Wednesday, 20 September 2017

တိုက်နံပတ် ၁၉၃က မိန်းမ

မတ်လလည်လောက်ကစပြီး သူမ အိမ်အသစ်ပြောင်းနေရတယ်။ အိမ်ဝယ်ဖို့အခွင့်မသာသေးသရွေ့အိမ်ပြောင်းရ၊ ရွှေ့ရ လုပ်ရတာတွေက သိပ်တော့မထူးဆန်း။ ဒီတခေါက် ပြောင်းတဲ့ နေရာက သူမ အရင်နေနေကျရပ်ကွက်နဲ့ ဆန့်ကျင်ဖက် မြို့အရှေ့ဘက်ခြမ်းမှာပါ။ အိမ်ရှင်အဖိုးကြီးကတော့ သူ့အိမ်ကို SOHO ဒီဇိုင်းတဲ့။ ကိုယ်ကလဲ ကြေငြာမှာ အဲဒါလေးတွေ့လို့ စိတ်ဝင်စားပြီးသွားကြည့်ခဲ့တာ။

SOHO( Small Office Home Office)  ဒီဇိုင်းဆိုတဲ့အိမ်က Shop House တခု ရဲ့အပေါ်မှာရှိတာပါ။ အိမ်ရှင်က အောက်ထပ်ကို Spa/Massage ဆိုင်ကိုငှါးထားတယ်။ အပေါ်ကိုရောက်ဖို့ ဆိုရင်ဆိုင်ဘေးနားက တံခါးလေးကို ဖွင့်ပြီး လှေခါး ၁၅ထစ်လောက်တတ်ရတာပေါ့။ သူမ ပြောင်းတဲ့အချိန်မှာ တခြားအခန်းဖော်တွေက အရင်ပြောင်းနှင့်ပီဆိုတော့ မိန်းမစီးဖိနပ်လေးတွေလဲ လှေကားအထစ်တိုင်းမှာတရံစီ စီစီရီရီချွတ်လို့ပေါ့။  လှေကားတထစ်မှာကတရံထပ်ပိုပြီးချွတ်ဖို့လဲအဆင်မပြေဘူးရယ်။  လှေကားကသိပ်မှမကျယ်ဘဲလေ။

အပေါ်ရောက်ရင် အရင်ဆုံးမြင်ရမှာ မီးဖိုချောင်တပိုင်းတစရယ်၊ ပြီးတော့ ဘယ်ဘက်အရှေ့မှာ ခြေတံရှည် ခုံ ၃လုံးနဲ့ သစ်သားစားပွဲတလုံးရှိတဲ့ living area ရယ်ရှိတယ်။ ပြောရရင်လေ တအိမ်လုံးမှာ သူမ မနှစ်သက်ဆုံးက ဒီနေရာပဲ။ သူမ ကအရင်နေရာဟောင်းတွေမှာဆို အခန်းဖော်တွေနဲ့ယှဉ်ရင် ဧည့်ခန်းမှာအနေအများဆုံး။ သူမ အတွက် ဧည့်ခန်းဆိုတာ ခန်းနားစရာမလိုပေမဲ့ နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာတော့ ရှိစေချင်တာ။ အခုဧည့်ခန်း ကတကယ်ကို အေးစက်စက်ကြီး။ နောက်မှီမပါတဲ့ သံဖင်ထိုင်နဲ့ သစ်သားနဲ့ လုပ်ထားတဲ့ ခြေတံရှည်ရှည်ခုံတွေက ကြည့်ရတာ နည်းနည်းမှ သက်တောင့်သက်သာ မရှိ။  living area မှာ ကြိုက်စရာရှိတာက  ခြေတံရှည်ရှည်ခုံတွေ နောက်က ပြတင်းပေါက်ကြီးရယ်၊ ခေါင်းပေါ်က အသံကျယ်ကျယ်နဲ့တဝီဝီလည်တတ်တဲ့ ပန်ကာအကြီးကြီးရယ်ပါ။ မိုးသည်းတဲ့နေ့တွေဆို  မီးဖိုဘက်သွားရင်း အေးစက်စက်ခုံတွေကို တွန်းဖယ်ရင်း ပြတင်းပေါက်မှာ ရပ်ပြီး မိုးစက်တွေကို ကြည့်ရတာ သူမအတွက် တကယ့် အရသာတကယ်ရှိတာ။ ဒီလိုမှမဟုတ်ရင်တော့ သူမဟာ living area ကို ဘယ်တော့မှခြေဦးမလှည့်။

တအိမ်လုံးမှာအခန်း ၄ခန်းရှိပြီး အခန်းနံပတ်တွေကို သစ်ရွက်ပုံစံ သံပြားလေးတွေပေါ်မှာ ၁၊၂၊၃၊၄ အစရှိသဖြင့် ထွင်းပြီး ကပ်ထားပေးတယ်။ Living area ရဲ့ ကပ်ရပ်အခန်းက အခန်းနံပတ်-၄။ အခန်း၎မှာနေတာက ချစ်သူအမျိုးသမီး၂ယောက်။ အများအားဖြစ် အမျိုးသားပုံစံ ဝတ်စားတတ်တဲ့ တယောက်ကိုပဲ ဧည့်ခန်းမှာ၊မီးဖိုမှာ၊အဝတ်လှမ်းတဲ့နေရာမှာ ရံဖန်ရံခါဆုံပေမဲ့ ပါတနာ မိန်းကလေးကိုတော့ သိပ်တွေ့ရလေ့မရှိ။

"ဒီအခန်းမှာ နေတဲ့၂ယောက်မှာ တယောက်က တက်တူးဆရာ။အရပ်ကလဲ အရှည်ကြီး။ ပြီးတော့သူဟာအမျိုးသားနဲ့အရမ်းတူတာ။ နင်တွေ့ရင်မကြောက်သွားနဲ့နော်" လို အိမ်ရှင်အဖိုးကြီးပြောတုံးက
"ငါက မိန်းကလေးကျောင်းက လာတာ။ ဒါမျိုးတွေ မြင်ဖူး၊ကြုံဖူးတယ်၊ မကြောက်တတ်ဘူးလို့ "သူမက ရီခါ၊ မောခါပြောခဲ့သေးတာ။

သူ့ကောင်မလေးကိုတော့ ပြောင်းနေတဲ့ ၆လအတွင်း ၂ခေါက်လားပဲမြင်ဖူးတယ်။ ဒီတော့ အခန်း၎ကလူတွေနဲ့သူမကတအိမ်ထဲနေပြီး သိပ်မရင်းနှီးတဲ့သူတွေ လုပ်လေ့ရှိတဲ့အတိုင်း ရီပြ ပြုံးပြရင်း မျက်နှာလဲ တဖက်ကို အမြန်လွှဲတဲ့ ဆက်ဆံရေးမျိုးပဲ ဆိုပါတော့။

အခန်း ၃မှာနေတာက ဂျပန်လူမျိုး အမျိုးသမီး။ သူတယောက်ပဲ သူမနောက်မှ တပတ်လောက်နောက်ကျပြီး ဒီအိမ်ကိုပြောင်းလာတာ။ သူက တအိမ်လုံးမှာ ဘယ်သူနဲ့မှ စကားမပြောတဲ့သူ။ အိမ်မှာ လူရှင်းတတ်တဲ့ နေ့လည်ပိုင်းတွေမှာတော့ မျက်မှန်အဝိုင်းခက်ကြီးကြီးတလက်ဝတ်ပြီး ဧည့်ခန်းမှာ စာဖတ်နေတာမျိုး၊ အဝတ်လျှော်နေတာမျိုးတွေ့ရမယ်။

အခန်း၂က အမျိုးသမီး၂ယောက်က အိမ်မှာ သူမနဲ့အခင်ဆုံးပဲ။ ၂ယောက်စလုံးက ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်။ မလေးရှားကနေ အလုပ်လာလုပ်တာလို့ သူတို့ကိုယ်ကို မိတ်ဆက်ပါတယ်။။Eve နဲ့ Amanda တဲ့။Eve က ဆံပင်ရှည်ရှည်၊အသားဖြူဖြူနဲ့ စာရင်းကိုင်မလေး။ Amandaကတော့ ဆံပင်ဂုတ်ဝဲလေးနဲ့ အသားမဆိုသလောက်ညိုပါတယ်။ သူမကို ပထမဆုံးလာမိတ်ဖွဲ့တာ  Amandaလေ။ အမြဲပိတ်ထားတဲ့ အခန်းတံခါးကြားကနေ စာရွက်အညိုလေး တရွက်ကို စာတွေရေးပြီး ထိုးထည့်ခဲ့တာ။စာထဲမှာ သူ့နာမည်က Amanda ဆိုတာရယ်၊ တွေ့ရင် ရီပြ၊ ပြုံးပြတာကလွဲလို့ စကားမပြောဖြစ်ဖူးဆိုတာရယ်၊ သူ့ရဲ့ဖုံးနံပတ်လေးရယ် ရေးပေးထားတာ။ အမယ် စာအဆုံးမှာလဲပါသေးတယ်။ "လူတိုင်းရဲ့ နှစ်လုံးသားမှာ သူငယ်ချင်းအသစ်တွေအတွက် နေရာအမြဲကျန်ပါတယ်" တဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ။ ခက်တာက သူက တပတ်ကို ၄ရက်လောက် အိမ်မှာမရှိတတ်တာ။ သူရှိနေရင်တော့ ဧည့်ခန်းမှာ ရှိသမျှလူတွေကို စကားလိုက်ပြောနေတတ်တဲ့ သူ့အသံ စီစီညန်ညန်ကို အမြဲကြားရတယ်။

Eve က Amanda လောက်မသွက်၊ Amandaကို သူကချစ်စနိုးနဲ့ dada လို့ခေါ်တာ။ Eveကတော့ အိမ်မြဲတယ်။ ဧည့်ခန်းနဲ့ မီးဖိုကိုအသုံးဆုံးကလဲသူပဲ။ သူ့ကိုယ်သူမိတ်ဆက်တော့ "ငါက ရှက်တတ်တဲ့ပုံပေမဲ့ မရှက်တတ်ဘူး" တဲ့။ dada ကတော့ " ဟင်းတွေချက်၊ ဟင်းတွေမှာပြီး ဓာတ်ပုံရိုက်၊ ပြီးတဲ့အခါ တဝက်လောက်ပဲအမြဲစားတဲ့အကြောင်းလဲပြောအုံးလေ" တဲ့။ အိမ်မြဲတဲ့ Eve နဲ့ သူမနဲ့က တအိမ်လုံးမှာအတွေ့ဆုံးပဲ။ ရုံးသွားတဲ့အချိန်က လဲမတိမ်းမယိမ်းရယ်။ သူက ၈နာရီ အိမ်ကထွက်၊ သူမက ၈နာရီ ၁၀မိနစ် - ၁၅မိနစ်လောက်ထွက်တာလေ။ အမှန်က သူမလဲ ၈နာရီထွက်ရမှာရယ်။ မနက်တိုင်း ၈နာရီ အတိလောက် သူအခန်းထဲကထွက်လာတဲ့ Eve ခြေကျင်းဝတ်က ခြူသံက သူမကိုနောက်ကျနေပြီလို့ အချက်ပေးသံလိုပဲ။

သူမနေတဲ့အခန်း၁က ဧည့်ခန်းနဲ့အဝေးဆုံး၊ မီးဖိုနဲ့အဝေးဆုံးမှာရှိတာပါ။ အောက်ကတက်လာရင် ဘယ်ဘက်အနောက် ထောင့်ဆုံးအခန်းက အခန်း နံပတ်၁ပေါ့။ ဘယ်သူနဲ့မှမသိဘဲ တယောက်ထဲ ပထမဆုံးနေရမဲ့ အိမ်ဖြစ်တဲ့အတွက် တသီးတသန့်အဖြစ်ဆုံး၊   living area နဲ့အဝေးဆုံးကို သူမကတမင်သက်သက်ရွေးခဲ့တာ။ တကယ်လို့များအတူနေတဲ့ အခန်းဖော်တွေဟာ ဆူညံတတ်တဲ့သူတွေဆိုရင် ဆိုတဲ့အတွေးနဲ့ပေါ့။  အခန်းသော့ရတော့ ကီးချိန်းကို အင်မတန်မိန်းမဆန်တဲ့၊ ခရစ်စတယ် ကျောက်တွေစီထားတဲ့ ပန်းရောင်ဦးထုတ်ဒီဇိုင်းဟာကို မိန်းမမဆန်တဲ့ သူမက တမင်တကာကိုတတ်ခဲ့တယ်။ အခန်းသော့ဖွင့်ပြီးဝင်လိုက်ရင်  အခန်းရဲ့ဘယ်ဘက်မှာ ရေခဲသေတ္တာ အသေးလေးတလုံး၊ သူ့ရဲ့ဘယ်ဘက်မှာ အလှပြင် မှန်တင်ခုံ ရှိတယ်။ အခန်းရဲ့ ညာဘက်မှာတော့ ကိုယ်ပိုင် ဖိနပ်စင် အသေးလေးတခုနဲ့  ဗီဒိုခပ်ကြီးကြီးတခု။ ဗီဒို ရဲ့ညာဘက်မှာတော့ တယောက်စာ ခပ်သာသာ သာကျယ်တဲ့ရေချိုးခန်း။

ရေချိုးခန်းနဲ့ မျက်နှာချင်းဆိုင်မှာ  လေးထောင့်ကျကျ အဝါရောင်သစ်သားစားပွဲလေးရယ်၊ ပလတ်စတစ် ခေါက်ခုံအမဲလေးရယ်။ ဒီစားပွဲကတော့ သူမအတွက် ထမင်းစားစားပွဲဆိုလဲဟုတ်၊ စာရေးစားပွဲဆိုလဲဟုတ်၊ ရှိသမျှအစုံလုပ်တဲ့ စားပွဲပေါ့လေ။ သိပ်မကြီးတဲ့ ဒီစားပွဲလေးပေါ်မှာ ပန်းကန်စင်အသေးလေးတခုရယ်၊ ပန်းသီးပုံ တယောက်စာထမင်းအိုးလေးရယ်ကတော့ အမြဲရှိနေတာရယ်။ အိမ်ကတခါတရံ လူကြုံလေးကောင်းလို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ပြန်လို့ဖြစ်ဖြစ်ပါလာတတ်တဲ့ အခြောက်အခြမ်းဗူးတွေကတော့ စားပွဲလေးပေါ်မှာရှိတချက် မရှိတချက်။ အပျင်းထူတဲ့ရက်တွေဆို ဒီစားပွဲသေးသေးလေးပေါ်မှာ မဆေးဖြစ်တဲ့ ကော်ဖီခွက်အသဲပုံလေးတွေပါတဲ့ အနက်လေးရယ်၊ စားလက်စ ထမင်း ဒါမှမဟုတ် ခေါက်ဆွဲတပန်းကန်ကိုလဲ ကျပ်ကျပ်သတ်သတ်တွေ့ရမယ်။

သူမက ဒီစားပွဲလေးကို တမင်သက်သက် ရေချိုးခန်းရဲ့ မျက်နှာချင်းဆိုင်မှာ နေရာချခဲ့တာ။ ဘာလို့လဲဆို ရေချိုးခန်းရဲ့ ဘေး မှာမိန်းလမ်းမကျယ်ကြီးကို လှမ်းမြင်နေရမဲ့  ပြတင်းပေါက်တခုရှိတယ်လေ။ အေးအေးဆေးဆေးရှိတဲ့ရက်တွေမှာ ပြတင်းပေါက်လေးဖွင့်၊ လိုက်ကာလေး လှပ်ပြီး ထမင်းစားပွဲမှာထိုင်ရင်း လက်ဖက်တပန်းကန်နဲ့ ရုပ်ရှင်ကြည့်၊ စာဖတ်လုပ်ရင် သိပ်မိုက်မှာ။ တကယ်တန်းကျတော့ Shop House လေးရဲ့ ဒုတိယထပ်အမြင့်ဟာ အိမ်ရှေ့ လမ်းမကျယ်ပေါ်က ၂ထပ်ကားအပေါ်ထပ် အမြင့်နဲ့ တတန်းထဲဖြစ်နေတော့တာ။ ခရီးသွားရင်း ပျင်းရိငြီးငွေ့နေတတ်ကြတဲ့ ကားပေါ်ကမျက်လုံးတွေ အခန်းထဲကို ဝင်ဝင်လာတတ်တာကို သတိထားမိတဲ့နောက်မှာ သူမဟာ  ပြတင်းပေါက်ကိုမဖွင့်ဖြစ်တော့။ဖွင့်မိရင်လဲ ကန့်လန့်ကာကို အလုံအတိချပြီး မှ စားပွဲမှာထိုင်တော့တယ်။  ဒီလိုကြပြန်တော့ အရာအားလုံးက အေးစက်စက်နဲ့အထီးကျန်တယ်လို့ခံစားရပြန်ရော။ တကယ်လို့များ ထပ် ရွေးခြယ်ခွင့်ရှိမယ်ဆိုရင် အခန်း၎ကို ရွေးမှာ သူမကအမြဲတွေးတယ်။။ အခန်း၎က ပြတင်းပေါက်က သန့်ရှင်းနေတဲ့အိမ်နောက်ဖေး လမ်းကြားကို မျက်နှာမူတာ။


အခန်းထဲကစားပွဲလေးရဲ့ဘေး၊ ဗီဒိုရဲ့ မျက်နှာချင်းဆိုင်မှာအပေါ်ကိုတက်တဲ့ သစ်သားလှေကားလေးရှိတယ်။ နားရှုပ်သွားကြသလား။ သူမ အခန်းက၂ထပ်ပါ။ အိမ်မှာရှိတဲ့အခန်းတိုင်းအခန်းတိုင်းက အထဲမှာ၂ထပ်ပဲ။ ၂ထပ်အပြည့်တော့မဟုတ်ဘူးပေါ့။ ထပ်ခိုးတင်ထားတယ်ဆိုရုံလေး။ အပေါ်ထပ်မှာတော့ တနေ့တာ အိပ်စက်အနားယူဖို့ကုတင်တလုံး၊ မှန်တချပ်၊ ကုတင်ဘေးမှာ တိုတိုထွာထွာတွေတင်ဖို့ စားပွဲအသေးလေးတလုံး နဲ့ အရင်အိမ်ကယူလာတဲ့ စာအုပ်စင် နီညိုရောင်အသေးလေးတခု ရှိတယ်။

တအိမ်လုံးမှာ သူမ အကြိုက်ဆုံးနေရာကိုပြောပါဆိုရင် အဲဒါအပေါ်တက်တဲ့လှေကား ညိုမှောင်မှောင်လေးပဲ။ တယောက်ထဲနေတဲ့အခန်းဆိုတော့ နံရံဘက်အခြမ်းမဟုတ်တဲ့ လှေကားထစ်တွေရဲ့အစွန်းမှာ  စာအုပ်လေးတွေကို ၂အုပ်တထပ် ၃အုပ်တထပ် ညီညီညာညာလေးစီထားတယ်။ အားလုံး၁၂ဆင့်ရှိတဲ့ လှေကားထစ်တွေရဲ့ တချို့အဆင့်တွေမှာတော့ အိမ်ရှင်မသိအောင် ခိုးထွန်းတဲ့ ဖယောင်းတိုင်အသေးလေးရယ်၊ အမွှေးဆီထည့်ထားတဲ့ အမွှေးပုလင်းလေးတွေရှိတယ်။

မကြိုက်ဆုံးက အောက်ထပ်က  သံမံတလင်းကြမ်းခင်းပဲ။  အခန်းတခါးဖွင့်ပြီးသူ့အပေါ်နင်းလျှောက်တဲ့အခါတိုင်း အမြဲအေးစက်စက်နဲ့သူမ ကိုကြိုတယ်။သူ့ကြောင့်ပဲ သူမဟာ အောက်ထပ်မှာနေရမဲ့အချိန်တွေ နည်းသထပ်နည်းအောင်အမြဲကြိုးစားတယ်။ ရုံးကပြန်လာတိုင်း ရေခဲသေတ္တာဖွင့် ရေသောက်၊ ရေချိုး၊ လုပ်စရာရှိတာလုပ်၊ ညစာစား၊ ပြီးတာနဲ့ အိမ်ပေါ်ကိုပြေးတက်တာပဲ။ ခုတင်ပေါ်မှာ စာအုပ်ဖတ်၊ ဖုံးပွတ်၊ ဒါမှမဟုတ် အဝေးကချစ်တဲ့သူတွေကို တန်ဖိုးမရှိတဲ့ technology တွေသုံးပြီး ဆက်သွယ်ဖို့ကြိုးစားရင်းနဲ့ တနေ့တာကိုအဆုံးသတ်တာပါပဲ။ ညစဉ်ညတိုင်း ၁၀နာရီနောက်ပိုင်း မီးမှောင်သွားတက်ပေမဲ့ မနက် ၁နာရီ၊၂နာရီထိုးတဲ့အချိန်တွေအထိ မျက်နှာကျက်ကသိုးတွေ ရေတွက်နေတဲ့ မိန်းမပေါ့။

