Wednesday, 4 February 2015

ကျောင်းတော်ကချစ်သူတွေ

"နိုင်ငံတော်အလံကိုအလေး...ပု"
စတုတ္ထတန်းအခန်းတခန်းက အတန်းခေါင်းဆောင်ရဲ့ နိုင်ငံတော်အလံကို ညီညီညာညာအလေးပြုဖို့ ခပ်ကျယ်ကျယ်အော်ပြီး တိုင်ပေးတဲ့အသံပါ။ စိတ်ပဲလောနေတာလား၊  အသံထွက်မပီသသလား မသေချာပေမဲ့ အနောက်မှာ  နိုင်ငံတော်သီချင်းဆိုပြီး  နိုင်ငံတော်အလံကို ငြိမ်ငြိမ်သက်သက်၊ ညီညီညာညာအလေးပြုဖို့စောင့်နေ တဲ့ သူတွေဆီက ခွိခွိနဲ့ ရီသံတွေ ထွက်လာသည်။ အတန်းပိုင်ဆရာမက "အဟမ်း..အဟမ်း" ချောင်းဟန့်သံအဆုံး ... အတန်းခေါင်းဆောင်က နောက်ထပ်တကြိမ် အသံမြှင့်အော်အပြီးမှာတော့ ကျမတို့တတွေ အားလုံးညီညီညာညာ အလေးပြုလိုက်ကြပါသည်။ ထိုနေ့ကစပြီး အတန်းထဲမှာ နာမည်ကြီးနေသော အသားညိုစိမ့်စိမ့် လူကောင်ထွားထွားသူ့ကို သေသေချာချာသတိထားမိပါသည်။ သတိမထားချင်လို့လဲမရ ဘူးလေ။ သူ့ရဲ့ "အလေး...ပု" ဇာတ်လမ်းကိုအတန်းထဲကသူတွေ အချိန်တော်တော်ကြာတဲ့အထိပြောမဆုံးဘဲကိုး။

သူ့နာမည်က ၄လုံး။ နာမည်ရှည်ရှည်တွေ ခေတ်စားတဲ့ ကာလမို့ သူ့နာမည်က ခုခေတ်စကားအရဆို လန်းပါသည်။ ပြောကြကြေးဆို ကျမနာမည်ကလဲ ခပ်ရှည်ရှည်ပဲ။ နာမည်ရှည်တာချင်းတူပေမဲ့ ကျန်တဲ့နေရာတွေမှာအကွာကြီးကွာသည်။  သူက သွက်သွက်လက်လက် နဲ့အပေါင်းအသင်းဆန့်သည်။ အင်မတန်လူကြောက်တတ်တတ်တဲ့ ကျမက တော့ လာစကားပြောတဲ့ အလယ်တန်း၊အထက်တန်းက သူတွေကို ခုံအောက်တွေမှာ ဝင်ပုန်းရတာ အလုပ်ကြီးတခု။ မုန့်စားဆင်းချိန်တွေတိုင်း မှာ လူမထပ်အောင်တွဲတက်တဲ့ သူ့ကို တော့တခါတရံ အားကြသလိုလို၊ စိတ်ပူသလိုလိုနဲ့ ငေးမိပါသည်။

စတုတ္ထတန်း စာသင်နှစ်တနှစ်လုံး အတန်းတူချင်းပေမဲ့ သူနဲ့ ကျမနဲ့စကားမပြောဖူးပါ။ မျက်နှာချင်းဆိုင် ဆုံတိုင်း သူကအမြဲအရင် ရီပြတတ်ပေမဲ့ သူ့အတွက်ကျမက အမှူမဲ့အမှတ်မဲ့ဆိုတာ ကလေးပေ မဲ့ သေသေ ချာချာကြီး ကိုသိသည်။သူ့ကို သဘောကျစိတ်လေးနဲ့ ငေးရုံကလွှဲလို့ ကျမကလဲ သွား မိတ်ဖွဲ့ဖို့ သတ္တိကမရှိ။ ဒီလိုနဲ့ စာမေးပွဲကြီးအပြီး အောင်စာရင်းအလိုက် ငါးတန်း အတန်းတွေအခွဲမှာ သူနဲ့အတန်းကွဲသွားသည်။ သူကတော့ နာမည်ကြီးမြဲ ကြီးဆဲ။ ကျောင်းအကျီပေါ်မှာ "waist coat" လို့ခေါ်တဲ့ လက်ပြတ် အပေါ်ထပ်လက်တိုလေး ထပ်ဝတ်တတ်သောသူ့ကို ကျမတို့နှစ်က သူ့ကိုတော်တော်များများသိကြသည်။ ၅တန်းနှစ်မှာ အနည်းငယ် တိုးတက်လာတာက ကျမ။ မုန့်စားဆင်းချိန်တွေမှာ လက်ကလေးတွဲပြီး ကျောင်းပတ်ကြသည့် သူတွေအကြောင်း အနည်းငယ်သိလာသည်။ အတန်းရှေ့ကို မကြာခဏ လမ်းသလားတတ်တဲ့သူတွေကို မျက်လုံးချင်းဆုံကြည့်ပြီး ရီပြတတ်ပြီ။ ခုံအောက်ထဲ ဝင်ပုန်းတဲ့အထိလဲ လူမကြောက်တော့။ သူ့ကိုတော့ မကြာခဏ ဆိုသလို ကော် ရစ်ဒေါ မှာလမ်းလျှောက်ရင်းဖြစ်ဖြစ် မုန့်ဈေးတန်းမှာဖြစ်ဖြစ်တွေ့ပါသည်။ ဘေးမှာလဲ သူနဲ့အတန်းတူ ပုံမရသော ကောင်မလေးတယောက်ယောက် အမြဲပါသည်။ ကျမက မရီပြဖြစ်သလို သူကလဲကျမကိုမမှတ်မိပါ။

သူနဲ့စကားသွားပြောဖို့၊ လက်ကလေးတွဲပြီး ၁၅မိနစ် လောက်လမ်းလျှောက်ဖို့ ဘာလုပ်ရမလဲဆိုတာ ကျမသိပါသည်။ သို့သော်လဲ သူ့ကို ဘယ်တော့မှစမလိုက်ဘူးဆိုတဲ့ ကျမဆုံးဖြတ်ချက်ကို ခိုင်မာစေတာက မျက်လုံးဝိုင်းဝိုင်းအသားဖြူဖြူ နဲ့  ကျမ၏ စီနီယာတယောက်ကြောင့်ဖြစ်ပါသည်။ သူက တဦးတည်းသောကလေး၊  ပြည့်စုံသောအသိုင်းအဝိုင်းကဖြစ်ပြီး ခပ်ဆိုးဆိုးလေးပဲ ဆိုကြပါစို့။နေ့စဉ် နေ့တိုင်း မုန့်တွေပေး၊ နှင်းဆီပန်းတွေပေးပြီး သူ့ကိုပြန်ချစ်ဖို့ တတွင်တွင်ပြော။ ကျမက တတွင်တွင်ငြင်း။ စာတွေ အိတ်ထဲ ကျမမသိအောင် ခိုးထည့်။ အမေတွေ့လို့ အပြောခံရ။ သူ့ သူငယ်ချင်းတွေနဲ့ ကျမသူငယ်ချင်းတွေ ရန်ဖြစ်။  တရက်ကြတော့ နောက်ဆုံးစာဟုဆိုကာ အနီရောင်တွေနဲ့ မညီမညာရေးဖွဲ့ထားသော၊ မင်အနံ့မဟုတ်သော အနံ့တခုထွက်နေသော စာတစောင်ရပါသည်။ အနီရောင်တွေပေနေသောစာကိုသေသေချာချာ မကိုင်ရဲ၊ စိတ်လဲမကောင်းဖြစ်ရင်း " ငါလဲ သူ့လိုပဲ ချစ်တဲ့စိတ်နဲ့ ဘာမဆို  အတင်းအကျပ် လုပ်မိနိုင်တာပဲ" လို့အတွေးဝင်လာတော့ ကိုယ်ချစ်နေတာတခုနဲ့တော့ ဘယ်သူ့ကိုမှ မလိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါသည်။

ဆဌမတန်းတက်တော့ သူကကျမရှေ့က တခန်းမှာ။ သူနဲ့ တူတူတွဲပြီး တွေ့လာတာက မျက်နှာဝိုင်းဝိုင်း၊ ဆံပင်တိုတို အလယ်ခွဲနဲ့ သူ့ညီမလေး။  ပုံကတော့ ခပ်အေးအေး ဂျစ်တစ်တစ်လေး။ သူ..သူ့ညီမလေးကို သိပ်ချစ်ပြီး သိပ်ဂရုစိုက်ကြောင်း သူ့ရဲ့အကြောင်းကို သတင်းလုပ်ပြောချင်သူတွေ ဆီကမကြာခဏကြားရသည်။  အတန်းတိုင်းလိုလို အတန်းခေါင်းဆောင်၊ အသင်းခေါင်းဆောင်ဖြစ်နေတဲ့ သူက မကြာမကြာ ကျောင်းကိစ္စပေါင်းစုံနဲ့ အတန်းထဲရောက်တာတတ်တော့ မတွေ့မမြင်ရတော့မဟုတ်။ သို့သော် အမှန်အတိုင်းပြောရရင် သူနဲ့ သူ့ရဲ့အချစ်အသစ်တွေအကြောင်းကိုသိပ်စိတ်မဝင်စားတော့။ ဒါပေမဲ့ လာလိုက်တဲ့ သူမှန်သမျှကို ( သူ့ကြောင့်မဟုတ်) ငြင်းရင်း "အတွဲမရှိ" ဂုံဏ်ကိုထိမ်းတုန်း။

ကံကြမာကသူနဲ့ ကျမကိုရင်းနီးစေချင်ပုံရသည်။ သတ္တမတန်းရောက်တော့ သူနဲ့ တကျော့ပြန်အခန်းတူသည်။ သူနဲ့တင်မဟုတ်။  သူ့ညီမလေးကလဲ တခန်းထဲအတူတူ။ ဆဌမတန်းမှာ တွဲခဲ့တဲ့ စာအလွန်တော်သော သူငယ်ချင်းက A တန်းကိုရောက်သွားပြီး ကျမ ချစ်သော ၅တန်းမှ သူငယ်ချင်းများက ကျမနဲ့အတူ အတန်းလိုက်တက်မလာ။ တခန်းလုံး ကျမနဲ့ သိတာ ၆တန်းတုန်းက မထင်မှတ်ပဲ ခေါ်ပြော နှုတ်ဆက်ဖူးသော၊ သူနဲ့လဲခင်သော ဆံပင်တိုတို၊ ဂျစ်ကန်ကန်  နှစ်ယောက်။ ပြောရရင် သူတို့  နှစ်ယောက်ကလဲ နာမည်ကြီးတွေ။ ကျောင်းမှာ ခုနှစ် နှစ်ကျင်လည်ပြီးသည့်တိုင် ကျောင်းအထာမနပ်သေးသော ကျမနဲ့ ပုံစံနည်းနည်းမှမတူ.. ဆိုတော့ ကျမကသွားမခေါ်ချင်၊ မခေါ်ရဲ။  ကျမက တမင်တကာရှောင်နေပေမဲ့ အခန်းထဲမှာ သူငယ်ချင်းမရှိဘာမရှိနဲ့ အူကြောင်ကြောင်ဖြစ်နေသော ကျမကို သတိထားမိပြီး လာစကားပြောသော သူတို့ကို ပြန်တွေးကြည့်ရင်  ကျေးဇူးတင်ရပါသည်။ အတွဲလဲမရှိတော့ မုန့်စားဆင်းချိန်မှာတောင် တယောက်ထဲ ငိုင်နေတာမဟုတ်လား။ သူငယ်ချင်း၃ယောက်  သတ္တမတန်းစာသင်ခန်းရဲ့ နောက်ဆုံးခုံမှာ တူတူထိုင်ကြသည်။ စာသင်ချိန်တွေမှာ ထမင်းတွေခိုးစားပြီး မုန့်စားဆင်းချိန် မိနစ်၃၀အပြည့်ကျောင်းပတ်ကြသည်။ တခါတလေ ကောင်မလေးတွေဆီကို တူတူသွားကြသည်။ ကျမကတော့ ချိန်းတွေ့သည့်အချိန်တွေမှာ ခပ်ဝေးဝေးမှာတွေးရင်း ငေးရင်း စောင့်ပေါ့။ ထူးထူးခြားခြား မှတ်မိနေတာက မုန့်စားဆင်းချိန်မှာ ကျမရဲ့ ချစ်သူငယ်ချင်းနှစ်ယောက်က ကျမကို  တယောက်ထဲ ဘယ်တော့မှအထီးကျန် မနေစေတာပါပဲ။

