Monday 27 October 2014

All time Favorites - Mascara (တဂ်ပို့စ်)

ဒါလေးက မြတ်ကြည် တဂ်ထားတဲ့ပို့စ်ပါ။ သူလေးက အောက်တိုဘာလထဲမှာ သဘောတွေ့သမျှရေးပါ ဆိုပေမဲ့ ဒီကနဲနဲကွန့်ပြီး နှစ်သက်မိတဲ့ မက်စ်ကာရာတွေအကြောင်းစုစည်းပြီးရေးပါရစေ။


ပထမဦးဆုံးသုံးဖူးပြီး အခုထိနှစ်သက်ဆဲ မက်စ်ကာရာက Maybellineက Lash discovery ဆိုတဲ့ မျက်တောင်ကော့ဆေးပါ။ Lash discovery မက်စ်ကာရာက မျက်တောင်ကော့တန် က သေးသေး စိတ်စိတ်လေး ဆိုတော့ မျက်တောင်အရင်းအထိ မပေမကျံဘဲဆိုးဖို့လွယ်ကူပါတယ်။ ဒီမက်စ်ကာရာ ရဲ့ကောင်းတဲ့ အချက်တွေ က ရေစိုခံတာရယ်၊ မျက်တောင်အရှည်တွေရော မျက်လုံးအောက် ကမျက်တောင် အတိုလေးတွေ ပါကော့ဖို့လွယ် တာရယ်၊ ဆိုးပြီးတဲ့အခါ မျက်တောင်ကော့ကော့ ရှည်ရှည်လေးဖြစ်စေတာရယ်ပါ။ ဒါပေမဲ့ နဂိုမျက်တောင် အရမ်း တိုပြီး နဲတဲ့သူတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ Adora မျက်တောင်က  ကော့လဲမကော့ စင်းလဲ မစင်းပေမဲ့ ခပ်စိတ်စိတ် ဆိုတော့ Lash discoveryက နေ့လည်ပိုင်း ကျောင်းသွား ရုံးသွားရင် သုံးဖို့ အဆင်ပြေ ပါတယ်။ မျက်တောင်တချောင်းချင်းကို ရှည်ပြီးကော့စေတဲ့အတွက် သဘာဝကျကျလှစေပါတယ်။


Maybelline တမျိုးထဲကိုပဲနှစ်ရှည်လများစွဲသုံးနေရာကနေ တရက်မှာ l'orealက အဖုံးနှစ်ဘက်ပါတဲ့ l'oreal lash extension မက်စ်ကာရာကိုသွားတွေ့ပါတယ်။ ဖွင့်ကြည့်တော့ တဖက်ကအဖြူ၊ တဖက်က အမည်းရောင် ဆိုတော့ စိတ်ဝင်စားသွားပါတယ်။ ကျမတွေ့ဖူးတဲ့ မျက်တောင်ကော့ဆေးတွေကအမည်းဒါမှမဟုတ် အညိုပဲ ရှိတာ ကိုး။ကောင်တာက အရောင်းစာရေးအမကိုမေးကြည့်တော့ အဖြူဘက်က ဖိုင်ဘာ (Fibre) အမျှင်လေးတွေပါလို့ မျက်တောင်လေးတွေ ပိုပြီး ရှည်စေ ဖို့ အထောက်အကူပြုပြီး အမည်းဘက်ကတော့ ဟာကိုဆိုးရင်တော့ မျက်တောင်ထူစေပါတယ်တဲ့။ အသုံးပြုပုံ ပြုနည်းကတော့ အဖြူဘက်ကို မျက်တောင်ပေါ်မှာအရင်ဆိုး.ပြီးတော့မှ အမည်းဘက်ကိုဆိုးလိုက်ရင် မျက်တောင်ထူထူရှည်ရှည်လေးနဲ့ လှပြီပေါ့။တခုပဲဆိုးတာက ဒီမက်စ်ကာရာကရေစို မခံပါဘူး။ပြီးတော့ ဖော်မြူလာက maybelline မခြောက်ဘဲ နဲနဲစိုတဲ့အတွက် ဆိုးနေမကျရင်နဲနဲ သတိထား ရပါတယ်။ဒါတွေကလွဲရင်တော့ မျက်တောင်တိုတို ရှည်ရှည်၊ ထူထူပါးပါး ဒီကော့ဆေးနဲ့အဆင်ပြေပါတယ်။ Maybelline Lash discovery နဲ့ l'oreal lash extension ကိုသုံးနေရင်းက ကြုံရင်ကြုံသလို တခြားတံဆိပ်တွေ ကိုဝယ်သုံးကြည့်ပေမဲ့ စိတ်တိုင်းမကျလှပါဘူး။ တံဆိပ်အတူတူချင်းမှာတောင်မှပဲ တခြားဖော်မြူလာတွေကို သဘောမကြပြန်ဘူး။ Maybelline နဲ့  l'orealထဲမှာကိုပဲ စိတ်ထဲမှာ  Maybellineက သဘာဝကျလို့ လို့ပိုပြီးနှစ် သက်ပါတယ်။ နှစ်တွေကြာလာတဲ့အခါ ကျမသုံးနေကျ Maybelline Lash discovery နဲ့ l'oreal lash extension ကိုရှာရခက်လာပါတယ်။ ခပ်ဆင်ဆင်ပုံစံ မျိုးတွေ ထွက်လာပေ မဲ့ ဖော်မြူလာတွေ ကနဲနဲ ကွာသလိုရှိတာကြောင့် စိတ်ညစ်နေတုန်း Maybellineက အသစ်ထုတ်တဲ့ rocket mascara အကြောင်း မဂ္ဂဇင်းတခုမှာဖတ်ရလို့ အပြေးအလွားဝယ်မိပြန်ပါတယ်။ 


