Wednesday 4 February 2015

ကျောင်းတော်ကချစ်သူတွေ

"နိုင်ငံတော်အလံကိုအလေး...ပု"
စတုတ္ထတန်းအခန်းတခန်းက အတန်းခေါင်းဆောင်ရဲ့ နိုင်ငံတော်အလံကို ညီညီညာညာအလေးပြုဖို့ ခပ်ကျယ်ကျယ်အော်ပြီး တိုင်ပေးတဲ့အသံပါ။ စိတ်ပဲလောနေတာလား၊  အသံထွက်မပီသသလား မသေချာပေမဲ့ အနောက်မှာ  နိုင်ငံတော်သီချင်းဆိုပြီး  နိုင်ငံတော်အလံကို ငြိမ်ငြိမ်သက်သက်၊ ညီညီညာညာအလေးပြုဖို့စောင့်နေ တဲ့ သူတွေဆီက ခွိခွိနဲ့ ရီသံတွေ ထွက်လာသည်။ အတန်းပိုင်ဆရာမက "အဟမ်း..အဟမ်း" ချောင်းဟန့်သံအဆုံး ... အတန်းခေါင်းဆောင်က နောက်ထပ်တကြိမ် အသံမြှင့်အော်အပြီးမှာတော့ ကျမတို့တတွေ အားလုံးညီညီညာညာ အလေးပြုလိုက်ကြပါသည်။ ထိုနေ့ကစပြီး အတန်းထဲမှာ နာမည်ကြီးနေသော အသားညိုစိမ့်စိမ့် လူကောင်ထွားထွားသူ့ကို သေသေချာချာသတိထားမိပါသည်။ သတိမထားချင်လို့လဲမရ ဘူးလေ။ သူ့ရဲ့ "အလေး...ပု" ဇာတ်လမ်းကိုအတန်းထဲကသူတွေ အချိန်တော်တော်ကြာတဲ့အထိပြောမဆုံးဘဲကိုး။

သူ့နာမည်က ၄လုံး။ နာမည်ရှည်ရှည်တွေ ခေတ်စားတဲ့ ကာလမို့ သူ့နာမည်က ခုခေတ်စကားအရဆို လန်းပါသည်။ ပြောကြကြေးဆို ကျမနာမည်ကလဲ ခပ်ရှည်ရှည်ပဲ။ နာမည်ရှည်တာချင်းတူပေမဲ့ ကျန်တဲ့နေရာတွေမှာအကွာကြီးကွာသည်။  သူက သွက်သွက်လက်လက် နဲ့အပေါင်းအသင်းဆန့်သည်။ အင်မတန်လူကြောက်တတ်တတ်တဲ့ ကျမက တော့ လာစကားပြောတဲ့ အလယ်တန်း၊အထက်တန်းက သူတွေကို ခုံအောက်တွေမှာ ဝင်ပုန်းရတာ အလုပ်ကြီးတခု။ မုန့်စားဆင်းချိန်တွေတိုင်း မှာ လူမထပ်အောင်တွဲတက်တဲ့ သူ့ကို တော့တခါတရံ အားကြသလိုလို၊ စိတ်ပူသလိုလိုနဲ့ ငေးမိပါသည်။