အတန်းထဲမှာ အသင်းခေါင်းဆောင်၊ အတန်းခေါင်းဆောင်ရွေးကြတော့ ထုံးစံအတိုင်း သူ့ကိုဝိုင်းမဲပေးကြသည်။ ပေးမှာပေါ့...သူက တခြားအတန်းခေါင်းဆောင်တွေလို ကျပ်မှမကျပ်ပဲကိုး။ သူလဲ လုပ်ချင်ရာတွေ လုပ်နေတတ်သလို သူများတွေ ဆူနေလဲ ဘာမှမဟန့်။ စာသင်ချိန် ထမင်းခိုးစားသည့်အထဲ သူတောင်ပါသေးသည်။ဆရာမတွေလာဆူတဲ့အခါ "အားလုံးတိုးတိုးနေကြ" လို့ ဟန်ဆောင်ပန်ဆောင် ထအော်.. သူ့လဲဘယ်သူကမှ မကြောက်။  စကားစပ်လို့ပြောရရင် ထမင်းခိုးစားသည့်အထဲ အတော်ဆုံးက အေးပုံပေါ်သော သူ့ညီမလေး။ ဆရာမ ကျောက်သင်ဘုန်းပေါ်တွင်စာရေးနေချိန်လေးမှာ ထမင်းတလုပ် ပါးစပ်ထဲကောက်ထည့်... ဆရာမစာရှင်းပြချိန်မှာ  ဆရာမ မသိအောင် ပါးစပ်တလှုပ်လှုပ်နဲ့ ဝါးစား။ ဘေးက ဆရာမတွေ ဖြတ်သွား တာမြင်ရင် ပေါင်ပေါ်တင်ထားသည့် သူ့ရဲ့ စတီးထမင်းဘူးကို စာရေးစားပွဲခုံထဲ အလျှင်အမြန်ထည့်။  သူ့ညီမလေးအစား ဘေးကနေ ကျမကကြည့်ရင်း ရင်မောရသည်။


ကျမ အတန်းထဲမှာ  အသင်းခေါင်းဆောင်ဖြစ်လာတာက တကြောင်း၊ သူငယ်ချင်း အုပ်စုတူနေတာက တကြောင်းတို့ကြောင့် ခုနှစ်တန်းသူနဲ့ ကျမတော်တော်ရင်းနီးလာသည်။အတွင်းကျကျပေါင်းကြည့်တော့ သူသည်ပျော်တတ်ပြီး ဟန်လုံးဝမရှိ။ မြန်မာဟင်းမျိုးစုံကို ကောင်းကောင်းချက်ပြီး ထည့်ပေးတတ်သည့် သူ့အိမ်က ထမင်းဘူးထက် အသားညှပ်ပေါင်မုန့်လိုမျိုး၊  ဒါမှမဟုတ် တရုတ်ဟင်း ဝက်သားလုံးကြော်၊ ချိုချဉ်ကြော်လိုမျိုးထည့်ပေး တတ်သည့်ထမင်းဘူးမျိုးကိုပိုစိတ်ဝင်စားသည်။သူ့ရဲ့ "အလေး...ပု" ဇာတ်လမ်းကိုပြန်ပြောပြတော့ သူကသိပ်မမှတ်မိ။ ရီကျဲကျဲနဲ့  "မသိပါဘူးဟာ...ဟုတ်မှာပေါ့" လို့ခပ်ဝါးဝါးဖြေသည်။သူ တလွဲတွေ လုပ်တတ်မှန်း သိနေကျသည့် တခြားသူငယ်ချင်းတွေကတော့ တဝါးဝါးရီပါသည်။

သူ့ညီမလေးနဲ့ ရင်းနီးလာတာကတော့ စာကူးဖို့ စာအုပ်ငှါးရာက စတာ။  ဆရာမ စာခေါ်ချိန်မှာ ပျင်းသည်ဟုဆိုတာစာရေးချင်ဟန်ဆောင်သော်လည်း စာလိုက်မရေးတတ်သော သူ့ညီမလေးနဲ့ သူ့သူငယ်ချင်းလေးကို စာအပြည့်အစုံရှိသော၊ လက်ရေးလှသော ကျမကစာအုပ်အမြဲငှါးရပါသည်။ ဒီလိုနဲ့ ကျမတို့တတွေ သူငယ်ချင်းတအုပ်စုကြီးဖြစ်လာပါပြီ။ ကျောင်းမှာ အင်မတန် ပေါ်ပြူလာဖြစ်သော သူများနှင့် တသီးတသန့်နေတတ်သော၊ လူသိပ်မသိသော၊ စာဂျပိုး ( ဟုထင်ရသော) ကျမ မထင်မှတ်ဘဲ လည်ပင်း ဖက်ပေါင်းသော သူငယ်ချင်းတွေ ဖြစ်လာတာ တော်တော် ထူးဆန်းပါသည်။ သူတို့နဲ့ပေါင်းပြီး ပထမဆုံးကျောင်းကော်ရစ်ဒေါမှာ ထိုင်တတ်လာသည်။ စာသင်ချိန် ဆရာမလွတ်ချိန်တွေမှာ ထမင်းခိုးစားပြီး မုန့်စားဆင်းချိန် မိနစ်၃၀လုံးလုံး သူငယ်ချင်းတအုပ်ကြီး အတန်းပေါင်းစုံက နာမည်ကြီးများကို လိုက်ကြည့်သည်။ သူငယ်ချင်းတွေ နှစ်ယောက် တတွဲ ကျောင်းပတ်ကြသည်။ သူသည်လဲ ကျမအချစ်ဆုံး သူငယ်ချင်းထဲက တယောက်ဖြစ်သွားပါပြီ။

.............................................................................

"ဘေဘီ ဘာဖြစ်နေတာလဲ။ ရော့ ဒါလေးစားလိုက်"
ဒုတိယအစမ်း စာမေးပွဲအပြီးမှာ စိတ်ကျေနပ်လောက်အောင် မဖြေနိုင်လို့ ခုံပေါ် လွယ်အိတ်ပေါ်တင်ပြီး မျက်နှာမှောက်ထားသော ကျမရှေ့မှာ Love ကန်ဒီဟုခေါ်သော အသည်းပုံ အနီရောင်သကြားလုံးလေးတခု။ ကျမတို့တုန်းက Love ကန်ဒီဆိုတာ ချစ်သူသမီးရည်းစားအချင်းချင်းပေးလေ့ရှိသောအစားအစာတခုပါ။ အသံကို သေသေချာချာကြီးမှတ်မိနေပါရက်နဲ့ မယုံနိုင်စွာကြည့်မိတော့ သူ့ထုံးစံအတိုင်း အမည်းရောင် waistcoat" လို့ခေါ်တဲ့ လက်ပြတ်လေးဝတ်ထားသော သူ့နောက်ကျောကို လှမ်းမြင်ရပါသည်။   ခုံပေါ်တွင်ချထားသော Love ကန်ဒီ အသည်းပုံ သကြားလုံးလေးကို သူများတွေမမြင်ခင် လွယ်အိတ်အမွှေးပွလေးရဲ့ အောက်ခြေမှာထိုးထည့်ရင်း "ဘေဘီ" နဲ့ "Love ကန်ဒီ " ကြောင့် သူ့ကို ရင်ပြန်ခုန်တတ်လာပါသည်။

၇တန်း နှစ်ကုန်ခါနီးတလျှောက်လုံး မမေးဖြစ်ခဲ့တဲ့ မေးခွန်းကို ၈တန်းတက်မှ သူ့ကိုအားတင်းပြီးမေးမိပါသည်။
"ဟဲ့ နင်ငါငိုနေတာ ဘယ်လိုမြင်သွားတာလဲ။ ဟိုလေ သကြားလုံးတောင် ပေးသွားသေးတယ် " (Love ကန်ဒီ ဟုမပြောရဲ)
"ဟမ် ဘယ်တုန်းကလဲ ။."
"မနှစ်ကလေ .. xxx ဘာသာဖြေတဲ့နေ့လေ။ ဒုတိယအစမ်း..."
" အော မှတ်မိပြီ။ xxx ဘာသာမေးခွန်းကြီးက သတ်တယ်လေ။ ငါတို့ထဲမှာ မဖြေနိုင်ရင် စိတ်အညစ်ကြီးညစ်တတ်တာဆိုလို့ နင်ပဲရှိတာ။ ဒါကြောင့် ဖြေဖြေပြီးချင်း နင့်ကို ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ" ( ငါ့ကိုဂရုတစိုက်ရှိသားပဲ။ ရင်ထဲမှာ နွေးသွား...)
" သကြားလုံး...?"
"အေး ..ဒါနဲ့ ကလေးအငိုတိတ်အောင် ငါ့မမကိုပေးမဲ့  သကြားလုံးပေးခဲ့တာ" ( ဟမ် ဒါဆို တကူးတကပေးတာမဟုတ်ဘူးပေါ့)
" ငါ့ကိုတောင် "ဘေဘီ" လို့ခေါ်သွား သေးတယ်လေ" ( မျှော်လင့်တကြီး မဝင့်မရဲနဲ့မေး...)
" ဟုတ်လား .. မသိပါဘူး" ( ဟင်း...)
ရတဲ့ နေ့ကတည်းက ဘယ်သူမှမမြင်အောင် မစားအောင် အဝတ်ဗီဒို အောက်ထဲတကူးတကထည့်ထားသော Love ကန်ဒီအနီရောင်လေးကို ပြင်မြင်ပြီး အားနာလှပါသည်။ 

နဝမတန်းရောက်တဲ့အခါ "အချိန်အရမ်းပေးရတယ်" ဟူသောအကြောင်းပြချက် နဲ့ ကျောင်းပြောင်း ကြဖို့စကားသံတွေ ဟိုတစ ဒီတစထွက်လာပါသည်။ လသာ၂ က မနက်၈နာရီကနေ ညနေ ၃နာရီလောက်အထိတက်ရတာလေ။ ကျမတို့ အုပ်စုထဲတွင်သာမက တခြားတခြားသော အတန်းခွဲများက သူငယ်ချင်းတွေကလဲ ၁၀တန်းမှာ ကျောင်းပြောင်းတက်ကြဖို့ စဉ်းစားကုန်ကြပြီ။ အခုမှ ကျောင်းရေ လည်လာသော၊ ကျောင်းပျော် လာသော ကျမကတော့ လသာ၂ကနေခွါဖို့ အစီအစဉ်မရှိ။ ချစ်ရတဲ့ သူငယ်ချင်းတွေကိုလဲ ကျောင်းမပြောင်းစေချင်။ ဒါနဲ့ပဲ ကျမမှာ ဒိုင်ယာရီရေးသောအကျင့်စပြီးရလာပါသည်။ တနေ့တနေ့ ကျောင်းမှာ ကြုံသမျှ၊ တွေ့သမျှ၊ ခံစားရသမျှ မှတ်တမ်းတင်ဖို့ ဆိုပါတော့။  ဒိုင်ယာရီထဲအများဆုံး ပါတတ်တာတော့ ဘယ်သူ့အကြောင်း လဲ ပြောစရာလိုမယ်မထင်ပါ။

အရင်တုန်းကထက် စာတွေများလာသည့်ကြားထဲက ၉တန်း ဒုတိယအစမ်းဖြေခါနီးတွင် ကျောင်းကိုယ်စားပြုပွဲ တပွဲမှာပါဖို့အရွေး ခံရပါသည်။ ကျောင်း မှာရသမျှ အတွေ့အကြုံ လိုချင်သော ကျမက ၂ပတ်တိတိ ကျောင်းမတက်ဘဲ camp ဝင်ပြီးလေ့ကျင့်ရမည့်အရေးကို တတ်တတ်ကြွကြွပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထို camp မှာပဲ ပထမဦးဆုံး အချစ်တော်ရခဲ့ပါသည်။ နှစ်ပေါင်းများစွာ စိတ်ဝင်စားခဲ့သော သူနဲ့ အချစ်ဆုံး သူငယ်ချင်းတွေ မထင်မှတ်ဘဲ ဖြစ်ခဲ့ရပြီး ကျောင်းတွင်တခါမှ မဆုံဘူးသော အတန်းတူ ကောင်မလေးနဲ့ အချစ်တော်ဖြစ်သွားတာတော့ တွေးကြည့်ရင် တော်တော်ထူးဆန်းပါသည်။ အခုလက်ရှိအချိန်အထိ ကျမတို့တဖွဲ့လုံး ( သူအပါအဝင်) အချစ်ဆုံးသူငယ်ချင်းတွေအနေနဲ့ရှိနေကြပြီး အချစ်ဟောင်းကောင်မလေးနဲ့တော့ ဖဘမှာ မေးထူးခေါ်ပြောယုံကလွဲလို့ အဆက်အသွယ်မရှိ။

ကျမကို တယောက်သောသူကပြောဘူးပါသည်။ "လူတယောက်ကို တကယ်ချစ်ရင် သူငယ်ချင်းတော်လိုက်ပါ။ ဒါဆို သူနဲ့ တသက်လုံး အတူတူရှိဖို့ အခွင့်အရေးပိုရတယ်။
Relationship တခုဖြစ်သွားပြီဆိုရင်တော့ အချိန်မရွေး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနိုင်တယ်" တဲ့။

ကျမ လမ်းအရွေးမှန်ခဲ့ပါသည် ဟုထင်ပါသည်။

(ဒီpost ကို မဇွန်နဲ့ မညိုလေးနေ တို့အားပေးလို့ ရေးဖြစ်တာပါ။ ချစ်ရတဲ့ လသာ၂ အမှတ်တရမို့ စုံအောင်လဲရေးချင် ရေးရင်းနဲ့လဲ ကြာသွားတာကို  ခွင့်လွှတ်ကြပါလို့။)

Monday, 27 October 2014

All time Favorites - Mascara (တဂ်ပို့စ်)

ဒါလေးက မြတ်ကြည် တဂ်ထားတဲ့ပို့စ်ပါ။ သူလေးက အောက်တိုဘာလထဲမှာ သဘောတွေ့သမျှရေးပါ ဆိုပေမဲ့ ဒီကနဲနဲကွန့်ပြီး နှစ်သက်မိတဲ့ မက်စ်ကာရာတွေအကြောင်းစုစည်းပြီးရေးပါရစေ။


