Sunday 20 July 2014

ခရီးသွားကြမယ်



"Sis .I've got this. Trust me!"
Viber ကနေ ညီမတဝမ်းကွဲလေး ပို့လိုက်တဲ့ စာကြောင်းလေးကိုဖတ်လိုက်ရတော့ ကိုယ့်ဘာကိုယ် "ငါတော့ သွားပြီ" လို့ချက်ခြင်းတွေးလိုက်မိပါရဲ့။ နယူးယောက်ကိုကားမောင်းသွားမဲ့ လမ်းကြောင်းရွေးရင်း ကျမ အလွန်အကျွံ အိုင်ဒီယာတွေပေးမိလို့ဖြစ်တာပါ။ တကယ်တမ်းတွေးကြည့်ရင် ကိုယ်ကအဲဒီကနယ်ခံလည်းမဟုတ်၊ ကားလဲမမောင်းဖူးပဲ လိုက်ပူပန်ပြီး ဘယ်လမ်းကြောင်းကမောင်းရင်ကောင်းမယ်။  ဘယ်နှစ်နာရီမောင်းပြီးသွားရင် နားမှဖြစ်မယ်ဆိုပြီးလိုက်ပြောနေတာက သူတို့ဘက်ကကြည့်မယ်ဆိုရင် Annoy ဖြစ်စရာကြီးပေါ့။

သူတပါးနိုင်ငံမှာ မိဘဆွေမျိုးတွေနဲ့ဝေးပြီးတယောက်ထဲအနေကြာလာတဲ့အခါ အစစအရာရာ ကိုယ့်အားကိုယ်ကိုးရတာဆိုတော့ ကျမအတွက်ဒီလို ပြင်ဆင်တာတွေကအထူးအဆန်းမဟုတ်တော့ပါဘူး။ ကျမခံယူချက်ကတော့ ခရီးမသွားခင်မှာ ပြင်ဆင်နိုင်သလောက်ပြင်ဆင်ထား ဒီတော့တကယ်ခရီးသွားတဲ့အခါ အခက်အခဲသိပ်မရှိဘဲ စိတ်အေးလက်အေးနဲ့ ပျော်လို့ရတာပေါ့။ ကိုယ်နဲ့မရင်းနှီးတဲ့နေရာတခုကိုသွားမယ်ဆိုရင် ပြင်ဆင်စရာတွေအများကြီး။ဒါကြောင့်တချို့တွေက Free & Easy မသွားချင်ကြဘဲ အေးဂျင့်တွေကနေတဆင့် Tour Package တွေဝယ်တတ်ကြတာပါ။ ကျမသဘောအရဆိုရင်တော့ ကလေးတွေပါတဲ့ ခရီး ဒါမှမဟုတ် လူကြီးတွေပါတဲ့ခရီးတွေကလွဲရင် Free & Easy သွားကြဖို့ကိုပိုအားပေးပါတယ်။ အထူးသဖြင့် ကျမလို တိုးရစ်နေရာတွေတင်မဟုတ်ပဲ လိုကယ်တွေ သွားလာတတ်တဲ့နေရာတွေပါ ရှာရှာဖွေဖွေသွားချင်တဲ့လူမျိုးဆိုတော့ Package တွေကအဆင်မ
ပြေပါဘူး။ တိုးရစ်နေရာတွေတောင် တချို့နေရာတွေကိုယ်က ကြာကြာနေချင်၊ ဒါပေမဲ့နေခွင့်ကမရ ဆိုတော့ နောက်ပိုင်းထွက်တဲ့ ခရီးမှန်သမျှကို Free & Easyပဲသွားပါတယ်။ ကိုယ်နဲ့မရင်းနှီးတဲ့ နေရာတခုကိုအလည်သွားရင် ဘာတွေပြင်ဆင်ဖြစ်သလဲဆိုတာ ခရီးထွက်ဖို့ဝါသနာတဲ့ သူငယ်ချင်းတွေအတွက်ဝေမျှချင်ပါတယ်။