စတုတ္ထတန်း စာသင်နှစ်တနှစ်လုံး အတန်းတူချင်းပေမဲ့ သူနဲ့ ကျမနဲ့စကားမပြောဖူးပါ။ မျက်နှာချင်းဆိုင် ဆုံတိုင်း သူကအမြဲအရင် ရီပြတတ်ပေမဲ့ သူ့အတွက်ကျမက အမှူမဲ့အမှတ်မဲ့ဆိုတာ ကလေးပေ မဲ့ သေသေ ချာချာကြီး ကိုသိသည်။သူ့ကို သဘောကျစိတ်လေးနဲ့ ငေးရုံကလွှဲလို့ ကျမကလဲ သွား မိတ်ဖွဲ့ဖို့ သတ္တိကမရှိ။ ဒီလိုနဲ့ စာမေးပွဲကြီးအပြီး အောင်စာရင်းအလိုက် ငါးတန်း အတန်းတွေအခွဲမှာ သူနဲ့အတန်းကွဲသွားသည်။ သူကတော့ နာမည်ကြီးမြဲ ကြီးဆဲ။ ကျောင်းအကျီပေါ်မှာ "waist coat" လို့ခေါ်တဲ့ လက်ပြတ် အပေါ်ထပ်လက်တိုလေး ထပ်ဝတ်တတ်သောသူ့ကို ကျမတို့နှစ်က သူ့ကိုတော်တော်များများသိကြသည်။ ၅တန်းနှစ်မှာ အနည်းငယ် တိုးတက်လာတာက ကျမ။ မုန့်စားဆင်းချိန်တွေမှာ လက်ကလေးတွဲပြီး ကျောင်းပတ်ကြသည့် သူတွေအကြောင်း အနည်းငယ်သိလာသည်။ အတန်းရှေ့ကို မကြာခဏ လမ်းသလားတတ်တဲ့သူတွေကို မျက်လုံးချင်းဆုံကြည့်ပြီး ရီပြတတ်ပြီ။ ခုံအောက်ထဲ ဝင်ပုန်းတဲ့အထိလဲ လူမကြောက်တော့။ သူ့ကိုတော့ မကြာခဏ ဆိုသလို ကော် ရစ်ဒေါ မှာလမ်းလျှောက်ရင်းဖြစ်ဖြစ် မုန့်ဈေးတန်းမှာဖြစ်ဖြစ်တွေ့ပါသည်။ ဘေးမှာလဲ သူနဲ့အတန်းတူ ပုံမရသော ကောင်မလေးတယောက်ယောက် အမြဲပါသည်။ ကျမက မရီပြဖြစ်သလို သူကလဲကျမကိုမမှတ်မိပါ။

သူနဲ့စကားသွားပြောဖို့၊ လက်ကလေးတွဲပြီး ၁၅မိနစ် လောက်လမ်းလျှောက်ဖို့ ဘာလုပ်ရမလဲဆိုတာ ကျမသိပါသည်။ သို့သော်လဲ သူ့ကို ဘယ်တော့မှစမလိုက်ဘူးဆိုတဲ့ ကျမဆုံးဖြတ်ချက်ကို ခိုင်မာစေတာက မျက်လုံးဝိုင်းဝိုင်းအသားဖြူဖြူ နဲ့  ကျမ၏ စီနီယာတယောက်ကြောင့်ဖြစ်ပါသည်။ သူက တဦးတည်းသောကလေး၊  ပြည့်စုံသောအသိုင်းအဝိုင်းကဖြစ်ပြီး ခပ်ဆိုးဆိုးလေးပဲ ဆိုကြပါစို့။နေ့စဉ် နေ့တိုင်း မုန့်တွေပေး၊ နှင်းဆီပန်းတွေပေးပြီး သူ့ကိုပြန်ချစ်ဖို့ တတွင်တွင်ပြော။ ကျမက တတွင်တွင်ငြင်း။ စာတွေ အိတ်ထဲ ကျမမသိအောင် ခိုးထည့်။ အမေတွေ့လို့ အပြောခံရ။ သူ့ သူငယ်ချင်းတွေနဲ့ ကျမသူငယ်ချင်းတွေ ရန်ဖြစ်။  တရက်ကြတော့ နောက်ဆုံးစာဟုဆိုကာ အနီရောင်တွေနဲ့ မညီမညာရေးဖွဲ့ထားသော၊ မင်အနံ့မဟုတ်သော အနံ့တခုထွက်နေသော စာတစောင်ရပါသည်။ အနီရောင်တွေပေနေသောစာကိုသေသေချာချာ မကိုင်ရဲ၊ စိတ်လဲမကောင်းဖြစ်ရင်း " ငါလဲ သူ့လိုပဲ ချစ်တဲ့စိတ်နဲ့ ဘာမဆို  အတင်းအကျပ် လုပ်မိနိုင်တာပဲ" လို့အတွေးဝင်လာတော့ ကိုယ်ချစ်နေတာတခုနဲ့တော့ ဘယ်သူ့ကိုမှ မလိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါသည်။