ပထမဦးဆုံးသုံးဖူးပြီး အခုထိနှစ်သက်ဆဲ မက်စ်ကာရာက Maybellineက Lash discovery ဆိုတဲ့ မျက်တောင်ကော့ဆေးပါ။ Lash discovery မက်စ်ကာရာက မျက်တောင်ကော့တန် က သေးသေး စိတ်စိတ်လေး ဆိုတော့ မျက်တောင်အရင်းအထိ မပေမကျံဘဲဆိုးဖို့လွယ်ကူပါတယ်။ ဒီမက်စ်ကာရာ ရဲ့ကောင်းတဲ့ အချက်တွေ က ရေစိုခံတာရယ်၊ မျက်တောင်အရှည်တွေရော မျက်လုံးအောက် ကမျက်တောင် အတိုလေးတွေ ပါကော့ဖို့လွယ် တာရယ်၊ ဆိုးပြီးတဲ့အခါ မျက်တောင်ကော့ကော့ ရှည်ရှည်လေးဖြစ်စေတာရယ်ပါ။ ဒါပေမဲ့ နဂိုမျက်တောင် အရမ်း တိုပြီး နဲတဲ့သူတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ Adora မျက်တောင်က  ကော့လဲမကော့ စင်းလဲ မစင်းပေမဲ့ ခပ်စိတ်စိတ် ဆိုတော့ Lash discoveryက နေ့လည်ပိုင်း ကျောင်းသွား ရုံးသွားရင် သုံးဖို့ အဆင်ပြေ ပါတယ်။ မျက်တောင်တချောင်းချင်းကို ရှည်ပြီးကော့စေတဲ့အတွက် သဘာဝကျကျလှစေပါတယ်။


Maybelline တမျိုးထဲကိုပဲနှစ်ရှည်လများစွဲသုံးနေရာကနေ တရက်မှာ l'orealက အဖုံးနှစ်ဘက်ပါတဲ့ l'oreal lash extension မက်စ်ကာရာကိုသွားတွေ့ပါတယ်။ ဖွင့်ကြည့်တော့ တဖက်ကအဖြူ၊ တဖက်က အမည်းရောင် ဆိုတော့ စိတ်ဝင်စားသွားပါတယ်။ ကျမတွေ့ဖူးတဲ့ မျက်တောင်ကော့ဆေးတွေကအမည်းဒါမှမဟုတ် အညိုပဲ ရှိတာ ကိုး။ကောင်တာက အရောင်းစာရေးအမကိုမေးကြည့်တော့ အဖြူဘက်က ဖိုင်ဘာ (Fibre) အမျှင်လေးတွေပါလို့ မျက်တောင်လေးတွေ ပိုပြီး ရှည်စေ ဖို့ အထောက်အကူပြုပြီး အမည်းဘက်ကတော့ ဟာကိုဆိုးရင်တော့ မျက်တောင်ထူစေပါတယ်တဲ့။ အသုံးပြုပုံ ပြုနည်းကတော့ အဖြူဘက်ကို မျက်တောင်ပေါ်မှာအရင်ဆိုး.ပြီးတော့မှ အမည်းဘက်ကိုဆိုးလိုက်ရင် မျက်တောင်ထူထူရှည်ရှည်လေးနဲ့ လှပြီပေါ့။တခုပဲဆိုးတာက ဒီမက်စ်ကာရာကရေစို မခံပါဘူး။ပြီးတော့ ဖော်မြူလာက maybelline မခြောက်ဘဲ နဲနဲစိုတဲ့အတွက် ဆိုးနေမကျရင်နဲနဲ သတိထား ရပါတယ်။ဒါတွေကလွဲရင်တော့ မျက်တောင်တိုတို ရှည်ရှည်၊ ထူထူပါးပါး ဒီကော့ဆေးနဲ့အဆင်ပြေပါတယ်။ Maybelline Lash discovery နဲ့ l'oreal lash extension ကိုသုံးနေရင်းက ကြုံရင်ကြုံသလို တခြားတံဆိပ်တွေ ကိုဝယ်သုံးကြည့်ပေမဲ့ စိတ်တိုင်းမကျလှပါဘူး။ တံဆိပ်အတူတူချင်းမှာတောင်မှပဲ တခြားဖော်မြူလာတွေကို သဘောမကြပြန်ဘူး။ Maybelline နဲ့  l'orealထဲမှာကိုပဲ စိတ်ထဲမှာ  Maybellineက သဘာဝကျလို့ လို့ပိုပြီးနှစ် သက်ပါတယ်။ နှစ်တွေကြာလာတဲ့အခါ ကျမသုံးနေကျ Maybelline Lash discovery နဲ့ l'oreal lash extension ကိုရှာရခက်လာပါတယ်။ ခပ်ဆင်ဆင်ပုံစံ မျိုးတွေ ထွက်လာပေ မဲ့ ဖော်မြူလာတွေ ကနဲနဲ ကွာသလိုရှိတာကြောင့် စိတ်ညစ်နေတုန်း Maybellineက အသစ်ထုတ်တဲ့ rocket mascara အကြောင်း မဂ္ဂဇင်းတခုမှာဖတ်ရလို့ အပြေးအလွားဝယ်မိပြန်ပါတယ်။ 


Rocket မက်စ်ကာရာက ရော့ကက်ပုံစံခပ်တုတ်တုတ်ပါ။ခရမ်းပြာရောင်ဘူးပေါ်မှာ ပန်းရောင်စာတန်းနဲ့ Rocket Volum Express လို့ထိုးထားတော့ မျက်တောင်ထူထူ လိုချင်သူများအတွက် အဆင်ပြေမဲ့ မက်စ်ကာရာပေါ့။ မျက်တောင်မှာတင်ပြီးဆိုးကြည့်တဲ့အခါ ကြေငြာထားတဲ့အတိုင်း မျက်တောင်ကို မည်းပြီးထူသွားစေပါတယ်။ မျက်တောင်သိပ်မတိုတဲ့ကျမအတွက်  ရော့ကက်ကအဆင်ပြေပေမဲ့ မျက်တောင် တိုတဲ့သူတွေ အတွက်တော့ ရော့ကက် မက်စ်ကာရာ ကအဆင်ပြေမှာမဟုတ်ပါဘူး။ သူမှာ မျက်တောင်ကိုရှည်စေတဲ့ Lengthening effect မပါလို့ပါ။ အပေါ်က L'oreal မက်စ်ကာရာလိုမျိုး ဖိုင်ဘာပါတဲ့အဖြူရောင် မက်စ်ကာရာ အရည်လိုမျိုးအရင်လိမ်း ပြီးမှ  ရော့ကက်ကိုဆိုးရင်တော့ မျက်တောင်တုတတ်ထားသလို မျက်တောင် ရှည်ရှည် ထူထူမျိုးရမှာပါ။ Maybelline ရဲ့ ဖော်မြူလာက နဲနဲခြောက်တာကြောင့် မျက်တောင်ပေါ်ကိုအထပ်ထပ်ဆိုးတဲ့အခါ မျက်တောင်မွှေးတွေကပ်ပြီးစုသွားတတ်လို့ brushနဲ့ပြန်ဖြီးပေးရတတ်ပါတယ်။ Adoraအမြင်အရတော့ မျက်တောင်တိုပြီး အချိန်မပေးနိုင်တဲ့ သူတွေအတွက် ရော့ကက် ကသိပ်မသင့်တော်ပါဘူး။ အချိန်ပေးပြီး အလှပြင်နိုင်တဲ့ ပွဲလမ်းမြိုးမှာစိတ်ရှည်ရှည်နဲ့ ကိုယ့်လိုအပ်မှုနဲ့ညှိသုံးရင်တော့ မျက်တောင်တုတတ်စရာမလိုအောင် လှတဲ့မျက်ဝန်းတစုံကိုပိုင်ဆိုင်မှာပါ။


Benefit က they're real လို့ခေါ်တဲ့ မက်စ်ကာရာကိုတော့ bellabox မှာပါတဲ့ sampleသုံးပြီး သဘောကျ သွားတာပါ။ Rocket မက်စ်ကာရာထက်ပိုသဘောကြမိတဲ့အချက်ကတော့ မျက်တောင်ကို ထူပြီးရှည်စေ တဲ့အပြင် တနေ့လုံးမျက်တောင်ကော့ကော့လေးနဲ့လှနေစေပါတယ်။ တံဆိပ်မတူပေမဲ့လဲ Rocketဖော်မြူလာလိုပဲ မက်စ်ကာရာကအရမ်းခြောက်တာကြောင့် မျက်တောင်မွှေးတွေပူးပြီး စုစုကြီးဖြစ် မသွားအောင်လို့တော့ သတိထားလိမ်းရပါတယ်။ တခုတည်းသော မကောင်းတဲ့ အချက်ကတော့ ရေစို အရမ်းခံတာကြောင့် ဖျက်ရတာအရမ်းခက်ပါတယ်။ ဒါကြောင့်လဲ Benefitကသူတို့ရဲ့  လိုင်နာတွေ၊ မက်စ်ကာရာတွေနဲ့သုံးဖို့ မိတ်ကပ်ဖျက်ဆေးရောင်းပါတယ်။ မက်စ်ကာရာဆိုးထားပြီး မခံလို့စိတ်ညစ်နေတဲ့သူတွေရှိရင်Benefit က they're real  မက်စ်ကာရာသုံးကြည့်ဖို့ညွှန်းပါရစေ။ 


နောက်ဆုံးသုံးဖြစ်ပြီး အကြိုက်ဆုံးဖြစ်နေတာကတော့ Guerlain က Black Noir G ဆိုတဲ့ မက်စ်ကာရာပါပဲ။ ဒီ မက်စ်ကာရာကိုလဲ bellaboxက sampleလေးကိုအရင်သုံးကြည့်ပြီး သဘောကြလို့ ထပ်ဝယ်ဖြစ်တာပါ။  မှန်ကလေးတွဲရက်ပါပါတယ်။ ဗူးဒီဇိုင်းကအကောင်းစားမှန်းသိသာအောင်ကိုလှပါတယ်။ ဈေးကလဲ ကျမသုံးဖူးတဲ့ တံဆိပ်တွေထက်စာရင် ဈေးကြီးပါတယ်။ ဒါပေမဲ့လဲ သုံးပြီးတဲ့အခါတိုင်း မျက်တောင်တွေက တချောင်းခြင်းရှည်ပြီး သဘာဝကျကျ ကော့ကော့လေးတနေကုန်ဖြစ်နေတာဆိုတော့ ပိုက်ဆံကုန်ရကြိုးနပ်တယ်ပဲပြောရပါမယ်။ ဆိုးလိုက်တဲ့အခါ Rocketတို့ Benefit မက်စ်ကာရာတို့လို မည်းပြီး အရမ်းထူသွားတဲ့ပုံမျိုးမပေါက်ပင်မဲ့ ကျမရဲ့ ပုံမှန်မျက်တောင်တွေထက်တော့ ပိုထူသွားပါတယ်။ ဖော်မြူလာက ရေစိုခံ ဒါပေမဲ့ ဆိုးတဲ့အခါ အရည်က စိုစိုလေးမို့  မျက်တောင်တွေအားလုံးကို စုစုကြီးဖြစ်မသွားစေဘဲ တချောင်းချင်းကို ဆိုးဖိုအဆင်ပြေပါတယ်။ ဖျက်ရတာလဲ ပုံမှန်မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ရင်ချက်ခြင်းပျက်ပါတယ်။ သဘာဝကျတဲ့ မျက်တောင်ရှည်ရှည်ထူထူလေးတွေနဲ့ လှချင်ရင်တော့ စမ်းသုံးကြည့်စေချင်ပါတယ်။


ဒီလောက်ဆို Challenge လုပ်တဲ့မြတ်ကြည်လဲကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ သတိတရနဲ့ တဂ်သွားတာကိုလဲကျေးဇူးတင်ပါကြောင်း။

လှပတဲ့ မျက်ဝန်းလေးများပိုင်ဆိုင်ကြပါစေ။

Sunday, 26 October 2014

ပြန်ပြောပြဖို့

မထင်မှတ်ပဲ မြန်မာmp3ဆိုက်ကနေ ငယ်ငယ်တုန်းကနှစ် သက် ခဲ့ရ တဲ့ အခွေလေးပြန် ရှာတွေ့လို့ နားထောင်ဖြစ်တယ်။ အနဂ္ဂနဲ့အောင်ကောင်းထက်တို့ဆိုတဲ့သီချင်း။ ဘာရယ်မဟုတ် ငယ်ငယ်တုန်းကအမှတ်ရစရာလေးတခုကိုသွားသတိရမိရော။

အဲဒီတုန်းက ကျမအသက်က၁၆၊၁၇။ ၁၀တန်းပြီးခါစသစ်ရွက်လှုပ်ရင်ရီချင်နေတဲ့ စိတ်ကစားတဲ့အရွယ်။ တနေ့မှာ တက္ကသိုလ်တခုက စာမေးပွဲဖြေဖို့ ပြင်ဆင်ပေးတဲ့သင်တန်းမှာ တွေ့တဲ့သူငယ်ချင်းလိုလို၊ (ဘာလိုလို) တယောက် ကသူကျောင်းတက်နေတဲ့ သန်လျင် ဂျီတီစီကို အလည်လိုက်ဖို့ ခေါ်ပါတယ်။ သူ ကျမ အကြောင်းတွေ သတိရ တဲ့ အခါ ကဗျာတွေ ထိုင်ရေးဖြစ် တဲ့ ရေကန်ကြီး ကို ပြ ချင် ပါ သ တဲ့ ။ ကန်ကြီးရဲ့အနားမှာ သစ်ပင်တွေကလဲ အုံ့အုံ့ ဆိုင်းဆိုင်းနဲ့ နေပြောက်ထိုးတဲ့အခါ သူ ရေကန် နားက ကျောက်တုံးတွေပေါ်မှာ ထိုင်ကြည့်သလို ကျမ ကို လဲမြင်စေချင်တယ်တဲ့လေ။

သူပြောတုန်းကစိတ်ထဲမှာ မြင်ယောင်နေတာ အင်းယားလိုရေကန်ကြီးကြီးနဲ့ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းတွေပါ။ ရုပ်ရှင်တွေထဲမှာ ကြည့်ခဲ့ရတဲ့ မင်းသားနဲ့မင်းသမီးလို ရေစပ်က ကျောက်တုံးလေးတွေပေါ်မှာ ထိုင်ပြီး စကားပြောကြမယ်ဆိုတဲ့စိတ်ကူးနဲ့ အလည်ခေါ်တာကို လက်ခံလိုက်ပါတယ်။ ဂျီတီစီဂျီတီစီလဲရောက်ရော ကျောင်းကန်တင်းမှာသူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ထိုင်တာတောင် ဖင်ကတကြွကြွနဲ့ ရေကန်ကြီး ဆိုတာကိုသွားချင်နေပြီ။ ဒါနဲ့ ကော်ဖီတခွက်သောက်အပြီးမှာ ကျောင်းနောက်က ရေကန်ကြီး ဆိုတာ ဆီ လဲရောက်ရော....