သူမဟာဒီအေးစက်စက်အခြေအနေကို ပြောင်းလဲဖို့မကြိုးစားဖူးတာတော့ မဟုတ်ဘူး။ ပထမဆုံးကြိုးစားချက်ကတော့ မွှေးပွဖိနပ်ထူထူတရံဝယ်တာပဲ။ အိမ်ထဲဝင်တာနဲ့ အေးစက်စက်သံမန်တလင်းတွေပေါ်ခြေမချခင်  မွှေးပွဖိနပ်လေးထဲခြေနင်းလိုက်ရင် ဘဝက သိပ်ကြီးအေးစက်စက်မနိုင်တော့လောက်ဖူးလို့ သူမက ခပ်ကြောင်ကြောင်တွေးတယ်။ ကြာတော့လဲ မိုးရွာခြင်း နဲ့ နေမတန်တဆပူခြင်း၂မျိုးပဲရှိပြီး အင်မတန် humid ဖြစ်တဲ့ဒီနိုင်ငံမှာ  ဘယ်သူမှဒီအ မွှေးပွကြီးကို ကြာကြာမစီးနိုင်။ ဒီတော့တမျိုးကြံပြန်တယ်။ သူမကတရက်မှာ ikea ကိုသွားပြီး ကောဇောကြီးတချပ် အခန်းထဲမှာခင်းဖို့ ဝယ်လိုက်တာလေ။ ခင်းခါစကတို့အဆင်ပြေသလိုပဲ။ နံရံကိုမှီ၊ ကောဇောပေါ်ထိုင်ပြီး စာအုပ်တွေ ဘာတွေဖတ်ဖြစ်လိုက်သေးတယ်။ မျက်လုံးက  ကောဇောမရှိတဲ့ သံမံတလင်း ဟိုတကွက်၊ ဒီတကွက်ကို မြင်ပြန်တော့ အခန်းအောက်ထပ်က သူမကိုမဆွဲဆောင်တော့။

သူမနဲ့ အောက်ထပ်နဲ့လုံးဝကင်းရှင်းချင်လို့တော့မရ။ စားဖို့သောက်ဖို့၊ တကိုယ်ရေသန့်ရှင်းလေးလုပ်ဖို့၊ အညစ်အကြေးစွန့်ဖို့၊ အလှပြင် ဆင်ယင်ဖို့၊ ဒါတွေ ဒါတွေအားလုံးက အောက်ထပ်မှာပဲလုပ်လို့ရတာလေ။ ထားပါတော့။


ဒီအိမ်မှာသူမ ကြိုက်တာနောက်တခုက အိမ်ကနေ ရထားဘူတာ၊ ဘူတာက အိမ်ကိုပြန်တဲ့လမ်းကလေး။ လမ်းကလေးကတဖက်မှာ ကားတွေဥဒဟိုဖြတ်နေတဲ့ မိန်းလမ်းမကျယ်ကြီး၊ တဖက်မှာကျတော့ ရေမြောင်းကျယ်ကြီး၊  ရေမြောင်းကျယ်ကြီးရဲ့ တဖက်ကကျတော့ အထက်တန်းကျောင်းပေါ့။  အလုပ်ကနေ ဘူတာကိုပြန်ရောက်တဲ့ ညနေ ၇နာရီ မှောင်စပျိုးတဲ့အချိန်တွေဆို  နီယွန်မီးတိုင်တွေအောက်ကနေ ကားတွေကို ငေးရင်း၊ လမ်းလေးပေါ်ကို ညနေပိုင်း လမ်းလျှောက်ထွက်တဲ့သူတွေ၊ ခွေးကြောင်းထွက်တဲ့သူတွေ၊ joggingလုပ်တဲ့သူတွေ ကို ငေးရင်း လမ်းကိုအချိန်ဆွဲလျှောက်ပြီး ပြန်လေ့ရှိ တဲ့ တိုက်နံပတ် ၁၉၃က မိန်းမကိုတွေ့နိုင်ပါတယ်။

https://en.wikipedia.org/wiki/Shophouse

Monday, 24 July 2017

Hello Again

ဒီနေ့တော့ဘာရယ်မဟုတ် ပစ်ထားတာကြာပြီဖြစ်တဲ့ ကိုယ့်blog လေးဘက်ခြေဦးလှည့်ရင်း ကိုယ်ကြိုက်တဲ့ blogger တွေထဲဝင်မွှေနှောက်မိတယ်။ဆရာမမေငြိမ်းရဲ့ နောက်ဆုံးရေးထားတဲ့ "ချစ်ရသူတွေကို လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" ၊ မမိုးငွေ့ရဲ့ "black sky"၊ မောင်မျိုး ရဲ့ "အဘ" အကြောင်းလေးတွေ ဖတ်ပြီး စိတ်အဆာပြေသွား။
အမသက်ဝေ ကိုတော့ ဖဘမှာ ဖောလိုလုပ်ထားတော့ သိပ်တော်တဲ့ သားလေးရဲ့မေမေသက်ရဲ့ စာတွေတော့ သိပ်မစိမ်း။ ကျမနှစ်သက်တဲ့ blogger ကိုညီလင်းသစ်တယောက်တော့ ပျောက်နေတုန်း။

ဖဘမှာ စာရေးကောင်းတဲ့သူတွေရှိပေမဲ့ blogလောက်မဖြူစင်ဘူးလို့ တခါတခါတွေးမိတယ်။ ဟုတ်တယ်လေ.. ဖဘမှာ like တာ ၊ share တာ ၊ commentရေးတာ တခါတလေ ဘော်ဒါအကန့်တွေပါတာသိနေတာကိုး။ blogမှာတော့ ကိုယ့်သူမသိ သူ့ကိုယ်မသိဆိုတော့ ကိုယ်ကြိုကြား ကြိုကြားရတဲ့ comment လေးတွေဆိုတစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေရော။ ပြီးခဲ့တဲ့ ၂နှစ်မှာ လူမှုရေး၊ စီးပွါးရေး ဘာတွေရှုတ်နေမှန်း မသိတာနဲ့ပဲ စိတ်ထဲပေါ်လာသမျှကို  ဖဘမှာstatus ကောက်တင်လိုက် ကိုယ့်ဘာကိုယ်မြိုချလိုက်နဲ့ပဲ blogဘက်ကိုမရောက်ဖြစ်ဘူး။ အခုတော့ ပြန်ရေးချင်စိတ်ပေါ်လာလို့ စိတ်ထဲခံစားရသမျှရေးဖို့ ပြန်လာပါအုံးမယ် လို့။

Thursday, 7 May 2015

ကျမနဲ့"အမှတ်တရ" (ဂျူး)

"အမှတ်တရ" လို့ပြောလိုက်ရင် သူများတွေအဖို့တော့ မသိဘူး။ ကျမ ပြေးပြီးမြင်မိတာ ဆရာမဂျူးရဲ့ ပထမဆုံးလုံးချင်းစာအုပ်လေးပါပဲ။ ၁၉၈၇လောက်က ထွက်ခဲ့တဲ့စာအုပ်လေးပေမဲ့  ၂၀၀၁ခုနှစ်လောက်မှာမှ မေမေ့စာအုပ်စင်ပေါ်ကတွေ့လို့ ဖတ်ခွင့်တောင်းခဲ့တဲ့စာအုပ်ပေါ့။ ပြောရရင် ကျမမေမေက ကျမကို ၁၀တန်း မအောင်ခင်အချိန်အထိ အချစ်ဝတ္ထုစာအုပ်ဖတ်ခွင့်မပေးပါဘူး။ ၁၀တန်းပြီးသွားပြီဆိုတော့မှ သူကိုယ်တိုင် စာအုပ်ဆိုင်မှာ ကျမ ဖတ်ချင်တဲ့စာအုပ်လိုက်ဝယ်ပေး၊ ကောင်းနိုးရာရာ ကျမစိတ်ဝင်စားမဲ့အကြောင်းအရာမျိုး၊ ဖတ်သင့်တဲ့ မြန်မာစာရေးဆရာကြီး ဆရာမကြီးများရဲ့စာအုပ်တွေ၊ ဘာသာပြန်စာအုပ်မျိုးတွေ ဝယ်ပေး၊ ငှါးပေးခဲ့တာပါ။  ဆရာမဂျူးရဲ့ "အမှတ်တရ"ကို ၁၇၊ ၁၈ အရွယ်သမီးကို ဖတ်စေချင်ခဲ့သလား ကျမမသေချာပါဘူး။ စောစောကရေးခဲ့သလိုပဲ မမေ့စာအုပ်စင်ပေါ်က ဖတ်စရာစာအုပ်ရှာရင်း အမှတ်တရ ရဲ့ဆွဲဆောင်မှုကို ခံခဲ့ရတယ်ပဲ ဆိုကြပါစို့။


မောင်က
လိုက်ခဲ့ဟု
ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျမပါသည်။

မောင်က
နေရစ်ခဲ့ဟု
ဆိုပြန်တော့လည်း
မောင် စိတ်အနှောင့်အယှက်ဖြစ်မည့်
စာတစောင်
စကားတခွန်းမျှ
မောင် မကြားစေရဘဲ
ကျမ ငြိမ်သက်စွာ
နေရစ်ခဲ့တာ အမှန်ပါပဲ။

"အမှတ်တရ" ကို တကူးတကတော့ မိတ်ဆက်ပေးဖို့ လိုမည်လို့မထင်။ "အမှတ်တရ"သည် စုစုထွေးနဲ့ မောင့်အကြောင်း၊ ထို့ထက်ပို၍ ပြောရလျှင် စုစုထွေး၏ မောင့်အပေါ်တွင်ထားသော ချစ်ခြင်း မေတ္တာ၊သံယောဇဉ်များအကြောင်းကို ရင်နင့်လှိုက်မောစွာ ရေးသားထားသော ဝတ္ထု၊ ဒါမှမဟုတ် ကိုယ်တွေ့အချစ်ဇာတ်လမ်းတပုဒ် ဖြစ်ပါသည်။  ဝတ္ထု ဆိုတာ စိတ်ကူးယဉ်ဇာတ်ကောင်များနှင့်  ဖွဲ့တည်ထားသော ဇာတ်လမ်းရှည်တပုဒ်လို့ ဆိုရင်ဖြင့် "အမှတ်တရ"သည် ဝတ္ထု မဟုတ်ပါ။ စာရေးဆရာကိုယ်တိုင် (သွယ်ဝိုက်သောစကားလုံးများနှင့်) အမှတ်တရ ဖြစ်လာပုံအကြောင်းကို အကြိမ်ကြိမ် ပြောခဲ့ဘူးပြီ။ မော်လမြိုင်က စာပေဟောပြောပွဲ တခုမှာ ဆရာမက မန်းလေး ဆေးတက္ကသိုလ် တစ်သျှူးဗေဒ(ဟစ်စကိုလိုဂျီ) စာသင်ခန်းထဲမှာ မျက်လုံးချင်းဆုံ၍ ရင်ခုံခဲ့ရသော ကောင်လေးတယောက်အကြောင်းကို ဆရာမောင်စိန်ဝင်းရဲ့ ကဗျာလေးနဲ့တောင် လှလှပပ ခိုင်းနှိုင်းသွားသေးသည်။

တွယ်တာလှပေမယ့်
ကွယ်ရာကပဲ ချစ်တော့မယ်…

အဆင်ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ်…..

သံယောဇဉ် တွယ်ကာရစ်ပေမယ့်
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်ကို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လဲ စိတ်ညစ်တယ်
သိပ်ချစ်တယ် မဆိုသာတော့…...

ပါးစပ်က ပြောမှလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်တ၀ဲနဲ့
ချစ်သည်းရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့…

ဆရာမရဲ့ချစ်သူကောင်ကလေးနဲ့ ဆရာမနဲ့ တစ်သျှူးဗေဒ စာသင်ခန်းထဲ စလိုက်တွေကြည့်ရင်း မျက်လုံးချင်းဆုံတဲ့အခါ  " အကြည့်ဆုံ ဝေဒနာနွေးတွေက အကြင်နာ ခြေရာလေးတွေပဲ တွေဘာတွေ ဖြစ်ကုန်တယ်" လို့ ဂျူးက ရယ်ရယ်မောမော ဝန်ခံသွားသေးသည်။

၁၇၊ ၁၈ အရွယ် "အမှတ်တရ" ကို ဖတ်တုန်းက စုစုထွေးကို အင်မတန်သနားသည်။ မောင့်ကို ဒေါသထွက်သည်။ စာအုပ်တအုပ်လုံးကို မထတမ်းဖတ်ပြီးအလွန်ကြိုက်ပေမဲ့ မကြိုက်သည့်တခန်းရှိပါသည်။ ထိုအခန်းက စုစုထွေး နဲ့ မောင် ကျောင်းအပြီး ၂နှစ်အကြာမှာ  ပြန်တွေ့ပြီး နန်းရှေ့က အိမ်ကလေးကိုပြန်လာသည့်အခန်း။  စုစုထွေး မောင့်အိမ်ကလေးကို ဆက်ငှါးထားတာကို ခံစားနားလည်ပေးလို့ရပေမဲ့ အတ္တကြီးစွာရဲ့ ကိုယ့်ကိုထားရစ်ခဲ့နိုင်သော၊ အိမ်ထောင်သည် အမျိုးသားတယောက်ကို ကိုယ်ခုထိ သူ့ကိုသိပ်ချစ်နေသေးကြောင်း သိစေတာကို လုံးဝ သဘောမတွေ့နိုင်။


နေရာတကာဝင်ပြီးခံစားတတ်သူပီပီ "ငါသာဆိုရင် သူ့ထက်သာတဲ့ တယောက်ကောက်ယူပလိုက်မယ်။ ရွေးစရာတွေမှအများကြီး" လို့ မာနနဲ့တွေးမိသေးတယ်။ "ဘယ်သူ့ ကိုမှာ့အစားထိုး မချစ်နိုင်လဲ သူ့ကိုတော့ ငါ့ခံစားချက်တွေကို ဘယ်တော့မှ ပေးမသိဘူး" လို့ ခပ်မာမာတောင် သူငယ်ချင်းတချို့ကိုပြောမိသည်ထင်ပါသည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၅အထိ "အမှတ်တရ"ကို အခေါက်ပေါင်းမြောက်များစွာဖတ်မိပါသည်။ အသက် ၂၁၊ ၂၂အရွယ် အချစ်ကိုသိလာချိန် မှာတော့ မောင့်အပေါ်ထားတဲ့ စိတ်သဘောထားမပြောင်းလဲပေမဲ့ စုစုထွေးကို သနားသည့်အပြင် သူ့လုပ်ရပ်တွေကို ပိုပြီးနားလည်မိသည်။ အချစ်ဆိုတာ တခါတရံလူတွေကို မိုက်မိုက်မဲမဲ လုပ်မိစေသည်မဟုတ်လား။ အဲဒီအရွယ်တုန်းကအကြိုက်ဆုံးစာသားများသည် အောက်ပါစာသားများဖြစ်လာသည်။




" စုစုထွေးဆိုတာ....." ဆိုသောစာတကြောင်းနဲ့ပင် ၁၇၊ ၁၈ အရွယ်က မကျေနပ်ခဲ့သည့် အခန်းကို ပလပ်လိုက်နိုင်ပြီ။ အသည်းကွဲပြီးအခါမှာတော့ "စုစုထွေးက မောင့်ကိုသိပ်ချစ်ရှာတာပဲ" လို့ ကိုယ်ချင်းစာနိုင်လာသည်။




အသက်ထိပ်စီးပြောင်းခါစ အခုလိုအချိန်မှာ "အမှတ်တရ"ကိုဖတ်တော့ ဟိုးငယ်ငယ်တုန်းကလို ခံစားချက်မျိုး "ငါသာဆိုရင် သူ့ထက်သာတဲ့ တယောက်ကောက်ယူပလိုက်မယ်"  ပြန်ဝင်လာသည်။ သူ့ထက်မသာရင်တောင် သင့်တော်တဲ့ အမျိုးသားတယောက်ပေါ့လေ။ ငယ်ငယ်ကလို ရွေးစရာတွေအများကြီးဆိုပြီး မာနခပ်ကြီးကြီးနဲ့တော့ မဟုတ်။ လက်တွေ့မကျဘူး လို့ ထင်လာ၍ ဖြစ်ပါသည်။ အရင်က တခါမှ စိတ်မဝင်စားခဲ့ဘဲ အရန်ဇာတ်ကောင်အဖြစ်ရှိခဲ့ပေမဲ့ အခုကျမစိတ်ထဲ ထူးထူးခြားခြား ရောက်လာတာက "နန်း"။ နန်းဟာ စုစုထွေးနဲ့ မောင့်အကြောင်းကို ဖတ်မိမလား။ အထူးသဖြင့် ကျမ သဘောမကျတဲ့အခန်းကိုပေါ့။ ထိုအခန်းသည် တကယ် ဖြစ်ခဲ့သလား မဖြစ်ခဲ့ဘူးလားကျမ မသိပါ။ မဖြစ်ခဲ့ရင်တောင် အမှန်တရား ရာခိုင်နုန်းများများပါနေသော အရှေ့ကစာများကိုဖတ်ပြီး နန်းအစား ကျမရင်ထဲ ပူလာမိသည်။

ကိုယ့်အတ္တကို ရှေ့တန်းတင်၊ တကိုယ်ကောင်းဆန်ခဲ့၍ အချစ်ရဆုံး မိန်းမတယောက်ကို ဆုံးရှုံးရသော မောင့်ကို သူတသက်စာ နောင်တရမယ်ဆိုရင်တောင် နဲနဲမှမသနားပါ။ ဒါဟာသူ့အတွက်ထိုက်တန်ပါသည်။ ဒါဆို စုစုထွေးကရော။ မောင်ပြောခဲ့သလို သူမသည်လဲမရိုးသားပါ။


ကျမအဖို့ ဤစာအုပ်တအုပ်လုံးတွင်အပြစ်အကင်းစင်ဆုံးသည် "နန်း"ဖြစ်ပါသည်။ စုစုထွေးပြောခဲ့သလို အပြစ်ကင်းပြီး ချစ်စရာကောင်းသောနန်းသည်  " စုစုထွေးနှင့် မောင့်အကြောင်းကို ဘယ်တော့မှမသိပါစေနဲ့"။ "စာအုပ်တအုပ်လုံး၏ တန်ပို (tempo) အမြင့်ဆုံး စုစုထွေးနဲ့ မောင်နဲ့တွေ့ဆုံခန်း သည် စိတ်ကူးရင်သက်သက် သာ ဖြစ်ပါစေ" ဟု နန်းအတွက် ဆုတောင်းမိပါသည်။စုစုထွေးမရိုးသားခဲ့ပေမဲ့၊ စိတ်အလိုလိုက်ခဲ့မိပေမဲ့ နှစ်ပေါင်းမြောက်များစွာချစ်လာခဲ့တဲ့ အရှိန်နဲ့ သူမကို ကျမအပြစ်မတင်နိုင်ခဲ့ပါ။  အပြစ်မတင်ရက်ခဲ့ပါ။ 

မေလ၁ရက်နေ့က ဆရာမဂျူး၊ဆရာ မောင်သာချိုနဲ့ ဆရာဖေမြင့်တို့ရဲ့ စာပေဟောပြောပွဲသွားနားထောင်ပါသည်။ ဂျူးက သတင်းစာတွင်တွေ့ရသော လက်ထပ်ပြီးစီးခြင်းသတင်းကို ဖတ်ပြီးပြီးခြင်း အမှတ်တရကိုရေးပါသည်ဟု ပြောသွားပါသည်။ သူမပရိတ်သတ်တယောက်အနေနဲ့ ဤစကားသည် "အမှတ်တရ" ထဲက စာတကြောင်းနှင့် ထပ်တူညီနေသည်ကိုသိပါသည်။  ဒါဆို ဒါဟာဂျူး ဆေးကျောင်းပြီးပြီးချင်း ၂နှစ်အကြာမှာရေးတာပေါ့။ ဂျူးငယ်စဉ်တုန်းက လက်ရာဆိုတာ သေချာသွားပါသည်။ ဘာလို့ဒီလို တွေးရသလဲဆိုတော့ ကျမမှာ ဆရာမကို မေးချင်တဲ့ မေးခွန်းတခုရှိနေပါသည်။ "အမှတ်တရ" အတွက် နောင်တရမိတာများရှိသလား ဆိုတဲ့ မေးခွန်းပါ။ စုစုထွေးအတွက်၊ နန်းအတွက် ဆရာမကို ဖြေစေချင်လှပါသည်။ ဒါပေမဲ့ "အမှတ်တရ" သည် ဂျူး၏ ပထမဆုံး လက်ရာဖြစ်ပါသည်။ ငယ်စဉ်က ( ကျမအထင် အသက်၃၀ မပြည့်) လက်ရာဖြစ်သည့်အလျှောက် မည်သူ့ကိုမှ နစ်နာစေလိုစိတ်မရှိသော အချစ်ကို ကိုးကွယ်သည့်အမျိုးသမီးလေး တယောက်၏စာဖြစ်ပါသည်။ ထိုအတွက် ဆရာမတွင် နောင်တရှိမည်မထင်ပါ။ ရှိလဲမရှိစေချင်ပါ။