ဆဌမတန်းတက်တော့ သူကကျမရှေ့က တခန်းမှာ။ သူနဲ့ တူတူတွဲပြီး တွေ့လာတာက မျက်နှာဝိုင်းဝိုင်း၊ ဆံပင်တိုတို အလယ်ခွဲနဲ့ သူ့ညီမလေး။  ပုံကတော့ ခပ်အေးအေး ဂျစ်တစ်တစ်လေး။ သူ..သူ့ညီမလေးကို သိပ်ချစ်ပြီး သိပ်ဂရုစိုက်ကြောင်း သူ့ရဲ့အကြောင်းကို သတင်းလုပ်ပြောချင်သူတွေ ဆီကမကြာခဏကြားရသည်။  အတန်းတိုင်းလိုလို အတန်းခေါင်းဆောင်၊ အသင်းခေါင်းဆောင်ဖြစ်နေတဲ့ သူက မကြာမကြာ ကျောင်းကိစ္စပေါင်းစုံနဲ့ အတန်းထဲရောက်တာတတ်တော့ မတွေ့မမြင်ရတော့မဟုတ်။ သို့သော် အမှန်အတိုင်းပြောရရင် သူနဲ့ သူ့ရဲ့အချစ်အသစ်တွေအကြောင်းကိုသိပ်စိတ်မဝင်စားတော့။ ဒါပေမဲ့ လာလိုက်တဲ့ သူမှန်သမျှကို ( သူ့ကြောင့်မဟုတ်) ငြင်းရင်း "အတွဲမရှိ" ဂုံဏ်ကိုထိမ်းတုန်း။

ကံကြမာကသူနဲ့ ကျမကိုရင်းနီးစေချင်ပုံရသည်။ သတ္တမတန်းရောက်တော့ သူနဲ့ တကျော့ပြန်အခန်းတူသည်။ သူနဲ့တင်မဟုတ်။  သူ့ညီမလေးကလဲ တခန်းထဲအတူတူ။ ဆဌမတန်းမှာ တွဲခဲ့တဲ့ စာအလွန်တော်သော သူငယ်ချင်းက A တန်းကိုရောက်သွားပြီး ကျမ ချစ်သော ၅တန်းမှ သူငယ်ချင်းများက ကျမနဲ့အတူ အတန်းလိုက်တက်မလာ။ တခန်းလုံး ကျမနဲ့ သိတာ ၆တန်းတုန်းက မထင်မှတ်ပဲ ခေါ်ပြော နှုတ်ဆက်ဖူးသော၊ သူနဲ့လဲခင်သော ဆံပင်တိုတို၊ ဂျစ်ကန်ကန်  နှစ်ယောက်။ ပြောရရင် သူတို့  နှစ်ယောက်ကလဲ နာမည်ကြီးတွေ။ ကျောင်းမှာ ခုနှစ် နှစ်ကျင်လည်ပြီးသည့်တိုင် ကျောင်းအထာမနပ်သေးသော ကျမနဲ့ ပုံစံနည်းနည်းမှမတူ.. ဆိုတော့ ကျမကသွားမခေါ်ချင်၊ မခေါ်ရဲ။  ကျမက တမင်တကာရှောင်နေပေမဲ့ အခန်းထဲမှာ သူငယ်ချင်းမရှိဘာမရှိနဲ့ အူကြောင်ကြောင်ဖြစ်နေသော ကျမကို သတိထားမိပြီး လာစကားပြောသော သူတို့ကို ပြန်တွေးကြည့်ရင်  ကျေးဇူးတင်ရပါသည်။ အတွဲလဲမရှိတော့ မုန့်စားဆင်းချိန်မှာတောင် တယောက်ထဲ ငိုင်နေတာမဟုတ်လား။ သူငယ်ချင်း၃ယောက်  သတ္တမတန်းစာသင်ခန်းရဲ့ နောက်ဆုံးခုံမှာ တူတူထိုင်ကြသည်။ စာသင်ချိန်တွေမှာ ထမင်းတွေခိုးစားပြီး မုန့်စားဆင်းချိန် မိနစ်၃၀အပြည့်ကျောင်းပတ်ကြသည်။ တခါတလေ ကောင်မလေးတွေဆီကို တူတူသွားကြသည်။ ကျမကတော့ ချိန်းတွေ့သည့်အချိန်တွေမှာ ခပ်ဝေးဝေးမှာတွေးရင်း ငေးရင်း စောင့်ပေါ့။ ထူးထူးခြားခြား မှတ်မိနေတာက မုန့်စားဆင်းချိန်မှာ ကျမရဲ့ ချစ်သူငယ်ချင်းနှစ်ယောက်က ကျမကို  တယောက်ထဲ ဘယ်တော့မှအထီးကျန် မနေစေတာပါပဲ။