တကယ်က ရေကန်ဆိုတာထက် ပိုပြီးမှန်မဲ့အသုံးအနှုန်းက အုတ်ကန်ပါ။ရန်ကုန်တိုက်ခန်းတွေမှာပါလေ့ရှိတဲ့ အုတ်ကန်မျိုးထက် ၃-၄ဆလောက်ကြီးမဲ့ လေးထောင့်ဆန်ဆန်အုတ်ကန်မျိုးပါ။ ပတ်ဝန်းကျင်မှာ သစ်ပင်တွေအုံ့ဆိုင်းပြီးနေပြောက်မထိုးတာတော့မှန်ပါရဲ့။ကျမတွေးထားသလို ရန်ကုန်တက္ကသိုလ် အင်းယား ကန်ဘောင်ကမြင်ကွင်းမျိုးတော့မဟုတ်ဘူးလေ။ ထိုင်လို့ရတယ်ဆိုတဲ့ ကျောက်တုံးတွေကလဲ အဲဒီနေ့မှ မိုးရွာထားလို့စိုစိုစွတ်စွတ်နဲ့။ စိတ်ကူးထဲကတွေးထားသလို ကန်ဘောင်မှာထိုင်ပြီး ရိုမန့်တစ်ဆန်ဆန် စကားပြောဖို့ဆိုရင် အုတ်ကန်ဘောင်ပေါ်မှာ ထိုင်ကြရုံရှိတော့တာ။ စိတ်ကူးထဲက မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့လဲ "အင်း အေးချမ်းတယ်နော်။ သစ်ပင်တွေအုံ့နေတော့ နေလဲမပူဘူးပေါ့" ဘာညာလျှောက်ပြောပြီး ကျောင်းဘက်ပြန်လျှောက်ခဲ့ရတယ်။ စိတ်ထဲမှာတော့ ငိုချင် ရီချင်နဲ့။ ကျမအတွက် ကဗျာတွေရေးတယ်ဆိုလို့သာ သူ့ကို အော်မပြစ်လိုက်တာပါ။

ကန်တင်းလဲပြန်ရောက်ရော ဖွင့်ထားတဲ့သီချင်းက အဖြေတောင်းတဲ့ အချစ်သီချင်းမြူးမြူးလေးတပုဒ်။
"ချစ်ခဲ့ပြီးမှ ပြောင်းလဲမှုတွေလုံးဝမဖြစ်နိုင်လို့ 
မင်းအတွက်အရာရာ ဘာမဆိုကိုယ်လေ ဖြည့်ဆီးပြီး ချစ်သွားမယ်
အဆင်မပြေချိန် ခဏလေးချစ်တဲ့စိတ်တွေ ရင်မှာသိမ်းပြီးရီးစားတွေဖြစ်ရင် အတိုးချပြီးတော့ ချစ်လိုက်ပေါ့
ဒို့နှစ်ဦးရီးစားတွေဖြစ်လာကြရင်လဲ ဘယ်သူတွေဘယ်လောက်ပဲချစ် ဒို့ကိုမမှီနိုင်လောက်ပါဘူး"
ဘယ်ကနေ ဘယ်လိုဖြစ်တယ်မသိ။ အဲဒီသီချင်းကြားပြီး စိတ်ထဲမှာရင်ခုန်သလိုလို ဘာလိုလိုနဲ့။ ဘေးနားကတယောက်ကလဲ
"တွေ့လား။ ဘယ်လောက်တိုက်ဆိုင်လဲ။ဖွင့်ထားတဲ့ သီချင်းကတောင် ကိုယ်ပြောချင်နေတာနဲ့တူနေတယ်"

ဒီဇာတ်လမ်းလေးရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားလဲဆိုတာတော့ သီချင်းခွေနာမည်လေးအတိုင်း ပြန်ပြောပြဖို့တော်တော်ခက်ပါလိမ့်မယ်။ သီချင်းနာမည်က "အလွမ်းမဲ့" လို့ခေါ်ပါတယ်။
(နားထောင်ချင်တဲ့သူတွေအတွက် မြန်မာ လင့်လေးပါ။)
http://www.myanmarmp3.net/albums/pull/374/pyan-pyaw-pya-phoe-taw-taw-khet-late-mel

တခါတလေ ဘာရယ်မဟုတ်တွေးမိတယ်။ ငယ်ငယ်တုံးကအတွေးတွေအဖြစ်အပျက်တွေက သိပ်ရိုးသားဖြူစင်တယ်လို့လေ။

Wednesday, 22 October 2014

King Cross ဘူတာရုံ၊ ပလက်ဖောင်း ၉-၃/၄ နဲ့ ဟော့ဝပ်မှော်အတတ်သင်ကျောင်း

ကျမနဲ့ ဟယ်ရီပေါ်တာ
ထောင့်ဖြတ်လမ်းကြား နဲ့ Gringottsဘဏ်တိုက်
 

စက်တင်ဘာ ၁၊ ၂၀၁၄

နှစ်စဉ်နှစ်တိုင်းရဲ့  စက်တင်ဘာ ၁ရက်နေ့ ဆိုရင် ဟော့ဝပ်မှာကျောင်းတက် ရမဲ့ ကျောင်းသူ၊ကျောင်းသားလေးေ တွက လန်ဒန်မြို့က King Cross ဘူတာရုံကို ရထား စီးဖို့ရောက် လာကြပါပြီ။  ဟော့ဝပ်ရထား လက် မှတ် ကို ကျောင်းစာသင်နှစ်မတိုင်ခင် စာအုပ်စာရင်းနဲ့အတူတူ ပို့ပေးလေ့ရှိပြီး ကျောင်းသားတွေက စက်တင်ဘာ ၁ရက်နေ့မှာ  ဟော့ဝပ်ရထားစီးဖို့ ပလက်ဖောင်း ၉-၃/၄ ( ကိုး လေးပိုင်းသုံးပိုင်း) ကို လာရမှာဖြစ်ပါတယ်။ မနက်၁၁နာရီအတိ မှာတော့  ဟော့ဝပ်ရထားကြီးက လန်ဒန် King Cross မှတ်တိုင်ကနေ  စကော့ တ လန်ပြည်
နယ်မှာရှိတဲ့ Hogsmeade ဆိုတဲ့ ရွာလေးကိုပြေးဆွဲပါလိမ့်မယ်။

ယူနီဗာဆယ် စတူဒီယိုမှာ Universal Studios Florida နဲ့ Island of Adventure ဆိုပြီး theme park နှစ်ခု ခွဲထားပါတယ်။ လန်ဒန်မှာရှိတဲ့ ထောင့်ဖြတ်လမ်းကြား နဲ့ King Cross ဘူတာရုံတို့က Universal Studios Florida ဘက်ခြမ်းမှာရှိပြီး Hogsmeade နဲ့ ဟော့ဝပ်ရဲတိုက်ကြီးကတော့  Island of Adventureမှာရှိပါတယ်။ ဟယ်ရီပေါ်တာ theme park နှစ်ခုကိုဆက်သွယ်ထားတာကတော့ ဇာတ်လမ်းထဲကအတိုင်း "Hogwarts Express" လို့ခေါ်တဲ့ မှော်ပညာသုံး ဟော့ဝပ်ရထားကြီးပါပဲ။ 

King Cross ဘူတာရုံဆိုတာ လန်ဒန်မှာတကယ်ရှိတာပါ။ ဒီဘူတာရုံကနေ စကော့တလန် အရှေ့ ပိုင်း နဲ့ မြောက်ပိုင်းကိုပြေးဆွဲတဲ့ ရထားတွေလဲတကယ်ရှိပါတယ်။ ဒါဆို ဟော့ဝပ်ရဲတိုက်ကြီးကိုသွားဖို့ ဘယ်မှတ်တိုင်၊ ဘယ်ဘူတာရုံမှာ ဆင်းရမလဲဆိုတော့ လွယ်ပါတယ်... ပလက်ဖောင်း  ၉-၃/၄ ကိုတွေ့အောင်ရှာပြီး Hogwarts Expressကို ဂိတ်ဆုံးတဲ့အထိ စီးသွားရုံပါပဲ။ ပလက်ဖောင်း  ၉-၃/၄ကိုရောက်ဖို့အတွက် အရင်ဆုံး မက်ဂယ်တွေရဲ့ ရထားလမ်းနဲ့ မှော်ဆရာတွေရဲ့ ရထားဆိုက်တဲ့ ပလက်ဖောင်းကိုခြားထားတဲ့ နံရံကြီးကို အရင်ရှာရပါမယ်။ ကိုယ့်မှာ မှော်ပညာအစွမ်းအစရှိလို့ နံရံကြီးထဲကို တိုးဝင်လို့ရခဲ့ရင်တော့  မှော်ဦးထုတ်ချွန်တွေ ဆောင်းထားတဲ့ ပလက်ဖောင်း  ၉-၃/၄ က ရထားဝန်ထမ်းတွေက Hogwarts Express ရှိရာကို လမ်းညွှန်ကြပါလိမ့်မယ်။ 


 


စက်တင်ဘာ၁ရက်နေ့မှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ ပလက်ဖောင်း ၉ နဲ့ ပလက်ဖောင်း ၁၀ကြားထဲမှာရှိတဲ့ နံရံကြီးဆီကို တိုးဝင်ပျောက်ကွယ်သွားရင် မအံ့ဩပါနဲ့နော်။


Universal Studios Florida နဲ့ Island of Adventureကို ၄မိနစ်လောက် ရထားစီးရပါတယ်။ ရထားပေါ်ရောက်ရင် ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲကအတိုင်း ဟောင်းနွမ်းနေသလိုရှိတဲ့ မျက်နှာချင်းဆိုင် ဆိုဖာခုံ ၂ခု နဲ့   ပြတင်းပေါက် တခုပါတဲ့ အခန်းလေးထဲမှာ နေရာရပါမယ်။ အခန်းတခန်းမှာ ၈ယောက်လိုက်ပါစီးနင်းခွင့်ရှိပါတယ်။ ဟယ်ရီဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်တဲ့ ရွန်နဲ့ ဟာမီရွန်ကို ဒီရထားကြီးပေါ်မှာစပြီးတွေ့ခဲ့တာဆိုတော့ ကျမတို့လဲ ရထားတူတူစီးခဲ့တဲ့ မိသားစုနဲ့ မိတ်ဖွဲ့ခဲ့ပါတယ်။



ရထား ပြတင်းပေါက်ကနေ ဟော့ဝပ်ကျောင်းစောင့်ကြီး ဟက်ဂရစ်လက်ပြနှုတ်ဆက်နေတာကိုတွေ့ပြီး မကြာခင်မှာပဲ Hogsmeade ဘူတာရုံကို ရထားဆိုက်ပါတယ်။ 

Hogsmeade station
 
 Hogsmeade village
 

Hogsmeadeရွာကလေးက ကျမ ဖတ်ဖူးတဲ့အတိုင်း ရွာအလယ်လမ်းမကြီးရဲ့ တဖက် တ ချက် နှင်းတွေ ဖုံးနေတဲ့ပုံစံ ခေါင်မိုးလေးတွေနဲ့စီစီရီရီပါ။ Hogmeadeရွာရဲ့ အလှရှုခင်းကို JK Rowlingက ခရစ်စမတ်ကဒ် ထဲတွေမှာတွေ့ရတတ်တဲ့ အလှရှုခင်းမျိုးနဲ့တူတယ်လို့သူ့စာအုပ်ထဲမှာခိုင်းနှိုင်းထားပါတယ်။ ၃၅ဒီဂရီလောက် ရှိတဲ့ အော်လန်ဒိုရဲ့နေရောင်အောက်မှာ နှင်းတွေဖုံးပြီး မြူခိုးတွေဝေနေတဲ့  ခရစ်စမတ်ကဒ်ထဲကရှုခင်းမျိုး မတွေ့ရတာကလွဲလို့ Hogmeadeဟာအသက်ဝင် လှပပါတယ်။ရွာထဲကိုဝင်လိုက်တာနဲ့ ဈေးသည် ဈေးဝယ်တွေနဲ့ ပျားပန်းခတ်မျှ စည်ကားနေတဲ့ ဈေးဆိုင်အမျိုးမျိုးကိုတွေ့ရမှာပါ။

