်ကောင်းမှုလုပ်၊ ညနေကျတော့ ရက်ကွက်ထဲက တရားပွဲမှာ အိမ်ကအတာအိုးလေးသွားထားရင်း မိဘတွေနဲ့တူတူ တရားနာ။ နှစ်တိုင်းမြင်တွေ့ဖူးနေကြ၊ လုပ်နေကြသူတွေအတွက် သိပ်မထူးဆန်းလှပေမဲ့ ကျမတို့လိုအဝေးရောက်ပြီး သင်္ကြန်ကိုလွမ်းနေရသူတွေအတွက်တော့ အားလုံးအမှတ်ရစရာတွေကြီးပါပဲ။
မြန်မာအသိုင်းအဝန်းများတဲ့ စလုံးမှာနေတော့ မြန်မာနည်းတဲ့အခြားနိုင်ငံတွေနဲ့စာရင် ဆမ်ဘာဝမ်သင်္ကြန်တို့၊ ပိုလီသင်္ကြန်တို့သွားရင်း စိတ်ဖြေစရာရှိတယ်ဆိုပေမဲ့ တနိုင်ငံလုံး အုံးအုံးကြွက်ကြွက်နဲ့ ၄ရက်တိုင်တိုင်ပျော်ကြတဲ့ ပွဲနဲ့တော့အရသာဘယ်တူမလဲနော်။ ဒီနှစ်သင်္ကြန်မတိုင်ခင်က facebook ပေါ်မှာ အံ့အားသင့်စရာ ကြေငြာတခုတွေ့လိုက်ရတယ်။ မဏ္ဍာပ်မှာ ၂၅နှစ်အောက်၊ ကိုယ်အလေးချိန် ဘယ်လောက်ကနေ ဘယ်လောက်အတွင်းရှိတဲ့ ကောင်မလေးတွေကို ဖိတ်ခေါ်တဲ့သတင်း။ ၂၀ကို တော်တော်လေးကျော်ပြီး အရွယ်တော်တစိတ်ဟိုင်းနေတဲ့ကျမကိုတော့ ဘယ် မဏ္ဍာပ်မှလက်ခံမှာမဟုတ်ဘူးလို့တွေးမိလိုက်သေး။
သင်္ကြန်တွင်း facebook မှာတက်လာတဲ့သတင်းဓာတ်ပုံတွေထဲ လွန်လွန်ကြူးကြူးဝတ်စားထားပြီး ကနေတဲ့ မိန်းခလေးတွေပုံတနှစ်ထက်တနှစ်များလာတာကိုတွေ့ရတာတော့ စိတ်မကောင်းဘူးရယ်။ ဒါပေမဲ့ သူငယ်ချင်းတွေတင်တဲ့ပုံတွေထဲ လုံလုံခြုံခြုံ ခေတ်နဲ့အညီဝတ်စားဆင်ရင်ပြီး ရေကစားကြတဲ့ မိန်းခလေးပုံတွေ၊ စတုဒီသာမဏ္ဍာပ်တွေ့ရပြန်တော့ မြန်မာပြည်သင်္ကြန်က မြန်မာ့ယဉ်ကျေးမှုလုံးဝပျောက်၊ မြန်မာမိန်းခလေးတွေ ဖော်ချွတ် ဝတ်စားပြီး လူငယ်တွေမူးရူးသောက်စားကြတဲ့ပွဲလို့ ရေးကြတာတော့ စိတ်ထဲ မခံချင်ဖြစ်တာလိုလို ဝမ်းနည်းတာလိုလိုနဲ့။ ကိုယ်ကိုတိုင်ပြန်ပြီး မျက်စိနဲ့မြင်တာမဟုတ်တော့လဲ ကိုယ်တိုင်မျက်စိနဲ့ မြင်ခဲ့တဲ့မြင်တဲ့သူတွေနဲ့တော့ မငြင်းတော့ပါဘူး။ ကျမမှာ ကျမသိပ်ချစ်ရတဲ့သင်္ကြန် ကိုဘယ်လိုအရိပ်ဆိုးမျိုးမှမရှိစေချင်တဲ့ စိတ်ကလဲများနေတာကိုး။
" အင်တာနက်တွေခေတ်စားပြီး အွန်လိုင်းမီဒီယာတွေနဲ့ အင်မတန်လက်လှမ်းမှီလာတဲ့ ဒီခေတ်ကြီးမှာ မျက်လုံးထဲအမြင်မတော်တာတခုတွေ့တိုင်း ဝိုင်းဝန်းပြီးဘယ်လိုထိန်းသိမ်းရမလဲ၊ ပြု ပြင်ကြမလဲ စဉ်းစားကြရမဲ့အစား ဖုံးထုတ် ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်လိုက်မဟဲ့ ဆိုတဲ့စိတ်တွေပိုများ လာကြသလားလို့ ကျမတော့ထင်တာပဲ။"
သင်္ကြန်မတိုင်ခင်ကတည်းက facebookပေါ်မှာ နာမည်မျိုးစုံနဲ့ Pageတွေတခုပြီးတခုပေါ်လာလိုက်တာများ ..."သင်္ကြန် ဓာတ်ပုံလန်းလန်းလေးများ" တို့ "သင်္ကြန်မှာ ဖော်တဲ့သူများ" ဆိုတဲ့နာမည်ပေါင်းစုံနဲ့လေ။ မကောင်းတာကြီးကို ဒါလုံးဝမကောင်းဘူးလို့လူများမြင်အောင် ကြေငြာနေမဲ့အစား ဘယ်လိုဝိုင်းဝန်းပြီးပြုပြင်ကြရင်ကောင်းမလဲ စဉ်းစားပြီးလက်တွေ့အကောင်အထည်ဖော်ကြတာအကျိုးမရှိပါလား။
စိတ်ကူးနဲ့လက်တွေ့တထပ်ထဲကြခဲ့ရင်ပေါ့လေ.. သင်္ကြန်မတိုင်ခင် ၃-၄ရက်စောပြန်ပြီး မင်္ဂလာဈေးကအဒေါ်ဆိုင်ကိုလိုက်ကူရင်း အသိတွေနဲ့ဈေးထဲမှာတွေ့ရင် ခွင့်တောင်းပြီးရေလိုက်လောင်းအုံးမယ်။ အကြိုမတိုင်ခင်တရက် ကြရင်တော့ ခုသိပ်မစည်တော့ဘူးလို့ပြောကြတဲ့ စကော့ဈေးကိုသွားလည်ပြီး မုန့်လေးဘာလေးစား။ ညနေပိုင်းရောက်ရင် ဟိုးအရင်ကလို မဏ္ဍာပ်တွေများတဲ့လမ်းဘေးမှာ ကားထိုး၊ သူငယ်ချင်းတစုနဲ့ လမ်းလျှောက်ရင်း မဏ္ဍာပ်တွေငေးချင်သေးတာ။ အကြိုနေ့မနက်စောစော အမေနဲ့ ဟင်းချက်စရာဈေးကိုလိုက်၊ အဝါရောင်ပိတောက်ပန်းတွေတဝ ဝယ်၊ အိမ်ရောက်ရင် သိကြားမင်းကြီးကိုကြိုဖို့ အမေနဲ့အတူတူအတာအိုးလေးထိုးပေါ့။ ပြီးပြီဆိုရင် ရက်ကွက်ထဲဖြစ်ဖြစ်၊ ရိပ်သာတခုခုမှာဖြစ်ဖြစ် သက်ကြီးအဖိုးအဖွားတွေကို လက်သည်းခြေသည်းညှပ်၊ ခေါင်းလျှော်ပေးချင်တယ်။အကျနေ့ဆိုရင် ရေကစားလို့ရပြီ။ မနက်ပိုင်းရေကစားပြီး ညနေကျရင်တော့ ဟိုအရင်ကမအောင်မြင်ခဲ့တဲ့ မုန့်လုံးရေပေါ်စတုဒီသာကို မကျေပွဲပြန်နွှဲရင်း လာသမျှ လူတွေ၊ ရေပက်ခံကားတွေကိုဝေမယ်လေ။ အကြတ်နေ့နဲ့ အတတ်နေ့ နေ့လည်ပိုင်းကို လိုက်ကြည့်ထားတဲ့မဏ္ဍာပ် တခုခုမှာထိုင်ပြီးရေပက်။ အတတ်နေ့နေ့လည်စာစားပြီးချိန်လောက်ဆိုရင်တော့ ရေပက်ခံကားလေးနဲ့ မြို့အနှံ့လည်ရင်း မြို့တော်ဝန်မဏ္ဍာပ်ရှေ့မှာ ညဘက်အထိ အကအလှတွေ၊ ဆုပေးပွဲတွေကြည့်ရင်း မြန်မာနှစ်ကူးကိုကြိုကြတာပေါ့။ နောက်နှစ်လောက်တော့ ကျမစိတ်ကူးတွေအကောင်အထည်ပေါ်ပါစေလေ။