အတန်းထဲမှာ အသင်းခေါင်းဆောင်၊ အတန်းခေါင်းဆောင်ရွေးကြတော့ ထုံးစံအတိုင်း သူ့ကိုဝိုင်းမဲပေးကြသည်။ ပေးမှာပေါ့...သူက တခြားအတန်းခေါင်းဆောင်တွေလို ကျပ်မှမကျပ်ပဲကိုး။ သူလဲ လုပ်ချင်ရာတွေ လုပ်နေတတ်သလို သူများတွေ ဆူနေလဲ ဘာမှမဟန့်။ စာသင်ချိန် ထမင်းခိုးစားသည့်အထဲ သူတောင်ပါသေးသည်။ဆရာမတွေလာဆူတဲ့အခါ "အားလုံးတိုးတိုးနေကြ" လို့ ဟန်ဆောင်ပန်ဆောင် ထအော်.. သူ့လဲဘယ်သူကမှ မကြောက်။  စကားစပ်လို့ပြောရရင် ထမင်းခိုးစားသည့်အထဲ အတော်ဆုံးက အေးပုံပေါ်သော သူ့ညီမလေး။ ဆရာမ ကျောက်သင်ဘုန်းပေါ်တွင်စာရေးနေချိန်လေးမှာ ထမင်းတလုပ် ပါးစပ်ထဲကောက်ထည့်... ဆရာမစာရှင်းပြချိန်မှာ  ဆရာမ မသိအောင် ပါးစပ်တလှုပ်လှုပ်နဲ့ ဝါးစား။ ဘေးက ဆရာမတွေ ဖြတ်သွား တာမြင်ရင် ပေါင်ပေါ်တင်ထားသည့် သူ့ရဲ့ စတီးထမင်းဘူးကို စာရေးစားပွဲခုံထဲ အလျှင်အမြန်ထည့်။  သူ့ညီမလေးအစား ဘေးကနေ ကျမကကြည့်ရင်း ရင်မောရသည်။