ရင်နဲ့အမျှ ရေးသားထုတ်ဝေလိုက်သော "အမှတ်တရ"သည် ခုချိန်အထိ လူကြိုက်များ ထင်ရှားသော စာတပုဒ်ဖြစ်နေသည်ကတော့ ဆရာမရဲ့ အင်မတန်ပြောင်မြောက်တဲ့ "စာရေးချင်းအနုပညာတရပ်" လို့ပဲ ဆိုချင်ပါသည်။

"ကျမစာအုပ်ထဲမှာ သူငယ်ချင်းတွေဖြစ်တဲ့ ခင်စန်းဝင်းတို့ မဌေးဝင်းတို့ဆိုတာ နာမည်အရင်းတွေထဲ့သုံးထားတာ။ အရပ်ပုပုနဲ့ ရုပ်မလှတဲ့ ဇာတ်ဆောင်မိန်းကလေး နာမည်ကျ စုစုထွေးတဲ့ ( ရယ်သံများ)
ဒါဆိုမောင်ကရော..
ကျမစာအုပ်တအုပ်လုံးမှာ မောင့်နာမည် လုံးဝမပါပါဘူး။

ဟင် ဒါဆို မောင်က နာမည်မရှိလို့လားဆိုတော့ မဟုတ်ပါဘူး။ မောင့် နာမည်က မောင်နဲ့လိုက်လွန်းလို့ မောင့်ကို တခြားနာမည်မပေးရက်တာပါ"
  ( စင်ကာပူ အဖြူရောင်လက်များ စာပေဟောပြောပွဲ)

ခန်းမကြီးတခုလုံး "ဟာ" ဆိုတဲ့အသံ တညီတညွတ်ထဲထွက်လာပြီး ခဏတာ တိတ်ဆိတ်သွားခဲ့ပါသည်။

ချစ်တဲ့
Adora

(မှတ်ချက်။ ဆရာမဂျူးလို့ မိတ်ဆက်ပေးတဲ့အခါ တချို့က  "Living together" ရေးတဲ့ဆရာမ၊ ဒါမှမဟုတ် "အမျိုးသမီးဝါဒီ - feminist" လို့မြင်ကြတယ်လို့ ဂျူးကပြောဖူးပါတယ်။ ဂျူးသာ ပြင်းထန်တဲ့အမျိုးသမီးဝါဒီ ဆိုရင် စုစုထွေးဟာ ဒီလိုအရှုံးနဲ့ ဇာတ်သိမ်းမယ် မထင်ပါဘူး။"Living together"အကြောင်းရေးလို့ ဂျူးကို မဖတ်ပါဘူးဆိုရင် "အမှတ်တရ" ဟာ ထိုခေတ်ကထွက်သော ဝတ္ထုတချို့ရော၊ ဒီဘက်ခေတ် ဝတ္ထုတော်တော်များများထက် များစွာ အညှီအဟောက်ကင်းကြောင်း ဘာမဆိုင်ညာမဆိုင်ဝင်ပြီး တာဝန်ခံလိုက်ပါတယ်ရှင်။)

Tuesday, 21 April 2015

Facebook + Share

ဖေ့ဘွတ် (Facebook) စပြီးသုံးဖူးတာ ၂၀၀၇ခုနှစ်နောက်ပိုင်းမှာပါ။  အဲဒီအချိန်မှာ ဖရန့်စတား(Friendster) ဆိုတဲ့ ဆိုရှယ်နက်ဝေါ့ကင်းဆိုက်က ဖေ့ဘွတ်ထက်မြန်မာတွေကြားမှာ ရေပန်းစားပါတယ်။ US မှာဆိုရင်တော့ MySpace ပေါ့။  

ဖေ့ဘွတ်ကိုလုံးလုံးပြောင်းသုံးတာတော့မဟုတ်ပါဘူး။  ဖရန့်စတား အကောင့်ကိုလဲ မပိတ်သေးဘဲ ဘယ်ဟာတွေက တော့FB မှာသာတယ်၊ ဘာတွေကဖြင့် ဖရန့်စတားကပိုကောင်းတယ် စသဖြင့် ညီအမတွေ ငြင်းခုန်နေချိန်ပေါ့။  ဥပမာ ပြောရရင် ဖရန့်စတာမှာ ကိုယ့် ပရိုဖိုင်ကိုလာလည်ရင် သီချင်းကြားရတာမျိုး၊ ကိုယ့်ရဲ့ Page ကို ဘက်ဂရောင်းဒီဇိုင်းအမျိုးမျိုးနဲ့personalized လုပ်လို့ရတာမျိုးပေါ့။  ဖေ့ဘွတ် မှာ Page အစား Wallလို့ခေါ်ပြီး ဘာမှ personalized လုပ်ခွင့်မရှိပါဘူး။ ဖရန့်စတားထက် အပိုပါတာဆိုလို့ Poke လုပ်လို့ရတာပဲရှိတာပါ။ ( ကျမပြောနေတာ ၂၀၀၇ခုနှစ်လောက်က ဖေ့ဘွတ် ပါ။ အခုအခြေအနေမဟုတ်သေးပါဘူးနော်။ ) ဒီထက်ပို မကြိုက်တာက  နာမယ်ရင်းထည့်ရတာရယ်။ နာမယ်ပြောင်းချင်တိုင်းပြောင်းမရတာရယ်။ တချို့ personal information ( ကျောင်း၊ အလုပ်၊ အသက်စသဖြင့်) ဖြောက်ထားလို့ မရတာရယ်ပါ။ နာမယ်ကို မြန်မာလို ရေးလို့မရသလို အင်္ဂလိပ် ဘာသာစကားနဲ့ ရေးမယ်ဆိုလဲ "Miss little sunshine" တို့ "Mr ZaaZBCF" တို့ စသဖြင့် အဓိပ္ပါယ် မရှိတဲ့ နာမည်၊  ပေးလေ့ပေးထ မရှိတဲ့နာမည်မျိုးဆို မရပါဘူး။  တိုတိုပြောရရင် ဖရန့်စတားမှာ ကြိုက်သလိုသုံးလာတဲ့ ကျမ FB ကိုမကြိုက်ဘူးပေါ့ရှင်။ 
ဒါနဲ့ပဲ ညီမလေးကို "နင်ရဲ့ ဖေ့ဘွတ် ကြီးကဘာမှလဲ မကောင်းဘူး။ ငါ့ဖျောက်ချင်တာ ဖျောက်မရ၊ နာမည်ပြောင်းချင်တိုင်း ပြောင်းမရ။ Poke ကလဲ ငါ့အတွက်အသုံးမဝင်"

ကျမဝမ်းကွဲ ညီမအကြီးမလေးပြန်ပြောတဲ့နက်ဝေါ့ကင်းဆိုက်တွေရဲ့ အခြေခံအကျဆုံး message ကို ကျမအခုထိ မှတ်မိပါသေးတယ်။ " မမကလဲ... ဖေ့ဘွတ်ဆိုတာ 'ဆိုရှယ်နက်ဝေါ့ကင်းဆိုက်" နော်။ တယောက်နဲ့တယောက်ကို သူတို့ရဲ့ informationပေါ်မှာ မူတည်ပြီး ဆက်သွယ်ဖို့လုပ်ထားတာ။   မမ ဟိုဖျောက်ဒီဖျောက် လုပ်မှတော့ ဘယ်လိုဆက်သွယ်ပေးမလဲ"

'ဆိုရှယ်နက်ဝေါ့ကင်းဆိုက်" ဆိုတာ တဦးနဲ့တဦးဆက်သွယ်ဖို့လုပ်ထားတာ.. တဲ့။

သူပြောတာ ခုနေခါမှာ ပြန်တွေးကြည့်တော့မှ ဟုတ်သလိုလိုပါပဲ။  'ဆိုရှယ်နက်ဝေါ့ကင်းဆိုက်" ဆိုမှတော့ လူတွေအချင်းချင်းဆက်သွယ်လို့ရအောင်၊  ဆိုက်မှာပေးထားတဲ့ data တွေပေါ်မှာမူတည်ပြီး အသက်အပိုင်းအခြားတူတဲ့ လူချင်း၊ ကျောင်းတူတူတက်ဖူးတဲ့လူချင်း၊ မြို့တမြို့ နယ်မြေတခုထဲတူတူနေသူချင်း၊ အလုပ်တူတူလုပ်နေသူချင်း ဆက်သွယ်မိအောင်၊ ချိတ်ဆက်မိအောင် ဆိုက်က အထောက်အကူပြုနေမှာပဲ။ ခုဆို ဖေ့ဘွတ်ကို သွားစရာမလိုပဲ တခြား ဝက်ဆိုက်တွေမှာ သတင်း၊ ဆောင်းပါးတွေကိုဖတ်မိရင်တောင် "f Like" ဆိုတာပေါ်နေပြီ။ "Check in" ဆိုတာလဲ သုံးလိုက်ကြတာ တွင်တွင်ကျယ်ကျယ်။ ကျမအပါအဝင်ပါပဲ။ ဟော ကိုယ်နှစ်သက်သမျှ၊ ကြိုက်သမျှကို လွယ်လွယ်ကူကူ မျှဝေနိုင်တဲ့ "Share" ဆိုတာလေးလဲရှိနေပြီ။ "Tag" ဆိုတာလေးရော သုံးဖူးပြီးကြပြီမှတ်လား။ 

ဒီမှာ ကျမပြောချင်တာက "Share" ဆိုတာလေးအကြောင်းပါ။
 ဖေ့ဘွတ်မှာ တဦးတယောက်ရဲ့ပုံလဲပဲဖြစ်ဖြစ်၊ စာလေးကိုဖြစ်ဖြစ်၊ ပုံနဲ့စာတွဲရက်ကိုဖြစ်ဖြစ် နှစ်သက်သဘောကျလို့ မိမိသူငယ်ချင်းတွေကိုပါ ကြည့်စေချင်၊ ဖတ်စေချင်တယ်ဆိုရင် Share လုပ်ကြပါတယ်။  Share လုပ်တဲ့အခါ သူငယ်ချင်းတွေအားလုံးထဲကမှ တဦးတယောက်ကို မကြည့်မဖြစ်ကြည့်စေချင်တဲ့အခါ Tag လေးတွဲလုပ်ကြပါတယ်။ အဲဒီနေရာမှာ Tagအလုပ်ခံရတဲ့ သူငယ်ချင်းတင်မကဘဲနဲ့ ကိုယ်က လူအများ (Public) ကို Shareထားရင် ကိုယ်နဲ့သိသိမသိသိ  ဖေ့ဘွတ်မှရှိသမျှလူမြင်ရသလို သူငယ်ချင်းအားလုံးကို ကြည့်ခွင့်ပေးထားရင်လဲ ကိုယ့်အကောင့်ထဲက လူကြီး၊လူငယ်၊ ယောကျား၊ မိန်းမ၊ ရဟန်း ရှင်လူမရွေး မြင်ရတာမျိုးပါ။   ဖေ့ဘွတ်သုံးတဲ့သူတယောက်ဟာ မိမိ ရေးတင်လိုက်တဲ့ စာတကြောင်း၊ ပုံတပုံ၊ အကြောင်းအရာတခုကို တာဝန်ယူ၊ချဥ့်ချိန်ပြီးမှတင်သင့်တယ်လို့မြင်ပါတယ်။ 

အဦးဆုံးအနေနဲ့ မိဘမဲ့ကလေးကျောင်း တွေ၊ နွမ်းပါးတဲ့ နယ်များက သီလရှင်ကျောင်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်း များအတွက်အလှူခံတဲ့ post တွေကို တင်ကြသောသူများ၊Shar၊ကြသောလူများကိုမေးချင်တာပါ။ အလှူခံတဲ့အခါ နွမ်းပါးလှတဲ့ ကလေးငယ်များရဲ့ အနီးကပ် Close up ပုံတွေ မတင်ဘဲအလှူခံလို့ ရနိုင်လား၊ မရနိုင်ဘူးလားဆိုတာကို ဆွေးနွေးချင်ပါတယ်။ ကိုယ်ကိုတိုင် လူမှူရေး၊ ပရဟိတကို ကိုယ်ရော စိတ်ပါ နှစ်ပြီးတစိုက်မတ်မတ် မလုပ်နိုင်သေးတဲ့အတွက် လိုအပ်တဲ့နေရာတွေမှာ အလှူရှင်တွေ လှူနိုင်အောင်၊ သဒါစိတ်ပေါက်အောင် ကူညီကြတဲ့ လူမှုရေးအသင်းအဖွဲ့တွေ တကိုယ်ရေတကာရ ဦးဆောင်ကူညီနေကြတဲ့ လူတွေအားလုံးကို တကယ်လေးစားပြီးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ သနားစရာကောင်းလှတဲ့ ပုံတွေတင်တာကိုတော့ သဘောမတူပါဘူး။ တချို့များဆို အကျီတောင် လုံလုံခြုံခြုံမပါပါဘူး။ ကလေးအများစုဟာ ဓာတ်ပုံရိုက်ခံရတာကို သဘောကျတဲ့အမျိုးပါ။ နယ်တွေက နွမ်းပါးတဲ့ ..ကင်မရာအကြီးကြီးတွေသိပ်မမြင်ဖူးရှာတဲ့ ကလေးတွေလဲအများကြီးပါ။ ဓာတ်ပုံရိုက်မယ်ဆို တချို့ကလေးတွေက ပဲလုပ်၊ တချို့ကရှက်ရယ် ရယ်၊ တချို့ကျ ငေးကြည့်နဲ့ အရမ်းဖြူစင်ပါတယ်။ ငါတို့ပုံတွေ အင်တာနက်ပေါ်မှာဘယ်လိုပုံစံမျိုးနဲ့ ရောက်သွားမလဲဆိုတာ ဘယ်သူကမှ မပြောသလို သူတို့လေးတွေကလဲ ဂရူစိုက်ရကောင်းမှန်း သိမဲ့အရွယ်လေးတွေ မဟုတ်ပါဘူး။ကျမကတော့ နောင်၁၀နှစ် ၁၅နှစ်သူတို့လေးတွေ အင်တာနက်ပေါ်ကသူတို့ပုံလေးတွေမြင်ရင် စိတ်ထဲမှာ ဘယ်လိုများခံစားရမလဲလို့ ခဏ၊ ခဏတွေးမိပါတယ်။ ကျမတို့လူကြီးအချို့တောင် ကိုယ့်ရဲ့ မအောင်မြင်တဲ့ အတိတ်အချို့တဝက်ကို မေ့ထားချင်တာ၊ လူမသိစေချင်တာ သူတို့လေးတွေထဲက တချို့လဲ တချိန်မှာ အတိတ်ကို မလိုအပ်ဘဲ လူသိမခံချင်တာမျိုးရှိနိုင်တာပဲလေ။ နောက် ၁၀နှစ်မှာ ဒီပုံတွေမရှိတော့ဘူးလို့တော့ မပြောပါနဲ့။ Timeline ကြောင့် လွန်ခဲ့တဲ့၁၀နှစ်ကပုံတွေ ရေးခဲ့တဲ့စာတွေ  ဖေ့ဘွတ်မှာမြင်နေရသေးတယ်လေ။  မိဘမဲ့ကလေးကျောင်း တွေ၊ သီလရှင်ကျောင်းတွေရဲ့ လက်ရှိအနေအထားနဲ့ ၊ လိုအပ်တဲ့နေရာလေးတွေကိုပဲ ဓာတ်ပုံရိုက်ပြီး အဲဒီကျောင်းကို မှီတင်းနေထိုင်ကြတဲ့ ကျောင်းသားအရေအတွက်နဲ့တင်ကိုပဲ အလှူရှင်တွေက သဒါပေါက်မှာပါ။ ဒါမှမဟုတ်လဲ မျက်နှာအနီးကပ်မဟုတ်တဲ့ အုပ်စုလိုက်ဆော့နေပုံတွေ ထမင်းစားနေပုံတွေနဲ့တင်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

မိဘမဲ့ကလေးကျောင်းက ပုံတွေတင် မကဘဲ ရောဂါဝေဒနာ တခုခံစားနေရတဲ့သူတွေအတွက်အလှူခံတဲ့  post တွေကိုလဲကြည့်ကြပါအုံး။ တချို့အမျိုးသမီးတွေရဲ့ပုံတွေများဆို ရောဂါကြောင့် အဝတ်အစားတောင် သေသေချာချာ လုံအောင်မဝတ်နိုင်ပါဘူး။ ဒီလိုမျိုးသူတွေအတွက် အလှူခံတဲ့အခါ ပုံမပါဘဲ စာနဲ့တင်အလှုခံမရဘူးလားလို့ ကျမတခါ၊ တခါတွေးမိပါတယ်။ ပုံလေးပါမှ ပိုကောင်းတယ်ဆိုရင်လဲ မျက်နှာမပါအောင် ရိုက်လို့မရနိုင်ဘူးလား။ မျက်နှာမရိုက်ဘူးဆိုရင်တောင် ရောဂါဖြစ်တဲ့နေရာက လူတယောက်ရဲ့ လှို့ဝှက်အပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဆို ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ အဖိုးကြီးအဖွားကြီး ဖြစ်နေအုံး မတင်သင့်ပါဘူး။ Share လဲ မလုပ်သင့်ဘူးလို့ ကျမကမြင်ပါတယ်။ ကျမသိသလောက်တော့ ဒီလိုပုံတွေမြင်လို့ လှုချင်စိတ်ပေါက်လာသူတွေရှိသလို "ဟယ် သနားပါတယ်၊ စိတ်ညစ်စရာကြီး၊ မကြည့်ရဲဘူး " ဆိုတာတွေလဲ အများကြီးပါ။ ဒီလိုပုံတွေကြောင့် နောက်ဆုံးမှာ အလှုငွေဘယ်လောက်ကောက်ခံရရှိသွားသလဲဆိုတာကျမတော့မသိပါဘူး။ News Feed မှာတခါမှ တတ်မလာပါဘူး။ ဆိုလိုတာက ဒီလိုပုံတွေ တင်မဲ့ Shareမဲ့အစား အကူအညီပေးနိုင်မဲ့ သက်ဆိုင်ရာ လူမှုရေးအဖွဲ့တွေကို အကြောင်းကြားပေးတာ မျိုးပိုပြီးဖြစ်သင့်ပါတယ်။ သူတို့ရဲ့  ဖေ့ဘွတ် pageမှာသွား Shareရင်တောင် "Limited audience" ပါ။ လူမှုရေးအသင်းအဖွဲ့ရဲ့ page မို့လို့ "right audience" ပါ။ ပြီးတော့မှ ကိုယ့် Friend list ထဲကသူတွေကိုသိစေချင်ရင် သက်ဆိုင်ရာ pageကို သွားပြီးကြည့်ဖို့ status လေးရေးတင်ရင် ပိုပြီးကောင်းမယ်မဟုတ်လားရှင်။