Rocket မက်စ်ကာရာက ရော့ကက်ပုံစံခပ်တုတ်တုတ်ပါ။ခရမ်းပြာရောင်ဘူးပေါ်မှာ ပန်းရောင်စာတန်းနဲ့ Rocket Volum Express လို့ထိုးထားတော့ မျက်တောင်ထူထူ လိုချင်သူများအတွက် အဆင်ပြေမဲ့ မက်စ်ကာရာပေါ့။ မျက်တောင်မှာတင်ပြီးဆိုးကြည့်တဲ့အခါ ကြေငြာထားတဲ့အတိုင်း မျက်တောင်ကို မည်းပြီးထူသွားစေပါတယ်။ မျက်တောင်သိပ်မတိုတဲ့ကျမအတွက်  ရော့ကက်ကအဆင်ပြေပေမဲ့ မျက်တောင် တိုတဲ့သူတွေ အတွက်တော့ ရော့ကက် မက်စ်ကာရာ ကအဆင်ပြေမှာမဟုတ်ပါဘူး။ သူမှာ မျက်တောင်ကိုရှည်စေတဲ့ Lengthening effect မပါလို့ပါ။ အပေါ်က L'oreal မက်စ်ကာရာလိုမျိုး ဖိုင်ဘာပါတဲ့အဖြူရောင် မက်စ်ကာရာ အရည်လိုမျိုးအရင်လိမ်း ပြီးမှ  ရော့ကက်ကိုဆိုးရင်တော့ မျက်တောင်တုတတ်ထားသလို မျက်တောင် ရှည်ရှည် ထူထူမျိုးရမှာပါ။ Maybelline ရဲ့ ဖော်မြူလာက နဲနဲခြောက်တာကြောင့် မျက်တောင်ပေါ်ကိုအထပ်ထပ်ဆိုးတဲ့အခါ မျက်တောင်မွှေးတွေကပ်ပြီးစုသွားတတ်လို့ brushနဲ့ပြန်ဖြီးပေးရတတ်ပါတယ်။ Adoraအမြင်အရတော့ မျက်တောင်တိုပြီး အချိန်မပေးနိုင်တဲ့ သူတွေအတွက် ရော့ကက် ကသိပ်မသင့်တော်ပါဘူး။ အချိန်ပေးပြီး အလှပြင်နိုင်တဲ့ ပွဲလမ်းမြိုးမှာစိတ်ရှည်ရှည်နဲ့ ကိုယ့်လိုအပ်မှုနဲ့ညှိသုံးရင်တော့ မျက်တောင်တုတတ်စရာမလိုအောင် လှတဲ့မျက်ဝန်းတစုံကိုပိုင်ဆိုင်မှာပါ။


