Wednesday 24 October 2012

၄၉ ရက်


ကိုရီးယားကား ကြည့်ဖူးကြမယ်ထင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းလောက်ကစပြီး ကိုရီးယားဇာတ်ကားတွေ ခေတ်စားလာလိုက်တာ ဒီနေ့ထိပါပဲ။ ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ် အလှည့်အပြောင်း၊ ဟာသ၊ မင်းသား မင်းသမီးတွေရဲ့ ရုပ်ရည် ကြောင့် စွဲလမ်းကြသူတွေ ရှိသလို  တချို့ကလဲ ကိုရီးယားကား ကြည့်ရရင် စိတ်ဖိစီးမှူပျောက်ပြီး စိတ်အပန်းပြေတယ် လို့ ပြောတဲ့သူတွေတောင် တွေ့ဖူးပါတယ်။ ကျွန်မထင်တာကတော့ ဇာတ်လမ်းထဲမှာ မျောပြီး ကိုယ့်အပူကိုယ် ခဏမေ့သွားတာ ပိုဖြစ်နိုင်ပါတယ်။ တချို့ဟာသကားလေးတွေကတော့  စိတ်အပန်းပြေစေတာအမှန်ပါပဲ။

ကိုယ်ကိုတိုင် ကိုရီးယား ဒရာမာတွေ တစိုက်မတ်မတ် ကြည့်ရအောင် မစွဲလန်းပေမဲ့ ကိုယ်ကြိုက်တဲ့မင်းသား၊ မင်းသမီး ပါတာမျိုး  ဒါမှမဟုတ် ဖြစ်ရပ်မှန် သမိုင်းအကြောင်းရိုက်တာမျိုးဆိုရင်တော့ အချိန်ပေးပြီးကြည့်ဖြစ်ပါတယ်။ အပိုင်းတွေသိပ်မများရင်ပေါ့လေ။ စကားကြုံလို့ပြောရရင် ပြီးခဲ့တဲ့ ၁လလောက် သူငယ်ချင်းတယောက်ပြောလို့ Gentleman's Dignity ဆိုတဲ့ ကားလေးကြည့်ဖြစ်ပါတယ်။ ဟိုအရင် ကိုရီးယားကားတွေ ခေတ်စားခါစ All about Eve ကားထဲက ဒါရိုက်တာရင်ကို မှတ်မိတယ်ဆိုရင်၊ ကြိုက်တယ်ဆိုရင် ကြည့်ဖို့ ညွှန်းချင်ပါတယ်။ ပျော်စရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး ကားလေးပါ။ စကားတွေချီးနေတာနဲ့ပဲ ပြောချင်တဲ့ အကြောင်းမရောက် ဖြစ်တော့မယ်။

"၄၉ ရက်" ဆိုတဲ့  နာမည်ခပ်ဆန်းဆန်းနဲ့ ကားလေးပါ။
ဒီဇာတ်လမ်းကြည့်မဲ့သူတွေ အတွက်လဲ အနှောက်အယှက် မဖြစ်အောင် ဇာတ်လမ်းကိုအကျဉ်းချုံး ပြောရရင် ရုပ်ရှိ ရေလျှံ သတို့သမီးလောင်းလေး ကားတိုက်မှုဖြစ်ပြီး ကိုမာ ရသွားတာကနေ စပါတယ်။ လူက ဆေးရုံကုတင်ပေါ်မှာ မလှုပ်မရှက်ပေမဲ့ သူ့ရဲ့ ဝိညဉ်ကတော့ မြန်မာလိုအခေါ်ဆို ယမမင်းဖြစ်မလားမသိ၊ ဒရာမာထဲမှာတော့ Scheduler လို့ခေါ်တဲ့ မင်းသားငယ်ငယ်ချောချောလေးနဲ့တွေ့နေပါတယ်။ Scheduler ရဲ့ တာဝန်က သေရမဲ့သူတွေ သေချိန်တန် သေမသေ စောင့်ကြည့်၊ စောင့်ခေါ်ရတာပါပဲ။ ဒီကြားထဲ သတို့သမီးလောင်းလေးလို သေချိန်မတန်ဘဲ အကုသိုလ်ဝင်ပြီး အပေါ်တက်မရ၊ အောက်လဲဆင်းမရဘဲ.. လူ့ဘဝထဲလဲပြန်သွားလို့မရတဲ့ သူတွေကို ကူညီရတာပါ။ လူ့ဘဝထဲပြန်သွားဖို့ သန့်ရှင်းတဲ့ မျက်ရည် ၃စက်လို ပါတယ်။ သန့်ရှင်းတဲ့ မျက်ရည်ဆိုတာ ကိုယ့်ကိုချစ်တဲ့စိတ် တခုထဲအတွက်ကြောင့်ကြတဲ့ မျက်ရည်ပါ။