နောက်တမျိုးက ပြည်တွင်းမှာဖြစ်နေတဲ့ ကောင်းတဲ့သတင်းရော၊ ဆိုးတဲ့သတင်းပါ ( အထူးသဖြင့် ဆိုးတဲ့ ရှက်စရာကောင်းတဲ့ သတင်းပေါ့လေ) Share ကြတာပါ။ ကိုယ့်နယ်မြေကိုယ့်ဒေသက မဖွင့်ဖြိုးသေးတဲ့ နေရာတွေ၊ ကျန်းမာရေး လူမှုရေး အရ နေထိုင်ဖို့ မသင့်လျှော်တဲ့ ဒေသက သူတွေအကြောင်း၊ တောင်သူဦးကြီးတွေနဲ့ ပြသနာ၊ အလှမယ် မေမြတ်နိုးကိစ္စ၊ စစ်ပွဲတွေအကြောင်း၊ လွှတ်တော်အမတ် ကိုထီးဆောင်းပေးသင့် မပေးသင့် စသဖြင့်ပေါ့လေ.. ဘိုလိုတွေရော မြန်မာလိုတွေတွေ ကိုယ်စိတ်ထဲ ခံစားရရင်ရသလို ရေးနေ၊ Share နေကြ တာပါ။ ရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည် အတွက်အရင်က ဘုန်းဘုန်းတွေနဲ့ စစ်သားတွေနဲ့ ပုံတွေ တို့ လောလော လတ်လတ် ဖြစ်သွားတဲ့ကျောင်းသားတော်လှန်ရေးကပုံတွေတင်ပြီး မမေ့ကြဖို့ လှုံ့ဆော်စာတွေကလဲ မကြာမကြာ News Feed မှာတတ်လာပါတယ်။  "ဟေ့ ဒါတွေက သတင်းအမှန်တွေ။ မေ့မသွားသင့်တဲ့အရာတွေမို့ သတိပေးတာ မှားသလား" ဆိုတော့ မမှားပါဘူး။ သတိပေးစရာလိုသလားလို့ မေးရင် ကျမတယောက်ထဲအနေနဲ့ဆို မလိုပါဘူး။ သတိမပေးလဲ ကျမရင်ထဲမှာစွဲနေအောင်အဖြစ်အပျက်တွေကမှတ်မိပြီးသားပါ။ ပေးချင်တယ်ဆိုရင်တောင် ဘုန်းဘုန်းတွေက စစ်သားတွေ စစ်သေနတ်တွေရှေ့ ထိုင်ရှိခိုးနေပုံတွေ၊ စစ်သားတွေ ရဲတွေက ဘုန်းဘုန်းတွေ ကျောင်းသားတွေကို ရိုက်နေပုံကို ထပ်ခါတလဲလဲ တင်ဖို့လိုမယ်မထင်ပါဘူး။ "ရွှေဝါရောင်တော်လှန်ရေး"လို့ စာတကြောင်းရေးလိုက် ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ရင်ထဲမှာ ဘာဖြစ်ခဲ့သလဲ သိပြီးသားပါ။ အနာဟောင်းပြန်ဖော်နေစရာမလိုဘဲ အနာရွတ်တပိုင်းတစပြရုံနဲ့ နာပြီးသားပါ။ အတိတ်ဆိုးတွေကိုပြန်ဖော်တာ မှားလားမှန်လားမသိပေမဲ့ "နင်တို့ နိုင်ငံမှာ ခုထိ ဘုန်းကြီးတွေ နဲ့ ပြသနာ တတ်တုံးလား" လို့တော့ ထင်ရောင်ထင်မှားအမေးခံခဲ့ဘူးပါတယ်။  နောက်ထပ်တခု ဥပမာပေးရရင် လွှတ်တော်အမတ်ကို ထီးဆောင်းပေးတဲ့ ကိစ္စ ဆိုပါတော့။ ဒီသတင်းကို ဘယ်လောက်များ ဖြန့်ကြသလဲဆိုရင် နိုင်ငံခြား မီဒီယာအထိတောင် ရောက်ပါတယ်။ ဘယ်ကနေ ဘယ်လိုရောက်သလဲလို့ မမေးပါနဲ့။ အားလုံးသိပြီးသားဖြစ်မှာပါ။ သတင်း ရောက်တာက  ပြသနာမရှိပါဘူး။  ဒါပေမဲ့ တယောက်ကနေ တယောက် ထပ်ဆင့်ပြီး Share လိုက်ကြတာ သတင်းစာတခု ( Straits Times လို့ ထင်ပါတယ်။ ) က ဘာသာပြန်လိုက်တာ" မြန်မာယဉ်ကျေးမှုမှာ အမျိုးသမီးတယောက်ကို ထီးဆောင်းပေးတာ ရှက်စရာကောင်းတယ်" တဲ့။ ဒီသတင်းကိုယူလာတာက ရုံးက လုပ်ဖော်ကိုင်ဖက်အမျိုးသမီးပါ။ "နင်တို့ ယဉ်ကျေးမှုမှာ အမျိုးသမီးတယောက်ကို ထီးဆောင်းပေးတာ ဘာလို့ရှက်စရာကောင်းတာလဲ။ ငါအခုပဲ သတင်းထဲဖတ်လိုက်ရတယ်" တဲ့။ "ငါက နင်တို့နိုင်ငံမှာ Gender discrimination မရှိဘူးထင်တာ" တဲ့။ ကြည့်ပါအုံး စကားတွေ ကားသွားလိုက်တာ။

နောက်တခု ဥပမာပေးပါအုံးမယ်။ စလုံးမှာ တက်စီ( Taxi) စီးကြရင် တခါတခါ ကားမောင်းတဲ့သူရဲ့ ကိုယ့်နိုင်ငံကိုအထင်သေးသလိုလို ဘာလိုလိုအပြောတွေကို ခံရဖူးမလား မသိဘူး။ ကျမနဲ့ ကျမသူငယ်ချင်းအချို့တော့ ခံရဖူးပါတယ်။ နိုင်ငံရပ်ခြားကိုထွက်လာနိုင်တာ ဘယ်လောက်ကံကောင်းကြောင်း၊ ကိုယ့်နိုင်ငံမှာဆက်နေရင် အဆင်မပြေနိုင်ကြောင်း၊ သူတို့နိုင်ငံကိုအတုယူသင့်ကျောင်း၊ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ၊ ဆန္ဒပြပွဲတွေများလို့ သွားမလည်ဖြစ်ကြောင်း၊ အိမ်နီးချင်းထိုင်းကို သဘောကျကြောင်း၊ ကျန်းမာရေး လူမှုရေး နိမ့်ကျကြောင်း သာသာနဲ့နာနာနှက်တဲ့အပြောတွေပေါ့ရှင်။ ကိုယ့်နိုင်ငံမှာ မဖွင့်ဖြိုးသေးတဲ့နေရာတွေရှိတာမှန်ပေမဲ့  သူတို့ထင်သလိုအစစအရာရာ နိမ့်ကျနေတာတော့လဲမဟုတ်ပါဘူး။ မခံနိုင်တော့ ပြန်ပြော၊ ပြန်ပြောတော့ ခရီးသွားရတာ စိတ်မချမ်းသာ။  ကိုယ့်နိုင်ငံမှာ ပြင်စရာတွေ သူများကိုအတုယူပြင်ဆင်စရာတွေရှိပေမဲ့ ပေါ်ပေါ်တင်တင် ဘလိုင်းကြီးပြောဆိုနေတာမျိုးဆိုသီးမခံနိုင်၊ ဒါနဲ့တရက်တော့ ဘာလို့များ မြန်မာနိုင်ငံကိုရောက်လဲမရောက်ဘူး၊ သေသေချာချာ ထဲထဲဝင်ဝင် မသိဘဲများ ဘယ်လိုလုပ်ပြီး ကောမန့်ပေးနေသလဲလို့ ပြန်မေးမိတော့ " ဖေ့ဘွတ်မှာမြင်နေရတာပဲ" တဲ့။ "ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်" ဆိုသလိုပါပဲ။ ကျမရဲ့  ဖေ့ဘွတ်ထဲမှာ အိမ်နီးချင်းနိုင်ငံများက လုပ်ဖော်ကိုင်ဖက်တွေ၊ ကျောင်းနေဖက်သူငယ်ချင်းတွေအများကြီးရှိပါတယ်။ သူတို့နိုင်ငံတွေမှာလဲ သူတို့ ပြသနာနဲ့ သူတို့ပါ။ ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင် pageတွေမှာ တင်တာ Shareတာ မမြင်ရသလောက်ပါပဲ။

"ငါတို့ရေးတာတွေ တင်တာတွေက ကိုယ့်သူငယ်ချင်းအချင်းချင်းသိစေချင်လို့ ဖတ်စေချင်လို့  Share တာပဲ။ မြန်မာနိုင်ငံကြီးကို ကိုယ်စားမပြုပါဘူး။ မြန်မာအားလုံးဒီလိုဖြစ်နေတယ်လို့ မဆိုလိုပါဘူး "လို့ ပြောမဲ့သူများရှိနိုင်ပါတယ်။ ဒါဟာ မြန်မာအချင်းချင်းအတွက်တော့ဟုတ်ပါလိမ့်မယ်။ သူများနိုင်ငံသားတွေအဖို့ မြန်မာအားလုံးတူတူပါပဲ။ မြန်မာအားလုံးသည် ကောင်းကောင်း ဆိုးဆိုး မြန်မာအားလုံးနဲ့ ဆိုင်ပါတယ်။ ဒါက မြန်မာမို့လားဆိုတော့လဲမဟုတ်ပြန်ပါဘူး။ သူတပါးနိုင်ငံမှာနေတဲ့ နိုင်ငံသားမဟုတ်တဲ့သူတိုင်း  သိမ်းကျုံးပြီးအပြောခံ၊အထင်ခံရတာမျိုး မကြာခဏခံရတတ်ပါတယ်။ ဟိုးတလောလေးတုန်းက ဖိလစ်ပိုင်နိုင်ငံသားအမျိုးသားသူနာပြုတယောက်က စင်ကာပူနိုင်ငံသားတွေကို   ဖေ့ဘွတ်ပေါ်မှာ ပေါ်ပေါ်တင်တင် ထိုးနှက်ရေးသားခဲ့တဲ့ ပြသနာတခုဖြစ်ခဲ့ပါပါ။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဒီနိုင်ငံသားလုပ်ဖော်ကိုင်ဖက်တယောက်က ဖိလစ်ပိုင်နိုင်ငံသာအခြားလုပ်ဖော်ကိုင်ဖက်တယောက်ကို မေးနေတာ ကြားဖူးပါတယ်။ " နင်ကြားပြီးပြီလား။ နင်နဲ့သိလားပေါ့" ။ ကျမအလုပ်လုပ်နေတဲ့အလုပ်က ဆေးရုံဆေးခန်းနဲ့ဘာမှမပတ်သက်ပါဘူး။ ဖိလစ်ပိုင်လူမျိုးအချင်းချင်းပေမဲ့ သိန်းနဲ့ချီပြီးရှိနေတဲ့ ဒီနိုင်ငံမှာ တဦးကိုတဦးသိဖို့ဆိုတာ လွယ်တာမဟုတ်ပါဘူး။ "ဒါနဲ့များတောင် ငါနဲ့သိလား။ ဘယ်လိုထင်သလဲ" လို့ ငါ့ကိုလာမေးတယ်လို့သူငယ်ချင်းမကငြီးရှာပါတယ်။သူတို့အိမ်က အိမ်အကူအမျိုးသမီးလေးတွေ ဟင်းမချက်တတ်တာ၊ သန့်ရှင်းရေးမတော်တာ၊ စာရိတ္တမကောင်းတာတွေကအစ ငါ့ကို ဘာရယ်မဟုတ်လာပြောကြသေးတယ်လို့ သူကပဲဆက်ပြောပြပါတယ်။ ပြောချင်တာက တချို့တချို့သောသူတွေက လူတဦးတယောက်ချင်းဆီကို ခွဲခြားမမြင်တတ်ဘူးဆိုတာလေးပါ။


 ဖေ့ဘွတ်မှာနောက်ထပ်တမျိုးတွေ့ကြရမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဘဝကူးမကောင်းတဲ့သူတွေရဲ့ပုံများကို သတင်း pageများ တင်သလို သေဆုံးသူများရဲ့ မြင်လို့မကောင်းသော သွေးသံရဲရဲ ပုံများ၊  ခန္ဓာကိုယ်အစိတ်အပိုင်းပြတ်များ၊ မီးလောင်သွားသော အစိတ်အပိုင်းများ ကို သတင်းအနေနဲ့ ဖောဖောသီသီ လွယ်လွယ်ကူကူတင်နေကြတာပါ။ ကျမကတော့ ဒါကိုအင်မတန်မလုပ်သင့်ဆုံးအလုပ်လို့မြင်ပါတယ်။ ဘဝကူးသွားတဲ့ သူကိုရော၊ ကျန်ခဲ့သူတွေကိုရော မလေးစားရာရောက်ပါတယ်။ ကျမတို့တွေအားလုံး မိသားစုဝင်တွေထဲကဖြစ်ဖြစ် ခင်မင်ရင်းနီးတဲ့အသိုင်းအဝိုင်းထဲကဖြစ်ဖြစ် ဆုံးရှုံးဖူးကြမှာပါ။ ကိုယ်ချစ်ခင်ရတဲ့ သူတယောက်ရဲ့  သွေးသံရဲရဲ သေဆုံး ပုံတွေကို တကမ္ဘာလုံးသိအောင် ဘယ်သူမှ ပြချင်မှာမဟုတ်ပါဘူး။ ကိုယ်ကိုတိုင်ဆိုရင်ရော။ ကိုယ်ချင်းစာကြည့်ကြဖို့ကောင်းပါတယ်။ သတင်း pageများ က ဗဟုသုတအလို့ငှါ ပညာပေး ( ကား သက်မှတ်ထားတဲ့ အရှိန်ထပ် ပိုမောင်းလို့၊ ဓာတ်ကြိုးပေါက်လို့၊ ဂက် (Gas) အိုးမလုံလို့) တင်ခဲ့ရင်တောင်မှ စာဖတ်သူအနေနဲ့ ဒီလိုသတင်းမျိုးသဘောသိပ်ကျရင် သက်ဆိုင်ရာ သတင်းpageမှာ Like ပေး၊ ကောမန့်သွားပေးလိုက်ပါ။ Public ကို Share စရာမလိုပါဘူး။ ကိုယ်နဲ့သိလို့ ကိုယ့်သူငယ်ချင်းတွေကိုသိစေချင်လို့ဆိုရင်လဲ သတင်း pageရဲ့ Link လောက် အကြောင်းအရာအပြည့်အစုံကို စာရေးတင်ရင် လုံလောက်မယ်ထင်ပါတယ်။

လောလောလတ်လတ်ဖြစ်နေတဲ့ ဆရာဝန်နဲ့ ရင်သား ပြသနာကိုလဲပြောချင်ပါသေးတယ်။ ပထမဆုံးသတင်းတွေ့တုန်းက သူ့ကို နိုင်ငံကျော်စာရေးဆရာမရဲ့အမျိုးသားမှန်း မသိပါဘူး။ ကျမအနေနဲ့ပြောရရင်သိစရာမလိုပါဘူး။ သူလုပ်ခဲ့သောအမှုသူနဲ့ပဲဆိုင်ပါတယ်။ အခုဆို ထိုဆရာဝန်နဲနဲ့ လူချင်းအပြင်မှာသိတဲ့သူများက သူ့အတွက် testimonialတွေရေးတင်ဖို့ Petition လုပ်ဖို့ ကြိုးစားနေကြပါပြီ။ ဘာတွေဘယ်လိုလုပ်လုပ် သူဒီအမှုကိုကျူးလွန်ခဲ့ကြောင်းထင်ရှားရင် လွတ်မှာမဟုတ်ပါဘူး။ သူမကျူးလွန်ခဲ့ဘူးဆိုရင်လဲ သူ့အတွက် ရပ်တည်ပေးမဲ့သူရှိတာဝမ်းသာရမှာပါ။ ဘာပဲဖြစ်ဖြစ် သူ့အမျိုးသမီးနဲ့ ကလေးလေးကအပြစ်မရှိပါဘူး။ ဘာလို့များ အဲဒီဆရာဝန်ဟာ  နိုင်ငံကျော်စာရေးဆရာမရဲ့အမျိုးသားဖြစ်ကြောင်း၊ အရင်ကပြောထားတဲ့ ( သူတို့အပြောအရ ဘာသာရေးကိုင်းရှိုင်းကြောင်း၊ မိန်းမနဲ့ ကလေးကို အင်မတန်ချစ်ကြောင်း ကြွားဝါထားတဲ့) အပြောတခြား၊ အလုပ်တခြားဖြစ်နေကြောင်း ရေးတင်နေကြသလဲ ကျမစဉ်းစားမရပါဘူး။ အမှန်အတိုင်းပြောရရင် ကျမက ဆရာမရဲ့ ပရိတ်သတ်မဟုတ်ပါဘူး။ ဒီအမှုမှာလဲ သူ့အမျိုးသားနဲ့ မသိတဲ့အတွက်  သူဒီလူမှုရေးပြစ်မှုကို ကျူးလွန်ခဲ့သလား၊ မကျူးလွန်ဘူးလား မခန့်မှန်းတတ်ပါဘူး။ Petition မှာလဲလက်မှတ်ထိုးဖို့အစီအစဉ်မရှိပါဘူး။ မဆိုင်တဲ့ သူ့အမျိုးသမီးနဲ့ ကလေးလေးကို မပါစေချင်ယုံသက်သက်ပါ။  ဖေ့ဘွတ်မှာ ဘာမှမရေးဘဲ မ Shareဘဲနေရင်တောင် အမှုဖြစ်ပြီဆိုကတည်းက သူတို့မိသားစု ဘယ်လိုမှ စိတ်မချမ်းသာနိုင်တော့ပါဘူး။ ဒီတော့ ဆိုးပြီးသားအခြေအနေတခုမှာ အကြောင်းအရာ ဂဂနန မသိဘဲShare လေးနှိပ်ပြီး " ရေနစ်သူ ဝါးကူထိုး" နေကြတဲ့ postတွေကို စိတ်ပျက်မိပါတယ်။

သေသေချာချာမသိဘဲ အတင်းကာရော Shareကြတဲ့ အထဲမှာ  နောက်တခုရှိပါသေးတယ်။" ကိုဘယ်သူ မဘယ်သူ က လူလိမ်တွေပါ။ အလုပ်ရှာပေးမယ်ဆိုပြီး ဘယ်လောက်လိမ်ပါတယ် ဘယ်လိုလိမ်ပါတယ်ဆိုပြီး" တယောက်ယောက်ကသာ ရေးပြီး ဓာတ်ပုံနဲ့ရေးတင်လိုက်  ဖေ့ဘွတ်မှာ လှိုင်လှိုင်ကြီးဆဲကြ ၊ဆိုကြ ၊Shareကြပါလိမ့်မယ်။ တင်ထားတဲ့ ပုံတွေထဲ တခါတခါ ကလေးချီထားတဲ့ပုံတွေလဲပါ၊  သူငယ်ချင်းတွေ ရုပ်တွေလဲပါ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြန်ပြီး Shareကြတော့တာပါပဲ။ " မသိဘူးနော်။ သူများက Shareပါဆိုလို့ " ဆိုတာမျိုးရေးပြီးShareကြတာတွေလဲမြင်ဖူးကြမှာပါ။ ဟုတ်ရင်ကောင်းပါတယ်။ ဒီလူသူများတွေကိုထပ်လိမ်လို့မရတော့ဘူးပေါ့။ မဟုတ်ရင်ရော။  ဖေ့ဘွတ်ဆိုတာ သူငယ်ချင်းခပ်များများရှိတဲ့အကောင့် တခုပိုင်ဆိုင်ရုံနဲ့ လူတယောက်ရဲ့ ဘဝကိုဖျက်ဖို့ အလွယ်ကူဆုံးနေရာဖြစ်သွားပါပြီ။

 ဖေ့ဘွတ်ဆိုတာလူမှုဆက်သွယ်ရေးကွန်ရက်ပါ။ နောက်ဆုံးစစ်တမ်းတွေအရ  ဖေ့ဘွတ်ကိုသုံးတဲ့သူက သန်း၅၀၀ကျော်ရှိလာပီး လူမှုဆက်သွယ်ရေးကွန်ယက် ထက်ကိုပိုလာပြီလို့ ထင်ပါတယ်။  ဖေ့ဘွတ်က အွန်လိုင်းမှာရှိနေတဲ့ ကမ္ဘာတခုဆိုရင် ကျမတို့ရဲ့  page တွေက ကိုယ်ပိုင် အိမ်လေးတွေပေါ့။ ဝေါ (wall) ပေါ်မှာတင်ထားတဲ့ post တွေက အိမ်တခုရဲ့ ပြတင်းပေါက်တွေဖြစ်ပြီး သူငယ်ချင်းတွေက အိမ်နီးချင်းတွေလို့ မြင်ကြည့်ရအောင်ပါ။  ဖေ့ဘွတ် ဒါမှမဟုတ် virtual world တခုရဲ့အားသာချက်ကတော့ အာဖရိကကသူတယောက်က မြန်မာပြည်ကသူငယ်ချင်းကို နေ့တိုင်းလာလည်လို့ရသလို မြန်မာပြည်ကနေလဲ ကနေဒါကသူငယ်ချင်းဘာလုပ်နေသလဲဆိုတာ သိနေနိုင်ပါပြီ။ ကိုယ့်အိမ်ကို တကူးတက လာလည်တဲ့သူဖြစ်ဖြစ်၊ ပြတင်းပေါက်နားက မတော်တဆဖြတ်သွားတဲ့သူကိုဖြစ်ဖြစ်၊ စပ်စပ်စုစုနဲ့ချောင်းကြည့်တဲ့သူကိုပဲဖြစ်ဖြစ် ကိုယ့်အကြောင်း၊ ကိုယ့်လူမျိုးအကြောင်း၊ ကိုယ့်နိုင်ငံအကြောင်း ဘာတွေလှစ်ဟပြချင်လာလဲဆိုတာကို တွေးဆကြစေချင်ပါတယ်။