Benefit က they're real လို့ခေါ်တဲ့ မက်စ်ကာရာကိုတော့ bellabox မှာပါတဲ့ sampleသုံးပြီး သဘောကျ သွားတာပါ။ Rocket မက်စ်ကာရာထက်ပိုသဘောကြမိတဲ့အချက်ကတော့ မျက်တောင်ကို ထူပြီးရှည်စေ တဲ့အပြင် တနေ့လုံးမျက်တောင်ကော့ကော့လေးနဲ့လှနေစေပါတယ်။ တံဆိပ်မတူပေမဲ့လဲ Rocketဖော်မြူလာလိုပဲ မက်စ်ကာရာကအရမ်းခြောက်တာကြောင့် မျက်တောင်မွှေးတွေပူးပြီး စုစုကြီးဖြစ် မသွားအောင်လို့တော့ သတိထားလိမ်းရပါတယ်။ တခုတည်းသော မကောင်းတဲ့ အချက်ကတော့ ရေစို အရမ်းခံတာကြောင့် ဖျက်ရတာအရမ်းခက်ပါတယ်။ ဒါကြောင့်လဲ Benefitကသူတို့ရဲ့  လိုင်နာတွေ၊ မက်စ်ကာရာတွေနဲ့သုံးဖို့ မိတ်ကပ်ဖျက်ဆေးရောင်းပါတယ်။ မက်စ်ကာရာဆိုးထားပြီး မခံလို့စိတ်ညစ်နေတဲ့သူတွေရှိရင်Benefit က they're real  မက်စ်ကာရာသုံးကြည့်ဖို့ညွှန်းပါရစေ။ 


နောက်ဆုံးသုံးဖြစ်ပြီး အကြိုက်ဆုံးဖြစ်နေတာကတော့ Guerlain က Black Noir G ဆိုတဲ့ မက်စ်ကာရာပါပဲ။ ဒီ မက်စ်ကာရာကိုလဲ bellaboxက sampleလေးကိုအရင်သုံးကြည့်ပြီး သဘောကြလို့ ထပ်ဝယ်ဖြစ်တာပါ။  မှန်ကလေးတွဲရက်ပါပါတယ်။ ဗူးဒီဇိုင်းကအကောင်းစားမှန်းသိသာအောင်ကိုလှပါတယ်။ ဈေးကလဲ ကျမသုံးဖူးတဲ့ တံဆိပ်တွေထက်စာရင် ဈေးကြီးပါတယ်။ ဒါပေမဲ့လဲ သုံးပြီးတဲ့အခါတိုင်း မျက်တောင်တွေက တချောင်းခြင်းရှည်ပြီး သဘာဝကျကျ ကော့ကော့လေးတနေကုန်ဖြစ်နေတာဆိုတော့ ပိုက်ဆံကုန်ရကြိုးနပ်တယ်ပဲပြောရပါမယ်။ ဆိုးလိုက်တဲ့အခါ Rocketတို့ Benefit မက်စ်ကာရာတို့လို မည်းပြီး အရမ်းထူသွားတဲ့ပုံမျိုးမပေါက်ပင်မဲ့ ကျမရဲ့ ပုံမှန်မျက်တောင်တွေထက်တော့ ပိုထူသွားပါတယ်။ ဖော်မြူလာက ရေစိုခံ ဒါပေမဲ့ ဆိုးတဲ့အခါ အရည်က စိုစိုလေးမို့  မျက်တောင်တွေအားလုံးကို စုစုကြီးဖြစ်မသွားစေဘဲ တချောင်းချင်းကို ဆိုးဖိုအဆင်ပြေပါတယ်။ ဖျက်ရတာလဲ ပုံမှန်မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ရင်ချက်ခြင်းပျက်ပါတယ်။ သဘာဝကျတဲ့ မျက်တောင်ရှည်ရှည်ထူထူလေးတွေနဲ့ လှချင်ရင်တော့ စမ်းသုံးကြည့်စေချင်ပါတယ်။