ခရီးထွက်မယ်လို့စဉ်းစားတဲ့အခါ သူများတွေက လေကြောင်းလိုင်းတွေက ဈေးချတဲ့အခါမျိုးနဲ့ တိုက်ပြီးတော့သွားကြပေမဲ့ ကျမကတော့  ဈေးချတဲ့အချိန်ချက်ခြင်းဆိုသလိုကောက်ဝယ်လို့မရပါဘူး။ နိုင်ငံတော်တော်များများကို ဗီစာလျှောက်ဖို့လိုတာဆိုတော့ ဗီစာရဖို့က ပထမအရေးအကြီးဆုံးပဲဆိုပါစို့။  ဈေးချတဲ့အချိန် ချက်ခြင်းကောက်ပြီးဗီစာလျှောက်လို့ ကြပြီဆိုရင်တောင် ကိုယ့်ရဲ့  ဗီစာသက်တမ်းအခြေအနေက   ဈေးချတဲ့ကာလနဲ့မကိုက်ရင်ဘာမှမထူးပါဘူး။ ဒါကြောင့် ကိုယ်သွားမဲ့နေရာက ဗီစာကင်းလွတ်ခွင့်ရမရအရင်ကြည့်။ ပြီးရင် သက်တမ်းဘယ်လောက်ရနိုင်လဲ သိအောင်အရင်လုပ်။ ဒါတွေအကုန်ပြီးမှ လေယာဉ်လက်မှက်ကိစ္စကိုလုပ်ရပါတယ်။ ဘယ်လေကြောင်းကိုစီးမလဲဆိုတာကတော့ တယောက်နဲ့အယောက် အကြိုက်မတူကြပါဘူး။ တချို့ကလဲ အသင်းဝင်ထားတဲ့ လေကြောင်းတွေမှာပွိုင့်ရှိလို့ ဝယ်တတ်ကြသလို၊ တချို့  ကထိုင်ခုံကကျယ်လို့၊ ဆားဗစ်ကို သဘောကျလို့ ၊အစားအသောက်ကို နှစ်သက်လို့ လက်မှတ်ဝယ်ကြတဲ့သူတွေရှိပါတယ်။ သူငယ်ချင်း တယောက်ဆို အမြဲနောက်ပါတယ်။  သူက အကြောင်းအကျိုးမတိုက်ဆိုင်လို့ သူလေယာဉ်စီးရင်းသေတဲ့အခါ လျော်ကြေးများများရမဲ့ လေယာဉ်မှာပဲစီးချင်တယ်၊ ဒါမှ ငါကျန်ခဲ့တဲ့ မိသားစု ရမှာတဲ့။ ဒါတွေက ရုတ်တရက်ကြည့်ရင် အရေးမကြီးသလိုနဲ့ တကယ်တော့ အရေးကြီးပါတယ်။  လေယာဉ်ပေါ်တက်ထိုင်တာ ကိုယ့်ခရီးစဉ်ရဲ့ ပထမဆုံးအဆင့်ပါ။ ပထမဆုံးအဆင့်ကစပြီး ထိုင်ခုံအဆင်မပြေလို့ သက်တောင့်သက်သာမရှိဘူးဆိုရင် တလမ်းလုံးသွားပြီလေ။ နာရီကြာကြာသွားရတဲ့ ခရီးဝေးတွေဆိုရင်ပိုတောင် စဉ်းစားဖို့လိုပါသေးတယ်။