ရင်ထဲကသင်္ကြန် ၁
ရင်ထဲကသင်္ကြန်၂

Tuesday, 15 April 2014
ရင်ထဲကသင်္ကြန် ၂
မြေသင်းနံ့။ ဟုတ်တယ် သင်္ကြန်အကြောင်းစဉ်းစားလိုက်တိုင်း မှတ်မိနေတဲ့အထဲမှာ ကျမအခန်းဘေးက မြေကွက်လပ်ကရတတ်တဲ့ မြေသင်းနံ့ကို တခုတ်တရအမှတ်ရတုန်းပဲ။ ကျမက သင်္ကြန်နားနီးတဲ့အခါ ညဘက်တွေမှာ ပြတင်းပေါက်တံခါးကို တမင်တကာကိုပဲ ဖွင့်အိပ်လေ့ရှိပါတယ်။ သင်္ကြန်ကြိုမိုးလေးများရွာတဲ့အခါ မနက်အိပ်ရာကနိုးနိုးချင်းရတတ်တဲ့ မြေသင်းနံ့ကိုရှူ၊ ဟိုးခပ်ဝေးဝေးက အလှူခံမဏ္ဍာပ် ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်တခုခုဆီကနေ လွင့်လာတတ်တဲ့ သင်္ကြန်သီချင်းလေးနားထောင်ပြီး အိပ်ရာထရတာလောက် ကျမပျော်တာမရှိပါဘူး။ ပထမဆုံး မဏ္ဍာပ်ပေါ်သွားခွင့်ရတဲ့နှစ်က သင်္ကြန်အကြိုနဲ့ မနက်မှာ မှတ်မှတ်ရရ မိုးရွာပါတယ်။
အခုဆိုအကြိုနေ့ မနက်လောက်ကတည်းက ရေကစားကြပါတယ်။ ကျမပျော်ခဲ့ရတဲ့၂၀၀၀ခုနှစ်များကတော့ အကြိုညနေပိုင်းလောက်မှ မဏ္ဍာပ်ဖွင့်ပွဲလုပ်၊ ရေခဏလောက်စမ်း ဒီလောက်ပါပဲ။ အကြိုနေ့မတိုင်မီတရက်က အဖေနဲ့အမေက ကားနဲ့ ကျမသူငယ်ချင်းတွေနဲ့သွားမဲ့ ရေကစားမဏ္ဍာပ်ကိုလိုက်ကြည့်ပါတယ်။ ဆရာစံလမ်းတလျှောက် ထိုးထိုးထောင်ထောင်မဏ္ဍာပ်တွေကြား ကျမတို့မဏ္ဍာပ်က ၂ထပ်၊ အမိုးအကာနဲ့ ဆေးအဖြူရောင်ပေါ်မှာ ပန်းပွင့်ရောင်စုံလေးတွေခြယ်လို့ ငြိမ်ငြိမ်ဆိတ်ဆိတ်။ အဖေနဲ့အမေက "မဏ္ဍာပ်က အမိုးအကာနဲ့ ချစ်စရာလေး" ဆိုတော့မှ ရင်ထဲကအပူလုံးကြီးကြသွားတော့တယ်။ ကပ်မှမကစားရတော့ဘူးလို့ တားမှာစိုးရိမ်နေတာလေ။ နောင်နှစ် နောက်နှစ်တွေကြတော့ အိမ်ကပထမနှစ်ကလောက်စိတ်မပူတော့ပါဘူး။ ကိုယ်ကလဲ စိတ်မပူရအောင်လို့တော့နေရတာပေါ့လေ။ အသိတွေ အမတွေရှိတဲ့မဏ္ဍာပ်တွေပဲပေးသွားရာကနေ နောက်တော့ ဆရာစံလမ်းတလျှောက်၊ အင်းယားလမ်းတလျှောက် သူငယ်ချင်းတအုပ်နဲ့ တနေရာမှာကားထိုး၊ လမ်းလျှောက်၊ မဏ္ဍာပ်တွေပတ်ကြည့်၊ လက်ကမ်းစာစောင်တွေယူ၊ ဈေးတွေဆစ်။ လမ်းတလျှောက်လူငယ်တွေအပြည့်နဲ့ ဧပြီညနေခင်းခင်းတွေက လဆန်းပိုင်း မဏ္ဍာပ်တွေစဆောက်ချိန်ကစပြီးအသက်ဝင်လှပပါတယ်။။
သင်္ကြန်ကျပြီဆိုတော့ မဏ္ဍာပ်ကိုဘာဝတ်ရမလဲစဉ်းစားရပြီ။ သွားမှာကကိုယ်နဲ့ရွယ်တူ မိန်းကလေးချောချောလှလှလေးတွေ။ မဏ္ဍာပ်မှာလဲချောချောလှလှလေးတွေ တပုံကြီးအများကြီးရှိမှာက မြေကြီးလက်ခတ်မလွဲ။ လွန်လွန်ကြူးကြူးဝတ်မိလို့များ တစိမ်းယောကျားလေးတွေ တမျိုးထင်မှာကလဲစိုးရိမ်။ အလကားပေးတာတွေသောက်မိရင် ကိုယ့်ကိုဘာလုပ်မှန်းမသိတော့ဘူးဆိုတာမျိုးတွေကလဲ နားစွန်နားဖျားကြားဘူးထားတာ။ ခေတ်မှီအောင်တော့ဝတ်မှဖြစ်မှာလေ။ တော်ကြာကိုယ့်ကိုရေမလောင်းကြရင် ဘယ်လိုလုပ်မတုန်း။ သူငယ်ချင်းတွေအကုန်လုံးကိုလောင်းပြီး ကျမကိုကျော်သွားမှာလဲ ပြေးစိုးရိမ်လိုက်သေးတယ်။ ဒီအချိန်မျိုးမှာ ယောကျားလေးတွေအားမနာတတ်ပုံတွေကို ငယ်ငယ်ကတဲကမြင်ဖူးနေကြကို။ ချောတဲ့ လှတဲ့မိန်းကလေးမျိုးကိုမှ လူအားလုံးထဲကရွေးပြီး ရေလောင်းတာတို့၊ ရေမွှေးဖြန်းတာတို့၊ တချို့များဆို စံပယ်ပန်းတွေ၊ ပိတောက်ပန်းတွေစိမ်ထားတဲ့ ရေနဲ့တောင်လောင်းကြသေးတာ။ ရေမွှေးအနံ့မကြိုက်တာ၊ ပန်းအနံ့မကြိုက်တာတို့က နောက်မှလာတဲ့ပြသနာ။ မိန်းကလေးပီပီ ကိုယ့်ကိုတော့ ရွယ်တူတွေကအသိအမှတ်ပြုစေချင်တာအမှန်ပါပဲ။ခုချိန်ပြန်တွေးမိရင်တော့ "ငါတော်တော်ကြောင်တာပါလား" လို့ထင်မိပေမဲ့ ဒီနေ့မနက်ဖြန်မဏ္ဍာပ်သွားဆိုရင်တော့ကျမ ဒီလိုပဲစဉ်းစားအုံးမှာပါ။ မိန်းကလေးကိုး။ တကယ်တမ်း မဏ္ဍာပ်ပေါ်ရောက်သွားတော့လဲ အားလုံးရေတူတူဆော့ရင်းနဲ့ ရေစိုတာပါပဲ။ အားလုံးကိုရေလောင်းပြီး ကျမတယောက်ထဲ ချန်သွားတာမျိုးမကြုံခဲ့ရတဲ့အတွက်တော့ သင်္ကြန်မှာရေလောင်းခဲ့ကြတဲ့သူတွေကို မမှတ်မိပေမဲ့ကျေးဇူးတင်ပါတယ်။ အဝတ်အစားအကြောင်းပြောရင်းလက်စနဲ့ပဲ အင်တာနက်ပေါ်မှာရေးကြတဲ့" မြန်မာသင်္ကြန်မှာ အနောက်တိုင်းယဉ်ကျေးမှူကိုအတုယူမှားနေကြတယ်။ အရင်တုန်းက မိန်းကလေးတွေဆိုဘယ်လိုမျိုးဝတ်တာ" ဆိုတာမျိုးတွေကို မြင်ရတော့ နည်းနည်းလောက်သဘောမတူချင်ပါဘူး။ ခုလက်ရှိသင်္ကြန်အနေအထားနဲ့တော့ ထမိန်ကဘယ်လိုမှအဆင်မပြေပါဘူ။ လွန်လွန်ကြူးကြူးဝတ်တာတွေကို မြန်မာမိန်းကလေးတယောက်အနေနဲ့ သဘောမကျပေမဲ့ ထမိန်ကတော့ ရေစိုတဲ့အခါ ဂျင်းပန်ထက်တောင် ပိုပြီး စက်ဆီကျပါသေးတယ်။တီရှပ် နဲ့ဂျင်းပင် ဂျင်းစကပ်လောက်ကတော့ ကျမသဘောအရ အဆင်ပြေတယ်ထင်တာပါပဲ။