ဒီလောက်ဆို Challenge လုပ်တဲ့မြတ်ကြည်လဲကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ သတိတရနဲ့ တဂ်သွားတာကိုလဲကျေးဇူးတင်ပါကြောင်း။

လှပတဲ့ မျက်ဝန်းလေးများပိုင်ဆိုင်ကြပါစေ။

Sunday 26 October 2014

ပြန်ပြောပြဖို့

မထင်မှတ်ပဲ မြန်မာmp3ဆိုက်ကနေ ငယ်ငယ်တုန်းကနှစ် သက် ခဲ့ရ တဲ့ အခွေလေးပြန် ရှာတွေ့လို့ နားထောင်ဖြစ်တယ်။ အနဂ္ဂနဲ့အောင်ကောင်းထက်တို့ဆိုတဲ့သီချင်း။ ဘာရယ်မဟုတ် ငယ်ငယ်တုန်းကအမှတ်ရစရာလေးတခုကိုသွားသတိရမိရော။

အဲဒီတုန်းက ကျမအသက်က၁၆၊၁၇။ ၁၀တန်းပြီးခါစသစ်ရွက်လှုပ်ရင်ရီချင်နေတဲ့ စိတ်ကစားတဲ့အရွယ်။ တနေ့မှာ တက္ကသိုလ်တခုက စာမေးပွဲဖြေဖို့ ပြင်ဆင်ပေးတဲ့သင်တန်းမှာ တွေ့တဲ့သူငယ်ချင်းလိုလို၊ (ဘာလိုလို) တယောက် ကသူကျောင်းတက်နေတဲ့ သန်လျင် ဂျီတီစီကို အလည်လိုက်ဖို့ ခေါ်ပါတယ်။ သူ ကျမ အကြောင်းတွေ သတိရ တဲ့ အခါ ကဗျာတွေ ထိုင်ရေးဖြစ် တဲ့ ရေကန်ကြီး ကို ပြ ချင် ပါ သ တဲ့ ။ ကန်ကြီးရဲ့အနားမှာ သစ်ပင်တွေကလဲ အုံ့အုံ့ ဆိုင်းဆိုင်းနဲ့ နေပြောက်ထိုးတဲ့အခါ သူ ရေကန် နားက ကျောက်တုံးတွေပေါ်မှာ ထိုင်ကြည့်သလို ကျမ ကို လဲမြင်စေချင်တယ်တဲ့လေ။

သူပြောတုန်းကစိတ်ထဲမှာ မြင်ယောင်နေတာ အင်းယားလိုရေကန်ကြီးကြီးနဲ့ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းတွေပါ။ ရုပ်ရှင်တွေထဲမှာ ကြည့်ခဲ့ရတဲ့ မင်းသားနဲ့မင်းသမီးလို ရေစပ်က ကျောက်တုံးလေးတွေပေါ်မှာ ထိုင်ပြီး စကားပြောကြမယ်ဆိုတဲ့စိတ်ကူးနဲ့ အလည်ခေါ်တာကို လက်ခံလိုက်ပါတယ်။ ဂျီတီစီဂျီတီစီလဲရောက်ရော ကျောင်းကန်တင်းမှာသူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ထိုင်တာတောင် ဖင်ကတကြွကြွနဲ့ ရေကန်ကြီး ဆိုတာကိုသွားချင်နေပြီ။ ဒါနဲ့ ကော်ဖီတခွက်သောက်အပြီးမှာ ကျောင်းနောက်က ရေကန်ကြီး ဆိုတာ ဆီ လဲရောက်ရော....