ဟယ်ရီပေါ်တာ စာအုပ်တွေ ရုပ်ရှင်တွေထဲမှာ ထင်ရှားတဲ့ ဘာတီဘော့ရဲ့ အရသာမျိုးစုံပါတဲ့ သကြားလုံးတွေ(
Every flavor beans) ၊ထောပတ်ဘီယာတွေ နဲ့ တခြားထူးထူးဆန်းဆန်း စိတ်ဝင်စားစရာကောင်းတဲ့ သကြား လုံး၊ ချောကလက်၊ တော်ဖီ နဲ့ ပီကေတွေရောင်းတဲ့ ကလေးလူကြီးကြိုက် Honeydukes သကြား လုံး ဆိုင်၊  ဟော့ဝပ်ကျောင်းအုပ်ဆရာကြီး Albus Dumbledore ရဲ့ ညီ Mr. Alberforth Dumbledore ပိုင်တဲ့ Hog's Head နဲ့ Madam Rosmerta ရဲ့ တံမြက်စည်းသုံးချောင်း ( the Three Broomsticks) စားသောက်ဆိုင်တို့က မသွားမဖြစ်သွားကြည့်ရမဲ့နေရာတွေပေါ့။

ဘာတီဘော့ရဲ့ သကြားလုံးတွေမှာ ချောကလက်တို့၊ ဘလူးဘယ်ရီ အစရှိတဲ့ အချိုအရသာတွေအပြင် ငရုတ်ကောင်း၊မြက်၊ဆပ်ပြာအစရှိတဲ့ထူးထူးဆန်းဆန်း သကြားလုံးအရသာတွေကိုလဲ စားရမှာပါ။ 


ကျောင်းသူကျောင်းသားတွေအကြိုက်အရက်မပါတဲ့ ထောပတ်ဘီယာ
 
Hog's Head Pub


ဒါတွေအပြင် ဟယ်ရီပေါ်တာစီးရီးထဲမှာ လူကြိုက်များထင်ရှားတဲ့ အသက်ဝင်နေတဲ့ Chess set မှော်စစ် တုရင် ရုပ်တွေ၊ ဟော့ဝပ်ကျောင်းမှာအသင်းခွဲပေးတဲ့ Sorting Head၊  ဟော့ဝပ်အသင်း ၄သင်းရဲ့ တံဆိပ်တွေ၊ ဟယ်ရီ ဖေဖေဂျိမ်းစ် (James Potter) ၊ ဂေါ့ဖားသား စီးရီးရက် (Sirius Black) နဲ့ ပရော်ဖက်စာလူပင် (Lupin) တို့  ဟော့ဝပ်မှာကျောင်းနေတုန်း မှော်အတတ်နဲ့ ပြုစားထားတဲ့ Maruders Map နဲ့ တခြား လက်ဆောင် ပစ္စည်းတွေရောင်းတဲ့ Filch's Emporium of Confiscated Goods နဲ့ ဇီးကွက်စာပို့ရုံ (Owl Post) ကိုလဲ သွားလေ့လာလို့ရပါတယ်။  

 
Maruders Map

 စာပို့တဲ့ဇီးကွက်လေးတွေရဲ့ နားနေခန်း


Hogsmeadeမှာ လည်လို့ဝပြီဆိုရင်တော့ ဟော့ဝပ်ကျောင်းကိုသွားဖို့အချိန်တန်ပါပြီ။  ဟော့ဝပ်ရဲတိုက်ကြီး (Hogwarts Castle) က Hogsmeade ရဲ့အဆုံးမှာ ထီးထီးမားမားကြီးတည်ရှိပါတယ်။ သာမန် အချိန်တွေ ဆိုရင် ဟော့ဝပ် ရဲတိုက်ကြီး ကို မှော်ပညာနဲ့ ဖျောက်ထားပေမဲ့  မက်ဂယ်တွေကိုချစ်တဲ့ ကျောင်းအုပ်ဆရာကြီး ပရော်ဖက်ဆာ Albus Dumbledoreက   ဟော့ဝပ်ရဲတိုက်ကြီးကို ဝင်လေ့လာဖို့ ဖိတ်ခေါ်ထားလို့ သာမန် မျက်စိနဲ့ မြင်ရတာပါ။ ရိုလာကိုစတာ စီးဖို့စောင့်ရင်းနဲ့  ဟော့ဝပ်ရဲတိုက်ကြီးရဲ့ ထင်ရှားတဲ့အမှတ်အသားတွေဖြစ်တဲ့ စကားပြောတဲ့ ပန်းချီကား၊ဓာတ်ပုံတွေ၊  Dumbledoreရဲ့  ရုံးခန်း၊  ဟော့ဝပ်ကျောင်းရဲ့ အထင်ရှားဆုံး ဂရစ်ဖင်ဒေါ (Gryffindor) အသင်းရဲ့  စုပေါင်းနားနေခန်းတွေကို လေ့လာခွင့်ရမှာပါ။မိစ္ဆာအတတ်ကို ကာကွယ်တဲ့အတတ်ကို သင်ပေးတဲ့ စာသင်ခန်းမှာ ဟယ်ရီတို့ သူငယ်ချင်း၃ရောက်နဲ့ စကားပြောပြီးရင်တော့ "Room of Requirements" လို့ခေါ်တဲ့ အခန်းထဲကနေပြီး  ဟော့ဝပ်ရဲတိုက်ကြီး၊ "Forbidden Forest" နဲ့ "Quidditch ကစားကွင်း" တွေကို ရိုလာကိုစတာ စီးပြီး သွားလည်လို့ရပါပြီ။ 


စကားပြောတဲ့ ပန်းချီကားများ 
 ကျောင်းအုပ်ကြီးရုံးခန်း(ပုံကိုGoogle ကယူပါတယ်)


ဟယ်ရီပေါ်တာ ပရိတ်သတ်တွေက  ဟော့ဝပ်နဲ့ ရင်းနှီးပြီး သား ဆိုတော့  ဟော့ဝပ်ကျောင်း ရဲ့အသင်း၎သင်း အကြောင်း၊ Room of Requirements၊ Forbidden Forest နဲ့Quidditch ကစားနည်းတွေကို သိပြီးသားဖြစ်မှာပါ။ ဟယ်ရီပေါ်တာနဲ့ သိပ်မနီးစပ်တဲ့သူတွေအတွက် ဒီမှာနည်းနည်းရှင်းပြချင်ပါတယ်။

 ဟော့ဝပ်ကျောင်းမှာအသင်းလေးသင်းရှိပါတယ်။ ကျမတို့ငယ်ငယ်က အထက်တန်းကျောင်းမှာ အဝါအသင်း၊ အစိမ်းအသင်းဆိုပြီးရှိသလိုပါပဲ။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာနေတဲ့တလျှောက် ကိုယ့်အသင်း နဲ့အတူတူအိပ်ရ၊စားရ၊စာသင်ရပါတယ်။ တခုပဲထူးခြားတာက အသင်းခွဲနည်းပါ။ ပထမနှစ်ကျောင်းသားလေးတွေကို Sorting Headလို့ခေါ်တဲ့ မှော်ဦးထုပ်ချွန်ကြီးဆောင်းပေးပြီး စစ်ဆေးပါတယ်။ ဦးထုပ်ကြီးက ကျောင်းသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ညဏ်ပညာအပေါ်မူတည်ပြီး ရဲရင့်တဲ့သူတွေဆို ဂရစ်ဖင်ဒေါ (Gryffindor) ၊ လုံ့လဝီရိယရှိပြီး သစ္စာစောင့်သိတဲ့သူမျိုးဆို ဟတ်ဖယ်ပတ် (Hufflepuff)၊ ညဏ်ပညာကြီးပြီး လေ့လာချင်စိတ်ပြင်းပြတဲ့သူမျိုးဆို ရေဗင်ကလော (Ravenclaw) နဲ့ ပါးနပ်သလောက် ရည်မှန်းချက်ကြီးမားပြီး လိုချင်တာကိုမဖြစ်ဖြစ်အောင် ရတဲ့နည်းနဲ့ယူတတ်တဲ့ သူမျိုးအတွက် စလီသရင် (Slytherin) စသည်ဖြင့်အသီးသီးခွဲပေးပါတယ်။  



Room of Requirements ကတော့  ဟော့ဝပ်ရဲတိုက်ကြီးမှာရှိတဲ့အခန်းတခန်းပါ။ တကယ်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့သူအရှေ့ပေါ်လာတတ်ပါတယ်။ အခန်းအနေအထား အပြင်အဆင်၊ အခန်းတွင်း ပရိဘောဂတွေကလဲ လိုအပ်မှုပေါ်မှာမူတည်ပြီးအပြောင်းအလဲရှိပါတယ်။ ဥပမာ - ပစ္စည်းတွေဝှက်ချင်တဲ့ သူမျိုးအတွက် ဗီဒိုတွေ၊ မိစ္ဆာရန်ကိုကာကွယ်တဲ့အတတ်လေ့ကျင့်ဖို့အတွက် ခန်းမကျယ်ကျယ်တွေ၊ မိန်းကလေးတွေအတွက် အိမ်သာတွေစသဖြင့်ပေါ့။ ဒါကြောင့် ကျမတို့ အင်မတန် သွားလည် ချင်နေတဲ့ ဟော့ဝပ်ရဲတိုက် ကြီး နဲ့ ကျောင်းပတ်ဝင်းကျင်ကို သွားဖို့ ရိုလာကိုစတာကလဲ ဒီRoom of Requirementsထဲမှာ ရှိတာပါ။  


Forbidden Forestကတော့ ပထမနှစ်ကျောင်းသားတွေအတွက် မသွားရနယ်မြေဆိုပါတော့။ Forbidden Forestထဲမှာ ဧရာမပင့်ကူကြီးတွေ၊ ဂျိုတချောင်းနဲ့ မြင်းပျံတွေ၊ လူတပိုင်း မြင်းတပိုင်းတွေစသည်ဖြင့် အသိဉာဏ်မြင့်သောသတ္တဝါတွေအများအပြားရှိပါတယ်။ တောထဲက သတ္တဝါတွေနဲ့ ရင်းနီးပြီး သူတို့ ကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ ကျွမ်းကျင်တဲ့ ကျောင်းစောင့်ကြီး ဟက်ဂရစ်ကလွဲရင် သွားလည်ဖို့အန္တရာယ်များပါတယ်။ 

Quidditch တော့ မှော်ဆရာတွေရဲ့  လူကြိုက်အများဆုံးအထင်ရှားဆုံး ကစားနည်းတခုပါ။ ကျမ တို့ ရဲ့ ဘောလုံးကစားနည်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မှော်ဆရာတွေက တံမြက်စည်းပျံစီးတတ်တာဆိုတော့ ဂိုးတိုင်တွေကတော့ ဘောလုံးလို မြေပြင်မှာမဟုတ်ပဲ လေထဲမှာပါ။ ပြီးတော့ ဘောလုံး တလုံးထဲနဲ့ ကစား တာမဟုတ်ပဲ ဘောလုံး၃လုံး နဲ့ တောင်ပံပါတဲ့ ရွှေဘောလုံးခပ်သေးသေးတလုံး (Golden Snitch) ပါပါတယ်။ အားကစားသမားတွေက ကွာဖယ် (Quaffle) လို့ခေါ်တဲ့ ဘောလုံးကို သယ်ပြီး တဖက်အသင်းရဲ့  ဂိုးပေါက်ထဲ ဂိုးသွင်းဖို့ကြိုးစားရသလို၊ ဘလတ်ဂျာ (Bludger) လို့ခေါ် တဲ့ ပြုစား ထား တဲ့ ဘောလုံးနှစ် လုံးနဲ့ မထိခိုက် မိအောင်ရှောင်ရပါတယ်။ ကိုယ့်အသင်းရဲ့  Seekerက  ရွှေဘောလုံးလေးကိုရှာတွေ့ရင်တော့ အမှတ်၃၅၀ရပြီး ပြိုင်ပွဲမှာအနိုင်ရမှာဖြစ်ပါတယ်။  

ဒါကQuidditchကစားတဲ့ ဘောလုံးတွေပါ။ အဖုံးမှာကပ်ထားတာလေးက တောင်ပံပါပြီး အင်မတန်မြန် တဲ့ ရွှေဘောလုံးလေးပါ။ အနီရောင်အကြီးက ကွာဖယ်ဖြစ်ပြီး အညိုရောင်နှစ်လုံးက ဘလတ်ဂျာပါ။
(ပုံကိုGoogle ကယူပါတယ်)


 
ကျမအနေနဲ့ကတော့ ဟယ်ရီပေါ်တာ theme park ကြီးတခုလုံးမှာဒီ Forbidden Journey Ride ကိုအကြိုက်ဆုံးပါပဲ။ ရိုလာကိုစတာစီးချိန်ကလဲ မကြာဘူးဆို ၂ မိနစ်ကျော်ကျော်လောက်ကြာ တဲ့အပြင် စောင့်ရ တဲ့နေရာကလဲ ရဲတိုက်ကြီးထဲမှာဖြစ်တဲ့အတွက် နေလဲမပူ၊ ကြည့်စရာတွေ အပြည့်နဲ့ဆိုတော့ ပျော်စရာကြီးပါ။ လုံခြုံရေးအတွက် အထဲကို ဘာအိတ်မှသယ်ခွင့်မပေးတော့ ဓာတ်ပုံကောင်းကောင်းရိုက်ခွင့်မရတာလေး တခုပါပဲ။ ရိုလာကိုစတာမစီးပဲ ဟော့ဝပ်ရဲတိုက်ကြီးကိုပဲသက်သက်လည်မယ်ဆိုရင်တော့ အိတ်ယူခွင့်ရမယ်ထင်ပါတယ်။