မသိတဲ့သူတွေပေးတဲ့ မုန့်တွေ၊ အရေတွေ မစားမသောက်ရဘူးဆိုလို့ပထမနှစ် သင်္ကြန်မဏ္ဍာပ်ပေါ်မှာတွေ့တဲ့ တိုင်ဝမ်ကတရုတ်ဦးလေးကြီးတွေပေးသမျှ ကြက်ကင်တွေ၊ ကိုကာကိုလာဘူးတွေ ရေပတ်ခံကားတွေပေါ်ကသူတွေကိုပြန်ဝေဖူးတာ မှတ်မိပါသေးတယ်။ ကျမကလဲ ဘိုလိုသိပ်မတတ်၊ သူတို့ကလဲ "hello" "eat eat" ဆိုပြီး လက်ဟန် ခြေဟန်နဲ့ စားဖို့ပြောရုံပဲ တတ်တာပါ။ ဘာလို့မှန်းမသိ သူတို့မုန့်ဝယ်စားတိုင်း မုန့်တွေဝယ်ဝယ်လာပြီးပေးပါတယ်။ တခြားဘာမှတော့လာမပြောပါဘူး။ မဏ္ဍာပ်ပေါ်က ကျမသူငယ်ချင်းယောကျားလေးတွေကတော့ "thank you" "thank you" နဲ့အဆင်ကိုပြေလို့။ ကျမ မစားသမျှ သူတို့ကဒိုင်ခံစားတာ။ သင်္ကြန်တွင်းမှာ ကြက်ကင်တို့ ဘာတို့ဆိုတာ အင်မတန်ဈေးကြီးတာကိုး။ အသက်လေးနဲနဲရလာပြီး လူကောင်းလူဆိုး နဲနဲပါးပါးအကဲခတ်တတ်ချိန်မှာတော့ မုန့်တွေခဏခဏလာပေးတတ်တဲ့ တိုင်ဝမ်ကတရုတ်ဦးလေးကြီးတွေနဲ့ မဆုံတော့ပါဘူး။
ဆက်ပါအုံးမည်။

Monday, 14 April 2014
ရင်ထဲကသင်္ကြန် ၁
(ပုံကို Google ကယူပါသည်။)
သင်္ကြန်လို့ကြားလိုက်ရင် ပထမဆုံးမှတ်မိနေတာက ဦးလေးတယောက်ယောက်ရဲ့ ဂုပ်ပေါ်ကနေ မြို့တော်ဝင်မဏ္ဍာပ်ပေါ်က ကနေကြတဲ့၊ လှနေကြတဲ့ သင်္ကြန်မယ်တွေကိုငေးဖူးတာပထမဆုံးမှတ်မိပါတယ်။ ကျမအသက်က အဲဒီတုံးက ၃-၄နှစ်။ နေတဲ့အိမ်က ကုန်သည်လမ်းနားဆိုတော့ မြို့တော်ဝင်မဏ္ဍာပ် နဲ့နီးတယ်လေ။ ငယ်သေးတယ်ဆိုပြီး အိမ်အောက်ကိုရေဆင်းဆော့ခွင့်မပြုတဲ့ ကျမရဲ့ဖွားဖွားက ညနေတိုင်ကြရင်တော့ အိမ်ရှိသူတယောက်ယောက်ကို "ဟဲ့ ကလေးကို မဏ္ဍာပ်လေး ဘာလေးလိုက်ပြလိုက်ကြ။ က တာတွေ ကြည့်ပါစေ။" လို့ဆိုတတ်ပါတယ်။ အဖွားရဲ့ ပါမစ်ရပြီဆိုတာနဲ့ ကျမလဲ လမ်းပေါ်ထွက်ဖို့ လုံးပန်းတော့တာပါပဲ။ ညနေ ၅နာရီ ၆နာရီလောက်ဆို အိမ်ပေါ်ကနေဆင်း၊ မြို့တော်ဝင်မဏ္ဍာပ်ဆီကို လမ်းလျှောက်၊ လမ်းတလျှောက်က ရေကစားအပြီးအပြန် ရေအကျန်လေးတွေနဲ့ ပက်ကြတဲ့ အကိုတွေ၊ အမတွေ နဲနဲဆီပက်တာကိုခံ၊ ရေပုံး ရေသေနတ်ရောင်စုံလှလှလေးတွေကိုင်ထားတဲ့ သူတွေကိုအားကြ၊ ရေပက်ခံကားတွေပေါ်က အသံတွေ ( ဘာမှန်း သိပ်နားမလည်သေးပေမဲ့) နားထောင်နဲ့ အရမ်းပျော်ဖို့ကောင်းပါတယ်။ မြို့တော်ဝင်မဏ္ဍာပ်ရှေ့ကိုရောက်ရင်တော့ အကအလှတွေလာကြည့်တဲ့သူတွေနဲ့ ပြည့်ကျပ်နေပါပြီ။ တနေကုန် သင်္ကြန်လည်ပြီးအပြန် နားရင်းနဲ့ သင်္ကြန်မယ်လေးတွေရဲ့အကကို လာကြည့်ကြတဲ့သူတွေကလဲပေါမှပေါ။ လူအုပ်ကြားထဲက အကိုကြီးတွေရဲ့ လက်ထဲမှာ ရေမွှေးထည့်ထားတဲ့ ရေပုလင်းသေးသေးလေးတွေပါတတ်ပါတယ်။ တချို့ကြတော့လဲ ရေမွှေးပုလင်းလိုက်ကိုင်လာပြီး ကောင်မလေးလှလှလေးတွေကို ရေမွှေးဖြန်းကြတာပေါ့။ တခါတလေများဆို သဘောကောင်းတဲ့ အကိုကြီးတွေက ဦးလေးရဲ့ဂုပ်ပေါ်ကနေ သနပ်ခါးအဖွေးသားနဲ့ မြို့တော်ဝင်မဏ္ဍာပ်ပေါ်က ကနေကြတဲ့သင်္ကြန်မယ်တွေကိုငေးနေတဲ့ ကျမသေးသေးလေးကိုလဲ စရင်းနောက်ရင်း ရေလောင်း၊ ရေမွှေးဖြန်းသွားကြလို့ကတော့ဖြင့် အိမ်အပြန်လမ်းတလျှောက်လုံး ချမ်းချမ်းအေးအေးနဲ့ မွှေးမွှေးလေးဖြစ်နေတော့တာပဲ။ မှတ်မိတာက အဲဒီအချိန်တုန်းက အနံ့ဆိုးတဲ့သူတွေဆို လူတွေက ကွက်ကြည့်၊ ကွက်ကြည့်နဲ့ ဖယ်နေတာပါပဲ။ အမကြီးတွေကလဲ ရေလောင်းမခံရအောင်ဝေးဝေးနေကြတယ်။ငယ်တုံးကတော့ နံတယ်ပဲသိတာပါ။ ကြီးမှ အဲဒီအနံ့က အရက်တွေ၊ ဘီယာတွေကလာမှန်း နားလည်ပါတယ်။ အဲဒီတုန်းတော့ အပျော်ဆုံးသင်္ကြန်ရက်က အတတ်နေ့ပါ။ ဘာလို့လဲဆိုရင် နောက်ဆုံးနေ့မှာ ဆုပေးပွဲရှိတယ်လေ။ အရင်နေ့တွေက ည၇နာရီလောက်ဆိုပြီးပြီ။ နောက်ဆုံးနေ့က အကတွေအပြီးမှာဆုပေးပွဲဆက်လုပ်တာဆိုတော့ ၉နာရီလောက်မှပြီးတော့တာ။ လူတွေကလဲများမှများ။ သင်္ကြန်ကိုမပြီးစေချင်ကြသေးတဲ့ သူတိုင်း အကတွေလာကြည့်ရင်း သင်္ကြန်ကိုရသလောက်ဆွဲဆန့်ကြတော့တယ်။ မန်းလေးမှာလို ငွေငန်း အစစ်မဟုတ်ပေမဲ့ အလှဆင်ထားတဲ့ ကားကြီးတွေနဲ့ "ပြန်ပါအုံးမယ် ပြန်အုံးမယ်" ဆိုကြတဲ့ ကားပေါ်ကအဆိုတော်ကြီးတွေကို အတတ်နေ့မှာ အများဆုံးတွေ့ရပါတယ်။