ဗီစာနဲ့လယာဉ်လက်မှတ်ကိစ္စအဆင်ပြေပြီဆိုရင် ဟိုတယ်မရွေးခင် ကျမအရင်ဆုံးစဉ်းစားတာ ကိုယ်သွားချင်တဲ့နေရာတွေကိုပါ။ ဒီနေရာမှာ ကိုယ်ကိုတိုင်တင်မက ကိုယ်နဲ့တူတူသွားမဲ့သူတွေရဲ့သဘောထားကလဲအရေးကြီးပါတယ်။ ခရီးသွားဖော်သူငယ်ချင်းတွေက ကိုယ်နဲ့စိတ်တူကိုယ်တူဆိုရင် (ဥပမာ - နေရာသစ်တခုကိုသွားတဲ့အခါ အဲဒီနေရာကအထင်ကရနေရာတွေ ရှုခင်းတွေကြည့်ဖို့က ကျမအတွက် ပထမအရေးအကြီးဆုံးပါ။ ဒါတွေပြီးမှ ဈေးဝယ်ထွက်ဖို့စဉ်းစားတာပါ) အရမ်းကောင်းပါတယ်။  Priority ချင်းမတူရင်တောင် ရတဲ့အချိန်အတွင်း သူဘယ်နေရာတွေကိုအသွားချင်ဆုံးလဲ ကိုယ်ဘယ်နေရာတွေကိုအဓိကကြည့်ချင်တာလဲ တယောက်နဲ့တယောကပွင့်ပွင့်လင်းလင်း ညှိယူလို့ရပါတယ်။ ဘန်ကောက်ကိုသူငယ်ချင်းနဲ့၃ရက်သွားမယ်။ ကိုယ်ကမြဘုရားလေးလဲဖူးချင်၊အယုဒ္ဓရမြိုမို့ဟောင်းလဲလည်ချင် ဒါပေမဲ့သူငယ်ချင်းက ဈေးဝယ်ထွက်ဖို့၊ မြို့ထဲမှာ ထိုင်းအစားအစာတွေ စားဖို့အဓိကဆိုရင်တော့၊ သွားရလာရဝေးတဲ့ မြို့ဟောင်းကိုမသွားတော့တာမျိုးပေါ့။ ဘယ်သွားမလဲ ဆုံးဖြတ်တဲ့အခါ ကျမကိုးကားတဲ့နေရာတွေက_

  • သွားရင်းလာရင်းကြုံလို့အလကားယူလာတဲ့ ခရီးသွားအေးဂျင့်တွေဆီက ကြေညာစာရွက်တွေက တိုးရစ်နေရာတော်တော်များများကိုသိနိုင်ပါတယ်။ iternaryပါရင်တော့အတိုင်းထက်အလွန်ပါပဲ။ ဘယ်နေရာနဲ့ ဘယ်နေရာကနီးတယ်၊ဘာတွေကိုအရင်သွားရမလဲဆိုတာအလွယ်တကူခန့်မှန်းလို့ရပြီလေ၊
  • အသုံးအများဆုံး tripadvisor website။ ကိုယ်သွားမဲ့နေရာ၊ ကိုယ်တည်းမဲ့ဟိုတယ်၊ စားသောက်ဆိုင်၊ ကားမောင်းမဲ့လမ်းကြောင်း အကြောင်း မှတ်ချက်တွေ၊ ရီဗျူးတွေကို  tripadvisor ကနေပြီး ဖတ်နိုင်ပါတယ်။ commercial website နဲ့ကွာတာက ရာင်းအားတက်ဖို့ ပရိုဖက်ရှင်နယ်တွေက ဓာတ်ပုံတွေ မှတ်ချက်တွေပေးထားတာမဟုတ်ဘဲ ခရီးသွားအချင်းချင်းအကူအညီပေးပြီးရေးထားကြတာပါ။ ရီဗျူးရေးတဲ့ သူရဲ့ member profile ကိုလဲသွားလေ့လာလို့ရပါတယ်။
  • အစားအသောက်အတွက် Yelp website
  • သွားမဲ့နိုင်ငံ၊  သွားမဲ့မြို့ရဲ့ ရဲ့ Official website ( ကိုယ်ရှိနေမဲ့ ရက်အတွင်း ကျင်းပမဲ့ ရိုးရာပွဲတွေ၊ ပိုက်ဆံပေးစရာမလိုပဲ ဝင်လေ့လာလို့ရမဲ့နေရာတွေကို အလွယ်တကူရှာနိုင်ပါတယ်)
  • သွားမဲ့နေရာမှာ မြို့ခံသူငယ်ချင်းတွေရှိရင်လဲ မေးလို့ရပါတယ်။အထူးသဖြင့်  ခရီးသွားမဲ့ရက်ကနည်းနည်း၊သွားချင်တာကများများ ဆိုရင် သူငယ်ချင်းတွေကဘယ်နေရာကို သွားသင့်သလဲဆိုတာအကြံပေးနိုင်မှာပါ။