Island of Adventure ဟယ်ရီပေါ်တာ theme parkမှာ Forbidden Journey Ride  အပြင် Dragon Challenge နဲ့ Flight of the Hippogriff လို့ခေါ်တဲ့ ရိုလာကိုစတာတွေလဲရှိပါတယ်။ Hogsmeade နဲ့  ဟော့ဝပ်မှာ လည်လို့ဝပြီဆိုရင်တော့ Hogsmeade ဘူတာရုံကနေပြီး လန်ဒန် King Cross မှတ်တိုင် ကို ဟော့ဝပ် ရထားကြီးပြန်စီးပြီး ပြန်လို့ရပါပြီ။

ကျမခရီးကပြန်ရောက်တဲ့အခါ လုပ်ဖော်ကိုင်ဘက်တွေက ခရီးစဉ်အကြောင်းမေးရင်းနဲ့ "နင် ဟယ်ရီပေါ်တာ theme park ကိုထပ်သွားခွင့်ရရင် သွားချင်သေးလားလို့" မေးပါတယ်။ ကျမအတွက်ကတော့ ကိုယ် ဖတ်ဖူး၊  မြင်ဖူးတာတွေကို မျက်ဝါးထင်ထင်  တွေ့ကြုံခံစားခွင့်ရတာလောက် စိတ်လှုပ်ရှား စရာကောင်း တာမရှိပါဘူး။  Universal Studios Florida နဲ့ Islands of Adventureဆိုပြီး parkနှစ်ခုဖွင့်ထားတာတောင် စာအုပ်ထဲက စိတ်ဝင်စားစရာနေရာတွေ အများကြီးကျန်ပါသေးတယ်။ ယူနီဗာဆယ်အနေနဲ့ ဟယ်ရီပေါ်တာ theme park ကိုထပ်ပြီးတိုးချဲ့မယ်ဆိုရင် ပရိတ်သတ်တယောက်အနေနဲ့ သွားလည်ဖို့ကြိုးစား အုံး မှာ ပါ။  နေရာ အခက်အ ခဲကြောင့် ထပ်ပြီး မတိုးချဲ့တော့ဘူးဆိုရင်တောင် အင်္ဂလန် နိုင်ငံက တကယ့် မှော်ကမ္ဘာ ထဲရောက်နေသလိုဖြစ်အောင် ၅နှစ် ၆နှစ်လောက်အချိန်ယူပြီး ဖန်တီးထားတဲ့ The wizarding world of Harry Potter ကိုထပ်သွားလည်ချင်ပါသေးတယ်။

ကျမနဲ့တူတူ ခရီးစဉ်အစကနေအဆုံးလိုက်လည်တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, 30 September 2014

ထောင့်ဖြတ်လမ်းကြား နဲ့ Gringottsဘဏ်တိုက်

 ကျမနဲ့ ဟယ်ရီပေါ်တာ

ပထမဦးဆုံးအနေနဲ့ ယူနီဗာဆယ် စတူဒီယိုက ထောင့်ဖြတ်လမ်းကြား (Diagon Alley) ကို အရင်သွားရအောင်ပါ။အင်္ဂလန် နိုင်ငံမှာရှိတဲ့  ဟော့ဝပ်မှော်အတတ်သင်ကျောင်း အတွက် လိုအပ်သမျှကို ထောင့်ဖြတ်လမ်းကြားမှာဝယ်လို့ရပါတယ်။ Leaky Cauldron လို့နာမည်ခပ်ဆန်းဆန်းပေးထားတဲ့ ဘား အနောက် ဘက်ခြမ်း ထဲမှာရှိ တဲ့ မှော်ပစ္စည်း အရောင်းဆိုင်တွေအကြောင်း မှော်ဆရာတွေက လွဲပြီးသာမန်လူတွေမသိနိုင်ပါဘူး။ Leaky Cauldronကနေ  ထောင့်ဖြတ်လမ်းကြားကိုသွားချင်ရင် ဘားရဲ့အတွင်းဘက် နံရံအုတ်ချပ်တွေကို မှော်ကြိမ်လုံးနဲ့တို့လိုက်တဲ့အခါမှ အုတ်ချပ်တွေရွေ့သွားပြီး  ထောင့်ဖြတ်လမ်းကြား ကိုဝင်တဲ့ တံခါးပေါက်တခုဖြစ်သွားပါတယ်။

ထောင့်ဖြတ်လမ်းကြား အဝင်ပေါက်။


Leaky Cauldron ဆိုင်အတွင်းပိုင်းအပြင်အဆင်။ (ဒီပုံကိုတော့ Official website ကယူပါတယ်။)

အစားအသောက် မီနူး။  (Leaky Cauldron မှာ အမေရိကန်Fast Foodတွေမရှိပဲ အင်္ဂလိပ်လူမျိုးတွေရဲ့ ရိုးရာအစားအစာတွေပဲရောင်းပါတယ်။ )
 ထောင့်ဖြတ်လမ်းကြားကို ပထမနှစ်ကျောင်းသားလေး ဟယ်ရီ ပထမဦးဆုံးအကြိမ်ရောက်သွားတုံးက "မျက်လုံးတွေ အများကြီးပါလာရင် ကောင်းမှာပဲ" လို့တွေးမိသလိုမျိုးပါပဲ။  ဆေး ကြိုတဲ့ သံဒယ်အိုးပုံကြီးတွေ၊ ကျောင်းသုံးစာအုပ်အရောင်းဆိုင်တွေ၊ ကျောင်းဝတ်စုံဆိုင်တွေနဲ့  ဖလော်ရီဒါရဲ့ ခပ်ပြင်းပြင်းနေရောင်အောက်မှာ Diagon Alley ကအသက်ဝင်လှပါတယ်။

ကျောင်းသုံးဖတ်စာအုပ် အရောင်းဆိုင် ပြတင်းပေါက်။

ကျောင်းဝတ်စုံဝယ်ဖို့  Madame Malkins ရဲ့  ဝတ်ရုံအမျိုးမျိုး အရောင်းဆိုင်။

ကမ္ဘာ့အမြန်ဆုံး Firebolt တံမြက်စည်းပျံ။

 မှော်ဆရာ၊ဆရာမ ဝတ်ရုံတွေဝတ်ထားတဲ့ ဝန်ထမ်းတွေအပြင်  ဟော့ဝပ်ကျောင်းဝတ်စုံ ဝတ်ရုံအမည်းအရှည်တွေဝတ်ထားတဲ့ လူကြီးလူငယ်တွေလဲမရှားလှပါဘူး။ လူတိုင်းနီးပါးရဲ့ လက်ထဲမှာတွေ့ရမှာကတော့ မှော်ကြိမ်လုံးလေးတွေပါ။ ထောင့်ဖြတ်လမ်းကြားရဲ့ သက်မှတ်ထားတဲ့နေရာတွေမှာ မှော်ပညာသုံးခွင့်ရှိပါတယ်။ မှော်ပညာကို အသုံးပြုဖို့ မှော်ကြိမ်လုံးလေးတွေလိုတာပေါ့လေ။
                                               (ဒီပုံကို Google ကယူပါတယ်။)

ဟယ်ရီလိုပဲ ဘာပစ္စည်းမှမဝယ်ခင် ကမ္ဘာ ပေါ်မှာ ဟော့ဝပ်ကျောင်းကြီးပြီးရင် အလုံခြုံဆုံးနေရာလို့ဆိုတဲ့ Goblinမှင်စာလေးတွေရှိတဲ့ Gringotts ကို အရင်သွားလည်ရအောင်ပါ။ Gringotts က Harry Potter Theme Parkရဲ့ နောက်ဆုံးဖွင့်တဲ့ လည်စရာနေရာတခုဖြစ်လို့ အရမ်းလူများပါတယ်။ ဘဏ်ထဲမှာ ဟယ်ရီ့လို ငွေထုတ်လို့မရပေမဲ့ ဟယ်ရီ၊ ရွန်၊ ဟာမီရွန်တို့နဲ့ 
တူတူ  မိစ္ဆာကြီး Voldemort နဲ့ Bellatrix Lestrange တို့ရဲ့ ကျိမ်စာရန်ကနေ ထွက်ပြေးလို့ရပါတယ်။   Gringotts ဘဏ်တိုက်ရဲ့ သံမဏိခန်းတွေကို လေ့လာရင်း၊ Goblinမှင်စာလေးတွေကိုအနီးကပ်နှုတ်ဆက်ရင်းပေါ့လေ။ Harry Potter and the Dealthy Hallows ဆိုတဲ့ရုပ်ရှင်ကို ကြည့်ဖူးရင် Gringottsဘဏ်တိုက်ထဲကဇာတ်ဝင်ခန်းလေးနဲ့ ရင်းနီးပြီးသားဖြစ်မှာပါ။ "Escape from Gringotts"လို့ ခေါ်ပါတယ်။ 

Gringottsဘဏ်တိုက်ရှေ့က ရွှေပုံပေါ်မှာရပ်နေတဲ့ Goblinမှင်စာရုပ်ပါ။

ချိတ်ထားတဲ့ ကြေငြာသင်ပုံးတွေ။

Gringottsဘဏ်ရဲ့ တည်နေရာ။  

ဘဏ်ထဲမှာ အလုပ်များနေတဲ့ Goblinလေးတွေ။  


ဘဏ်ထဲမှာသုံးတဲ့ လှည်းကလေး။


Gringottsဘဏ်တိုက်ပေါ်က နဂါးကြီး။

Diagon Alleyရဲ့  အတွင်းတနေရာမှာတော့ မိစ္ဆာ ပြုစားတဲ့အတတ် (Dark Magic/Dark Arts)ကို စိတ်ဝင်စားတဲ့သူတွေ ကျက်စားရာနေရာတခုရှိပါတယ်။

Knockturn Alleyက လူတွေပြည့်ကျပ်စည်ကားမနေပဲ လမ်းကျဉ်းကျဉ်း မှောင်မှောင်လေးတွေကြားထဲက ဖြတ်သွားမှရောက်ပါတယ်။ Knockturn Alleyမှာ ထင်ရှားတဲ့ဆိုင်ကတော့  Borgin and Burkes လို့ခေါ်တဲ့ စုန်း၊ကဝေ၊မိစ္ဆာအတတ်တွေနဲ့ ပြုစားထားတဲ့ အရာဝတ္ထုတွေ ကျိန်စာသင့်နေတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်ပါ။



လှတယ် ဆိုပြီးသွားမထိနဲ့နော်။မက်ဂယ် ( မှော်ဆရာအသိုင်းအဝိုင်းက မှော်ပညာမတတ်တဲ့သူတွေကို မက်ဂယ် - Muggle လို့ခေါ်ပါတယ်)  ၁၉ ယောက်သေခဲ့တယ်ဆိုတော့ ကျိန်စာသင့်ဆွဲကြိုး။
ဝီစလီအမွှာ၂ယောက်ပိုင်တဲ့ ကစားစရာပစ္စည်းတွေရောင်းတဲ့ဆိုင်(Joke Shop)က ထောင့်ဖြတ်လမ်းကြားထဲမှာအထင်ရှားဆုံးပါပဲ။ 


ဖရက်နဲ့ ဂျော့တို့က ဟယ်ရီ မှော်ကျောင်းသုံးကျောင်းရဲ့ သုံးပွင့်ဆိုင် မှော်ပညာပြိုင်ပွဲမှာ အနိုင်ရတဲ့ငွေနဲ့အရင်းအနီးပြုပြီး သူတို့ရဲ့ဆိုင်ကို ထောင့်ဖြတ်လမ်းကြားမှာဖွင့်ခဲ့တာပါ။ သူတို့နှစ်ယောက်က အင်မတန်ပျော်ပျော်နေတတ်တဲ့ လူရွှတ်,၊ လူနောက်ကလေးတွေဖြစ်တဲ့အလျှောက် သူတို့တီထွင်လိုက်တဲ့ ပစ္စည်းတွေကလဲ ရွှတ်နောက်နောက်နဲ့ ချစ်စရာလေးတွေပါ။

ဥပမာ - ဝမ်းသွားချင်ရက်နဲ့ ဝမ်းပိတ်နေတဲ့သူတယောက်လို ခံစားမှူမျိုးပေးတဲ့ "U-No-Poo" ကိုကြေငြာထားပုံက
 

"WHY ARE YOU WORRYING ABOUT YOU-KNOW-WHO?
YOU SHOULD BE WORRYING ABOUT U-NO-POO
THE CONSTIPATION SENSATION THAT'S GRIPPING THE NATION!"