ပထမတန်းကျောင်းသူကြီးဖြစ်လာတဲ့ အချိန်ကြတော့ ညနေအခါမှ လမ်းဆင်းလျှောက်ခွင့်ရတဲ့ ဦးလေးဂုပ်ပေါ်ကနေကြည့်တဲ့ ကောင်မလေးမဟုတ်တော့ပါဘူး။ အရွယ်ကြီးလာတာနဲ့အမျှ ကျမကအရပ်တွေရှည်ပြီး ထွားလာပြီလေ။ ဦးလေးတွေနဲ့ အဖေလဲကြာကြာမချီနိုင်တော့ပါဘူး။ ဒီတော့ ကျမရဲ့ သင်္ကြန်က ဒတ်ဆန်းကားအဝါလေးပေါ်ရောက်လာပါပြီ။ အဖေက သင်္ကြန်အကြိုနေ့လောက်ဆို အိမ်က ဒတ်ဆန်းကားလေးကိုဆိုဖာတွေဖြုတ်၊ အမိုးတွေဖြုတ်ပြီး မြို့ထဲလည်ကြဖို့ ပြင်ပြီးပြီ။ အဖေရယ်၊ဦးလေးတွေရယ်၊ ဆိုင်က အကိုကြီးတွေကအနောက်က။ မာမီနဲ့ကျမက ရှေ့ခန်းကပေါ့။ ရေဆိုမှာကြောက်တဲ့ မာမီက မှန်တခါးကိုစေ့နေအောင်ပိတ်ပြီး ၊ လူတွေကို ကားပေါ်ကနေ ကြည့်ချင်ပေမဲ့ ပူလို့၊ လေညှင်းခံချင်လို့၊ မမြင်ရလို့ ဆိုတဲ့ အကြောင်းပြချက်မျိုးစုံသုံးပြီး မှန်တခါးကို သေးသေးလေးရအောင်ဖွင့်ပြီး ရေမစို ဆိုအောင်လုပ်ပါတယ်။ ဒါကြောင့် သုံးတန်းလောက်ရောက်တဲ့အချိန်မှာ ရေပက်ခံထွက်တိုင်း ရှေ့ခန်းက ထိုင်တာ မာမီတယောက်ထဲဖြစ်သွားပါပြီ။ ကျမကတော့ နေပူပူမှာ အမိုးဖွင့်ထားတဲ့ ဒတ်စန်းကားအဝါလေးရဲ့ နောက်ခန်းကနေ မဏ္ဍာပ်တွေပေါ်ကဖွင့်ထားတဲ့ သင်္ကြန်သီချင်းတွေလိုက်ဆိုရင်း "ခွက်စုတ်လေးနဲ့ ပတ်တာလောက်လောက်တော့ ရီတာပေါ့" "အပျိုပိန်ပိန်ရေစိမ်တော့ အီကြာကွေး အီကြာကွေး" "ဟိုအမကြီးဘာလို့ဝ အီးမပါလို့ဝ" ဆိုတာမျိုး ဘရုတ်သုတ်ခတွေ လိုက်အော်တတ်နေပါပြီ။ ကားပေါ်မှာ ရေခဲရေထည့်ထားတဲ့ ရေတိုင်ဂီကိုတင်ပြီး တခြားရေပက်ခံကားပေါ်ကသူတွေချမ်းသွားအောင် ရေခဲရေနဲ့ လိုက်လောင်းရတာကိုလဲ ကျေနပ်ပျော်ရွှင်နေတတ်ပြီ။ ကားတွေကျပ်လို့ အိမ်ပြန်မနားနိုင်တော့ဘဲ အင်းယားကန်ဘောင် ကားထိုးပြီး အဝတ်အစားတွေရေညှစ်၊ သဘက်တွေနေပူလှမ်း ဘူးသီးကျော်ပူပူလေးစား၊ အင်းယားမှာနားတဲ့ တခြားကားပေါ်က ရွယ်တူခလေးတွေနဲ့ ကစား၊ မောရင် ခဏအိပ်။ ညနေ၄နာရီလောက်မှ ကားပြန်ထွက်ပြီး အိမ်ပြန်ကြပါတယ်။
အမှတ်တရတွေထဲမှာ ချန်ထားလို့မရတာကတော့ ဈေးသင်္ကြန်ပါပဲ။ မင်္ဂလာဈေးသင်္ကြန်က စကော့ဈေးလို အကြိုမတိုင်မီတရက်မှလုပ်တာမဟုတ်သလို စကော့ဈေးသင်္ကြန်လို လူသိများ မစည်ကားပါဘူး။ ဈေးသူဈေးသားအချင်းချင်း ဈေးမပိတ်ခင် စတိသဘောနဲ့ "အကျိ ရေလောင်းမယ်နော်။" "အကိုရေနဲနဲလောင်းမယ် ကျမတို့တော့ ခရီးသွားမလို့ မနက်ဖြန်ကစပြီး ဆိုင်ပိတ်ပြီ" "အမကြီး ဆိုင်လာတုန်းရေလောင်းထားရမယ်" ဆိုတာမျိုး ခွင့်တောင်းပြီး နဲနဲလောင်းကြပါ။ တခါတခါများ ကိုယ့်ရေနဲ့ကိုယ်တောင် ပြန်လောင်းသွားကြသေး။ ဈေးလာတဲ့သူတွေကို သိပ်ပက်လေ့မရှိပါဘူး။ အရမ်းချောတဲ့ အမကြီးတွေ မျက်စိလည်လမ်းမှားပြီး အထည်စတွေ မင်္ဂလာဈေးမှာလာကြည့်ရင်တမျိုးပေါ့လေ။ ကျမကတော့ နွေကျောင်းပိတ်ချိန်ဆို ဆိုင်ကိုအဖေနဲ့ အဒေါ်တွေနဲ့လိုက်လည်ပါတယ်။ သင်္ကြန်နီးပြီဆိုရင် ပလတ်စတစ်တွေ ရောင်းတဲ့ဆိုင်တန်းဘက်မှာ ရေဗုံးတွေ၊ ရေသေနတ်တွေ အသစ်ရောက်ပြီလေ။ ကြိုက်တာရှိရင် နီးနီးနားနားပူဆာလိုက်ရုံပဲ။ ဝယ်ထားတဲ့ ရေသနတ်ခလေးစမ်းသလိုနဲ့ လူကြီးတွေကို ရေပက်တိုင်းကစားရတာပျော်စရာကောင်းပါတယ်။ ကျမလို အိမ်နဲ့ဈေးလိုက်လည်တဲ့ရွယ်တူ သူငယ်ချင်းတွေ့လို့ကတော့ ညနေ၃ ၄နာရီကနေ ဆိုင်သိမ်းချိန်အထိ ရေသေနတ်တလက်နဲ့လျှောက်သွားတော့တာပါပဲ။
နောက်ဆုံးတနှစ် အိမ်ကကားနဲ့လည်တဲ့ အချိန်ကိုတော့ သေသေချာချာမှတ်မိပါသေးတယ်။ သင်္ကြန်လည်ဖို့အရေး အိမ်ကအဖွားနဲ့ အဒေါ်တွေက အရင်နှစ်တွေကလို ချောချောချူချူခွင့်မပြုချင်။ မာမီကအစောကြီးကတည်းက ရေစိုတာမကြိုက်သူဆိုတော့ မသွားလေ ကောင်းလေ။ သင်္ကြန်ရူးကျမဘက်မှာ အဖေရယ် ဦးလေးရယ်ပဲရှိတော့တာ။ "ဒီနှစ်က နို့ဆီခွက်တွေနဲ့ ပက်တာ" " ရေဘောလုံးတွေက ထိရင်အရမ်းနာတာ" " ဟဲ့ ဟိုလမ်းက ဟို မဏ္ဍာပ်မှာ မီးသပ်ပိုက်ကြီးရှိတယ် မသွားနဲ့" " ရေပက်တာ ကြမ်းတမ်းလိုက်ကြတာအေ။ ခလေးကို ခေါ်မသွားစမ်းနဲ့" ဆိုတဲ့အသံတွေကြား ဦးလေးနဲ့ အဖေကလဲ တခုခုဆိုအပြောခံရမှာမို့ အင်တင်တင်။ နောက်ဆုံး သင်္ကြန်မလည်ရလို့ စူပုပ်စိတ်ကောက်နေတဲ့ ကျမကိုကြည့်မနေနိုင်တဲ့အဆုံး ရေပက်ခံထွက်ကြပါတယ်။ အလည်ကနေပြီး ဘာခွက်စောင်းခုပ်၊ ဘာရေဘောလုံးဒဏ်မှ မခံရတဲ့ ကျမကတော့ အစဉ်အလာမပျက် ပြုံးပျော်လျှက်ပါပဲ။ ဘေးကနေတဲ့ ဆိုင်က အကိုတွေနဲ့ ဦးလေးတွေကတော့ ခွက်စောင်းဒဏ်၊ ရေဘောလုံးဒဏ်တော်တော်ခံလိုက်ရတယ်လို့ပြောပြပါတယ်။