"လူ့ဘဝထဲကိုပြန်သွားဘာလို့ မျက်ရည်လိုတာလဲ"
"လူ့ဘဝထဲမှာ ဒီအသက်အရွယ် အထိနေလာပြီး ကိုယ့်ကို ချစ်တဲ့သူမှ မရှိရင် ဘာလို့ လူ့ဘဝမှာ ဆက်နေအုံးမလဲ"

"မိမိကိုယ်သာ အားကိုးရာ"၊ " ကိုယ်ကိုတိုင်အတွက် အသက်ရှင်ပါ" ဆိုပေမဲ့ တယောက်ထဲနေလို့မရတဲ့ လောကကြီးမှာ ကိုယ့်အပေါ်တကယ် စစ်မှန်တဲ့၊ ကိုယ့်ကိုတကယ်ချစ်တဲ့ အဖော်ကောင်း မိတ်ဆွေကောင်းတကယ်လိုပါတယ်။ ဒါမှမဟုတ် အသက်ရှင်ပြီး တယောက်ထဲအထီးကျန်နေမယ်ဆိုရင် အသက်ရှင်ပေမဲ့ ပျော်စရာကောင်းမှာမဟုတ်ဘူးနော်။

နောက်ထပ် ကျွန်မကို အတွေးပွါးစေတာက ဇာတ်လမ်းထဲက မင်းသားတယောက်ရဲ့ စကားပါ။ ကိုရီးယားဒရာမာတို့ ထုံးစံ ဗီလိန်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားက တခြားတယောက်ကို သူ့လုပ်ရပ်နဲ့ပက်သက်ပြီး  ချေပတာဆိုပါတော့။

" ငါ ကံမကောင်းခဲ့ ဆင်းရဲခဲ့တုံးက ငါဘယ်သူ့ကို အပြစ်တင်လို့ရခဲ့လို့လဲ"
" ငါဘာမှ အမှားမလုပ်ဘဲ ဘာလို့ ခက်ခဲတဲ့ ဘဝမျိုး ကြုံရသလဲ "
" အခုလဲ ဒီလိုပါပဲ...  သူတို့ဘာအပြစ်မှ ကျူးလွန်လို့ မဟုတ်ပါဘူး။ သူတို့ ငါနဲ့တွေ့ရတာ ကံဆိုးသွားတာပါ"

လူတယောက်၊ မိသားစု တခုကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာ မှားတယ် ဆိုပေမဲ့ သူပြောတာကို ခံစားပေးလို့ရပါတယ်။ ဒီလိုရေးလို့ ကိုယ်ကံဆိုးတိုင်း မဆိုင်တဲ့သူကို တိုက်ခိုက်ရမလား ဆိုတော့လဲ မဟုပ်ပါဘူး။ တခါ တခါ လူတွေငြီးကြသလို ဘဝကြီးက မတရားဘူး မဟုတ်လား?