ကျမ အတန်းထဲမှာ  အသင်းခေါင်းဆောင်ဖြစ်လာတာက တကြောင်း၊ သူငယ်ချင်း အုပ်စုတူနေတာက တကြောင်းတို့ကြောင့် ခုနှစ်တန်းသူနဲ့ ကျမတော်တော်ရင်းနီးလာသည်။အတွင်းကျကျပေါင်းကြည့်တော့ သူသည်ပျော်တတ်ပြီး ဟန်လုံးဝမရှိ။ မြန်မာဟင်းမျိုးစုံကို ကောင်းကောင်းချက်ပြီး ထည့်ပေးတတ်သည့် သူ့အိမ်က ထမင်းဘူးထက် အသားညှပ်ပေါင်မုန့်လိုမျိုး၊  ဒါမှမဟုတ် တရုတ်ဟင်း ဝက်သားလုံးကြော်၊ ချိုချဉ်ကြော်လိုမျိုးထည့်ပေး တတ်သည့်ထမင်းဘူးမျိုးကိုပိုစိတ်ဝင်စားသည်။သူ့ရဲ့ "အလေး...ပု" ဇာတ်လမ်းကိုပြန်ပြောပြတော့ သူကသိပ်မမှတ်မိ။ ရီကျဲကျဲနဲ့  "မသိပါဘူးဟာ...ဟုတ်မှာပေါ့" လို့ခပ်ဝါးဝါးဖြေသည်။သူ တလွဲတွေ လုပ်တတ်မှန်း သိနေကျသည့် တခြားသူငယ်ချင်းတွေကတော့ တဝါးဝါးရီပါသည်။

သူ့ညီမလေးနဲ့ ရင်းနီးလာတာကတော့ စာကူးဖို့ စာအုပ်ငှါးရာက စတာ။  ဆရာမ စာခေါ်ချိန်မှာ ပျင်းသည်ဟုဆိုတာစာရေးချင်ဟန်ဆောင်သော်လည်း စာလိုက်မရေးတတ်သော သူ့ညီမလေးနဲ့ သူ့သူငယ်ချင်းလေးကို စာအပြည့်အစုံရှိသော၊ လက်ရေးလှသော ကျမကစာအုပ်အမြဲငှါးရပါသည်။ ဒီလိုနဲ့ ကျမတို့တတွေ သူငယ်ချင်းတအုပ်စုကြီးဖြစ်လာပါပြီ။ ကျောင်းမှာ အင်မတန် ပေါ်ပြူလာဖြစ်သော သူများနှင့် တသီးတသန့်နေတတ်သော၊ လူသိပ်မသိသော၊ စာဂျပိုး ( ဟုထင်ရသော) ကျမ မထင်မှတ်ဘဲ လည်ပင်း ဖက်ပေါင်းသော သူငယ်ချင်းတွေ ဖြစ်လာတာ တော်တော် ထူးဆန်းပါသည်။ သူတို့နဲ့ပေါင်းပြီး ပထမဆုံးကျောင်းကော်ရစ်ဒေါမှာ ထိုင်တတ်လာသည်။ စာသင်ချိန် ဆရာမလွတ်ချိန်တွေမှာ ထမင်းခိုးစားပြီး မုန့်စားဆင်းချိန် မိနစ်၃၀လုံးလုံး သူငယ်ချင်းတအုပ်ကြီး အတန်းပေါင်းစုံက နာမည်ကြီးများကို လိုက်ကြည့်သည်။ သူငယ်ချင်းတွေ နှစ်ယောက် တတွဲ ကျောင်းပတ်ကြသည်။ သူသည်လဲ ကျမအချစ်ဆုံး သူငယ်ချင်းထဲက တယောက်ဖြစ်သွားပါပြီ။

.............................................................................