စုန်းမိစ္ဆာကြီး Voldemortကို နှိမ်နှင်းရေးဆွေးနွေးပွဲကို ခိုးနားထောင်ဖို့ သုံးခဲ့ဘူးတဲ့ Extenable Ear

အမွှာညီနောင်ရဲ့ ထင်ရှားတဲ့သင်္ကေတ မီးရှူးမီးပန်းတွေ။ သူတို့တီထွင်လိုက်တဲ့ မီးရှူးမီးပန်းတွေက ဖောက်ပြီးတဲ့အခါ လနဲ့ချီကြာအောင် အသံမရပ်၊ မီးမငြိမ်းအောင် ဖန်တီးထားတယ်လို့ စာအုပ်ထဲမှာရေးထားပါတယ်။ ခုလို သီတင်းကျွတ်အချိန်ဆိုအတော်ပဲနော်။

Puking Pastilles က  စာသင်ချိန် အတန်းလစ်ဖို့ ခပ်ဆိုးဆိုးကောင်လေး ဖရက်နဲ့ ဂျော့ရဲ့ နောက်ထပ် တီထွင်မှူတမျိုးပါ။ သကြားလုံးရဲ့ လမ္မော်ရောင် အခြမ်းကိုစားရင် အန်မယ်။ ခရမ်းရောင်အခြမ်းကိုစားရင်တော့ အအန်ရပ်ပြီး ချက်ခြင်းပြန်နေကောင်းသွားမှာဆိုတော့ ဆေးခွင့်ယူဖို့ အဆင်အပြေဆုံးပေါ့။ 


ဒီလောက်ဆို ဟော့ဝပ်ကိုသွားဖို့လိုတဲ့ပစ္စည်းတွေလဲဝယ်လို့ စုံပြီဆိုတော့ နောက်တခေါက်ကြရင် လန်ဒန် King Crossဘူတာရုံကနေ  ဟော့ဝပ်ရထားကြီးစီးပြီး ခရီးထွက်ကြရအောင်ပါ။

King Cross ဘူတာရုံ၊ ပလက်ဖောင်း ၉-၃/၄ နဲ့ ဟော့ဝပ်မှော်အတတ်သင်ကျောင်း

Sunday, 28 September 2014

ကျမနဲ့ ဟယ်ရီပေါ်တာ

ကျမကို ပထမဦးဆုံး "ဟယ်ရီပေါ်တာ"နဲ့ မိတ်ဆက်ပေးတာ ကျမမေမေပါ။   မှော်လောကမှာ နာမည်တောင်မပြောရဲအောင် ကြောက်ရတဲ့ မှော်ဆရာ မိစ္ဆာကြီး Voldemort ကို နှိမ်နှင်း နိုင်ခဲ့တဲ့ မိဘမဲ့ကောင်လေး ဟယ်ရီ နဲ့ သူငယ်ချင်းတစုရဲ့ စွန့်စားခန်းတွေအကြောင်းရေးထားတဲ့ စာရေးဆရာမ  JK Rowling ရဲ့ စာအုပ်တွေပေါ့။

JK Rowling ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ "Harry Potter and The Philosopher's Stone" ကို ၁၉၉၈မှာထုတ်ဝေခဲ့ပေမဲ့ ကျမစဖတ်ခဲ့တဲ့စာအုပ်က ဆရာမင်းခိုက်စိုးစန် ဘာသာပြန်တဲ့ စာအုပ်ပါ။ ၂၀၀၁/၂၀၀၂ လောက်ဖြစ်မယ်ထင်ပါတယ်။ ငယ်ငယ်ကတည်းက ဒစ်စနေရုပ်ရှင်တွေကို အသဲစွဲကြိုက်တဲ့ ကျမက စုန်းဆိုရင် စနိုးဝှိုက်နဲ့ အော်ရိုရာ မင်းသမီးလေးတွေကို ကျိန်စာတိုက်တဲ့ စုန်းမကြီးတွေကိုပဲ မြင်ပြီးစိတ်မဝင်စားလှပါဘူး။ မာမီက "သမီးရယ် .. ဒီစာအုပ်က သမီးကြိုက်တဲ့ ဆရာမင်းခိုက်စိုးစန် ဘာသာပြန်တဲ့ စာအုပ်။ နိုင်ငံခြားမှာလဲ တော်တော် နာမည်ကြီးတယ်ပြောတယ်။  ဖတ်ကြည့်စမ်းပါအုံး။" လို့တိုက်တွန်းလို့ ဖတ်ကြည့်ရင်းက လက်ကမချနိုင်ဖြစ်ခဲ့တာပါ။

ပထမဦးဆုံးစာအုပ် (ဆရာမင်းခိုက်စိုးစန် ဘာသာပြန်တဲ့ စာအုပ်) ဖတ်ပြီးပြီးချင်း ကျမအမေကိုသွားမေးတဲ့ မေးခွန်းက " သမီးအသက်  ၁၁နှစ်လောက်တုန်းက အိမ်ကို ဇီးကွက်နဲ့ စာတွေဘာတွေလာသလား?" ဆိုတာပါ။ မေးမေးချင်း မာမီက စာအုပ်မဖတ်ရသေးတော့ ကြောင်သွားတာပေါ့။ နောက်မှ စာအုပ်ဖတ်ကြည့်ပြီး  ဟော့ဝပ်ဆိုတဲ့ မှော်ပညာသင်ကျောင်းကနေ စုန်းအတတ်နဲ့ မှော်ပညာတွေကိုသင်ကြားခွင့်ရကြောင်း အကြောင်းကြားစာတွေ အသက်၁၁နှစ် ပြည့်တဲ့ မှော်ဆရာ၊ မှော်ဆရာမလေးတွေကို ဇီးကွက်နဲ့ ပို့တယ်ဆိုတာသိပြီး ရီလိုက်တာလေ။ ကျမအတွက်တော့ အဲဒီ အချိန်မှာ အဓိပ္ပယ်ရှိတာ၊မရှိတာထပ်ကို စာအုပ်ထဲမှာပါတဲ့  ဟော့ဝပ်ကျောင်းကြီးကိုသွားကြည့်ချင်တာပါ။

စာရေးဆရာမJK Rowlingကလည်း သူ့ဆီကို  ဟော့ဝပ်ကျောင်းတက်ချင်တဲ့အကြောင်း သူ့ပရိတ်သက်တွေဆီကစာတွေလာကြောင်း အင်တာဗျူးတခုမှာဖြေသွားတာဆိုတော့ စာအုပ်ဖတ်ပြီး ဒီလိုရူးတာကျမတယောက်ထဲတော့ဟုတ်ဟန်မတူပါဘူး။စားစရာတွေ အပြည့်ပေါ်ပေါ်လာတတ်တဲ့ ထမင်းစားပွဲကြီးတွေ၊ ရွေ့နေတဲ့လှေကားတွေနဲ့ စကားပြောတဲ့ ပန်းချီဓာတ်ပုံတွေကို ဘယ်သူမမြင်ဘူးချင်ပဲရှိပါ့မလဲနော်။   လန်ဒန်မြို့ တနေရာမှာရှိနေမဲ့ Diagon Alley ရယ်၊ ဟော့ဝပ်ရထားရပ်တဲ့ King Cross ဘူတာရုံ ပလက်ဖောင်း ၉- ၃/၄ရယ်ကလဲ စိတ်ဝင်စားစရာ ။ ပြီးတော့ Goblin လို့ခေါ်တဲ့ အရပ်ပုပု မှင်စာလေးတွေပိုင်တဲ့ Gringotts ဆိုတဲ့ ဘဏ်မှာ ပိုက်ဆံထုတ်ရပုံကလဲ ကျမတို့သိသလို ဘဏ်စာအုပ်နဲ့ ကောင်တာမှာ ထုတ်ရတာမျိုးမဟုတ်ပြန်ဘူးလေ။

ဟယ်ရီပေါ်တာရုပ်ရှင်တွေလဲ ထွက်ပြီးသားဆိုတော့ စာအုပ်ကိုမဖတ်ဘူးတောင် ဇာတ်လမ်းကိုတော့ လူတိုင်းသိပြီးသားဖြစ်မှာမို့လို့ ဇာတ်လမ်းကို အကျယ်ချဲ့ပြီး မရေးချင်တော့ပါဘူး။ ဟယ်ရီပေါ်တာစာအုပ်တွေက ကမ္ဘာတဝှမ်းမှာ မီလျံ ၄၀၀ကျော် ရောင်းချခဲ့ရသလို ရုပ်ရှင်ရိုက်တော့လဲ အောင်မြင်ခဲ့တာကြောင့် ၂၀၀၇ ခုနှစ်မှာ Universal studio နဲ့Warner Bros ကုမ္ပဏီတို့ပေါင်းပြီး ပထမဦးဆုံး The Wizarding World of Harry Potter Theme Park ကို ၂၀၁၀ ဇွန်လ မှာ အမေရိကား ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က  Islands of Adventure မှာ စဖွင့်ခဲ့ပါတယ်။ ပထမဆုံးဖွင့်တဲ့ Harry Potter Theme Park မှာ အဓိကအနေနဲ့  ဟော့ဝပ်ကျောင်းကြီးရယ် (Rollar Coaster Rides) ၊  Hogsmeadeဆိုတဲ့ မှော်ဆရာ ရွာကလေးမှာ ထင်ရှားတဲ့ တံမြက်စည်းပျံ သုံးချောင်း ( Three Broomsticks) စားသောက်ဆိုင်၊ Honeydukes လို့ခေါ်တဲ့ သကြားလုံးရောင်းတဲ့ဆိုင်နဲ့  ollivander မှော်ကြိမ်လုံးရောင်းတဲ့ဆိုင်အပြင် တခြားလက်ဆောင် ပစည်းဆိုင်အများအပြားရှိပါတယ်။ ဒီနှစ် ဇူလိုင်လမှာတော့ Harry Potter Theme Parkကို ထပ်ပြီးတိုးချဲ့တဲ့အနေနဲ့ Diagon Alley  နဲ့   King Cross ဘူတာရုံ ကို Universal Studios Florida မှာထပ်ဖွင့်လိုက်ပါတယ်။ ဒါ့အပြင် တကယ်လူစီးလို့ရတဲ့ ဟော့ဝပ်ရထားနဲ့ King Cross ဘူတာရုံ ကနေ Hogsmeadeဘူတာကို သွားနိုင်ပါတယ်။ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ 

Harry Potter Theme Park အကြောင်းဖတ်ရင်း သဘောတွေကျနေခဲ့ရာကနေ တကယ်လဲ အမေရိကကိုသွားလည်ဖြစ်တော့ ချီကာဂိုကနေ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က Universal Studios Florida နဲ့ Islands of Adventure က မှော်အသိုင်းအဝိုင်းလေးထဲကို မရောက် ရောက်အောင်သွားလည်ဖြစ်ခဲ့ပါတယ်။ ကျမနဲ့ တူတူနောက်ထပ်ပို့စ်တွေမှာ စုန်းအတတ်တွေနဲ့ပြုစားထားတဲ့ မှော်ကမ္ဘာ ထဲကိုလိုက်လည်ပါအုံးနော်။









Monday, 22 September 2014

ခရီးသွားနောက်ဆက်တွဲနဲ့ BPP Challenge

စာရေးချင်နေတုန်း အမစုချစ်သူက BPP Challenge မှာတတ် လာတဲ့အတွက် အတော်ဖြစ်သွားပါတယ်။ ခရီးကပြန်ရောက်ရောက်ချင်းဆိုတော့ခရီးနဲ့ ပတ်သက်တာတွေပဲ ရေးဖြစ်နေမှာကိုတော့ နားလည်ပေးကြပါအုံးနော်။


ကိုယ်တိုင်စိတ်တိုင်းကျစီစဉ်ပြီး သွားခဲ့တဲ့ခရီးတလျှောက် ကြုံရတဲ့အခက်အခဲနဲနဲကို နောက်များခရီးထွက်တဲ့အခါ ကိုယ်တိုင်ပြန်သတိထားမိအောင်နဲ့ နှစ်ကုန်ခါနီး ခရီးဝေးသွားကြမဲ့သူတွေကိုလဲ မျှဝေချင်တာပါ။


ကျမခရီးသွားတဲ့အခါ ခရက်ဒစ်ကာဒ်(credit) တခု၊ ဒက်ဘစ် (debit) ကာဒ်လို့ ခေါ်တဲ့ ကိုယ့်ဘဏ်ထဲမှာ ငွေရှိမှသုံးလို့ရ တဲ့ ကာဒ်တခု၊ငွေအနည်းငယ်ကလွဲရင်  ဘာမှယူမသွားဖြစ်ပါဘူး။ ခရက်ဒစ်ကာဒ်တခုထဲကိုသုံးပြီး ဟိုတယ်၊ လေယာဉ်လက်မှတ် နဲ့ တခြား ကြိုတင်ဝယ်ထားရမဲ့ လက်မှတ်တွေကို ဝယ်ပါတယ်။ ဒီတော့  ကာဒ်တွေအများကြီးသယ်စရာမလိုလို့ ပျောက်မှာပြုမှာလဲမပူရဘူးပေါ့လေ။ ဒီနေရာမှာ ကျမကြုံရတဲ့ ပြသနာကိုပြောပြပါအုံးမယ်။ ခရီးမထွက်ခင် ဘဏ်ကိုသွားပြီး တခြားနိုင်ငံမှာ ကာဒ်သုံးဖို့သွားဖွင့်ပါတယ်။ (အရင်တုန်းကတော့ ဒီလိုလုပ်စရာမလိုပါဘူး။ ခုမှ လုံခြုံရေးထပ်တိုးတဲ့အနေနဲ့ ဘဏ်ကို နိုင်ငံရပ်ခြားမှာ ကာဒ်သုံးမဲ့အကြောင်းအကြောင်းကြားရတဲ့သဘောပါ။ အလုပ်နဲနဲပိုပေမဲ့ ကျမကတော့သဘောကျပါတယ်။) သွားဖွင့်ရင်းနဲ့ ကျမကာဒ်ကလေးက ဟောင်းနေတော့ သူများနိုင်ငံမှာသုံးရင်း ကာဒ်က မက်ဂနက်တွေအလုပ်မလုပ်ရင်လို့ တွေးပူပြီး ကာဒ်အသစ်ကလေးလဲခဲ့ပါတယ်။ ကာဒ်အသစ်ကလေးရလို့ပျော်ပြီး ကာဒ်ပေါ်က နံပတ်တွေပြောင်းသွားတာ လုံးလုံးသတိမရပဲ ပထမဆုံးတည်းမဲ့ ဟိုတယ်ကို ညဘက်ကြီးရောက်သွားတော့မှ သိပါတော့တယ်။ နေမဲ့ဟိုတယ်ကို Booking.comကနေ သေသေချာချာ ကြိုဘွတ်ကင်လုပ်ထားတာ ဆိုတော့ မပူဘူးပေါ့လေ။ ကိုယ့်အတွက်အခန်းက သေချာပြီးသားကို။ ခရက်ဒစ်ကာဒ်နံပတ်ပေးထားပြီးသားမှတ်လား။