ဒီထက်ပိုပြီးသွားမဲ့နေရာအကြောင်းစုံစုံလင်လင်သိချင်တယ်ဆိုရင်တော့ စာကြည့်တိုက်ကနေ စာအုပ်ငှါးလို့ရရင် ငှါး ဒါမှမဟုတ် စာအုပ်ဆိုင်ကနေဝယ်လိုက်တာပါပဲ။

ကိုယ်သွားမဲ့နေရာကို အကြမ်းဖျင်းဆုံးဖြတ်ပြီးပြီဆိုရင် ကျမလုပ်လေ့ရှိတာက သွားမဲ့နေရာတခုစီတိုင်းကို search engine မှာရိုက်ထည့်ပြီး ရှာတာပါ။ အထင်ကရနေရာတော်တော်များများမှာ သူတို့ရဲ့ကိုယ်ပိုင် websiteရှိတတ်ကြပြီး သတင်းတွေကို subscribe လုပ်ရင်ဖြစ်ဖြစ်၊ မန်ဘာဝင်ရင်ဖြစ်ဖြစ် discount code တွေ ဘောက်ချာတွေရလေ့ရှိပါတယ်။ စလုံးမှာနေတဲ့သူတွေဆိုရင် Groupon တို့ Deal တို့website တွေဆီကနေ တခါတလေdiscounted deal တွေဝယ်လို့ရပါတယ်။ မဝယ်ခင် ပုံမှန်ဈေးဘယ်လောက်ဆိုတာတော့ စုံစမ်းပါအုံးနော်။ ဒီလိုမှ တခုချင်းလိုက်ရှာဖို့အဆင်မပြေဘူး၊  မရှာတတ်ဘူးဆိုရင် ကျမလုပ်လေ့ရှိတာက search engine မှာပဲကိုယ်မေးချင်တဲ့မေးခွန်းကို ဒီအတိုင်းရိုက်ထည့်လိုက်တာပါ။ ဥပမာ

  • " What is the best way to travel from place A to place B?"
  •  " What is the best eat in Place A?"
  •  "Where to buy this attraction ticket?"