သင်္ကြန်ရောက်ရင် အိမ်မှာအေးအေးဆေးဆေးမနေနိုင်တဲ့ကျမ ၇တန်းလောက်ရောက်တော့ မာမီသူငယ်ချင်း သမီးတွေ၊ တူမတွေနဲ့ရေကစားစေပါတယ်။ အန်တီ အမျိုးသားအလုပ်ကပိုင်တဲ့ဂိုထောင်က တက္ကသိုလ်ရိပ်သာလမ်းသစ်နားမှာပါ။ သင်္ကြန်နီးတဲ့အခါ အန်ကယ်က ဂိုထောင်တခြမ်းကိုရှင်းပြီး နားလို့ရအောင်နေရာလုပ်။ ရေခဲတုံးတွေမှာပြီး ရေခဲရေကန်နဲ့ ရေပက်ဖို့လုပ်ပေးပါတယ်။ လူငယ်တွေက အိမ်ရှေ့မှာရေပက်၊ လူကြီးတွေက အနောက်မှာ မုန့်လုပ်စား၊ စကားပြောနဲ့ အဆင်ကိုပြေလို့။ ရေပက်ခံကားတွေက ကျမတို့ နားမှာရပ်ပြီး ရေပက်ခံတိုင်း ကားပေါ်မှာပါလာတဲ့အကိုကြီးတွေက အတူရေပက်တဲ့အမတွေကို ရေဆင်းလောင်း ရေမွှေးဖြန်းလုပ်ပါတယ်။အခုချိန် အိမ်ထောင်တွေကြပြီး လှနေဆဲအမတွေက အဲဒီအချိန်တုံးက ၂၄ ၂၅အရွယ် အပျိုချောချောလေးတွေပေါ့။ အမတွေကို လောင်းရင်း လမ်းကြုံကျမကိုပါ ရေလောင်းသွားတိုင်း မျက်နှာတွေနီရဲပြီး ရှက်တတ်ပေမဲ့ စိတ်ထဲကနေ "ငါ့ကိုလဲ လောင်းကြသားပဲ" ဆိုပြီး တိတ်တိတ်လေးကြိတ်ပျော်တတ်နေပါပြီ။ ဖိနပ်စက်ရုံပိုင်တဲ့ အန်ကယ်တို့ရုံးကဒိုင်နာအမိုးဖွင့်ကားအမြင့်ကြီးအားတဲ့အခါ ကျမတော့အားလုံး ညနေပိုင်းရေပက်ခံထွက်ကြတာပေါ့။ ထုံးစံအတိုင်း မာမီနဲ့ မာမီသူငယ်ချင်းအန်တီက ရှေ့ခန်းမှာ၊ ကျန်တဲ့သူတွေအားလုံးကနောက်ခန်းမှာ။ မီးသတ်ပိုက်တို့၊ ခွက်စောင်းခုပ်တာတို့ဆိုတာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ရေဘောလုံးတော့မရှိတော့ပါဘူး။ ကားအမြင့်ကြီးပေါ်က ကျမတို့တွေ ခွက်စောင်းဒဏ်၊ မီးသတ်ပိုက်ဒဏ် မခံရပါဘူး။ ကားကမြင့်တာရော၊ လူကြီးတွေက ကလေးတွေပါလို့မလုပ်ပါနဲ့လို့ တောင်းပန်တာကြောင့်ရောပါ။ ထူးထူးခြားခြားသတိထားမိတာကတော့ သင်္ကြန်မဏ္ဌပ်တွေပေါ်မှာ မြန်မာတူးပို့ဒိုးသံတွေ အပြင် ကလို့ကောင်းတဲ့သီချင်းတွေပါဖွင့်လာကြတာပါပဲ။ငယ်ငယ်ကလို မြို့တော်ဝင်မဏ္ဌပ်နားတော့ မရောက်တော့တာကြာပါပြီ။ အရင်ကဆိုအစိုးရ ဝန်ကြီးဌာန မဏ္ဌပ်တွေပဲကြီးကြီးမားမားရှိပေမဲ့ ခုကြတော့ ကိုယ်ပိုင် ကုမဏီ မဏ္ဌပ်တွေကလဲ စတိတ်ရှိုးစင်တွေနေ့ အမိုက်စားဖြစ်နေပြီလေ။
သူများ ဂိုထောင်ရှေ့၃နှစ်လောက် သောင်းကြမ်းပြီးချိန်မှာတော့ ဘဝမှာ ပထမဆုံးအကြိမ် မိဘတွေမပါပဲ သင်္ကြန်မဏ္ဍာပ်ထိုင်ခွင့်ရပါတယ်။ အသက်က ၁၆နှစ်။ ၁၀တန်း ပြီးချိန်ပေါ့။ သူငယ်ချင်းအမလဲပါမယ်။ အိမ်ကလဲ တာဝန်ယူပြီး အပို့အကြိုလုပ်မယ်ဆိုလို့ အိမ်ကခွင့်ပြုလိုက်တာ။ အမှတ်မမှားဘူးဆိုရင် အဲဒီနှစ်က"သင်္ကြန်ရေ"အခွေထွက်တဲ့နှစ်ပါ။ VCDထဲကအတိုင်း သင်္ကြန်မကျခင်ကတည်းက စကော့ဈေးသင်္ကြန်ကို သူငယ်ချင်းတစု အပျိုလုပ်ပြီး ပတ်ကြပါတယ်။ သွားပက်မဲ့ မဏ္ဍာပ် ၂၀၀၀ခုနှစ်များဆီက နာမည်ရှိတဲ့ မဏ္ဍာပ်ပါ။ ခုထိလဲ လူဟောင်း တွေတော်တော်များများနဲ့ ရေကစားတုန်းပဲ။ အရင်တုန်းကလောက်တော့ နာမယ်မကြီးလောက်တော့ဘူးထင်ပါတယ်။ ကျမတို့အရွယ် ၂၀ကျော် အစိတ်ပိုင်းကို တော်တော်ကြီးကျော်နေတဲ့
အရွယ်တော် တစိတ်ဟိုင်းတွေ များတဲ့မဏ္ဍာပ်မှတ်လား။
ဆက်ပါအုံးမည်။
Tuesday, 18 February 2014
Feb - Season of Love
ပြီးခဲ့တဲ့ စနေနေ့၊ ရုံးအားရက်။ ထတဲ့အချိန်က နေ့လည်၁၂နာရီ။ မျက်နှာသစ်၊ကိုယ်လက်သန့်စင် ဆေးကြော မနက်စာကော်ဖီလေးသောက်ပြီး အိမ်ကသူငယ်ချင်းတွေနဲ့ လေပေါ, ပြီးအချိန်ကြည့်တော့ လားလား နေ့လည် ၁နာရီထိုးပြီးလို့ တော်တော်တောင်ကျော်နေပြီ။ နာရီကြည့် တော့မှ ဆာလာတဲ့ဗိုက်ကိုဖြည့်ဖို့ နီးစပ်ရာ အိမ်နားက mallကိုပြေးတုန်း ဖုံးက Viber ကနေ အသံမြည်လာတယ်။ ဖုံးထုတ်ကြည့်လိုက်တော့ ရန်ကုန်က အမေ့ဆီကနေလှမ်းပို့လိုက်တဲ့ Viber messages တွေ။
"Mom sent you an image"
"Mom sent you an image"
"အင်း..မာမီတော့ ဒီနေ့ဘာဟင်းကောင်းကြွေးကောင်းတွေချက်နေပြီလဲမသိ။ ဓာတ်ပုံတွေပို့နေပြီ။ ဒီမှာ ဗိုက်ဆာနေပါတယ်ဆိုမှ။"