တကယ်က ရေကန်ဆိုတာထက် ပိုပြီးမှန်မဲ့အသုံးအနှုန်းက အုတ်ကန်ပါ။ရန်ကုန်တိုက်ခန်းတွေမှာပါလေ့ရှိတဲ့ အုတ်ကန်မျိုးထက် ၃-၄ဆလောက်ကြီးမဲ့ လေးထောင့်ဆန်ဆန်အုတ်ကန်မျိုးပါ။ ပတ်ဝန်းကျင်မှာ သစ်ပင်တွေအုံ့ဆိုင်းပြီးနေပြောက်မထိုးတာတော့မှန်ပါရဲ့။ကျမတွေးထားသလို ရန်ကုန်တက္ကသိုလ် အင်းယား ကန်ဘောင်ကမြင်ကွင်းမျိုးတော့မဟုတ်ဘူးလေ။ ထိုင်လို့ရတယ်ဆိုတဲ့ ကျောက်တုံးတွေကလဲ အဲဒီနေ့မှ မိုးရွာထားလို့စိုစိုစွတ်စွတ်နဲ့။ စိတ်ကူးထဲကတွေးထားသလို ကန်ဘောင်မှာထိုင်ပြီး ရိုမန့်တစ်ဆန်ဆန် စကားပြောဖို့ဆိုရင် အုတ်ကန်ဘောင်ပေါ်မှာ ထိုင်ကြရုံရှိတော့တာ။ စိတ်ကူးထဲက မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့လဲ "အင်း အေးချမ်းတယ်နော်။ သစ်ပင်တွေအုံ့နေတော့ နေလဲမပူဘူးပေါ့" ဘာညာလျှောက်ပြောပြီး ကျောင်းဘက်ပြန်လျှောက်ခဲ့ရတယ်။ စိတ်ထဲမှာတော့ ငိုချင် ရီချင်နဲ့။ ကျမအတွက် ကဗျာတွေရေးတယ်ဆိုလို့သာ သူ့ကို အော်မပြစ်လိုက်တာပါ။

ကန်တင်းလဲပြန်ရောက်ရော ဖွင့်ထားတဲ့သီချင်းက အဖြေတောင်းတဲ့ အချစ်သီချင်းမြူးမြူးလေးတပုဒ်။
"ချစ်ခဲ့ပြီးမှ ပြောင်းလဲမှုတွေလုံးဝမဖြစ်နိုင်လို့ 
မင်းအတွက်အရာရာ ဘာမဆိုကိုယ်လေ ဖြည့်ဆီးပြီး ချစ်သွားမယ်
အဆင်မပြေချိန် ခဏလေးချစ်တဲ့စိတ်တွေ ရင်မှာသိမ်းပြီးရီးစားတွေဖြစ်ရင် အတိုးချပြီးတော့ ချစ်လိုက်ပေါ့
ဒို့နှစ်ဦးရီးစားတွေဖြစ်လာကြရင်လဲ ဘယ်သူတွေဘယ်လောက်ပဲချစ် ဒို့ကိုမမှီနိုင်လောက်ပါဘူး"
ဘယ်ကနေ ဘယ်လိုဖြစ်တယ်မသိ။ အဲဒီသီချင်းကြားပြီး စိတ်ထဲမှာရင်ခုန်သလိုလို ဘာလိုလိုနဲ့။ ဘေးနားကတယောက်ကလဲ
"တွေ့လား။ ဘယ်လောက်တိုက်ဆိုင်လဲ။ဖွင့်ထားတဲ့ သီချင်းကတောင် ကိုယ်ပြောချင်နေတာနဲ့တူနေတယ်"

ဒီဇာတ်လမ်းလေးရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားလဲဆိုတာတော့ သီချင်းခွေနာမည်လေးအတိုင်း ပြန်ပြောပြဖို့တော်တော်ခက်ပါလိမ့်မယ်။ သီချင်းနာမည်က "အလွမ်းမဲ့" လို့ခေါ်ပါတယ်။
(နားထောင်ချင်တဲ့သူတွေအတွက် မြန်မာ လင့်လေးပါ။)
http://www.myanmarmp3.net/albums/pull/374/pyan-pyaw-pya-phoe-taw-taw-khet-late-mel