 ဟိုတယ် ရက်ဆက်ရှင်ရောက်မှ " ငါတို့ checkတာ မင်းရဲ့ကာဒ်က Decline ဖြစ်နေပါတယ်။ သုံးလို့မရပါဘူး။" ဆိုတော့ရင်ထဲမှာ ထူပူသွားတာပဲ။

 "....ဒါပေမဲ့ မပူပါနဲ့။  ငါတို့မှာ သုံးယောက်ခန်းရှိပါသေးတယ်။ " အမလေးလေး တော်သေးတာပေါ့။ ဒီအချိန်ကြီးမှ booking cancel ဆိုရင် ဘယ်မှာသွားနေရမှန်းမသိ။ ဈေးကလဲ ပိုပေးချင်ပေးရအုံးမယ်။ ဟိုတယ်ကသဘောကောင်းပေလို့။ အဲဒီအချိန်ထိ ဘာလို့ ကျမကာဒ်ကသုံးမရလဲမသိသေးပါဘူး။ စိတ်ထဲမှာ ဒီကာဒ်နဲ့ဘဲ ဒီbookingကိုလုပ်တာပဲပေါ့။ ဘဏ်လဲ တူတူပဲလေ။ အကောင့်ကလဲအတူတူ။ ပြီးမှ နံပတ်ကွဲတာကို သတိထားမိလို့ အဲဒီကာဒ်နဲ့ booking လုပ်ထားတဲ့ ဟိုတယ်မှန်သမျှကို ဖုံးခေါ်ပြီး နံပတ်အသစ်နဲ့ ပြန် confirm လုပ်ရတယ်။ ဟိုတယ်တွေအားလုံးကလဲ မင်းရဲ့ကာဒ်ကDecline ဖြစ်နေတာ.. မင်းကို ပြန် confirm လုပ်ဖို့ အီးမေးပို့ထားပါတယ် ဆိုတာကြီးပါပဲ။


ငွေသားအရေးတကြီးလိုတဲ့အခါ ထုပ်သုံးဖို့အတွက် ငွေထုပ်စက်(ATM - automated teller machine ) ဘယ်မှာရှိလဲ ဆိုတာလဲ စုံစမ်းထားသင့်ပါတယ်။ ခရီးမသွားခင်ဘဏ်ကို ဖုံးဆက်မေးတဲ့အခါ ဘဏ်ကဘယ်လိုငွေထုတ်စက်မျိုးမှာ ငွေထုတ်လို့ရကြောင်းနဲ့တခါထုတ်ရင် ငွေ၅ဒေါ်လာ ပေးရမယ်လို့ပြောပါတယ်။ အင်တာနက်မှာရှာလိုက်တော့ နေမဲ့နေရာနားမှာ ATM တလုံး နီးနီးနားနားလဲရှိပြန် ငွေသားများများလဲ မသယ်ချင်ဆိုတော့ ဟုတ်ပြီပေါ့။ ဟိုရောက်မှပဲ တခါထဲအပြီး ၅ဒေါ်လာ ပေးပြီးထုတ်လိုက်တော့မယ်ပေါ့။  တကယ်တမ်း သွားပြီးပိုက်ဆံထုတ်တဲ့အခါ တခါထုတ်၂၀၀ပဲ ထုတ်လို့ရပါတယ်။ ဒီတော့ ၅၀၀ထုတ်ချင်ရင် ၃၀ဒေါ်လာအပိုပေးရပါမယ်။ ဒီပိုက်ဆံက ဘဏ်ကယူတဲ့ အိတ်ချိန်းရိတ် (exchange rate) အပြင်ထပ်ပေးရတဲ့ ပိုက်ဆံပါ။ ကျမကိုယ့်ဘာကိုယ် အကြံပိုင်လှပြီအထင်နဲ့ဟုတ်နေတာ ATM စက်ရှေ့ရောက်မှ ငါဒါတွေကို သေသေချာချာမစုံစမ်းခဲ့လေချင်းလို့ နောင်တရပါတယ်။


Free & Easy သွားကြမဲ့သူတွေအတွက် နောက်တခုအရေးကြီးတာက လမ်းပေါ်မှာကြာမဲ့အချိန်ကိုပိုပိုသာသာ ကြိုတွက်ထားဖို့ပါ။ ဘယ်နေရာ ဘယ်ကနေပြီး ဘယ်လိုသွားမယ် ဘယ်လောက်ပဲနေမယ် ဆိုပြီး ဘယ်လောက်ပဲကြိုစီစဉ်၊စီစဉ် ထင်ထားတာထက်ကို နှစ်နာရီလောက် အသာလေးပိုကြာပါတယ်။ road trip သွားကြမယ်ဆိုရင်တောင် ဆီဖြည့်ဖို့ရပ်တာတွေ၊  အပေါ့အပါးကိစ္စအတွက်ရပ်တာတွေအပြင် တနေရာနဲ့တနေရာ မောင်းခွင့်သက်မှတ်ထားတဲ့ မိုင်အရေအတွက်မတူတာမို့လို့ လမ်းပေါ်မှာကြာမဲ့အချိန်ကိုပိုပိုသာသာ တွက်သင့်ပါတယ်။ ဒါမှ လမ်းတဝက်မှာ ညအိပ်ဖို့လိုရင် ဟိုတယ်တွေ၊  စားစရာတွေ ကြိုစီစဉ်နိုင်အောင်လို့ပါ။ ပြီးခဲ့တဲ့ခရီးမှာ အလွန်ဆုံး၉နာရီပဲ ကြာမယ်လို့တွက်ထားတဲ့ခရီး ဘယ်မှာမှ ကြာကြာမနား၊ မရပ်ပဲနဲ့ ၁၂နာရီကြာခဲ့တာမို့ ည၉နာရီကျော်အထိ ညစာမစားရပဲ ကားပေါ်မှာ ဗိုက်ဆာခဲ့ရတာအမှတ်တရပါပဲ။


ကျမလို ဗိုက်ဆာတတ်တဲ့သူများအဖို့ ခရီးထွက်ရင် မနက်စာကိုကောင်းကောင်းစားကြဖို့လဲ ဆရာလုပ်ချင်ပါတယ်။ ဟိုတယ်က မနက်စာပါရင်တော့အကောင်းဆုံးပေါ့။ မပါရင်လဲ အချိန်ယူပြီးမနက်စာကိုတနေရာမှာ စားဖို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဟိုနေရာသွား ဒီနေရာလည်နဲ့ နေ့လည်စာကမသေချာလို့ပါ။ အထူးသဖြင့် စင်ကာပူမှာသွားလေရာနေရာ အစားအသောက်နဲ့ ဝယ်ဖို့ခြမ်းဖို့အဆင်ပြေတဲ့နေရာမျိုးက လာတဲ့ကျမအဖို့ စားဖို့သောက်ဖို့အရေးကို အစက ဒီလောက်တွေးမထားမိပါဘူး။မနက်စာဆို ကော်ဖီတခွက်၊  မုန့်တခုလောက်ပဲစားတတ်တာဆိုတော့ နေ့လည်၁၂နာရီ နေ့လည်စာစားချိန်ရောက်တဲ့အခါ ဗိုက်တွေကဆာ၊နီးနီးနားနားမှာ ကောင်းကောင်းစားဖို့ဆိုင်က မရှိ။ ရှေ့ပိုင်း တရက်၊ နှစ်ရက် ဗိုက်ဆာလွန်းတဲ့အခါ ကြုံရာ မုန့်တခုခု ဒါမှမဟုတ် ပေါင်မုန့်အသားညှပ်တချပ်နဲ့ ဗိုက်ဖြည့် ဆိုတော့ နောက်ပိုင်းရက်တွေမှာ မနက်စာကို သတိထားပြီးများများစားနိုင်သလောက်စားထားပြီး ညနေ ၃၊၄နာရီမှ နေ့လည်စာကို ကိုယ်စားချင်တဲ့နေရာမှာစားဖြစ်ပါတော့တယ်။


နောက်တခုက ခရီးဝေးဝေးသွားတဲ့သူတွေဖြစ်တတ်တဲ့ နေ့နဲ့ညမှားတတ်တဲ့ကိစ္စပါ။ ကိုယ်ပုံမှန် အိပ်ချိန်အိပ်လို့မရဘဲ လင်းလင်းထင်းထင်း နေ့လည်အချိန်ကြီးဖြစ်နေလို့ ပင်ပန်း၊ ကိုယ်နိုးနိုးကြားကြား လန်းလန်းဆန်းဆန်းဖြစ်တဲ့အချိန် ကိုယ်သွားတဲ့နိုင်ငံမှာ ဆိုင်တွေပိတ်တဲ့ အိပ်ချိန်ဖြစ်နေလို့ စိတ်တွေတိုမဖြစ်ရလေအောင် လေယာဉ်ပေါ်စတက်ကတည်းက နာရီကို သွားမဲ့နေရာရဲ့အချိန်နဲ့ကိုက်ထားပြီး အိပ်ချိန်ဆိုရအောင်အိပ်၊  နေ့လယ်ခင်းအချိန်တွေဆို  လေယာဉ်ပေါ်မှာ ရုပ်ရှင်တွေ တကားပြီးတကားထိုင်ကြည့်၊  မုန့်တွေစားပြီး မအိပ်သွားအောင်နေပါ။ ဒါဆို ခရီးအဆုံးရောက်တဲ့အခါ  နေ့နဲ့ညမှားတာ သက်သာပါတယ်။ တချို့တွေကတော့ ခရီးမသွားခင် ၂ရက်လောက်အလိုကတည်းကစပြီး အကျင့်လုပ်ကြပါတယ်။ Adora တို့လို အလုပ်တဖက်နဲ့ ကျင့်ဖို့အဆင်မပြေတဲ့ သူများကျတော့  လေယာဉ်ပေါ်မှာပဲ  နေ့နဲ့ညကို ပြောင်းယူရပါတယ်။


နောက်ဆုံးတခုအရေးကြီးလှတယ်မဟုတ်ပေမဲ့ ကိုယ်သွားမဲ့နေရာရဲ့ မိခင်ဘာသာစကားကို အနည်းငယ်ဖြစ်ဖြစ်တတ်ထားရင်ကောင်းပါတယ်။ ခုခေတ်ကြီးမှာ ကျောင်းတွေမှာလဲ မိခင်ဘာသာစကားအပြင် တခြားနှစ်သက်ရာဘာသာစကားတခုကို သင်ခွင့်ရနေပြီဆိုတော့ တကယ်လို့များ ကိုယ်က တခြားဘာသာတခုကို ကျွမ်းကျွမ်းကျင်ကျင်သိထားရင် လေ့ကျင့်ဖို့အကောင်းဆုံးအချိန်ပါပဲ။ ကျမတို့မြန်မာပြည်ကို လာလည်ကြတဲ့ အနောက်နိုင်ငံသားတွေ  မြန်မာလိုနှုတ်ဆက်တဲ့အခါ ကျမတို့သဘောကျသလိုပါပဲ။ တချို့ဥရောပနိုင်ငံတွေမှာဆို သွားရင်းလာရင်း အကူအညီလိုတဲ့အခါ သူတို့နိုင်ငံသားတွေကို အင်္ဂလိပ်လိုချည်းပဲ မေးတာထက် သူတို့ဘာသာစကားနဲ့ အရင်ကြိုးစားပြီး နှုတ်ဆက် စကားပြောတဲ့အခါ ပိုပြီးကူညီကြတယ်လို့ ကြားဘူးပါတယ်။ လောလောလတ်လတ်ပြန်လာတဲ့ ခရီးမှာတော့ ကျမရဲ့ ညီမတဝမ်းကွဲလေးက စပိန်ဘာသာစကားတတ်တာကြောင့် စပိန်ဘာသာစကားပြောတဲ့ ဆိုင်ရှင်တွေနဲ့တွေ့တိုင်းလေပေးတွေဖြောင့်ပြီးကျမတို့တွေ ဝယ်တဲ့ဆိုင်တိုင်း သူလက်ဆောင်တွေရပြီး အလုပ်ကိုဖြစ်လို့။


အခုတော့ဒီလောက်နဲ့ပဲ ဆရာလုပ်တာရပ်ပါရစေ။နောက်တခေါက်မှ ကိုညီလင်းသစ်တို့ အမသက်ဝေတို့လို ခရီးသွားမှတ်တမ်းတွေကို ဓာတ်ပုံတွေဝေဝေဆာဆာနဲ့ လှလှပပရေးတတ်အောင်ကြိုးစားပါအုံးမယ်။

မှတ်မှတ်ရရ တဂ်လာတဲ့ အမ စုချစ်သူကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောပါရစေ။

ခရီးထွက်မဲ့သူများ အားလုံးအဆင်ပြေကြပါစေရှင်။


BPP Challenge စည်းကမ်းအရ တဂ်ရမယ်ဆိုရင် ရသစာတွေအရေးကောင်းတဲ့ အမ မြတ်ပန်းနွယ်နဲ့ ရွှေအိမ်စည်ကို တဂ်ချင်ပါတယ်။ အမရှင်လေးရဲ့ စာတွေလဲဖတ်ချင်ပါတယ်။  ရေးပြီးသွားကြပြီလားတောင်မသိဘူးနော်။