ဒါတွေပြီးရင် နောက်ဆုံးအဆင့်က နေဖို့ နေရာ ရှာတာပါပဲ။ ဟိုတယ်ကိုနောက်ဆုံးမှထားပြီးရှာတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်သွားမဲ့နေရာတွေနဲ့ ကိုယ်နေတဲ့ ဟိုတယ်နေရာ သွားရေးလာရေးအဆင်ပြေစေချင်လို့ပါ။ ဟိုတယ်ကဈေးချိုပေမဲ့ ကိုယ်သွားမဲ့နေရာနဲ့ အသွားအပြန် ၂နာရီလောက်အချိန်ပေးရမယ်ဆိုရင် အဆင်မပြေပါဘူး။ အထူးသဖြင့် မိန်းကလေးတွေကြီးပဲသွားမဲ့ခရီးမျိုးဆို ညဘက်အပြင်သွားလို့ ပြန်လာရင် လုံခြုံရေးစိတ်ချရတဲ့နေရာမျိုးလဲ ဖြစ်သင့်ပါတယ်။ ဘယ်လို ဟိုတယ်မျိုးမှာနေမယ်ဆိုတာကတော့ တယောက်နဲ့တယောက်အကြိုက်မတူကြပါဘူး။ ကျမခရီးသွားတဲ့အခါ အိပ်ချိန်ကလွဲလို့ ဟိုတယ်မှာမရှိတဲ့အတွက် ကျမအတွက် ဖိုက်စတား ဟိုတယ်ကြီးမလိုပါဘူး။ သန့်ရှင်းသပ်ရပ်ပြီး လုံခြုံမှုရှိရင်၊ သွားရေးလာရေးအဆင်ပြေမယ်ဆိုရင် ရပါတယ်။ ညအိပ်ချိန်လေးပဲပြန်လာမဲ့ နေရာတခုအတွက် ပိုက်ဆံတွေလဲအများကြီးမပေးချင်တာပါပါတယ်။ ဒါပေမဲ့လဲ ကိုယ်နဲ့တူတူသွားမဲ့သူတွေထဲမှာ ဟိုတယ်မှာ နားနားနေနေအပန်းဖြေချင်တဲ့သူပါရင်တော့ ဟိုတယ်ကောင်းကောင်းကိုရွေးရမှာပါ။ Adora အဖေဆို ခရီးသွားရင် အပြင်သွားဖို့ထက် ဟိုတယ်မှာနေ၊ ရေလေးကူး၊ ရွမ်းဆားဗစ်လေးမှာစား၊ အားကစား တီဗီ ချန်နယ်လေးကြည့်နဲ့နေချင်တဲ့သူမျိုးပေါ့။ ဟိုတယ်အတွက် အများဆုံးသုံးဖြစ်တာက Booking.com နဲ့ Agoda.com ပါ။ ယုံကြည်စိတ်ချရပြီး Free cancellation policy ရှိတာကြောင့် အဆင်ပြေပါတယ်။ဈေးကလဲ အေးဂျင့်တွေစီကနေ လုပ်တာထပ်သက်သာပြီး ပိုက်ဆံလဲကြိုပေးစရာမလိုပါဘူး။ ဟိုတယ်ဆိုတာမျိုးက  သွားမဲ့အချိန်နီးလေ ဈေးကကြလာတတ်တာမျိုးဆိုတော့ သွားခါနီးတခေါက်ထပ်စစ်ကြည့်ပြီး ဈေးပိုသက်သာလာတယ်ဆိုရင်၊  ဒါမှမဟုတ် ကိုယ်နေချင်တဲ့ ပိုကောင်းတဲ့ဟိုတယ်က ဈေးချနေပြီဆိုရင် Free cancellation policyကို ပြည့်ပြည့်ဝဝအသုံးချပြီး ကိုယ်ကြိုက်တဲ့ဟိုတယ်ကို ကိုယ်ကြိုက်တဲ့ဈေးနဲ့ ပြောင်းပြီး reserve လုပ်ရုံပါပဲ။ အရင်လုပ်ထားတဲ့ Booking ကိုဖျက်ဖို့တော့ မမေ့ရဘူးပေါ့နာ်။

ဒီလောက်ဆိုရင်တော့ မဝေးတော့တဲ့အချိန်တခုမှာခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းတွေအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်။ ရုတ်တရက်ကြည့်ရင် အဆင့်တွေအများကြီးနဲ့အလုပ်ရှုပ်လိုက်တာလို့ထင်ရပေမဲ့ ကိုယ်ကိုတိုင်တခါလောက်လုပ်ကြည့်တဲ့အခါ ပျော်စရာလဲကောင်း၊ စိတ်ဝင်စားစရာလဲကောင်းတာတွေ့ရပါလိမ့်မယ်။ ကိုယ်ကိုတိုင် ကိုယ့်စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ခရီးကိုသွားမှတော့ မပျော်ဘူးဆိုတာရှိမယ်မထင်ပါဘူးနော်။ ဟုတ်တယ်မှတ်လား။

အဆင်ပြေကြပါစေရှင်။