ကျမတို့သားအမိက တယောက်တယောက်ကြိုက်တတ်တဲ့ ဟင်းတွေချက်တိုင်း တယောက်နေ့တယောက် ဓာတ်ပုံရိုက်ပြီးကြွားနေကြ။
"ဒီနေ့ အိမ်မှာ မာမီရော၊ သမီးရောကြိုက်တဲ့ ရခိုင်မုန့်တီချက်တယ်။ အရမ်းကောင်းလွန်းလို့ ကုန်တောင်ကုန်တော့မယ်။"
"မာမီတို့ ဒီနေ့ ငါးဖယ်ဟင်းချက်စားတယ်။ ဒီမှာကြည့်။ မြင်တာနဲ့ သွားရေကြသွားပြီမှတ်လား။ သမီးလေးကို သတိရတယ်" စသဖြင့်ပေါ့လေ။
Message တွေကိုဖွင့်ပြီးကြည့်တော့ "ဟင် ဟင်းပုံတွေလဲမဟုတ်။ တွေ့ရတာက Viber Sticker Market က ကြောင်ကလေး ငိုနေတဲ့ပုံတွေ"။ ကြည့်ပြီးစိပ်ပူသွားလိုက်တာ တယောက်ယောက်များတခုခုဖြစ်သလား။ ဒါလဲ မဖြစ်နိုင်ပါဘူး။ ဒါမျိုးဆို ဖုံးဆက်မှာပေါ့။ လင်မယား၂ယောက် ခလေးလုပ်ပြီးများရန်ဖြစ်နေသလား။ တွေးလဲတွေး လက်ကလဲ ချက်ချင်းဖုံးလှမ်းခေါ်လိုက်မှ။
"ဟဲလို မာမီလား။ ဘာဖြစ်လို့တုန်း"x
"ဘာမှမဖြစ်ပါဘူး။ လှတယ်မှတ်လား။ အဲဒါမနေ့က ရွှေနန်းတော်ကနေ ဝယ်ပေးတာ။ ထူးထူးဆန်းဆန်း"
"အင် ဘာကြီးတုန်း"
"ဟယ် ဓာတ်ပုံရိုက်ပို့လိုက်တယ်လေ။ မရဘူးလား။ မွေးနဲ့အတွက်ဆိုပြီးဝယ်ပေးတာ။ မွေးနေ့ကဖြင့်ပြီးတာကြာလှပြီ။ အဲဒီဟာကို... ဒါပေမဲ့သိလား...မနေ့က ဗယ်လင်တိုင်းနေ့လေ.. အဲဒါ...xxxxxxxxxxxxx.......xxxxxxxxxxxxxxxxxxxxxxxx.."
အော..ခုမှ ဇာတ်ရေလည်တော့တယ်။
အဖေက အိမ်ထောင်သက် အနှစ်သုံးဆယ်ကျော်မှာ မလုပ်စဖူး အလုပ်ထူးပြီး မွေးနေ့လက်ဆောင် အမည်ခံ ဗယ်လင်တိုင်းလက်ဆောင်ဝယ်ပေးလို့ အမေက မျက်ရေလည်အောင်လို့ဝမ်းသာတယ်လို့ပြောချင်တာကိုး။
ရွှပြည်ကြီးရဲ့ connectionနဲ့ ကြောင်လေးနဲ့တဆက်ထဲပို့ထဲတဲ့ပုံတွေကလဲ ဖုံးပြောနေတုံးမှပဲ တဒိုင်းဒိုင်းဝင်လာလို့ ကျမဇာတ်ရေမလည်ဖြစ်သွားတာကိုး။
ဒီနှစ်တော့ ဘာမှကြိုမသိလိုက်ရဘူး။
နောင်နှစ်များကျမှ အဖေ့ကိုပြောရအုံးမယ်။ "လက်ဆောင်မပေးခင် ဟိုသီချင်းလေးအရင်ဆိုလို့"
"အဖွားကြီးမင်းက အဖိုးကြီးငါ့ကို မောင်တွေဘာတွေခေါ်ပါအုံး" လို့လေ။
"အမေနဲ့အဖေ နောင်၂ပေါင်းများစွာအထိ ဒီလိုပဲအမြဲပျော်ရွှင်ပါစေ"

Wednesday, 5 February 2014
နှစ်သက်မိတဲ့ မြန်မာဖက်ရှင်များ
ဒီတခါတော့ ဆားချက်တယ်ပဲဆိုဆိုဘာပဲဆိုဆို နှစ်သက်မိတဲ့ မြန်မာဖက်ရှင်တွေ အင်တာနက်ပေါ်ကနေ စုစည်းထားသမျှတင်ပါရစေ။ Adora blogကိုလာလည်ကြတဲ့သူတွေတော်တော်များများက search engineကနေ မြန်မာဖက်ရှင်အကြောင်းရှာရင်း ရောက်လာကြတာသတိထားမိတာ တော်တော်ကြာပါပြီ။ တကယ်က ကျမ blogမှာ မြန်မာဝတ်စုံတွေအကြောင်းဘာမှ များများစားစားမရှိလှပါဘူး။ ဟိုးအရင်ကရေးထားတဲ့ Celebrating the Curves ထဲမှာ မြန်မာဝတ်စုံက ဝသော၊ပိန်သောမြန်မာမိန်းကလေးတိုင်းနဲ့လိုက်တဲ့အကြောင်း ရေးထားတာမှာ keyword နဲ့သွားတိုက်ဆိုင်နေတဲ့အတွက်ရောက်လာကြတာပါ။
ကျမက မြန်မာဝတ်စုံကိုအင်မတန်နှစ်သက်တဲ့ထဲမှာပါ ပါတယ်။ အဝေးမှာနေလို့ မြန်မာဝတ်စုံနေ့တိုင်းဝတ်ဖို့အဆင်မပြေလှပေမဲ့ ဘုန်းကြီးကြောင်းသွားတိုင်း၊ အလှူဖိတ်တိုင်း၊ မြန်မာမဂ်လာဆောင်သွားတိုင်း မြန်မာဝတ်စုံလေးတွေ ထုတ်ဝတ်ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားရိုးရာချည်ထည်လေးတွေက အေးလဲအေး၊ အရောင်အသွေးစုံပြီး၊ ဈေးလဲအရမ်းမကြီးတဲ့အတွက် ထသွားထလာလဲ ဝတ်ပျော်ပါတယ်။ ရန်ကုန်ပြန်တိုင်းလဲ စမ်းချောင်းက ချုပ်နေကြအမဆီမှာ ၃-၄ထည် ပြန်ယူလာဖို့သွားချုပ်ဖြစ်တာပါပဲ။ ဒီတော့ ဘယ်ပိတ်စကို ဘယ်လိုပုံချုပ်မလဲစဉ်းစားရပြီလေ။ ကျမလုပ်လေ့ရှိတာကတော့ အင်တာနက်ပေါ်က အကျီပုံလေးတွေကြိုက်တာတွေ့သမျှ ဖုံးထဲမှာ၊ laptopထဲမှာ saveလုပ်ပြီးသိမ်းထားတာပါ။ ချုပ်ခါနီးကြတော့ ပြန်ကြည့်လိုက်ရုံပေါ့။ ကဲ အကြံမပိုင်လား။
အခုသိမ်းထားတဲ့ပုံလေးတွေထဲက အနှစ်သက်ဆုံးပုံလေးတွေကို ဝေမျှချင်ပါတယ်။ ဒီမှာတခုပြောချင်တာက ဒီ ပို့စစ် ထဲမှာရေးထားတဲ့ ဒီဇိုင်းတွေက အင်တာနက်ပေါ်ကနေ စုစည်းထားတာပါ။ ကျမမပိုင်ပါဘူး။ အခကြေးငွေယူပြီး ကြေငြာတာလဲမဟုတ်ပါဘူး။ ဒီဇိုင်းနာတွေက သူတို့ဒီဇိုင်းတွေကို အင်တာနက်စာမျက်နှာကနေကြေငြာထားတဲ့ထဲကမှ ကိုယ်ကြိုက်တာလေးတွေ သိမ်းထားတာပါ။ သူတို့ ဒီဇိုင်းတွေထဲကအကောင်းဆုံး ဒီဇိုင်းတွေလို့လဲမဆိုလိုပါဘူး။ ကျမအရပ် နဲ့ ကျမ ကိုယ်လုံးနဲ့လိုက်မယ်ထင်တဲ့၊ လိုက်တဲ့ ပုံစံလေးတွေရွေးပြီး သိမ်းထားတာလေးတွေ ဝေမျှတာပါ။မြန်မာဝတ်စုံလှလှလေးတွေ (Adoraနဲ့ အကြိုက်တူမယ်ဆိုရင်ပေါ့လေ) ရှာနေတဲ့သူတွေအတွက်အဆင်ပြေမယ်ဆိုရင် ကျေနပ်ပါတယ်။ ဓာတ်ပုံတွေကို ဖဘပေါ်ကအောက်ပါpageများမှကူးယူပါတယ်။