တခါတလေ ဘာရယ်မဟုတ်တွေးမိတယ်။ ငယ်ငယ်တုံးကအတွေးတွေအဖြစ်အပျက်တွေက သိပ်ရိုးသားဖြူစင်တယ်လို့လေ။

Wednesday 22 October 2014

King Cross ဘူတာရုံ၊ ပလက်ဖောင်း ၉-၃/၄ နဲ့ ဟော့ဝပ်မှော်အတတ်သင်ကျောင်း

ကျမနဲ့ ဟယ်ရီပေါ်တာ
ထောင့်ဖြတ်လမ်းကြား နဲ့ Gringottsဘဏ်တိုက်
 

စက်တင်ဘာ ၁၊ ၂၀၁၄

နှစ်စဉ်နှစ်တိုင်းရဲ့  စက်တင်ဘာ ၁ရက်နေ့ ဆိုရင် ဟော့ဝပ်မှာကျောင်းတက် ရမဲ့ ကျောင်းသူ၊ကျောင်းသားလေးေ တွက လန်ဒန်မြို့က King Cross ဘူတာရုံကို ရထား စီးဖို့ရောက် လာကြပါပြီ။  ဟော့ဝပ်ရထား လက် မှတ် ကို ကျောင်းစာသင်နှစ်မတိုင်ခင် စာအုပ်စာရင်းနဲ့အတူတူ ပို့ပေးလေ့ရှိပြီး ကျောင်းသားတွေက စက်တင်ဘာ ၁ရက်နေ့မှာ  ဟော့ဝပ်ရထားစီးဖို့ ပလက်ဖောင်း ၉-၃/၄ ( ကိုး လေးပိုင်းသုံးပိုင်း) ကို လာရမှာဖြစ်ပါတယ်။ မနက်၁၁နာရီအတိ မှာတော့  ဟော့ဝပ်ရထားကြီးက လန်ဒန် King Cross မှတ်တိုင်ကနေ  စကော့ တ လန်ပြည်
နယ်မှာရှိတဲ့ Hogsmeade ဆိုတဲ့ ရွာလေးကိုပြေးဆွဲပါလိမ့်မယ်။

ယူနီဗာဆယ် စတူဒီယိုမှာ Universal Studios Florida နဲ့ Island of Adventure ဆိုပြီး theme park နှစ်ခု ခွဲထားပါတယ်။ လန်ဒန်မှာရှိတဲ့ ထောင့်ဖြတ်လမ်းကြား နဲ့ King Cross ဘူတာရုံတို့က Universal Studios Florida ဘက်ခြမ်းမှာရှိပြီး Hogsmeade နဲ့ ဟော့ဝပ်ရဲတိုက်ကြီးကတော့  Island of Adventureမှာရှိပါတယ်။ ဟယ်ရီပေါ်တာ theme park နှစ်ခုကိုဆက်သွယ်ထားတာကတော့ ဇာတ်လမ်းထဲကအတိုင်း "Hogwarts Express" လို့ခေါ်တဲ့ မှော်ပညာသုံး ဟော့ဝပ်ရထားကြီးပါပဲ။ 