သရုပ်ဆောင် ၂ယောက်လမ်းခွဲ ခါနီးပြောတဲ့ စကားကလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
 ကောင်မလေးက မေးတယ်။ "ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ"

"ဘာအပြစ်မှ ရှိလို့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁နှစ် အတွင်း မင်းနဲ့ငါရဲ့ ဆက်ဆံရေးက ချစ်သူတွေဆိုတာထက် အကျိုးတူစီးပွါးဖက်တွေနဲ့ ပိုတူတယ်။ တွေ့လိုက်တိုင်း စီးပွါးရေးကိစ္စတွေ ဆွေးနွေးရင် ဆွေးနွေး ဒါမှမဟုတ် ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်တွေလုပ်နဲ့ ။ ဒါကြောင့် တခြားတယောက်ကို ငါစိတ်ဝင်စားသွားတာ "

ဒီအခန်းကို ကြည့်ရင်း လွန်ခဲ့တဲ့ ၃-၄ နှစ်က ဖတ်ဖူးတဲ့ စာရေးဆရာမ Sherry Agov's ရဲ့ "Doormat to Dreamgirl" ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာကို သတိရသွားတယ်။ "ချစ်သူရည်းစားဆိုတာ ချစ်သူရည်းစားလိုပဲ နေသင့်တယ်"တဲ့။ အရမ်းရင်းနှီးပြီး လင်မယားလို ဖြစ်သွားရင်မကောင်း သလို၊ အုပ်ရောရော ကျောက်ရောရောနဲ့ သူငယ်ချင်း မိတ်ဆွေလိုဖြစ်သွားလဲ မကောင်းဘဲ အမျိုးသားတွေဘက်က စိတ်ဝင်စားမှု ရော့တတ်တယ်" တဲ့။ မှန်မမှန်တော့ အမျိုးသားတွေမှပဲ သိနိုင်မှာပါ။ ကျွန်မအနေနဲ့ပြောရရင်တော့ မိန်းကလေးတွေက ရင်းနှီးလာတာနဲ့အမျှ ပိုပြီးသံယောဇဉ်တွယ်လာတတ်တာမျိုးပါ။

နောက်ဆုံး စိတ်ထဲရောက်လာတာ တခုကတော့ ကိုမာ ရပြီး မျက်ရည်လိုက်စုနေတဲ့ မင်းသမီးလေးပြောတဲ့စကားပါ။ သူက
" ဘယ်သူတွေ ကျွန်မအတွက် ငိုသလဲ ဆိုတာ မသိချင်ပါဘူး။ သိနေရင် လူတွေအပေါ် မမျှမတ ဆက်ဆံမိမှာ စိုးရိမ်လို့ပါ"

နီးစပ်ရာ ကိုယ်နဲ့အလှင်းသင့်တဲ့သူတွေ၊ ကိုယ့်အပေါ် အကျိုးပြူတဲ့ သူတွေကိုပဲ ဦးစားပေး အသာပေးနေတဲ့ ခေတ်ကြီးမှာ ဒီလိုစိတ်ထားမျိုးထားတတ်တဲ့ သူအချိုး အခုထက် နဲနဲများ ပိုများလာရင် လောကကြီး တော်တော်သာယာလာမှာပါ။

ဒီဇာတ်လမ်းကို ကြည့်ကြမဲ့သူတွေအတွက် အသေးစိတ်မရေးတော့ပါဘူး။ အချိန်ရလို့ အားကြမယ်ဆိုရင်တော့ ကြည့်ဖို့ ညွှန်းချင်ပါတယ်။

ဒါက ဝီကီကလင့်လေးပါ။
http://wiki.d-addicts.com/49_Days



Wednesday 10 October 2012

လမ်းလျှောက်ထွက်ရအောင်


ပြီးခဲ့တဲ့ လပြည့်တညက အိမ်နားတဝိုက်ကို လမ်းလျှောက်ထွက်ရင်းနဲ့တွေးမိ၊ မြင်မိတာတွေကို ချရေးထားတာပါ။ လကသာသာနဲ့ မြင်သမျှ ကြည်နူးစရာကောင်းလွန်းလို့ စာတပုဒ်ထွက်လာသလား မသိ။ ကဲ ကျွန်မနဲ့တူတူ လမ်းလျှောက်လိုက်ခဲ့ကြပါအုံး။

(အဲဒီနေ့ညက ကင်မရာ မပါသွားတာ တော်တော်နောင်တရနေပါတယ်။ နောက်ဆိုဘယ်သွားသွား ကင်မရာယူမှဖြစ်တော့မယ်။ :D အောက်ကပုံကို Google ကယူပါတယ် )