Tuesday, 4 February 2014
Happy New Year 2014
၂၀၁၄ ဇန်နဝါရီလထဲဝင်လို့ ကုန်တောင်ကုန်တော့မှာဆိုတော့ နှုတ်ဆက်ဖို့နည်းနည်းတောင်နောက်ကြနေပြီပေါ့နော်။ကျမရဲ့ Blogမှာ ၂၀၁၄အတွက် ပထမဆုံးရေးတဲ့စာမို့လို့ "Happy New Year 2014" လို့အရင်ဆုံးနှုတ်ဆက်ချင်ပါတယ်။
ဒီဇင်ဘာလတုံးက ၃ပတ်ကျော်ကြာအောင် ရွှေပြည်ကြီးကိုပြန်သွားတာကြောင့် ကျမBlogကို ကိုယ်တိုင်မရောက်တာတောင် ကြာပါပြီလေ။ ကိုယ့်Blogကို မရောက်ပေမဲ့ ကြည့်နေကြ ကိုညီလင်းတို့၊ အမသက်တို့၊မလေး၊ မလေနုအေး နဲ့အမချစ်တို့ဆီတော့ သွားသွားချောင်းဖြစ်တယ်။ ကိုညီလင်း တယောက်လဲ မအားလို့နေမှာ၊ စာအသစ်မတွေ့တာ နဲနဲတောင်ကြာပြီ။ ဒီကြားထဲမှာ ကျမနှစ်သက်ရတဲ့ ttsweet စာပြန်ရေးလို့ ဝမ်းသာလိုက်တာ။
ဇန်နဝါရီလဆန်းကတဲက အခန်းထဲမှာဒီအတိုင်းပက်လက်ကြီးချပြီး မရှင်းဘဲထားတဲ့ ခရီးဆောင်အိတ်ကြီး ပြီးခဲ့တဲ့အပတ်ကရှင်းအပြီးမှပဲ အေးအေးလူလူ စာတွေရှင်း၊ emailတွေဖတ်၊ပြန်၊ youtubeမှာ subscribe လုပ်ထားတဲ့ channelsတွေက သီချင်းအသစ်တွေ program,segment အသစ်တွေကိုလိုက်ကြည့်ရင်း michelle phan ရဲ့ 2014 new year resolution ဆိုတဲ့ video အတိုလေးကို ကြည့်ဖြစ်ပါတယ်။
michelle phan ဆိုတာ ဗီယက်နမ်လူမျိုး၊ အမေရိကားမှာအခြေချနေထိုင်သူ၊ မိတ်ကပ်ပြင်နည်းတွေကို သူမရဲ့ youtube channelကနေတဆင့် ရှင်းလင်း သင်ပြရာကနေ နာမည်ကြီးလာပြီး အခုဆို em ဆိုတဲ့ မိတ်ကပ်လိုင်းတခုကိုတောင် ပိုင်ဆိုင်နေပါပြီ။ michelle phan ရဲ့video တွေကအများအားဖြင့် နောက်ခံသီချင်းအေးအေးလေးတွေနဲ့ မိတ်ကပ်ပြင်နည်းအဆင့်ဆင့်ကို လှလှပပချစ်စရာကောင်းအောင်ရိုက်ပြထားတာများပါတယ်။ ဒါပေမဲ့ ဒီ2014 new year resolution videoလေးမှာ ရိုးရိုးရှင်းရှင်းမိတ်ကပ်လေးနဲ့ သူ့အိပ်ခန်းလိုနေရာမျိုးလေးမှာထိုင်ပြီး သူမရဲ့ new year resolutionတွေကို တခုချင်းထိုင်ရှင်းပြနေတာကြည့်ရင်း ကျမရဲ့ new year resolutionကို စဉ်းစားမိပါတယ်။
(၁) ပထမဦးဆုံးတခုက လက်ရှိအချိန်၊ လက်ရှိပတ်ဝင်းကျင်၊ လက်ရှိရောက်နေတဲ့နေရာလေးကို စိတ်ရောကိုယ်ပါ တန်ဖိုးထားပြီး Enjoy လုပ်ဖို့ပါ။ Adora တို့တွေတနေ့တနေ့ ပြီးသွားတဲ့အတိတ်နဲ့ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေးပြီး ပျော်လိုက်ကြ၊ စိတ်လှုပ်ရှားလိုက်ကြ၊ ဝမ်းနည်းကြ၊ စိတ်ပူကြနဲ့ ကိုယ်အခုပိုင်ဆိုင်နေတဲ့ လက်ရှိအချိန်လေးကိုမေ့နေတတ်ကြတာလေ။ လက်ရှိသွားရင်းလာရင်း၊ စားရင်းသောက်ရင်းတောင် မြင်နေတွေ့နေ စားနေရတာတွေကို လူကိုယ်တိုင်မခံစားတော့ဘဲ ဒစ်ဂျစ်တယ်ဖုံးတွေ၊ ကင်မရာ Filterနဲ့ social media sites တွေကနေပဲ ခံစားကြ၊ နှစ်သက်တဲ့အကြောင်းကို Like button နဲ့ပဲစကားပြောကြတော့တာ။ မျက်လုံးက မြင်ကွင်းကျယ်ကြီးကို တမေ့တမောခံစားလို့ရပါလျှက်နဲ့ ထောင့်မှန်စတုဂံအကွက်လေးတွေကပဲ ကြည့်နေကြတော့တာ။ ကျမကတော့ ၂၀၁၄မှာ ဒီအကျင့်တွေကို တတ်နိုင်သလောက်ဖျောက်ပြီး လက်ရှိအချိန်၊လက်ရှိပတ်ဝင်းကျင်လေးကို စိတ်ရောကိုယ်ပါနှစ်ပြီး ခံစားဖို့ဆုံးဖြတ်ထားပါတယ်။
(၂) Get Organized - ကျမ ကအင်မတန် စည်းနစ်မကျတဲ့လူအမျိုးအစားထဲမှာပါ ပါတယ်။ ဘယ်အရာကိုမှ မှတ်မှတ်သားသားမထားသိုတတ်၊ မိန်းကလေးမို့ သပ်သပ်ရပ်ရပ် သိမ်းသိမ်းထုတ်ထုတ် မနေတတ်၊ စိတ်ပါရင် တနေကုန် မရပ်မနား ရှင်းလင်းသိမ်းဆည်းဖို့ ဝင်မလေးပေမဲ့ နေ့တိုင်းတော့ ဘယ်တော့မှမလုပ်၊ ဒါတွေကြောင့်လဲ ဟိုပစ္စည်းရှာမတွေ့၊ ဒီပစ္စည်းဘယ်နားမှန်းမသိ ဆိုတာမျိုးခဏခဏဖြစ်တတ်တာမျိုး။ ဒါတောင် စည်းစနစ်ကြီးပြီး မိန်းမအရမ်းပီသတဲ့ မေမေ့လက်ပေါ်မှာကြီးလာတာ။ ဒီနှစ်သစ်မှာတော့ ဒီအကျင့်ဆိုးလေးတွေပြင်ဖို့ကြိုးစားပါမယ်။
(၃) Truely take care of myself - ကိုယ့်ကျန်းမာရေးနဲ့ စိတ်ချမ်းသာရေးကိုဂရုစိုက်ရန်။