Wednesday, 4 February 2015

ကျောင်းတော်ကချစ်သူတွေ

"နိုင်ငံတော်အလံကိုအလေး...ပု"
စတုတ္ထတန်းအခန်းတခန်းက အတန်းခေါင်းဆောင်ရဲ့ နိုင်ငံတော်အလံကို ညီညီညာညာအလေးပြုဖို့ ခပ်ကျယ်ကျယ်အော်ပြီး တိုင်ပေးတဲ့အသံပါ။ စိတ်ပဲလောနေတာလား၊  အသံထွက်မပီသသလား မသေချာပေမဲ့ အနောက်မှာ  နိုင်ငံတော်သီချင်းဆိုပြီး  နိုင်ငံတော်အလံကို ငြိမ်ငြိမ်သက်သက်၊ ညီညီညာညာအလေးပြုဖို့စောင့်နေ တဲ့ သူတွေဆီက ခွိခွိနဲ့ ရီသံတွေ ထွက်လာသည်။ အတန်းပိုင်ဆရာမက "အဟမ်း..အဟမ်း" ချောင်းဟန့်သံအဆုံး ... အတန်းခေါင်းဆောင်က နောက်ထပ်တကြိမ် အသံမြှင့်အော်အပြီးမှာတော့ ကျမတို့တတွေ အားလုံးညီညီညာညာ အလေးပြုလိုက်ကြပါသည်။ ထိုနေ့ကစပြီး အတန်းထဲမှာ နာမည်ကြီးနေသော အသားညိုစိမ့်စိမ့် လူကောင်ထွားထွားသူ့ကို သေသေချာချာသတိထားမိပါသည်။ သတိမထားချင်လို့လဲမရ ဘူးလေ။ သူ့ရဲ့ "အလေး...ပု" ဇာတ်လမ်းကိုအတန်းထဲကသူတွေ အချိန်တော်တော်ကြာတဲ့အထိပြောမဆုံးဘဲကိုး။

သူ့နာမည်က ၄လုံး။ နာမည်ရှည်ရှည်တွေ ခေတ်စားတဲ့ ကာလမို့ သူ့နာမည်က ခုခေတ်စကားအရဆို လန်းပါသည်။ ပြောကြကြေးဆို ကျမနာမည်ကလဲ ခပ်ရှည်ရှည်ပဲ။ နာမည်ရှည်တာချင်းတူပေမဲ့ ကျန်တဲ့နေရာတွေမှာအကွာကြီးကွာသည်။  သူက သွက်သွက်လက်လက် နဲ့အပေါင်းအသင်းဆန့်သည်။ အင်မတန်လူကြောက်တတ်တတ်တဲ့ ကျမက တော့ လာစကားပြောတဲ့ အလယ်တန်း၊အထက်တန်းက သူတွေကို ခုံအောက်တွေမှာ ဝင်ပုန်းရတာ အလုပ်ကြီးတခု။ မုန့်စားဆင်းချိန်တွေတိုင်း မှာ လူမထပ်အောင်တွဲတက်တဲ့ သူ့ကို တော့တခါတရံ အားကြသလိုလို၊ စိတ်ပူသလိုလိုနဲ့ ငေးမိပါသည်။

စတုတ္ထတန်း စာသင်နှစ်တနှစ်လုံး အတန်းတူချင်းပေမဲ့ သူနဲ့ ကျမနဲ့စကားမပြောဖူးပါ။ မျက်နှာချင်းဆိုင် ဆုံတိုင်း သူကအမြဲအရင် ရီပြတတ်ပေမဲ့ သူ့အတွက်ကျမက အမှူမဲ့အမှတ်မဲ့ဆိုတာ ကလေးပေ မဲ့ သေသေ ချာချာကြီး ကိုသိသည်။သူ့ကို သဘောကျစိတ်လေးနဲ့ ငေးရုံကလွှဲလို့ ကျမကလဲ သွား မိတ်ဖွဲ့ဖို့ သတ္တိကမရှိ။ ဒီလိုနဲ့ စာမေးပွဲကြီးအပြီး အောင်စာရင်းအလိုက် ငါးတန်း အတန်းတွေအခွဲမှာ သူနဲ့အတန်းကွဲသွားသည်။ သူကတော့ နာမည်ကြီးမြဲ ကြီးဆဲ။ ကျောင်းအကျီပေါ်မှာ "waist coat" လို့ခေါ်တဲ့ လက်ပြတ် အပေါ်ထပ်လက်တိုလေး ထပ်ဝတ်တတ်သောသူ့ကို ကျမတို့နှစ်က သူ့ကိုတော်တော်များများသိကြသည်။ ၅တန်းနှစ်မှာ အနည်းငယ် တိုးတက်လာတာက ကျမ။ မုန့်စားဆင်းချိန်တွေမှာ လက်ကလေးတွဲပြီး ကျောင်းပတ်ကြသည့် သူတွေအကြောင်း အနည်းငယ်သိလာသည်။ အတန်းရှေ့ကို မကြာခဏ လမ်းသလားတတ်တဲ့သူတွေကို မျက်လုံးချင်းဆုံကြည့်ပြီး ရီပြတတ်ပြီ။ ခုံအောက်ထဲ ဝင်ပုန်းတဲ့အထိလဲ လူမကြောက်တော့။ သူ့ကိုတော့ မကြာခဏ ဆိုသလို ကော် ရစ်ဒေါ မှာလမ်းလျှောက်ရင်းဖြစ်ဖြစ် မုန့်ဈေးတန်းမှာဖြစ်ဖြစ်တွေ့ပါသည်။ ဘေးမှာလဲ သူနဲ့အတန်းတူ ပုံမရသော ကောင်မလေးတယောက်ယောက် အမြဲပါသည်။ ကျမက မရီပြဖြစ်သလို သူကလဲကျမကိုမမှတ်မိပါ။

သူနဲ့စကားသွားပြောဖို့၊ လက်ကလေးတွဲပြီး ၁၅မိနစ် လောက်လမ်းလျှောက်ဖို့ ဘာလုပ်ရမလဲဆိုတာ ကျမသိပါသည်။ သို့သော်လဲ သူ့ကို ဘယ်တော့မှစမလိုက်ဘူးဆိုတဲ့ ကျမဆုံးဖြတ်ချက်ကို ခိုင်မာစေတာက မျက်လုံးဝိုင်းဝိုင်းအသားဖြူဖြူ နဲ့  ကျမ၏ စီနီယာတယောက်ကြောင့်ဖြစ်ပါသည်။ သူက တဦးတည်းသောကလေး၊  ပြည့်စုံသောအသိုင်းအဝိုင်းကဖြစ်ပြီး ခပ်ဆိုးဆိုးလေးပဲ ဆိုကြပါစို့။နေ့စဉ် နေ့တိုင်း မုန့်တွေပေး၊ နှင်းဆီပန်းတွေပေးပြီး သူ့ကိုပြန်ချစ်ဖို့ တတွင်တွင်ပြော။ ကျမက တတွင်တွင်ငြင်း။ စာတွေ အိတ်ထဲ ကျမမသိအောင် ခိုးထည့်။ အမေတွေ့လို့ အပြောခံရ။ သူ့ သူငယ်ချင်းတွေနဲ့ ကျမသူငယ်ချင်းတွေ ရန်ဖြစ်။  တရက်ကြတော့ နောက်ဆုံးစာဟုဆိုကာ အနီရောင်တွေနဲ့ မညီမညာရေးဖွဲ့ထားသော၊ မင်အနံ့မဟုတ်သော အနံ့တခုထွက်နေသော စာတစောင်ရပါသည်။ အနီရောင်တွေပေနေသောစာကိုသေသေချာချာ မကိုင်ရဲ၊ စိတ်လဲမကောင်းဖြစ်ရင်း " ငါလဲ သူ့လိုပဲ ချစ်တဲ့စိတ်နဲ့ ဘာမဆို  အတင်းအကျပ် လုပ်မိနိုင်တာပဲ" လို့အတွေးဝင်လာတော့ ကိုယ်ချစ်နေတာတခုနဲ့တော့ ဘယ်သူ့ကိုမှ မလိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါသည်။

ဆဌမတန်းတက်တော့ သူကကျမရှေ့က တခန်းမှာ။ သူနဲ့ တူတူတွဲပြီး တွေ့လာတာက မျက်နှာဝိုင်းဝိုင်း၊ ဆံပင်တိုတို အလယ်ခွဲနဲ့ သူ့ညီမလေး။  ပုံကတော့ ခပ်အေးအေး ဂျစ်တစ်တစ်လေး။ သူ..သူ့ညီမလေးကို သိပ်ချစ်ပြီး သိပ်ဂရုစိုက်ကြောင်း သူ့ရဲ့အကြောင်းကို သတင်းလုပ်ပြောချင်သူတွေ ဆီကမကြာခဏကြားရသည်။  အတန်းတိုင်းလိုလို အတန်းခေါင်းဆောင်၊ အသင်းခေါင်းဆောင်ဖြစ်နေတဲ့ သူက မကြာမကြာ ကျောင်းကိစ္စပေါင်းစုံနဲ့ အတန်းထဲရောက်တာတတ်တော့ မတွေ့မမြင်ရတော့မဟုတ်။ သို့သော် အမှန်အတိုင်းပြောရရင် သူနဲ့ သူ့ရဲ့အချစ်အသစ်တွေအကြောင်းကိုသိပ်စိတ်မဝင်စားတော့။ ဒါပေမဲ့ လာလိုက်တဲ့ သူမှန်သမျှကို ( သူ့ကြောင့်မဟုတ်) ငြင်းရင်း "အတွဲမရှိ" ဂုံဏ်ကိုထိမ်းတုန်း။

ကံကြမာကသူနဲ့ ကျမကိုရင်းနီးစေချင်ပုံရသည်။ သတ္တမတန်းရောက်တော့ သူနဲ့ တကျော့ပြန်အခန်းတူသည်။ သူနဲ့တင်မဟုတ်။  သူ့ညီမလေးကလဲ တခန်းထဲအတူတူ။ ဆဌမတန်းမှာ တွဲခဲ့တဲ့ စာအလွန်တော်သော သူငယ်ချင်းက A တန်းကိုရောက်သွားပြီး ကျမ ချစ်သော ၅တန်းမှ သူငယ်ချင်းများက ကျမနဲ့အတူ အတန်းလိုက်တက်မလာ။ တခန်းလုံး ကျမနဲ့ သိတာ ၆တန်းတုန်းက မထင်မှတ်ပဲ ခေါ်ပြော နှုတ်ဆက်ဖူးသော၊ သူနဲ့လဲခင်သော ဆံပင်တိုတို၊ ဂျစ်ကန်ကန်  နှစ်ယောက်။ ပြောရရင် သူတို့  နှစ်ယောက်ကလဲ နာမည်ကြီးတွေ။ ကျောင်းမှာ ခုနှစ် နှစ်ကျင်လည်ပြီးသည့်တိုင် ကျောင်းအထာမနပ်သေးသော ကျမနဲ့ ပုံစံနည်းနည်းမှမတူ.. ဆိုတော့ ကျမကသွားမခေါ်ချင်၊ မခေါ်ရဲ။  ကျမက တမင်တကာရှောင်နေပေမဲ့ အခန်းထဲမှာ သူငယ်ချင်းမရှိဘာမရှိနဲ့ အူကြောင်ကြောင်ဖြစ်နေသော ကျမကို သတိထားမိပြီး လာစကားပြောသော သူတို့ကို ပြန်တွေးကြည့်ရင်  ကျေးဇူးတင်ရပါသည်။ အတွဲလဲမရှိတော့ မုန့်စားဆင်းချိန်မှာတောင် တယောက်ထဲ ငိုင်နေတာမဟုတ်လား။ သူငယ်ချင်း၃ယောက်  သတ္တမတန်းစာသင်ခန်းရဲ့ နောက်ဆုံးခုံမှာ တူတူထိုင်ကြသည်။ စာသင်ချိန်တွေမှာ ထမင်းတွေခိုးစားပြီး မုန့်စားဆင်းချိန် မိနစ်၃၀အပြည့်ကျောင်းပတ်ကြသည်။ တခါတလေ ကောင်မလေးတွေဆီကို တူတူသွားကြသည်။ ကျမကတော့ ချိန်းတွေ့သည့်အချိန်တွေမှာ ခပ်ဝေးဝေးမှာတွေးရင်း ငေးရင်း စောင့်ပေါ့။ ထူးထူးခြားခြား မှတ်မိနေတာက မုန့်စားဆင်းချိန်မှာ ကျမရဲ့ ချစ်သူငယ်ချင်းနှစ်ယောက်က ကျမကို  တယောက်ထဲ ဘယ်တော့မှအထီးကျန် မနေစေတာပါပဲ။

အတန်းထဲမှာ အသင်းခေါင်းဆောင်၊ အတန်းခေါင်းဆောင်ရွေးကြတော့ ထုံးစံအတိုင်း သူ့ကိုဝိုင်းမဲပေးကြသည်။ ပေးမှာပေါ့...သူက တခြားအတန်းခေါင်းဆောင်တွေလို ကျပ်မှမကျပ်ပဲကိုး။ သူလဲ လုပ်ချင်ရာတွေ လုပ်နေတတ်သလို သူများတွေ ဆူနေလဲ ဘာမှမဟန့်။ စာသင်ချိန် ထမင်းခိုးစားသည့်အထဲ သူတောင်ပါသေးသည်။ဆရာမတွေလာဆူတဲ့အခါ "အားလုံးတိုးတိုးနေကြ" လို့ ဟန်ဆောင်ပန်ဆောင် ထအော်.. သူ့လဲဘယ်သူကမှ မကြောက်။  စကားစပ်လို့ပြောရရင် ထမင်းခိုးစားသည့်အထဲ အတော်ဆုံးက အေးပုံပေါ်သော သူ့ညီမလေး။ ဆရာမ ကျောက်သင်ဘုန်းပေါ်တွင်စာရေးနေချိန်လေးမှာ ထမင်းတလုပ် ပါးစပ်ထဲကောက်ထည့်... ဆရာမစာရှင်းပြချိန်မှာ  ဆရာမ မသိအောင် ပါးစပ်တလှုပ်လှုပ်နဲ့ ဝါးစား။ ဘေးက ဆရာမတွေ ဖြတ်သွား တာမြင်ရင် ပေါင်ပေါ်တင်ထားသည့် သူ့ရဲ့ စတီးထမင်းဘူးကို စာရေးစားပွဲခုံထဲ အလျှင်အမြန်ထည့်။  သူ့ညီမလေးအစား ဘေးကနေ ကျမကကြည့်ရင်း ရင်မောရသည်။


ကျမ အတန်းထဲမှာ  အသင်းခေါင်းဆောင်ဖြစ်လာတာက တကြောင်း၊ သူငယ်ချင်း အုပ်စုတူနေတာက တကြောင်းတို့ကြောင့် ခုနှစ်တန်းသူနဲ့ ကျမတော်တော်ရင်းနီးလာသည်။အတွင်းကျကျပေါင်းကြည့်တော့ သူသည်ပျော်တတ်ပြီး ဟန်လုံးဝမရှိ။ မြန်မာဟင်းမျိုးစုံကို ကောင်းကောင်းချက်ပြီး ထည့်ပေးတတ်သည့် သူ့အိမ်က ထမင်းဘူးထက် အသားညှပ်ပေါင်မုန့်လိုမျိုး၊  ဒါမှမဟုတ် တရုတ်ဟင်း ဝက်သားလုံးကြော်၊ ချိုချဉ်ကြော်လိုမျိုးထည့်ပေး တတ်သည့်ထမင်းဘူးမျိုးကိုပိုစိတ်ဝင်စားသည်။သူ့ရဲ့ "အလေး...ပု" ဇာတ်လမ်းကိုပြန်ပြောပြတော့ သူကသိပ်မမှတ်မိ။ ရီကျဲကျဲနဲ့  "မသိပါဘူးဟာ...ဟုတ်မှာပေါ့" လို့ခပ်ဝါးဝါးဖြေသည်။သူ တလွဲတွေ လုပ်တတ်မှန်း သိနေကျသည့် တခြားသူငယ်ချင်းတွေကတော့ တဝါးဝါးရီပါသည်။

သူ့ညီမလေးနဲ့ ရင်းနီးလာတာကတော့ စာကူးဖို့ စာအုပ်ငှါးရာက စတာ။  ဆရာမ စာခေါ်ချိန်မှာ ပျင်းသည်ဟုဆိုတာစာရေးချင်ဟန်ဆောင်သော်လည်း စာလိုက်မရေးတတ်သော သူ့ညီမလေးနဲ့ သူ့သူငယ်ချင်းလေးကို စာအပြည့်အစုံရှိသော၊ လက်ရေးလှသော ကျမကစာအုပ်အမြဲငှါးရပါသည်။ ဒီလိုနဲ့ ကျမတို့တတွေ သူငယ်ချင်းတအုပ်စုကြီးဖြစ်လာပါပြီ။ ကျောင်းမှာ အင်မတန် ပေါ်ပြူလာဖြစ်သော သူများနှင့် တသီးတသန့်နေတတ်သော၊ လူသိပ်မသိသော၊ စာဂျပိုး ( ဟုထင်ရသော) ကျမ မထင်မှတ်ဘဲ လည်ပင်း ဖက်ပေါင်းသော သူငယ်ချင်းတွေ ဖြစ်လာတာ တော်တော် ထူးဆန်းပါသည်။ သူတို့နဲ့ပေါင်းပြီး ပထမဆုံးကျောင်းကော်ရစ်ဒေါမှာ ထိုင်တတ်လာသည်။ စာသင်ချိန် ဆရာမလွတ်ချိန်တွေမှာ ထမင်းခိုးစားပြီး မုန့်စားဆင်းချိန် မိနစ်၃၀လုံးလုံး သူငယ်ချင်းတအုပ်ကြီး အတန်းပေါင်းစုံက နာမည်ကြီးများကို လိုက်ကြည့်သည်။ သူငယ်ချင်းတွေ နှစ်ယောက် တတွဲ ကျောင်းပတ်ကြသည်။ သူသည်လဲ ကျမအချစ်ဆုံး သူငယ်ချင်းထဲက တယောက်ဖြစ်သွားပါပြီ။

.............................................................................