"ဘေဘီ ဘာဖြစ်နေတာလဲ။ ရော့ ဒါလေးစားလိုက်"
ဒုတိယအစမ်း စာမေးပွဲအပြီးမှာ စိတ်ကျေနပ်လောက်အောင် မဖြေနိုင်လို့ ခုံပေါ် လွယ်အိတ်ပေါ်တင်ပြီး မျက်နှာမှောက်ထားသော ကျမရှေ့မှာ Love ကန်ဒီဟုခေါ်သော အသည်းပုံ အနီရောင်သကြားလုံးလေးတခု။ ကျမတို့တုန်းက Love ကန်ဒီဆိုတာ ချစ်သူသမီးရည်းစားအချင်းချင်းပေးလေ့ရှိသောအစားအစာတခုပါ။ အသံကို သေသေချာချာကြီးမှတ်မိနေပါရက်နဲ့ မယုံနိုင်စွာကြည့်မိတော့ သူ့ထုံးစံအတိုင်း အမည်းရောင် waistcoat" လို့ခေါ်တဲ့ လက်ပြတ်လေးဝတ်ထားသော သူ့နောက်ကျောကို လှမ်းမြင်ရပါသည်။   ခုံပေါ်တွင်ချထားသော Love ကန်ဒီ အသည်းပုံ သကြားလုံးလေးကို သူများတွေမမြင်ခင် လွယ်အိတ်အမွှေးပွလေးရဲ့ အောက်ခြေမှာထိုးထည့်ရင်း "ဘေဘီ" နဲ့ "Love ကန်ဒီ " ကြောင့် သူ့ကို ရင်ပြန်ခုန်တတ်လာပါသည်။

၇တန်း နှစ်ကုန်ခါနီးတလျှောက်လုံး မမေးဖြစ်ခဲ့တဲ့ မေးခွန်းကို ၈တန်းတက်မှ သူ့ကိုအားတင်းပြီးမေးမိပါသည်။
"ဟဲ့ နင်ငါငိုနေတာ ဘယ်လိုမြင်သွားတာလဲ။ ဟိုလေ သကြားလုံးတောင် ပေးသွားသေးတယ် " (Love ကန်ဒီ ဟုမပြောရဲ)
"ဟမ် ဘယ်တုန်းကလဲ ။."
"မနှစ်ကလေ .. xxx ဘာသာဖြေတဲ့နေ့လေ။ ဒုတိယအစမ်း..."
" အော မှတ်မိပြီ။ xxx ဘာသာမေးခွန်းကြီးက သတ်တယ်လေ။ ငါတို့ထဲမှာ မဖြေနိုင်ရင် စိတ်အညစ်ကြီးညစ်တတ်တာဆိုလို့ နင်ပဲရှိတာ။ ဒါကြောင့် ဖြေဖြေပြီးချင်း နင့်ကို ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ" ( ငါ့ကိုဂရုတစိုက်ရှိသားပဲ။ ရင်ထဲမှာ နွေးသွား...)
" သကြားလုံး...?"
"အေး ..ဒါနဲ့ ကလေးအငိုတိတ်အောင် ငါ့မမကိုပေးမဲ့  သကြားလုံးပေးခဲ့တာ" ( ဟမ် ဒါဆို တကူးတကပေးတာမဟုတ်ဘူးပေါ့)
" ငါ့ကိုတောင် "ဘေဘီ" လို့ခေါ်သွား သေးတယ်လေ" ( မျှော်လင့်တကြီး မဝင့်မရဲနဲ့မေး...)
" ဟုတ်လား .. မသိပါဘူး" ( ဟင်း...)
ရတဲ့ နေ့ကတည်းက ဘယ်သူမှမမြင်အောင် မစားအောင် အဝတ်ဗီဒို အောက်ထဲတကူးတကထည့်ထားသော Love ကန်ဒီအနီရောင်လေးကို ပြင်မြင်ပြီး အားနာလှပါသည်။ 