မနေ့ညက
ငါတို့လမ်းလျှောက်ထွက်ခဲ့ကြတယ်
ပြာလဲ့လဲ့ မီးရောင်တွေရှိတဲ့
ညဈေးတန်း ဆီကိုပေါ့.
လရောင်ကလဲ ဖြာနေလိုက်တာ
လမ်းမကြီးတခုလုံးလင်းလို့။

မနေ့ညက
ငါတို့လမ်းလျှောက်ထွက်ခဲ့ကြတယ်
လမ်းတဖက်တချက်
ဖယောင်းတိုင် အတိုအစတွေနဲ့ မုန့်အချို့
ဒါတစ္ဆေညရဲ့ အကြွန်းအကျန်တွေလား
ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ
တယောက်ယောက်တော့ ချစ်တဲ့သူအတွက်
ဆုတောင်းခဲ့မှာ သေချာတယ်။

ဟော  ဟိုညာဘက်မှာ မီးရောင်တချို့
ငါတို့ အမောပြေ ကော်ဖီဆိုင်
ဒါမှမဟုတ်
ဝိုင်နီဆိုင် တဆိုင် ဖြစ်ပါစေ။
လက်ထဲမှာ ရေခဲချောင်းကိုယ်စီကိုင်လို့
ဆိုင်က ပြန်ထွက်လာပြီ
လိုရင်းက ရေငတ်ပြေဖို့မဟုတ်လား။

ရှေ့ဆက်သွားတော့
တတိယအရွယ် လူတစု
အများသုံး တီဗီ ရှေ့မှာ
မျက်လုံးတွေကတော့ တီဗီ ပေါ်မှာမရှိဘူး
အင်း.. သူတို့လိုချင်တာ တီဗီ မဟုတ်ဘူး...အဖော်။

ဟိုး ရှေ့ရှေ့က မီးတွေက ထူးထူးခြားခြား
လင်းလိုက်တာ
ပွဲတော် ဒါမှမမဟုတ်ရင်
အခမ်းအနားတခု ဖြစ်ရမှာပေါ့
ရောက်သွားတော့
ခလေးလေးတွေ
မီးပုံးလေးတွေ မီးပန်းလေးတွေနဲ့
ပျော်နေလိုက်ကြတာများ
အပြစ်ကင်းတဲ့ ပျော်ရွှင်ခြင်းတွေ
ရှိသမျှ နေရာဟာပွဲတော်ပါပဲ။

"ဆက်လျှောက်လိုက်ပါအုံး" တဲ့
ဒီတခါတော့ သီချင်းသံတွေဆီကိုပါ
ဟော ညာဘက်မှာ
အရွယ်လတ် အမျိုးသမီး တစု
စုပေါင်းပြီး "က" ရတဲ့ အကတမျိုး ကျင့်နေကြတာပါ
တချို့က စည်းချက်ကြကြ လှလှပပ
တချို့က မညီမညာ ယောင်ရောင်မှားမှား
ဒါပေမဲ့ အားလုံးပြုံးထားကြတယ်။

ဘယ်ဘက်ကို ကြည့်လိုက်အုံးတဲ့
ဖြူတဲ့ လရောင်အောက်မှာ
ဖြူတဲ့ အဝတ်ကိုဆီနဲ့
ကျောင်းသားလေးတွေ
ကရာတေး ကစားနေတာ
ဘေးမှာ ဆရာလုပ်တဲ့သူက ပီတိတွေစားလို့။

ဆက်လျှောတ်လာတော့
တခါးအဖြူရောင် တခု
ဘေးကို မော့ကြည့်တော့ သူကပြုံးပြတယ်
ကိုယ့်လက်လေးတွေလဲ
သူ့လက်ထဲမှာ နွေးတုန်း
ငါအိမ်ပြန် ရောက်ပြီလေ။