"ဘေဘီ ဘာဖြစ်နေတာလဲ။ ရော့ ဒါလေးစားလိုက်"
ဒုတိယအစမ်း စာမေးပွဲအပြီးမှာ စိတ်ကျေနပ်လောက်အောင် မဖြေနိုင်လို့ ခုံပေါ် လွယ်အိတ်ပေါ်တင်ပြီး မျက်နှာမှောက်ထားသော ကျမရှေ့မှာ Love ကန်ဒီဟုခေါ်သော အသည်းပုံ အနီရောင်သကြားလုံးလေးတခု။ ကျမတို့တုန်းက Love ကန်ဒီဆိုတာ ချစ်သူသမီးရည်းစားအချင်းချင်းပေးလေ့ရှိသောအစားအစာတခုပါ။ အသံကို သေသေချာချာကြီးမှတ်မိနေပါရက်နဲ့ မယုံနိုင်စွာကြည့်မိတော့ သူ့ထုံးစံအတိုင်း အမည်းရောင် waistcoat" လို့ခေါ်တဲ့ လက်ပြတ်လေးဝတ်ထားသော သူ့နောက်ကျောကို လှမ်းမြင်ရပါသည်။   ခုံပေါ်တွင်ချထားသော Love ကန်ဒီ အသည်းပုံ သကြားလုံးလေးကို သူများတွေမမြင်ခင် လွယ်အိတ်အမွှေးပွလေးရဲ့ အောက်ခြေမှာထိုးထည့်ရင်း "ဘေဘီ" နဲ့ "Love ကန်ဒီ " ကြောင့် သူ့ကို ရင်ပြန်ခုန်တတ်လာပါသည်။

၇တန်း နှစ်ကုန်ခါနီးတလျှောက်လုံး မမေးဖြစ်ခဲ့တဲ့ မေးခွန်းကို ၈တန်းတက်မှ သူ့ကိုအားတင်းပြီးမေးမိပါသည်။
"ဟဲ့ နင်ငါငိုနေတာ ဘယ်လိုမြင်သွားတာလဲ။ ဟိုလေ သကြားလုံးတောင် ပေးသွားသေးတယ် " (Love ကန်ဒီ ဟုမပြောရဲ)
"ဟမ် ဘယ်တုန်းကလဲ ။."
"မနှစ်ကလေ .. xxx ဘာသာဖြေတဲ့နေ့လေ။ ဒုတိယအစမ်း..."
" အော မှတ်မိပြီ။ xxx ဘာသာမေးခွန်းကြီးက သတ်တယ်လေ။ ငါတို့ထဲမှာ မဖြေနိုင်ရင် စိတ်အညစ်ကြီးညစ်တတ်တာဆိုလို့ နင်ပဲရှိတာ။ ဒါကြောင့် ဖြေဖြေပြီးချင်း နင့်ကို ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ" ( ငါ့ကိုဂရုတစိုက်ရှိသားပဲ။ ရင်ထဲမှာ နွေးသွား...)
" သကြားလုံး...?"
"အေး ..ဒါနဲ့ ကလေးအငိုတိတ်အောင် ငါ့မမကိုပေးမဲ့  သကြားလုံးပေးခဲ့တာ" ( ဟမ် ဒါဆို တကူးတကပေးတာမဟုတ်ဘူးပေါ့)
" ငါ့ကိုတောင် "ဘေဘီ" လို့ခေါ်သွား သေးတယ်လေ" ( မျှော်လင့်တကြီး မဝင့်မရဲနဲ့မေး...)
" ဟုတ်လား .. မသိပါဘူး" ( ဟင်း...)
ရတဲ့ နေ့ကတည်းက ဘယ်သူမှမမြင်အောင် မစားအောင် အဝတ်ဗီဒို အောက်ထဲတကူးတကထည့်ထားသော Love ကန်ဒီအနီရောင်လေးကို ပြင်မြင်ပြီး အားနာလှပါသည်။ 

နဝမတန်းရောက်တဲ့အခါ "အချိန်အရမ်းပေးရတယ်" ဟူသောအကြောင်းပြချက် နဲ့ ကျောင်းပြောင်း ကြဖို့စကားသံတွေ ဟိုတစ ဒီတစထွက်လာပါသည်။ လသာ၂ က မနက်၈နာရီကနေ ညနေ ၃နာရီလောက်အထိတက်ရတာလေ။ ကျမတို့ အုပ်စုထဲတွင်သာမက တခြားတခြားသော အတန်းခွဲများက သူငယ်ချင်းတွေကလဲ ၁၀တန်းမှာ ကျောင်းပြောင်းတက်ကြဖို့ စဉ်းစားကုန်ကြပြီ။ အခုမှ ကျောင်းရေ လည်လာသော၊ ကျောင်းပျော် လာသော ကျမကတော့ လသာ၂ကနေခွါဖို့ အစီအစဉ်မရှိ။ ချစ်ရတဲ့ သူငယ်ချင်းတွေကိုလဲ ကျောင်းမပြောင်းစေချင်။ ဒါနဲ့ပဲ ကျမမှာ ဒိုင်ယာရီရေးသောအကျင့်စပြီးရလာပါသည်။ တနေ့တနေ့ ကျောင်းမှာ ကြုံသမျှ၊ တွေ့သမျှ၊ ခံစားရသမျှ မှတ်တမ်းတင်ဖို့ ဆိုပါတော့။  ဒိုင်ယာရီထဲအများဆုံး ပါတတ်တာတော့ ဘယ်သူ့အကြောင်း လဲ ပြောစရာလိုမယ်မထင်ပါ။

အရင်တုန်းကထက် စာတွေများလာသည့်ကြားထဲက ၉တန်း ဒုတိယအစမ်းဖြေခါနီးတွင် ကျောင်းကိုယ်စားပြုပွဲ တပွဲမှာပါဖို့အရွေး ခံရပါသည်။ ကျောင်း မှာရသမျှ အတွေ့အကြုံ လိုချင်သော ကျမက ၂ပတ်တိတိ ကျောင်းမတက်ဘဲ camp ဝင်ပြီးလေ့ကျင့်ရမည့်အရေးကို တတ်တတ်ကြွကြွပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထို camp မှာပဲ ပထမဦးဆုံး အချစ်တော်ရခဲ့ပါသည်။ နှစ်ပေါင်းများစွာ စိတ်ဝင်စားခဲ့သော သူနဲ့ အချစ်ဆုံး သူငယ်ချင်းတွေ မထင်မှတ်ဘဲ ဖြစ်ခဲ့ရပြီး ကျောင်းတွင်တခါမှ မဆုံဘူးသော အတန်းတူ ကောင်မလေးနဲ့ အချစ်တော်ဖြစ်သွားတာတော့ တွေးကြည့်ရင် တော်တော်ထူးဆန်းပါသည်။ အခုလက်ရှိအချိန်အထိ ကျမတို့တဖွဲ့လုံး ( သူအပါအဝင်) အချစ်ဆုံးသူငယ်ချင်းတွေအနေနဲ့ရှိနေကြပြီး အချစ်ဟောင်းကောင်မလေးနဲ့တော့ ဖဘမှာ မေးထူးခေါ်ပြောယုံကလွဲလို့ အဆက်အသွယ်မရှိ။

ကျမကို တယောက်သောသူကပြောဘူးပါသည်။ "လူတယောက်ကို တကယ်ချစ်ရင် သူငယ်ချင်းတော်လိုက်ပါ။ ဒါဆို သူနဲ့ တသက်လုံး အတူတူရှိဖို့ အခွင့်အရေးပိုရတယ်။
Relationship တခုဖြစ်သွားပြီဆိုရင်တော့ အချိန်မရွေး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနိုင်တယ်" တဲ့။

ကျမ လမ်းအရွေးမှန်ခဲ့ပါသည် ဟုထင်ပါသည်။

(ဒီpost ကို မဇွန်နဲ့ မညိုလေးနေ တို့အားပေးလို့ ရေးဖြစ်တာပါ။ ချစ်ရတဲ့ လသာ၂ အမှတ်တရမို့ စုံအောင်လဲရေးချင် ရေးရင်းနဲ့လဲ ကြာသွားတာကို  ခွင့်လွှတ်ကြပါလို့။)

Monday, 27 October 2014

All time Favorites - Mascara (တဂ်ပို့စ်)

ဒါလေးက မြတ်ကြည် တဂ်ထားတဲ့ပို့စ်ပါ။ သူလေးက အောက်တိုဘာလထဲမှာ သဘောတွေ့သမျှရေးပါ ဆိုပေမဲ့ ဒီကနဲနဲကွန့်ပြီး နှစ်သက်မိတဲ့ မက်စ်ကာရာတွေအကြောင်းစုစည်းပြီးရေးပါရစေ။


ပထမဦးဆုံးသုံးဖူးပြီး အခုထိနှစ်သက်ဆဲ မက်စ်ကာရာက Maybellineက Lash discovery ဆိုတဲ့ မျက်တောင်ကော့ဆေးပါ။ Lash discovery မက်စ်ကာရာက မျက်တောင်ကော့တန် က သေးသေး စိတ်စိတ်လေး ဆိုတော့ မျက်တောင်အရင်းအထိ မပေမကျံဘဲဆိုးဖို့လွယ်ကူပါတယ်။ ဒီမက်စ်ကာရာ ရဲ့ကောင်းတဲ့ အချက်တွေ က ရေစိုခံတာရယ်၊ မျက်တောင်အရှည်တွေရော မျက်လုံးအောက် ကမျက်တောင် အတိုလေးတွေ ပါကော့ဖို့လွယ် တာရယ်၊ ဆိုးပြီးတဲ့အခါ မျက်တောင်ကော့ကော့ ရှည်ရှည်လေးဖြစ်စေတာရယ်ပါ။ ဒါပေမဲ့ နဂိုမျက်တောင် အရမ်း တိုပြီး နဲတဲ့သူတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ Adora မျက်တောင်က  ကော့လဲမကော့ စင်းလဲ မစင်းပေမဲ့ ခပ်စိတ်စိတ် ဆိုတော့ Lash discoveryက နေ့လည်ပိုင်း ကျောင်းသွား ရုံးသွားရင် သုံးဖို့ အဆင်ပြေ ပါတယ်။ မျက်တောင်တချောင်းချင်းကို ရှည်ပြီးကော့စေတဲ့အတွက် သဘာဝကျကျလှစေပါတယ်။


Maybelline တမျိုးထဲကိုပဲနှစ်ရှည်လများစွဲသုံးနေရာကနေ တရက်မှာ l'orealက အဖုံးနှစ်ဘက်ပါတဲ့ l'oreal lash extension မက်စ်ကာရာကိုသွားတွေ့ပါတယ်။ ဖွင့်ကြည့်တော့ တဖက်ကအဖြူ၊ တဖက်က အမည်းရောင် ဆိုတော့ စိတ်ဝင်စားသွားပါတယ်။ ကျမတွေ့ဖူးတဲ့ မျက်တောင်ကော့ဆေးတွေကအမည်းဒါမှမဟုတ် အညိုပဲ ရှိတာ ကိုး။ကောင်တာက အရောင်းစာရေးအမကိုမေးကြည့်တော့ အဖြူဘက်က ဖိုင်ဘာ (Fibre) အမျှင်လေးတွေပါလို့ မျက်တောင်လေးတွေ ပိုပြီး ရှည်စေ ဖို့ အထောက်အကူပြုပြီး အမည်းဘက်ကတော့ ဟာကိုဆိုးရင်တော့ မျက်တောင်ထူစေပါတယ်တဲ့။ အသုံးပြုပုံ ပြုနည်းကတော့ အဖြူဘက်ကို မျက်တောင်ပေါ်မှာအရင်ဆိုး.ပြီးတော့မှ အမည်းဘက်ကိုဆိုးလိုက်ရင် မျက်တောင်ထူထူရှည်ရှည်လေးနဲ့ လှပြီပေါ့။တခုပဲဆိုးတာက ဒီမက်စ်ကာရာကရေစို မခံပါဘူး။ပြီးတော့ ဖော်မြူလာက maybelline မခြောက်ဘဲ နဲနဲစိုတဲ့အတွက် ဆိုးနေမကျရင်နဲနဲ သတိထား ရပါတယ်။ဒါတွေကလွဲရင်တော့ မျက်တောင်တိုတို ရှည်ရှည်၊ ထူထူပါးပါး ဒီကော့ဆေးနဲ့အဆင်ပြေပါတယ်။ Maybelline Lash discovery နဲ့ l'oreal lash extension ကိုသုံးနေရင်းက ကြုံရင်ကြုံသလို တခြားတံဆိပ်တွေ ကိုဝယ်သုံးကြည့်ပေမဲ့ စိတ်တိုင်းမကျလှပါဘူး။ တံဆိပ်အတူတူချင်းမှာတောင်မှပဲ တခြားဖော်မြူလာတွေကို သဘောမကြပြန်ဘူး။ Maybelline နဲ့  l'orealထဲမှာကိုပဲ စိတ်ထဲမှာ  Maybellineက သဘာဝကျလို့ လို့ပိုပြီးနှစ် သက်ပါတယ်။ နှစ်တွေကြာလာတဲ့အခါ ကျမသုံးနေကျ Maybelline Lash discovery နဲ့ l'oreal lash extension ကိုရှာရခက်လာပါတယ်။ ခပ်ဆင်ဆင်ပုံစံ မျိုးတွေ ထွက်လာပေ မဲ့ ဖော်မြူလာတွေ ကနဲနဲ ကွာသလိုရှိတာကြောင့် စိတ်ညစ်နေတုန်း Maybellineက အသစ်ထုတ်တဲ့ rocket mascara အကြောင်း မဂ္ဂဇင်းတခုမှာဖတ်ရလို့ အပြေးအလွားဝယ်မိပြန်ပါတယ်။ 


Rocket မက်စ်ကာရာက ရော့ကက်ပုံစံခပ်တုတ်တုတ်ပါ။ခရမ်းပြာရောင်ဘူးပေါ်မှာ ပန်းရောင်စာတန်းနဲ့ Rocket Volum Express လို့ထိုးထားတော့ မျက်တောင်ထူထူ လိုချင်သူများအတွက် အဆင်ပြေမဲ့ မက်စ်ကာရာပေါ့။ မျက်တောင်မှာတင်ပြီးဆိုးကြည့်တဲ့အခါ ကြေငြာထားတဲ့အတိုင်း မျက်တောင်ကို မည်းပြီးထူသွားစေပါတယ်။ မျက်တောင်သိပ်မတိုတဲ့ကျမအတွက်  ရော့ကက်ကအဆင်ပြေပေမဲ့ မျက်တောင် တိုတဲ့သူတွေ အတွက်တော့ ရော့ကက် မက်စ်ကာရာ ကအဆင်ပြေမှာမဟုတ်ပါဘူး။ သူမှာ မျက်တောင်ကိုရှည်စေတဲ့ Lengthening effect မပါလို့ပါ။ အပေါ်က L'oreal မက်စ်ကာရာလိုမျိုး ဖိုင်ဘာပါတဲ့အဖြူရောင် မက်စ်ကာရာ အရည်လိုမျိုးအရင်လိမ်း ပြီးမှ  ရော့ကက်ကိုဆိုးရင်တော့ မျက်တောင်တုတတ်ထားသလို မျက်တောင် ရှည်ရှည် ထူထူမျိုးရမှာပါ။ Maybelline ရဲ့ ဖော်မြူလာက နဲနဲခြောက်တာကြောင့် မျက်တောင်ပေါ်ကိုအထပ်ထပ်ဆိုးတဲ့အခါ မျက်တောင်မွှေးတွေကပ်ပြီးစုသွားတတ်လို့ brushနဲ့ပြန်ဖြီးပေးရတတ်ပါတယ်။ Adoraအမြင်အရတော့ မျက်တောင်တိုပြီး အချိန်မပေးနိုင်တဲ့ သူတွေအတွက် ရော့ကက် ကသိပ်မသင့်တော်ပါဘူး။ အချိန်ပေးပြီး အလှပြင်နိုင်တဲ့ ပွဲလမ်းမြိုးမှာစိတ်ရှည်ရှည်နဲ့ ကိုယ့်လိုအပ်မှုနဲ့ညှိသုံးရင်တော့ မျက်တောင်တုတတ်စရာမလိုအောင် လှတဲ့မျက်ဝန်းတစုံကိုပိုင်ဆိုင်မှာပါ။


Benefit က they're real လို့ခေါ်တဲ့ မက်စ်ကာရာကိုတော့ bellabox မှာပါတဲ့ sampleသုံးပြီး သဘောကျ သွားတာပါ။ Rocket မက်စ်ကာရာထက်ပိုသဘောကြမိတဲ့အချက်ကတော့ မျက်တောင်ကို ထူပြီးရှည်စေ တဲ့အပြင် တနေ့လုံးမျက်တောင်ကော့ကော့လေးနဲ့လှနေစေပါတယ်။ တံဆိပ်မတူပေမဲ့လဲ Rocketဖော်မြူလာလိုပဲ မက်စ်ကာရာကအရမ်းခြောက်တာကြောင့် မျက်တောင်မွှေးတွေပူးပြီး စုစုကြီးဖြစ် မသွားအောင်လို့တော့ သတိထားလိမ်းရပါတယ်။ တခုတည်းသော မကောင်းတဲ့ အချက်ကတော့ ရေစို အရမ်းခံတာကြောင့် ဖျက်ရတာအရမ်းခက်ပါတယ်။ ဒါကြောင့်လဲ Benefitကသူတို့ရဲ့  လိုင်နာတွေ၊ မက်စ်ကာရာတွေနဲ့သုံးဖို့ မိတ်ကပ်ဖျက်ဆေးရောင်းပါတယ်။ မက်စ်ကာရာဆိုးထားပြီး မခံလို့စိတ်ညစ်နေတဲ့သူတွေရှိရင်Benefit က they're real  မက်စ်ကာရာသုံးကြည့်ဖို့ညွှန်းပါရစေ။ 


နောက်ဆုံးသုံးဖြစ်ပြီး အကြိုက်ဆုံးဖြစ်နေတာကတော့ Guerlain က Black Noir G ဆိုတဲ့ မက်စ်ကာရာပါပဲ။ ဒီ မက်စ်ကာရာကိုလဲ bellaboxက sampleလေးကိုအရင်သုံးကြည့်ပြီး သဘောကြလို့ ထပ်ဝယ်ဖြစ်တာပါ။  မှန်ကလေးတွဲရက်ပါပါတယ်။ ဗူးဒီဇိုင်းကအကောင်းစားမှန်းသိသာအောင်ကိုလှပါတယ်။ ဈေးကလဲ ကျမသုံးဖူးတဲ့ တံဆိပ်တွေထက်စာရင် ဈေးကြီးပါတယ်။ ဒါပေမဲ့လဲ သုံးပြီးတဲ့အခါတိုင်း မျက်တောင်တွေက တချောင်းခြင်းရှည်ပြီး သဘာဝကျကျ ကော့ကော့လေးတနေကုန်ဖြစ်နေတာဆိုတော့ ပိုက်ဆံကုန်ရကြိုးနပ်တယ်ပဲပြောရပါမယ်။ ဆိုးလိုက်တဲ့အခါ Rocketတို့ Benefit မက်စ်ကာရာတို့လို မည်းပြီး အရမ်းထူသွားတဲ့ပုံမျိုးမပေါက်ပင်မဲ့ ကျမရဲ့ ပုံမှန်မျက်တောင်တွေထက်တော့ ပိုထူသွားပါတယ်။ ဖော်မြူလာက ရေစိုခံ ဒါပေမဲ့ ဆိုးတဲ့အခါ အရည်က စိုစိုလေးမို့  မျက်တောင်တွေအားလုံးကို စုစုကြီးဖြစ်မသွားစေဘဲ တချောင်းချင်းကို ဆိုးဖိုအဆင်ပြေပါတယ်။ ဖျက်ရတာလဲ ပုံမှန်မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ရင်ချက်ခြင်းပျက်ပါတယ်။ သဘာဝကျတဲ့ မျက်တောင်ရှည်ရှည်ထူထူလေးတွေနဲ့ လှချင်ရင်တော့ စမ်းသုံးကြည့်စေချင်ပါတယ်။


ဒီလောက်ဆို Challenge လုပ်တဲ့မြတ်ကြည်လဲကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ သတိတရနဲ့ တဂ်သွားတာကိုလဲကျေးဇူးတင်ပါကြောင်း။

လှပတဲ့ မျက်ဝန်းလေးများပိုင်ဆိုင်ကြပါစေ။

Sunday, 26 October 2014

ပြန်ပြောပြဖို့

မထင်မှတ်ပဲ မြန်မာmp3ဆိုက်ကနေ ငယ်ငယ်တုန်းကနှစ် သက် ခဲ့ရ တဲ့ အခွေလေးပြန် ရှာတွေ့လို့ နားထောင်ဖြစ်တယ်။ အနဂ္ဂနဲ့အောင်ကောင်းထက်တို့ဆိုတဲ့သီချင်း။ ဘာရယ်မဟုတ် ငယ်ငယ်တုန်းကအမှတ်ရစရာလေးတခုကိုသွားသတိရမိရော။

အဲဒီတုန်းက ကျမအသက်က၁၆၊၁၇။ ၁၀တန်းပြီးခါစသစ်ရွက်လှုပ်ရင်ရီချင်နေတဲ့ စိတ်ကစားတဲ့အရွယ်။ တနေ့မှာ တက္ကသိုလ်တခုက စာမေးပွဲဖြေဖို့ ပြင်ဆင်ပေးတဲ့သင်တန်းမှာ တွေ့တဲ့သူငယ်ချင်းလိုလို၊ (ဘာလိုလို) တယောက် ကသူကျောင်းတက်နေတဲ့ သန်လျင် ဂျီတီစီကို အလည်လိုက်ဖို့ ခေါ်ပါတယ်။ သူ ကျမ အကြောင်းတွေ သတိရ တဲ့ အခါ ကဗျာတွေ ထိုင်ရေးဖြစ် တဲ့ ရေကန်ကြီး ကို ပြ ချင် ပါ သ တဲ့ ။ ကန်ကြီးရဲ့အနားမှာ သစ်ပင်တွေကလဲ အုံ့အုံ့ ဆိုင်းဆိုင်းနဲ့ နေပြောက်ထိုးတဲ့အခါ သူ ရေကန် နားက ကျောက်တုံးတွေပေါ်မှာ ထိုင်ကြည့်သလို ကျမ ကို လဲမြင်စေချင်တယ်တဲ့လေ။

သူပြောတုန်းကစိတ်ထဲမှာ မြင်ယောင်နေတာ အင်းယားလိုရေကန်ကြီးကြီးနဲ့ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းတွေပါ။ ရုပ်ရှင်တွေထဲမှာ ကြည့်ခဲ့ရတဲ့ မင်းသားနဲ့မင်းသမီးလို ရေစပ်က ကျောက်တုံးလေးတွေပေါ်မှာ ထိုင်ပြီး စကားပြောကြမယ်ဆိုတဲ့စိတ်ကူးနဲ့ အလည်ခေါ်တာကို လက်ခံလိုက်ပါတယ်။ ဂျီတီစီဂျီတီစီလဲရောက်ရော ကျောင်းကန်တင်းမှာသူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ထိုင်တာတောင် ဖင်ကတကြွကြွနဲ့ ရေကန်ကြီး ဆိုတာကိုသွားချင်နေပြီ။ ဒါနဲ့ ကော်ဖီတခွက်သောက်အပြီးမှာ ကျောင်းနောက်က ရေကန်ကြီး ဆိုတာ ဆီ လဲရောက်ရော....