King Cross ဘူတာရုံဆိုတာ လန်ဒန်မှာတကယ်ရှိတာပါ။ ဒီဘူတာရုံကနေ စကော့တလန် အရှေ့ ပိုင်း နဲ့ မြောက်ပိုင်းကိုပြေးဆွဲတဲ့ ရထားတွေလဲတကယ်ရှိပါတယ်။ ဒါဆို ဟော့ဝပ်ရဲတိုက်ကြီးကိုသွားဖို့ ဘယ်မှတ်တိုင်၊ ဘယ်ဘူတာရုံမှာ ဆင်းရမလဲဆိုတော့ လွယ်ပါတယ်... ပလက်ဖောင်း  ၉-၃/၄ ကိုတွေ့အောင်ရှာပြီး Hogwarts Expressကို ဂိတ်ဆုံးတဲ့အထိ စီးသွားရုံပါပဲ။ ပလက်ဖောင်း  ၉-၃/၄ကိုရောက်ဖို့အတွက် အရင်ဆုံး မက်ဂယ်တွေရဲ့ ရထားလမ်းနဲ့ မှော်ဆရာတွေရဲ့ ရထားဆိုက်တဲ့ ပလက်ဖောင်းကိုခြားထားတဲ့ နံရံကြီးကို အရင်ရှာရပါမယ်။ ကိုယ့်မှာ မှော်ပညာအစွမ်းအစရှိလို့ နံရံကြီးထဲကို တိုးဝင်လို့ရခဲ့ရင်တော့  မှော်ဦးထုတ်ချွန်တွေ ဆောင်းထားတဲ့ ပလက်ဖောင်း  ၉-၃/၄ က ရထားဝန်ထမ်းတွေက Hogwarts Express ရှိရာကို လမ်းညွှန်ကြပါလိမ့်မယ်။ 


 


စက်တင်ဘာ၁ရက်နေ့မှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ ပလက်ဖောင်း ၉ နဲ့ ပလက်ဖောင်း ၁၀ကြားထဲမှာရှိတဲ့ နံရံကြီးဆီကို တိုးဝင်ပျောက်ကွယ်သွားရင် မအံ့ဩပါနဲ့နော်။


Universal Studios Florida နဲ့ Island of Adventureကို ၄မိနစ်လောက် ရထားစီးရပါတယ်။ ရထားပေါ်ရောက်ရင် ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲကအတိုင်း ဟောင်းနွမ်းနေသလိုရှိတဲ့ မျက်နှာချင်းဆိုင် ဆိုဖာခုံ ၂ခု နဲ့   ပြတင်းပေါက် တခုပါတဲ့ အခန်းလေးထဲမှာ နေရာရပါမယ်။ အခန်းတခန်းမှာ ၈ယောက်လိုက်ပါစီးနင်းခွင့်ရှိပါတယ်။ ဟယ်ရီဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်တဲ့ ရွန်နဲ့ ဟာမီရွန်ကို ဒီရထားကြီးပေါ်မှာစပြီးတွေ့ခဲ့တာဆိုတော့ ကျမတို့လဲ ရထားတူတူစီးခဲ့တဲ့ မိသားစုနဲ့ မိတ်ဖွဲ့ခဲ့ပါတယ်။



ရထား ပြတင်းပေါက်ကနေ ဟော့ဝပ်ကျောင်းစောင့်ကြီး ဟက်ဂရစ်လက်ပြနှုတ်ဆက်နေတာကိုတွေ့ပြီး မကြာခင်မှာပဲ Hogsmeade ဘူတာရုံကို ရထားဆိုက်ပါတယ်။ 

Hogsmeade station
 
 Hogsmeade village
 

Hogsmeadeရွာကလေးက ကျမ ဖတ်ဖူးတဲ့အတိုင်း ရွာအလယ်လမ်းမကြီးရဲ့ တဖက် တ ချက် နှင်းတွေ ဖုံးနေတဲ့ပုံစံ ခေါင်မိုးလေးတွေနဲ့စီစီရီရီပါ။ Hogmeadeရွာရဲ့ အလှရှုခင်းကို JK Rowlingက ခရစ်စမတ်ကဒ် ထဲတွေမှာတွေ့ရတတ်တဲ့ အလှရှုခင်းမျိုးနဲ့တူတယ်လို့သူ့စာအုပ်ထဲမှာခိုင်းနှိုင်းထားပါတယ်။ ၃၅ဒီဂရီလောက် ရှိတဲ့ အော်လန်ဒိုရဲ့နေရောင်အောက်မှာ နှင်းတွေဖုံးပြီး မြူခိုးတွေဝေနေတဲ့  ခရစ်စမတ်ကဒ်ထဲကရှုခင်းမျိုး မတွေ့ရတာကလွဲလို့ Hogmeadeဟာအသက်ဝင် လှပပါတယ်။ရွာထဲကိုဝင်လိုက်တာနဲ့ ဈေးသည် ဈေးဝယ်တွေနဲ့ ပျားပန်းခတ်မျှ စည်ကားနေတဲ့ ဈေးဆိုင်အမျိုးမျိုးကိုတွေ့ရမှာပါ။