နဝမတန်းရောက်တဲ့အခါ "အချိန်အရမ်းပေးရတယ်" ဟူသောအကြောင်းပြချက် နဲ့ ကျောင်းပြောင်း ကြဖို့စကားသံတွေ ဟိုတစ ဒီတစထွက်လာပါသည်။ လသာ၂ က မနက်၈နာရီကနေ ညနေ ၃နာရီလောက်အထိတက်ရတာလေ။ ကျမတို့ အုပ်စုထဲတွင်သာမက တခြားတခြားသော အတန်းခွဲများက သူငယ်ချင်းတွေကလဲ ၁၀တန်းမှာ ကျောင်းပြောင်းတက်ကြဖို့ စဉ်းစားကုန်ကြပြီ။ အခုမှ ကျောင်းရေ လည်လာသော၊ ကျောင်းပျော် လာသော ကျမကတော့ လသာ၂ကနေခွါဖို့ အစီအစဉ်မရှိ။ ချစ်ရတဲ့ သူငယ်ချင်းတွေကိုလဲ ကျောင်းမပြောင်းစေချင်။ ဒါနဲ့ပဲ ကျမမှာ ဒိုင်ယာရီရေးသောအကျင့်စပြီးရလာပါသည်။ တနေ့တနေ့ ကျောင်းမှာ ကြုံသမျှ၊ တွေ့သမျှ၊ ခံစားရသမျှ မှတ်တမ်းတင်ဖို့ ဆိုပါတော့။  ဒိုင်ယာရီထဲအများဆုံး ပါတတ်တာတော့ ဘယ်သူ့အကြောင်း လဲ ပြောစရာလိုမယ်မထင်ပါ။

အရင်တုန်းကထက် စာတွေများလာသည့်ကြားထဲက ၉တန်း ဒုတိယအစမ်းဖြေခါနီးတွင် ကျောင်းကိုယ်စားပြုပွဲ တပွဲမှာပါဖို့အရွေး ခံရပါသည်။ ကျောင်း မှာရသမျှ အတွေ့အကြုံ လိုချင်သော ကျမက ၂ပတ်တိတိ ကျောင်းမတက်ဘဲ camp ဝင်ပြီးလေ့ကျင့်ရမည့်အရေးကို တတ်တတ်ကြွကြွပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထို camp မှာပဲ ပထမဦးဆုံး အချစ်တော်ရခဲ့ပါသည်။ နှစ်ပေါင်းများစွာ စိတ်ဝင်စားခဲ့သော သူနဲ့ အချစ်ဆုံး သူငယ်ချင်းတွေ မထင်မှတ်ဘဲ ဖြစ်ခဲ့ရပြီး ကျောင်းတွင်တခါမှ မဆုံဘူးသော အတန်းတူ ကောင်မလေးနဲ့ အချစ်တော်ဖြစ်သွားတာတော့ တွေးကြည့်ရင် တော်တော်ထူးဆန်းပါသည်။ အခုလက်ရှိအချိန်အထိ ကျမတို့တဖွဲ့လုံး ( သူအပါအဝင်) အချစ်ဆုံးသူငယ်ချင်းတွေအနေနဲ့ရှိနေကြပြီး အချစ်ဟောင်းကောင်မလေးနဲ့တော့ ဖဘမှာ မေးထူးခေါ်ပြောယုံကလွဲလို့ အဆက်အသွယ်မရှိ။

ကျမကို တယောက်သောသူကပြောဘူးပါသည်။ "လူတယောက်ကို တကယ်ချစ်ရင် သူငယ်ချင်းတော်လိုက်ပါ။ ဒါဆို သူနဲ့ တသက်လုံး အတူတူရှိဖို့ အခွင့်အရေးပိုရတယ်။
Relationship တခုဖြစ်သွားပြီဆိုရင်တော့ အချိန်မရွေး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနိုင်တယ်" တဲ့။

ကျမ လမ်းအရွေးမှန်ခဲ့ပါသည် ဟုထင်ပါသည်။

(ဒီpost ကို မဇွန်နဲ့ မညိုလေးနေ တို့အားပေးလို့ ရေးဖြစ်တာပါ။ ချစ်ရတဲ့ လသာ၂ အမှတ်တရမို့ စုံအောင်လဲရေးချင် ရေးရင်းနဲ့လဲ ကြာသွားတာကို  ခွင့်လွှတ်ကြပါလို့။)