တကယ်က ရေကန်ဆိုတာထက် ပိုပြီးမှန်မဲ့အသုံးအနှုန်းက အုတ်ကန်ပါ။ရန်ကုန်တိုက်ခန်းတွေမှာပါလေ့ရှိတဲ့ အုတ်ကန်မျိုးထက် ၃-၄ဆလောက်ကြီးမဲ့ လေးထောင့်ဆန်ဆန်အုတ်ကန်မျိုးပါ။ ပတ်ဝန်းကျင်မှာ သစ်ပင်တွေအုံ့ဆိုင်းပြီးနေပြောက်မထိုးတာတော့မှန်ပါရဲ့။ကျမတွေးထားသလို ရန်ကုန်တက္ကသိုလ် အင်းယား ကန်ဘောင်ကမြင်ကွင်းမျိုးတော့မဟုတ်ဘူးလေ။ ထိုင်လို့ရတယ်ဆိုတဲ့ ကျောက်တုံးတွေကလဲ အဲဒီနေ့မှ မိုးရွာထားလို့စိုစိုစွတ်စွတ်နဲ့။ စိတ်ကူးထဲကတွေးထားသလို ကန်ဘောင်မှာထိုင်ပြီး ရိုမန့်တစ်ဆန်ဆန် စကားပြောဖို့ဆိုရင် အုတ်ကန်ဘောင်ပေါ်မှာ ထိုင်ကြရုံရှိတော့တာ။ စိတ်ကူးထဲက မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့လဲ "အင်း အေးချမ်းတယ်နော်။ သစ်ပင်တွေအုံ့နေတော့ နေလဲမပူဘူးပေါ့" ဘာညာလျှောက်ပြောပြီး ကျောင်းဘက်ပြန်လျှောက်ခဲ့ရတယ်။ စိတ်ထဲမှာတော့ ငိုချင် ရီချင်နဲ့။ ကျမအတွက် ကဗျာတွေရေးတယ်ဆိုလို့သာ သူ့ကို အော်မပြစ်လိုက်တာပါ။

ကန်တင်းလဲပြန်ရောက်ရော ဖွင့်ထားတဲ့သီချင်းက အဖြေတောင်းတဲ့ အချစ်သီချင်းမြူးမြူးလေးတပုဒ်။
"ချစ်ခဲ့ပြီးမှ ပြောင်းလဲမှုတွေလုံးဝမဖြစ်နိုင်လို့ 
မင်းအတွက်အရာရာ ဘာမဆိုကိုယ်လေ ဖြည့်ဆီးပြီး ချစ်သွားမယ်
အဆင်မပြေချိန် ခဏလေးချစ်တဲ့စိတ်တွေ ရင်မှာသိမ်းပြီးရီးစားတွေဖြစ်ရင် အတိုးချပြီးတော့ ချစ်လိုက်ပေါ့
ဒို့နှစ်ဦးရီးစားတွေဖြစ်လာကြရင်လဲ ဘယ်သူတွေဘယ်လောက်ပဲချစ် ဒို့ကိုမမှီနိုင်လောက်ပါဘူး"
ဘယ်ကနေ ဘယ်လိုဖြစ်တယ်မသိ။ အဲဒီသီချင်းကြားပြီး စိတ်ထဲမှာရင်ခုန်သလိုလို ဘာလိုလိုနဲ့။ ဘေးနားကတယောက်ကလဲ
"တွေ့လား။ ဘယ်လောက်တိုက်ဆိုင်လဲ။ဖွင့်ထားတဲ့ သီချင်းကတောင် ကိုယ်ပြောချင်နေတာနဲ့တူနေတယ်"

ဒီဇာတ်လမ်းလေးရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားလဲဆိုတာတော့ သီချင်းခွေနာမည်လေးအတိုင်း ပြန်ပြောပြဖို့တော်တော်ခက်ပါလိမ့်မယ်။ သီချင်းနာမည်က "အလွမ်းမဲ့" လို့ခေါ်ပါတယ်။
(နားထောင်ချင်တဲ့သူတွေအတွက် မြန်မာ လင့်လေးပါ။)
http://www.myanmarmp3.net/albums/pull/374/pyan-pyaw-pya-phoe-taw-taw-khet-late-mel

တခါတလေ ဘာရယ်မဟုတ်တွေးမိတယ်။ ငယ်ငယ်တုံးကအတွေးတွေအဖြစ်အပျက်တွေက သိပ်ရိုးသားဖြူစင်တယ်လို့လေ။

Wednesday, 22 October 2014

King Cross ဘူတာရုံ၊ ပလက်ဖောင်း ၉-၃/၄ နဲ့ ဟော့ဝပ်မှော်အတတ်သင်ကျောင်း

ကျမနဲ့ ဟယ်ရီပေါ်တာ
ထောင့်ဖြတ်လမ်းကြား နဲ့ Gringottsဘဏ်တိုက်
 

စက်တင်ဘာ ၁၊ ၂၀၁၄

နှစ်စဉ်နှစ်တိုင်းရဲ့  စက်တင်ဘာ ၁ရက်နေ့ ဆိုရင် ဟော့ဝပ်မှာကျောင်းတက် ရမဲ့ ကျောင်းသူ၊ကျောင်းသားလေးေ တွက လန်ဒန်မြို့က King Cross ဘူတာရုံကို ရထား စီးဖို့ရောက် လာကြပါပြီ။  ဟော့ဝပ်ရထား လက် မှတ် ကို ကျောင်းစာသင်နှစ်မတိုင်ခင် စာအုပ်စာရင်းနဲ့အတူတူ ပို့ပေးလေ့ရှိပြီး ကျောင်းသားတွေက စက်တင်ဘာ ၁ရက်နေ့မှာ  ဟော့ဝပ်ရထားစီးဖို့ ပလက်ဖောင်း ၉-၃/၄ ( ကိုး လေးပိုင်းသုံးပိုင်း) ကို လာရမှာဖြစ်ပါတယ်။ မနက်၁၁နာရီအတိ မှာတော့  ဟော့ဝပ်ရထားကြီးက လန်ဒန် King Cross မှတ်တိုင်ကနေ  စကော့ တ လန်ပြည်
နယ်မှာရှိတဲ့ Hogsmeade ဆိုတဲ့ ရွာလေးကိုပြေးဆွဲပါလိမ့်မယ်။

ယူနီဗာဆယ် စတူဒီယိုမှာ Universal Studios Florida နဲ့ Island of Adventure ဆိုပြီး theme park နှစ်ခု ခွဲထားပါတယ်။ လန်ဒန်မှာရှိတဲ့ ထောင့်ဖြတ်လမ်းကြား နဲ့ King Cross ဘူတာရုံတို့က Universal Studios Florida ဘက်ခြမ်းမှာရှိပြီး Hogsmeade နဲ့ ဟော့ဝပ်ရဲတိုက်ကြီးကတော့  Island of Adventureမှာရှိပါတယ်။ ဟယ်ရီပေါ်တာ theme park နှစ်ခုကိုဆက်သွယ်ထားတာကတော့ ဇာတ်လမ်းထဲကအတိုင်း "Hogwarts Express" လို့ခေါ်တဲ့ မှော်ပညာသုံး ဟော့ဝပ်ရထားကြီးပါပဲ။ 

King Cross ဘူတာရုံဆိုတာ လန်ဒန်မှာတကယ်ရှိတာပါ။ ဒီဘူတာရုံကနေ စကော့တလန် အရှေ့ ပိုင်း နဲ့ မြောက်ပိုင်းကိုပြေးဆွဲတဲ့ ရထားတွေလဲတကယ်ရှိပါတယ်။ ဒါဆို ဟော့ဝပ်ရဲတိုက်ကြီးကိုသွားဖို့ ဘယ်မှတ်တိုင်၊ ဘယ်ဘူတာရုံမှာ ဆင်းရမလဲဆိုတော့ လွယ်ပါတယ်... ပလက်ဖောင်း  ၉-၃/၄ ကိုတွေ့အောင်ရှာပြီး Hogwarts Expressကို ဂိတ်ဆုံးတဲ့အထိ စီးသွားရုံပါပဲ။ ပလက်ဖောင်း  ၉-၃/၄ကိုရောက်ဖို့အတွက် အရင်ဆုံး မက်ဂယ်တွေရဲ့ ရထားလမ်းနဲ့ မှော်ဆရာတွေရဲ့ ရထားဆိုက်တဲ့ ပလက်ဖောင်းကိုခြားထားတဲ့ နံရံကြီးကို အရင်ရှာရပါမယ်။ ကိုယ့်မှာ မှော်ပညာအစွမ်းအစရှိလို့ နံရံကြီးထဲကို တိုးဝင်လို့ရခဲ့ရင်တော့  မှော်ဦးထုတ်ချွန်တွေ ဆောင်းထားတဲ့ ပလက်ဖောင်း  ၉-၃/၄ က ရထားဝန်ထမ်းတွေက Hogwarts Express ရှိရာကို လမ်းညွှန်ကြပါလိမ့်မယ်။ 


 


စက်တင်ဘာ၁ရက်နေ့မှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ ပလက်ဖောင်း ၉ နဲ့ ပလက်ဖောင်း ၁၀ကြားထဲမှာရှိတဲ့ နံရံကြီးဆီကို တိုးဝင်ပျောက်ကွယ်သွားရင် မအံ့ဩပါနဲ့နော်။


Universal Studios Florida နဲ့ Island of Adventureကို ၄မိနစ်လောက် ရထားစီးရပါတယ်။ ရထားပေါ်ရောက်ရင် ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲကအတိုင်း ဟောင်းနွမ်းနေသလိုရှိတဲ့ မျက်နှာချင်းဆိုင် ဆိုဖာခုံ ၂ခု နဲ့   ပြတင်းပေါက် တခုပါတဲ့ အခန်းလေးထဲမှာ နေရာရပါမယ်။ အခန်းတခန်းမှာ ၈ယောက်လိုက်ပါစီးနင်းခွင့်ရှိပါတယ်။ ဟယ်ရီဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်တဲ့ ရွန်နဲ့ ဟာမီရွန်ကို ဒီရထားကြီးပေါ်မှာစပြီးတွေ့ခဲ့တာဆိုတော့ ကျမတို့လဲ ရထားတူတူစီးခဲ့တဲ့ မိသားစုနဲ့ မိတ်ဖွဲ့ခဲ့ပါတယ်။



ရထား ပြတင်းပေါက်ကနေ ဟော့ဝပ်ကျောင်းစောင့်ကြီး ဟက်ဂရစ်လက်ပြနှုတ်ဆက်နေတာကိုတွေ့ပြီး မကြာခင်မှာပဲ Hogsmeade ဘူတာရုံကို ရထားဆိုက်ပါတယ်။ 

Hogsmeade station
 
 Hogsmeade village
 

Hogsmeadeရွာကလေးက ကျမ ဖတ်ဖူးတဲ့အတိုင်း ရွာအလယ်လမ်းမကြီးရဲ့ တဖက် တ ချက် နှင်းတွေ ဖုံးနေတဲ့ပုံစံ ခေါင်မိုးလေးတွေနဲ့စီစီရီရီပါ။ Hogmeadeရွာရဲ့ အလှရှုခင်းကို JK Rowlingက ခရစ်စမတ်ကဒ် ထဲတွေမှာတွေ့ရတတ်တဲ့ အလှရှုခင်းမျိုးနဲ့တူတယ်လို့သူ့စာအုပ်ထဲမှာခိုင်းနှိုင်းထားပါတယ်။ ၃၅ဒီဂရီလောက် ရှိတဲ့ အော်လန်ဒိုရဲ့နေရောင်အောက်မှာ နှင်းတွေဖုံးပြီး မြူခိုးတွေဝေနေတဲ့  ခရစ်စမတ်ကဒ်ထဲကရှုခင်းမျိုး မတွေ့ရတာကလွဲလို့ Hogmeadeဟာအသက်ဝင် လှပပါတယ်။ရွာထဲကိုဝင်လိုက်တာနဲ့ ဈေးသည် ဈေးဝယ်တွေနဲ့ ပျားပန်းခတ်မျှ စည်ကားနေတဲ့ ဈေးဆိုင်အမျိုးမျိုးကိုတွေ့ရမှာပါ။

ဟယ်ရီပေါ်တာ စာအုပ်တွေ ရုပ်ရှင်တွေထဲမှာ ထင်ရှားတဲ့ ဘာတီဘော့ရဲ့ အရသာမျိုးစုံပါတဲ့ သကြားလုံးတွေ(
Every flavor beans) ၊ထောပတ်ဘီယာတွေ နဲ့ တခြားထူးထူးဆန်းဆန်း စိတ်ဝင်စားစရာကောင်းတဲ့ သကြား လုံး၊ ချောကလက်၊ တော်ဖီ နဲ့ ပီကေတွေရောင်းတဲ့ ကလေးလူကြီးကြိုက် Honeydukes သကြား လုံး ဆိုင်၊  ဟော့ဝပ်ကျောင်းအုပ်ဆရာကြီး Albus Dumbledore ရဲ့ ညီ Mr. Alberforth Dumbledore ပိုင်တဲ့ Hog's Head နဲ့ Madam Rosmerta ရဲ့ တံမြက်စည်းသုံးချောင်း ( the Three Broomsticks) စားသောက်ဆိုင်တို့က မသွားမဖြစ်သွားကြည့်ရမဲ့နေရာတွေပေါ့။

ဘာတီဘော့ရဲ့ သကြားလုံးတွေမှာ ချောကလက်တို့၊ ဘလူးဘယ်ရီ အစရှိတဲ့ အချိုအရသာတွေအပြင် ငရုတ်ကောင်း၊မြက်၊ဆပ်ပြာအစရှိတဲ့ထူးထူးဆန်းဆန်း သကြားလုံးအရသာတွေကိုလဲ စားရမှာပါ။ 


ကျောင်းသူကျောင်းသားတွေအကြိုက်အရက်မပါတဲ့ ထောပတ်ဘီယာ
 
Hog's Head Pub


ဒါတွေအပြင် ဟယ်ရီပေါ်တာစီးရီးထဲမှာ လူကြိုက်များထင်ရှားတဲ့ အသက်ဝင်နေတဲ့ Chess set မှော်စစ် တုရင် ရုပ်တွေ၊ ဟော့ဝပ်ကျောင်းမှာအသင်းခွဲပေးတဲ့ Sorting Head၊  ဟော့ဝပ်အသင်း ၄သင်းရဲ့ တံဆိပ်တွေ၊ ဟယ်ရီ ဖေဖေဂျိမ်းစ် (James Potter) ၊ ဂေါ့ဖားသား စီးရီးရက် (Sirius Black) နဲ့ ပရော်ဖက်စာလူပင် (Lupin) တို့  ဟော့ဝပ်မှာကျောင်းနေတုန်း မှော်အတတ်နဲ့ ပြုစားထားတဲ့ Maruders Map နဲ့ တခြား လက်ဆောင် ပစ္စည်းတွေရောင်းတဲ့ Filch's Emporium of Confiscated Goods နဲ့ ဇီးကွက်စာပို့ရုံ (Owl Post) ကိုလဲ သွားလေ့လာလို့ရပါတယ်။  

 
Maruders Map

 စာပို့တဲ့ဇီးကွက်လေးတွေရဲ့ နားနေခန်း


Hogsmeadeမှာ လည်လို့ဝပြီဆိုရင်တော့ ဟော့ဝပ်ကျောင်းကိုသွားဖို့အချိန်တန်ပါပြီ။  ဟော့ဝပ်ရဲတိုက်ကြီး (Hogwarts Castle) က Hogsmeade ရဲ့အဆုံးမှာ ထီးထီးမားမားကြီးတည်ရှိပါတယ်။ သာမန် အချိန်တွေ ဆိုရင် ဟော့ဝပ် ရဲတိုက်ကြီး ကို မှော်ပညာနဲ့ ဖျောက်ထားပေမဲ့  မက်ဂယ်တွေကိုချစ်တဲ့ ကျောင်းအုပ်ဆရာကြီး ပရော်ဖက်ဆာ Albus Dumbledoreက   ဟော့ဝပ်ရဲတိုက်ကြီးကို ဝင်လေ့လာဖို့ ဖိတ်ခေါ်ထားလို့ သာမန် မျက်စိနဲ့ မြင်ရတာပါ။ ရိုလာကိုစတာ စီးဖို့စောင့်ရင်းနဲ့  ဟော့ဝပ်ရဲတိုက်ကြီးရဲ့ ထင်ရှားတဲ့အမှတ်အသားတွေဖြစ်တဲ့ စကားပြောတဲ့ ပန်းချီကား၊ဓာတ်ပုံတွေ၊  Dumbledoreရဲ့  ရုံးခန်း၊  ဟော့ဝပ်ကျောင်းရဲ့ အထင်ရှားဆုံး ဂရစ်ဖင်ဒေါ (Gryffindor) အသင်းရဲ့  စုပေါင်းနားနေခန်းတွေကို လေ့လာခွင့်ရမှာပါ။မိစ္ဆာအတတ်ကို ကာကွယ်တဲ့အတတ်ကို သင်ပေးတဲ့ စာသင်ခန်းမှာ ဟယ်ရီတို့ သူငယ်ချင်း၃ရောက်နဲ့ စကားပြောပြီးရင်တော့ "Room of Requirements" လို့ခေါ်တဲ့ အခန်းထဲကနေပြီး  ဟော့ဝပ်ရဲတိုက်ကြီး၊ "Forbidden Forest" နဲ့ "Quidditch ကစားကွင်း" တွေကို ရိုလာကိုစတာ စီးပြီး သွားလည်လို့ရပါပြီ။ 


စကားပြောတဲ့ ပန်းချီကားများ 
 ကျောင်းအုပ်ကြီးရုံးခန်း(ပုံကိုGoogle ကယူပါတယ်)


ဟယ်ရီပေါ်တာ ပရိတ်သတ်တွေက  ဟော့ဝပ်နဲ့ ရင်းနှီးပြီး သား ဆိုတော့  ဟော့ဝပ်ကျောင်း ရဲ့အသင်း၎သင်း အကြောင်း၊ Room of Requirements၊ Forbidden Forest နဲ့Quidditch ကစားနည်းတွေကို သိပြီးသားဖြစ်မှာပါ။ ဟယ်ရီပေါ်တာနဲ့ သိပ်မနီးစပ်တဲ့သူတွေအတွက် ဒီမှာနည်းနည်းရှင်းပြချင်ပါတယ်။

 ဟော့ဝပ်ကျောင်းမှာအသင်းလေးသင်းရှိပါတယ်။ ကျမတို့ငယ်ငယ်က အထက်တန်းကျောင်းမှာ အဝါအသင်း၊ အစိမ်းအသင်းဆိုပြီးရှိသလိုပါပဲ။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာနေတဲ့တလျှောက် ကိုယ့်အသင်း နဲ့အတူတူအိပ်ရ၊စားရ၊စာသင်ရပါတယ်။ တခုပဲထူးခြားတာက အသင်းခွဲနည်းပါ။ ပထမနှစ်ကျောင်းသားလေးတွေကို Sorting Headလို့ခေါ်တဲ့ မှော်ဦးထုပ်ချွန်ကြီးဆောင်းပေးပြီး စစ်ဆေးပါတယ်။ ဦးထုပ်ကြီးက ကျောင်းသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ညဏ်ပညာအပေါ်မူတည်ပြီး ရဲရင့်တဲ့သူတွေဆို ဂရစ်ဖင်ဒေါ (Gryffindor) ၊ လုံ့လဝီရိယရှိပြီး သစ္စာစောင့်သိတဲ့သူမျိုးဆို ဟတ်ဖယ်ပတ် (Hufflepuff)၊ ညဏ်ပညာကြီးပြီး လေ့လာချင်စိတ်ပြင်းပြတဲ့သူမျိုးဆို ရေဗင်ကလော (Ravenclaw) နဲ့ ပါးနပ်သလောက် ရည်မှန်းချက်ကြီးမားပြီး လိုချင်တာကိုမဖြစ်ဖြစ်အောင် ရတဲ့နည်းနဲ့ယူတတ်တဲ့ သူမျိုးအတွက် စလီသရင် (Slytherin) စသည်ဖြင့်အသီးသီးခွဲပေးပါတယ်။  