(၄) Still motivated - ရုံးကအထက်လူကြီးက မလေးရှားနိုင်ငံသားတရုတ်လူမျိုးပါ။ အလုပ်နဲ့ပတ်သက်တဲ့ ဗဟုသုတပြည့်ဝပြီးတော်ပေမဲ့လည်း လက်အောက်ငယ်သားအပေါ်မမောက်မာတက်သူ၊ စကားပြောချိုသာယဉ်ကျေးတဲ့သူမျိုး ဆိုတော့ သူကောင်းတာကို အခွင့်ကောင်းတတ်တဲ့ သူမျိုးကလဲမရှားဘူးဆိုပါတော့။ ကျမ ကတော့ အလုပ်ရှိရင်အချိန်ကုန်မြန်တယ်ဆိုပြီး မရှိရှိတာရှာလုပ်၊ အလုပ်ကို အချိန်တိုအတွင်းမြန်မြန်ပြီးအောင်လုပ်၊ ရီပို့တွေ ကောင်းကောင်းလုပ်ပြီးထပ်ဆိုတော့ Quarterly Assessment မှာသူက "မင်းက ဒီဌာနမှာအသစ်ပေမဲ့ မသိတာကိုမေး၊ အလုပ်အပေါ်မှာ စေတနာထားပြီး မြန်မြန်အဖြေထွက်အောင်လုပ်၊ အစပိုင်း ခဏပဲငါguideလုပ်ရပြီး အချိန်တိုတိုလေးအတွင်းမှာ ကျွမ်းကျင်လာတာ ငါတောင်အံ့ဩယူရတယ်" တဲ့။ ဒီလိုလေးအမြဲချီးကျူးခံရဖို့ ဆက်ပြီးကြိုးစားမယ်။
(၅) Give more but expect less - ၂၀၁၃ကစိတ်မချမ်းသာစရာဖြစ်ခဲ့ရတဲ့ ကိစ္စတွေကိုပြန်စဉ်းစားကြည့်ရင် ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့လို့သာ ကိုယ့်မှာစိတ်ဆင်းရဲရတယ်လို့ သုံးသပ်မိတယ်။ လူတကိုယ်စိတ်တမျိုးမို့ ကိုယ်တန်ဖိုးထားတဲ့အရာတွေက တပါးသူအတွက်အရေးမပါတာဖြစ်နိုင်သလို၊ သူဖြစ်ချင်တဲ့အရာတိုင်းက ကိုယ့်အတွက်ဘာမှမဟုတ်တာလဲ ဖြစ်နိုင်တာပဲလေ။ဒီတော့ ဘယ်အရာကိုမဆိုကိုယ့်ဘက်ကအကောင်းဆုံးဖြစ်အောင်လုပ်ပြီး ဘာမှပြန်ပြီး မျှော်လင့်ချက်မထားတာအကောင်းဆုံးနဲ့ စိတ်အသက်သာဆုံးနေထိုင်နည်းတမျိုးပါပဲ။
(၆) Focus - ကျမက ရည်မှန်းချက်ကြီးတဲ့သူ။ ရည်မှန်းချက်ကြီးသော်လဲ အာရုံတွေများတတ်သူပါ။ အလုပ်တခုကိုအာရုံစိုက်နေတုန်း၊ တခြားဟာတခုကိုလဲ သွားလုပ်လိုက်ချင်တာမျိုး။ အပြိုင်အဆိုင်တွေများတဲ့ ဒီခေတ်ကြီးမှာ Multi Tasking လုပ်နိုင်တာကကောင်းတယ်ဆိုပေမဲ့လဲ တခါတရံမှာအာရုံတွေပျံ့လွန်းတာဟာ လက်ရှိလုပ်နေတဲ့ အရေးကြီးကိစ္စတချို့ကို အာရုံစူးစိုက်မှုနည်းသွားစေတာ မကောင်းပါဘူး။ ဒါကိုလဲ ပြင်ရပါမယ်။
(၇) ဒီဇင်ဘာလကရန်ကုန်ပြန်တဲ့အခါ ၁၀တန်းတုန်းကစာသင်ပေးခဲ့တဲ့ အလွန်ချစ်ရတဲ့ ဆရာနဲ့ဆရာမကိုသွားတွေ့ပြီး ကန်တော့ဖြစ်ပါတယ်။နှစ်ပေါင်း၁၀နှစ်ကျော်ကြာခဲ့ပေမဲ့ ဆရာရော၊ ဆရာမရော တစက်ကလေးမှ ရုပ်မကြသွားတဲ့အပြင် မျက်နှာတွေများ ကြည်လို့ရှင်းလို့။ ညဥ့်နက်တဲ့အထိ အချိန်အတော်ကြာအောင်စကားထိုင်ပြောပြီး ရင်ထဲမှာအေးချမ်းလိုက်တာ။ဒီမှာသတိထားမိတာက ဆရာရော၊ ဆရာမရော ဘုရား၊တရားရိုသေကိုင်းရှိုင်းပြီး သီလ၊သမ္မာဓိနဲ့ပြည့်စုံကြလို့ဒီလိုမျိုးစိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာနေကြတာပါ။ ဆရာတွေရဲ့ အိမ်ကနေပြန်လာတော့ "ငါများ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာများလုပ်ဖြစ်သလဲ" လို့ပြန်တွေးတဲ့အခါ လစဉ်ပုံမှန် အလှူထည့်ဖြစ်တာကလွဲလို့ ဘာမှဟုတ်တိပတ်တိ မလုပ်ဖြစ်ပါဘူး။ လိုချင်တာတခုခုရှိတဲ့အခါ ဘုရားကိုကုန်းရုန်းရှိခိုးတတ်တဲ့အကျင့်ဆိုးကြီးကလဲ ငယ်ငယ်ကအတိုင်း မပျောက်သေးပါဘူး။ ဒီနှစ်သစ်ကစလို့ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ဖို့တတ်နိုင်သလောက်ကြိုးစားချင်ပါတယ်။
(၈) Save More , Spend Less - ဒါကတော့ နှစ်တိုင်းနှစ်တိုင်းကိုယ့်ဘာကိုပြောတဲ့စကားပါ။တချို့လတွေမှာ လကုန်ခါနည်းတိုင်းပြောဖြစ်ပါတယ်။ ခုထိတော့ သိပ်မအောင်မြင်သေးပါဘူး။
(၉) To pursue own hobbies and taking up courses သူများတွေအတွက်တော့ မပြောတတ်ပါဘူး။ Adora ကတော့တခါတလေ ကိုယ့်ဘဝကိုကိုယ်ငြီးငွေ့ပါတယ်။ တနေ့အနေ့ရုံးနဲ့အိမ်၊ shopping mall နဲ့စားသောက်ဆိုင် ဒီသံသရာကကိုမထွက်ဘူး။ စိတ်ပြေလက်ပျောက် ခဏခဏးD ခရီးတွေထွက်တဲ့အခါ အပေါ်မှာရေးထားတဲ့ new year resolution နံပတ်၈နဲ့မကိုက်တော့ပြန်ပါဘူး။ ဒီနှစ်တော့ စိတ်လဲအပန်းပြေ၊ ပညာအသစ်လဲတိုး၊ ကိုယ်လဲဝါသနာပါတဲ့ Baking ဒါမှမဟုတ် musical instrument တခုခုသင်မလားစဉ်းစားနေပါတယ်။
တွေးကောင်းကောင်းနဲ့ တွေးပြီးရေးလိုက်တာ ၉ခုတောင်မှထွက်လာပါတယ်။ များနေပေမဲ့ တကယ်လိုအပ်တဲ့အချက်တွေမို့ လုပ်ဖြစ်အောင်လိုက်လုပ်ဖို့ကြိုးစားပါမယ်။ အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ပါစေ။

Subscribe to:
Posts (Atom)