Wednesday 3 October 2012

နားမလည်ခြင်းများ



ဘာရယ်မဟုတ် ကြုံရတာလေးတခုကိုရေးချင်ပါတယ်။
တလောကရုံးမှာ Team Building အနေနဲ့ တနေရာကို Company က စပွန်ဆာပေးပြီးသွားကြဖို့ဖြစ်လာပါတယ်။ ရုံးခွဲတွေရှိပေမဲ့ ကျွန်မတို့ရုံးမှာပဲ စီစဉ်တာပါ။ ဒါနဲ့ပဲ တခြားရုံးခွဲမှာ လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကို လှမ်းစလိုက်ပါတယ်။
"ငါတို့တော့ ဘယ်နေ့ကြရင် အလုပ် လုပ်စရာ မလိုဘူး"
"နင် တို့ရုံးမှာတော့ မလုပ်ဘူး ဟုတ်?"
သူက ဒီနိုင်ငံက စ လူမျိုး ယောက်ကျားလေး သူငယ်ချင်းပါ။ ရှားရှားပါးပါး စ လူမျိုးထဲမှာ အရမ်းကူညီတတ်.. အရမ်းသဘောကောင်းပြီး မတွက်ကတ်တာမို့ ငယ်သူငယ်ချင်းမဟုတ်ပေမဲ့ တော်တော်ခင်ပါတယ်။

ဒါနဲ့ စကားပြောဖြစ်ရင်း သူကလဲ မရောက်ဖူးတဲ့နေရာမို့ စိတ်ဝင်စားပုံ ရပါတယ်။
"ဘယ်လိုသွား မလဲ"
"ဘာတွေရှိလဲ"
"ဘယ်သူတွေရော ပါမလဲ" နဲ့ မေးနေတာမို့ ကျွန်မကလဲ လိုက်ခဲ့ဖို့ ခေါ်လိုက်ပါတယ်။
ပြဿနာက သူက Company တူပေမဲ့ တခြားရုံးခွဲကမို့ လိုက်မယ်ဆိုရင် ခွင့်ယူရပါမယ်။  Company က သူ့အတွက် စပွန်ဆာလဲပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ကျွန်မတို့သွားမဲ့ နေရာက
အားလုံးပေါင်းမှ ဒေါ်လာ၂၀ လောက်ကြမှာပါ။ သူက "သွားဖြစ်ရင် ပြန်ပြောအုံး" ဆိုပြီး အစည်းအဝေး ရှိလို့ စကားပြတ်သွားပါတယ်။

နေ့လည်ထမင်းစားတော့ တခြားလုပ်ဖော်ကိုင်ဖက်တယောက်နဲ့ အဲဒီအကြောင်းပြန်ပြောမိရော။ သူငယ်ချင်းကောင်လေးကို ခေါ်လိုက်တယ်ပေါ့လေ။
အဲဒီမှာသူက ချက်ခြင်းပဲ ( မြန်မာလို ပြန်ရရင်)
"ဟယ်  နင်ကသူ့ရည်းစား မှို့လို့ သူက ခွင့်ယူ၊ သူ့စရိတ်သူခံပြီး လိုက်ရမှာလား?"
ရုတ်တရက် တော်တော်အံ့ဩသွားသလို "ငါ သဘောကောင်းတဲ့ သူကို အခွင့်အရေးယူပြီး အဖော်ရရုံ ခေါ်မိသလား" ဆိုပြီး စိတ်ထဲ တမျိုးတောင်ဖြစ်သွာပါတယ်။
တကယ်က သူလဲခွင့်ရက်တွေ ရှိ.. ( သူက ခရီးထွက်တာဝါသနာမပါ..  ဘယ်မှလျှောက်မသွား... အလွန်အလုပ်ကြိုးစားပြီး တော်ရုံ ခွင့်မယူလို့ နှစ်ကုန်ရင် ၃ပတ်လောက် အိမ်မှာနားပြီး ခွင့်ရှင်းရတဲ့ သူမျိုးပါ။) စိတ်ဝင်စားပုံလဲရ တာမို့လို့ ပျော်ပျော်ပါးပါးသွားဖို့ ခေါ်လိုက်တာပါ။

ဒါကို တခြားသူတွေ အမြင်မှာ ဘယ်လိုဖြစ်သွားလဲ တွေးရင်း   ဒီနေ့တော်တော် စိတ်ရှုတ်နေပါတယ်။