Room of Requirements ကတော့  ဟော့ဝပ်ရဲတိုက်ကြီးမှာရှိတဲ့အခန်းတခန်းပါ။ တကယ်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့သူအရှေ့ပေါ်လာတတ်ပါတယ်။ အခန်းအနေအထား အပြင်အဆင်၊ အခန်းတွင်း ပရိဘောဂတွေကလဲ လိုအပ်မှုပေါ်မှာမူတည်ပြီးအပြောင်းအလဲရှိပါတယ်။ ဥပမာ - ပစ္စည်းတွေဝှက်ချင်တဲ့ သူမျိုးအတွက် ဗီဒိုတွေ၊ မိစ္ဆာရန်ကိုကာကွယ်တဲ့အတတ်လေ့ကျင့်ဖို့အတွက် ခန်းမကျယ်ကျယ်တွေ၊ မိန်းကလေးတွေအတွက် အိမ်သာတွေစသဖြင့်ပေါ့။ ဒါကြောင့် ကျမတို့ အင်မတန် သွားလည် ချင်နေတဲ့ ဟော့ဝပ်ရဲတိုက် ကြီး နဲ့ ကျောင်းပတ်ဝင်းကျင်ကို သွားဖို့ ရိုလာကိုစတာကလဲ ဒီRoom of Requirementsထဲမှာ ရှိတာပါ။  


Forbidden Forestကတော့ ပထမနှစ်ကျောင်းသားတွေအတွက် မသွားရနယ်မြေဆိုပါတော့။ Forbidden Forestထဲမှာ ဧရာမပင့်ကူကြီးတွေ၊ ဂျိုတချောင်းနဲ့ မြင်းပျံတွေ၊ လူတပိုင်း မြင်းတပိုင်းတွေစသည်ဖြင့် အသိဉာဏ်မြင့်သောသတ္တဝါတွေအများအပြားရှိပါတယ်။ တောထဲက သတ္တဝါတွေနဲ့ ရင်းနီးပြီး သူတို့ ကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ ကျွမ်းကျင်တဲ့ ကျောင်းစောင့်ကြီး ဟက်ဂရစ်ကလွဲရင် သွားလည်ဖို့အန္တရာယ်များပါတယ်။ 

Quidditch တော့ မှော်ဆရာတွေရဲ့  လူကြိုက်အများဆုံးအထင်ရှားဆုံး ကစားနည်းတခုပါ။ ကျမ တို့ ရဲ့ ဘောလုံးကစားနည်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မှော်ဆရာတွေက တံမြက်စည်းပျံစီးတတ်တာဆိုတော့ ဂိုးတိုင်တွေကတော့ ဘောလုံးလို မြေပြင်မှာမဟုတ်ပဲ လေထဲမှာပါ။ ပြီးတော့ ဘောလုံး တလုံးထဲနဲ့ ကစား တာမဟုတ်ပဲ ဘောလုံး၃လုံး နဲ့ တောင်ပံပါတဲ့ ရွှေဘောလုံးခပ်သေးသေးတလုံး (Golden Snitch) ပါပါတယ်။ အားကစားသမားတွေက ကွာဖယ် (Quaffle) လို့ခေါ်တဲ့ ဘောလုံးကို သယ်ပြီး တဖက်အသင်းရဲ့  ဂိုးပေါက်ထဲ ဂိုးသွင်းဖို့ကြိုးစားရသလို၊ ဘလတ်ဂျာ (Bludger) လို့ခေါ် တဲ့ ပြုစား ထား တဲ့ ဘောလုံးနှစ် လုံးနဲ့ မထိခိုက် မိအောင်ရှောင်ရပါတယ်။ ကိုယ့်အသင်းရဲ့  Seekerက  ရွှေဘောလုံးလေးကိုရှာတွေ့ရင်တော့ အမှတ်၃၅၀ရပြီး ပြိုင်ပွဲမှာအနိုင်ရမှာဖြစ်ပါတယ်။  

ဒါကQuidditchကစားတဲ့ ဘောလုံးတွေပါ။ အဖုံးမှာကပ်ထားတာလေးက တောင်ပံပါပြီး အင်မတန်မြန် တဲ့ ရွှေဘောလုံးလေးပါ။ အနီရောင်အကြီးက ကွာဖယ်ဖြစ်ပြီး အညိုရောင်နှစ်လုံးက ဘလတ်ဂျာပါ။
(ပုံကိုGoogle ကယူပါတယ်)


 
ကျမအနေနဲ့ကတော့ ဟယ်ရီပေါ်တာ theme park ကြီးတခုလုံးမှာဒီ Forbidden Journey Ride ကိုအကြိုက်ဆုံးပါပဲ။ ရိုလာကိုစတာစီးချိန်ကလဲ မကြာဘူးဆို ၂ မိနစ်ကျော်ကျော်လောက်ကြာ တဲ့အပြင် စောင့်ရ တဲ့နေရာကလဲ ရဲတိုက်ကြီးထဲမှာဖြစ်တဲ့အတွက် နေလဲမပူ၊ ကြည့်စရာတွေ အပြည့်နဲ့ဆိုတော့ ပျော်စရာကြီးပါ။ လုံခြုံရေးအတွက် အထဲကို ဘာအိတ်မှသယ်ခွင့်မပေးတော့ ဓာတ်ပုံကောင်းကောင်းရိုက်ခွင့်မရတာလေး တခုပါပဲ။ ရိုလာကိုစတာမစီးပဲ ဟော့ဝပ်ရဲတိုက်ကြီးကိုပဲသက်သက်လည်မယ်ဆိုရင်တော့ အိတ်ယူခွင့်ရမယ်ထင်ပါတယ်။


Island of Adventure ဟယ်ရီပေါ်တာ theme parkမှာ Forbidden Journey Ride  အပြင် Dragon Challenge နဲ့ Flight of the Hippogriff လို့ခေါ်တဲ့ ရိုလာကိုစတာတွေလဲရှိပါတယ်။ Hogsmeade နဲ့  ဟော့ဝပ်မှာ လည်လို့ဝပြီဆိုရင်တော့ Hogsmeade ဘူတာရုံကနေပြီး လန်ဒန် King Cross မှတ်တိုင် ကို ဟော့ဝပ် ရထားကြီးပြန်စီးပြီး ပြန်လို့ရပါပြီ။

ကျမခရီးကပြန်ရောက်တဲ့အခါ လုပ်ဖော်ကိုင်ဘက်တွေက ခရီးစဉ်အကြောင်းမေးရင်းနဲ့ "နင် ဟယ်ရီပေါ်တာ theme park ကိုထပ်သွားခွင့်ရရင် သွားချင်သေးလားလို့" မေးပါတယ်။ ကျမအတွက်ကတော့ ကိုယ် ဖတ်ဖူး၊  မြင်ဖူးတာတွေကို မျက်ဝါးထင်ထင်  တွေ့ကြုံခံစားခွင့်ရတာလောက် စိတ်လှုပ်ရှား စရာကောင်း တာမရှိပါဘူး။  Universal Studios Florida နဲ့ Islands of Adventureဆိုပြီး parkနှစ်ခုဖွင့်ထားတာတောင် စာအုပ်ထဲက စိတ်ဝင်စားစရာနေရာတွေ အများကြီးကျန်ပါသေးတယ်။ ယူနီဗာဆယ်အနေနဲ့ ဟယ်ရီပေါ်တာ theme park ကိုထပ်ပြီးတိုးချဲ့မယ်ဆိုရင် ပရိတ်သတ်တယောက်အနေနဲ့ သွားလည်ဖို့ကြိုးစား အုံး မှာ ပါ။  နေရာ အခက်အ ခဲကြောင့် ထပ်ပြီး မတိုးချဲ့တော့ဘူးဆိုရင်တောင် အင်္ဂလန် နိုင်ငံက တကယ့် မှော်ကမ္ဘာ ထဲရောက်နေသလိုဖြစ်အောင် ၅နှစ် ၆နှစ်လောက်အချိန်ယူပြီး ဖန်တီးထားတဲ့ The wizarding world of Harry Potter ကိုထပ်သွားလည်ချင်ပါသေးတယ်။

ကျမနဲ့တူတူ ခရီးစဉ်အစကနေအဆုံးလိုက်လည်တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, 30 September 2014

ထောင့်ဖြတ်လမ်းကြား နဲ့ Gringottsဘဏ်တိုက်

 ကျမနဲ့ ဟယ်ရီပေါ်တာ

ပထမဦးဆုံးအနေနဲ့ ယူနီဗာဆယ် စတူဒီယိုက ထောင့်ဖြတ်လမ်းကြား (Diagon Alley) ကို အရင်သွားရအောင်ပါ။အင်္ဂလန် နိုင်ငံမှာရှိတဲ့  ဟော့ဝပ်မှော်အတတ်သင်ကျောင်း အတွက် လိုအပ်သမျှကို ထောင့်ဖြတ်လမ်းကြားမှာဝယ်လို့ရပါတယ်။ Leaky Cauldron လို့နာမည်ခပ်ဆန်းဆန်းပေးထားတဲ့ ဘား အနောက် ဘက်ခြမ်း ထဲမှာရှိ တဲ့ မှော်ပစ္စည်း အရောင်းဆိုင်တွေအကြောင်း မှော်ဆရာတွေက လွဲပြီးသာမန်လူတွေမသိနိုင်ပါဘူး။ Leaky Cauldronကနေ  ထောင့်ဖြတ်လမ်းကြားကိုသွားချင်ရင် ဘားရဲ့အတွင်းဘက် နံရံအုတ်ချပ်တွေကို မှော်ကြိမ်လုံးနဲ့တို့လိုက်တဲ့အခါမှ အုတ်ချပ်တွေရွေ့သွားပြီး  ထောင့်ဖြတ်လမ်းကြား ကိုဝင်တဲ့ တံခါးပေါက်တခုဖြစ်သွားပါတယ်။

ထောင့်ဖြတ်လမ်းကြား အဝင်ပေါက်။


Leaky Cauldron ဆိုင်အတွင်းပိုင်းအပြင်အဆင်။ (ဒီပုံကိုတော့ Official website ကယူပါတယ်။)

အစားအသောက် မီနူး။  (Leaky Cauldron မှာ အမေရိကန်Fast Foodတွေမရှိပဲ အင်္ဂလိပ်လူမျိုးတွေရဲ့ ရိုးရာအစားအစာတွေပဲရောင်းပါတယ်။ )
 ထောင့်ဖြတ်လမ်းကြားကို ပထမနှစ်ကျောင်းသားလေး ဟယ်ရီ ပထမဦးဆုံးအကြိမ်ရောက်သွားတုံးက "မျက်လုံးတွေ အများကြီးပါလာရင် ကောင်းမှာပဲ" လို့တွေးမိသလိုမျိုးပါပဲ။  ဆေး ကြိုတဲ့ သံဒယ်အိုးပုံကြီးတွေ၊ ကျောင်းသုံးစာအုပ်အရောင်းဆိုင်တွေ၊ ကျောင်းဝတ်စုံဆိုင်တွေနဲ့  ဖလော်ရီဒါရဲ့ ခပ်ပြင်းပြင်းနေရောင်အောက်မှာ Diagon Alley ကအသက်ဝင်လှပါတယ်။

ကျောင်းသုံးဖတ်စာအုပ် အရောင်းဆိုင် ပြတင်းပေါက်။

ကျောင်းဝတ်စုံဝယ်ဖို့  Madame Malkins ရဲ့  ဝတ်ရုံအမျိုးမျိုး အရောင်းဆိုင်။

ကမ္ဘာ့အမြန်ဆုံး Firebolt တံမြက်စည်းပျံ။

 မှော်ဆရာ၊ဆရာမ ဝတ်ရုံတွေဝတ်ထားတဲ့ ဝန်ထမ်းတွေအပြင်  ဟော့ဝပ်ကျောင်းဝတ်စုံ ဝတ်ရုံအမည်းအရှည်တွေဝတ်ထားတဲ့ လူကြီးလူငယ်တွေလဲမရှားလှပါဘူး။ လူတိုင်းနီးပါးရဲ့ လက်ထဲမှာတွေ့ရမှာကတော့ မှော်ကြိမ်လုံးလေးတွေပါ။ ထောင့်ဖြတ်လမ်းကြားရဲ့ သက်မှတ်ထားတဲ့နေရာတွေမှာ မှော်ပညာသုံးခွင့်ရှိပါတယ်။ မှော်ပညာကို အသုံးပြုဖို့ မှော်ကြိမ်လုံးလေးတွေလိုတာပေါ့လေ။
                                               (ဒီပုံကို Google ကယူပါတယ်။)

ဟယ်ရီလိုပဲ ဘာပစ္စည်းမှမဝယ်ခင် ကမ္ဘာ ပေါ်မှာ ဟော့ဝပ်ကျောင်းကြီးပြီးရင် အလုံခြုံဆုံးနေရာလို့ဆိုတဲ့ Goblinမှင်စာလေးတွေရှိတဲ့ Gringotts ကို အရင်သွားလည်ရအောင်ပါ။ Gringotts က Harry Potter Theme Parkရဲ့ နောက်ဆုံးဖွင့်တဲ့ လည်စရာနေရာတခုဖြစ်လို့ အရမ်းလူများပါတယ်။ ဘဏ်ထဲမှာ ဟယ်ရီ့လို ငွေထုတ်လို့မရပေမဲ့ ဟယ်ရီ၊ ရွန်၊ ဟာမီရွန်တို့နဲ့ 
တူတူ  မိစ္ဆာကြီး Voldemort နဲ့ Bellatrix Lestrange တို့ရဲ့ ကျိမ်စာရန်ကနေ ထွက်ပြေးလို့ရပါတယ်။   Gringotts ဘဏ်တိုက်ရဲ့ သံမဏိခန်းတွေကို လေ့လာရင်း၊ Goblinမှင်စာလေးတွေကိုအနီးကပ်နှုတ်ဆက်ရင်းပေါ့လေ။ Harry Potter and the Dealthy Hallows ဆိုတဲ့ရုပ်ရှင်ကို ကြည့်ဖူးရင် Gringottsဘဏ်တိုက်ထဲကဇာတ်ဝင်ခန်းလေးနဲ့ ရင်းနီးပြီးသားဖြစ်မှာပါ။ "Escape from Gringotts"လို့ ခေါ်ပါတယ်။ 

Gringottsဘဏ်တိုက်ရှေ့က ရွှေပုံပေါ်မှာရပ်နေတဲ့ Goblinမှင်စာရုပ်ပါ။

ချိတ်ထားတဲ့ ကြေငြာသင်ပုံးတွေ။

Gringottsဘဏ်ရဲ့ တည်နေရာ။  

ဘဏ်ထဲမှာ အလုပ်များနေတဲ့ Goblinလေးတွေ။  


ဘဏ်ထဲမှာသုံးတဲ့ လှည်းကလေး။


Gringottsဘဏ်တိုက်ပေါ်က နဂါးကြီး။

Diagon Alleyရဲ့  အတွင်းတနေရာမှာတော့ မိစ္ဆာ ပြုစားတဲ့အတတ် (Dark Magic/Dark Arts)ကို စိတ်ဝင်စားတဲ့သူတွေ ကျက်စားရာနေရာတခုရှိပါတယ်။

Knockturn Alleyက လူတွေပြည့်ကျပ်စည်ကားမနေပဲ လမ်းကျဉ်းကျဉ်း မှောင်မှောင်လေးတွေကြားထဲက ဖြတ်သွားမှရောက်ပါတယ်။ Knockturn Alleyမှာ ထင်ရှားတဲ့ဆိုင်ကတော့  Borgin and Burkes လို့ခေါ်တဲ့ စုန်း၊ကဝေ၊မိစ္ဆာအတတ်တွေနဲ့ ပြုစားထားတဲ့ အရာဝတ္ထုတွေ ကျိန်စာသင့်နေတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်ပါ။



လှတယ် ဆိုပြီးသွားမထိနဲ့နော်။မက်ဂယ် ( မှော်ဆရာအသိုင်းအဝိုင်းက မှော်ပညာမတတ်တဲ့သူတွေကို မက်ဂယ် - Muggle လို့ခေါ်ပါတယ်)  ၁၉ ယောက်သေခဲ့တယ်ဆိုတော့ ကျိန်စာသင့်ဆွဲကြိုး။
ဝီစလီအမွှာ၂ယောက်ပိုင်တဲ့ ကစားစရာပစ္စည်းတွေရောင်းတဲ့ဆိုင်(Joke Shop)က ထောင့်ဖြတ်လမ်းကြားထဲမှာအထင်ရှားဆုံးပါပဲ။ 


ဖရက်နဲ့ ဂျော့တို့က ဟယ်ရီ မှော်ကျောင်းသုံးကျောင်းရဲ့ သုံးပွင့်ဆိုင် မှော်ပညာပြိုင်ပွဲမှာ အနိုင်ရတဲ့ငွေနဲ့အရင်းအနီးပြုပြီး သူတို့ရဲ့ဆိုင်ကို ထောင့်ဖြတ်လမ်းကြားမှာဖွင့်ခဲ့တာပါ။ သူတို့နှစ်ယောက်က အင်မတန်ပျော်ပျော်နေတတ်တဲ့ လူရွှတ်,၊ လူနောက်ကလေးတွေဖြစ်တဲ့အလျှောက် သူတို့တီထွင်လိုက်တဲ့ ပစ္စည်းတွေကလဲ ရွှတ်နောက်နောက်နဲ့ ချစ်စရာလေးတွေပါ။

ဥပမာ - ဝမ်းသွားချင်ရက်နဲ့ ဝမ်းပိတ်နေတဲ့သူတယောက်လို ခံစားမှူမျိုးပေးတဲ့ "U-No-Poo" ကိုကြေငြာထားပုံက
 

"WHY ARE YOU WORRYING ABOUT YOU-KNOW-WHO?
YOU SHOULD BE WORRYING ABOUT U-NO-POO
THE CONSTIPATION SENSATION THAT'S GRIPPING THE NATION!"




စုန်းမိစ္ဆာကြီး Voldemortကို နှိမ်နှင်းရေးဆွေးနွေးပွဲကို ခိုးနားထောင်ဖို့ သုံးခဲ့ဘူးတဲ့ Extenable Ear

အမွှာညီနောင်ရဲ့ ထင်ရှားတဲ့သင်္ကေတ မီးရှူးမီးပန်းတွေ။ သူတို့တီထွင်လိုက်တဲ့ မီးရှူးမီးပန်းတွေက ဖောက်ပြီးတဲ့အခါ လနဲ့ချီကြာအောင် အသံမရပ်၊ မီးမငြိမ်းအောင် ဖန်တီးထားတယ်လို့ စာအုပ်ထဲမှာရေးထားပါတယ်။ ခုလို သီတင်းကျွတ်အချိန်ဆိုအတော်ပဲနော်။

Puking Pastilles က  စာသင်ချိန် အတန်းလစ်ဖို့ ခပ်ဆိုးဆိုးကောင်လေး ဖရက်နဲ့ ဂျော့ရဲ့ နောက်ထပ် တီထွင်မှူတမျိုးပါ။ သကြားလုံးရဲ့ လမ္မော်ရောင် အခြမ်းကိုစားရင် အန်မယ်။ ခရမ်းရောင်အခြမ်းကိုစားရင်တော့ အအန်ရပ်ပြီး ချက်ခြင်းပြန်နေကောင်းသွားမှာဆိုတော့ ဆေးခွင့်ယူဖို့ အဆင်အပြေဆုံးပေါ့။ 


ဒီလောက်ဆို ဟော့ဝပ်ကိုသွားဖို့လိုတဲ့ပစ္စည်းတွေလဲဝယ်လို့ စုံပြီဆိုတော့ နောက်တခေါက်ကြရင် လန်ဒန် King Crossဘူတာရုံကနေ  ဟော့ဝပ်ရထားကြီးစီးပြီး ခရီးထွက်ကြရအောင်ပါ။

King Cross ဘူတာရုံ၊ ပလက်ဖောင်း ၉-၃/၄ နဲ့ ဟော့ဝပ်မှော်အတတ်သင်ကျောင်း