ဟယ်ရီပေါ်တာ စာအုပ်တွေ ရုပ်ရှင်တွေထဲမှာ ထင်ရှားတဲ့ ဘာတီဘော့ရဲ့ အရသာမျိုးစုံပါတဲ့ သကြားလုံးတွေ(
Every flavor beans) ၊ထောပတ်ဘီယာတွေ နဲ့ တခြားထူးထူးဆန်းဆန်း စိတ်ဝင်စားစရာကောင်းတဲ့ သကြား လုံး၊ ချောကလက်၊ တော်ဖီ နဲ့ ပီကေတွေရောင်းတဲ့ ကလေးလူကြီးကြိုက် Honeydukes သကြား လုံး ဆိုင်၊  ဟော့ဝပ်ကျောင်းအုပ်ဆရာကြီး Albus Dumbledore ရဲ့ ညီ Mr. Alberforth Dumbledore ပိုင်တဲ့ Hog's Head နဲ့ Madam Rosmerta ရဲ့ တံမြက်စည်းသုံးချောင်း ( the Three Broomsticks) စားသောက်ဆိုင်တို့က မသွားမဖြစ်သွားကြည့်ရမဲ့နေရာတွေပေါ့။

ဘာတီဘော့ရဲ့ သကြားလုံးတွေမှာ ချောကလက်တို့၊ ဘလူးဘယ်ရီ အစရှိတဲ့ အချိုအရသာတွေအပြင် ငရုတ်ကောင်း၊မြက်၊ဆပ်ပြာအစရှိတဲ့ထူးထူးဆန်းဆန်း သကြားလုံးအရသာတွေကိုလဲ စားရမှာပါ။ 


ကျောင်းသူကျောင်းသားတွေအကြိုက်အရက်မပါတဲ့ ထောပတ်ဘီယာ
 
Hog's Head Pub


ဒါတွေအပြင် ဟယ်ရီပေါ်တာစီးရီးထဲမှာ လူကြိုက်များထင်ရှားတဲ့ အသက်ဝင်နေတဲ့ Chess set မှော်စစ် တုရင် ရုပ်တွေ၊ ဟော့ဝပ်ကျောင်းမှာအသင်းခွဲပေးတဲ့ Sorting Head၊  ဟော့ဝပ်အသင်း ၄သင်းရဲ့ တံဆိပ်တွေ၊ ဟယ်ရီ ဖေဖေဂျိမ်းစ် (James Potter) ၊ ဂေါ့ဖားသား စီးရီးရက် (Sirius Black) နဲ့ ပရော်ဖက်စာလူပင် (Lupin) တို့  ဟော့ဝပ်မှာကျောင်းနေတုန်း မှော်အတတ်နဲ့ ပြုစားထားတဲ့ Maruders Map နဲ့ တခြား လက်ဆောင် ပစ္စည်းတွေရောင်းတဲ့ Filch's Emporium of Confiscated Goods နဲ့ ဇီးကွက်စာပို့ရုံ (Owl Post) ကိုလဲ သွားလေ့လာလို့ရပါတယ်။  

 
Maruders Map

 စာပို့တဲ့ဇီးကွက်လေးတွေရဲ့ နားနေခန်း


Hogsmeadeမှာ လည်လို့ဝပြီဆိုရင်တော့ ဟော့ဝပ်ကျောင်းကိုသွားဖို့အချိန်တန်ပါပြီ။  ဟော့ဝပ်ရဲတိုက်ကြီး (Hogwarts Castle) က Hogsmeade ရဲ့အဆုံးမှာ ထီးထီးမားမားကြီးတည်ရှိပါတယ်။ သာမန် အချိန်တွေ ဆိုရင် ဟော့ဝပ် ရဲတိုက်ကြီး ကို မှော်ပညာနဲ့ ဖျောက်ထားပေမဲ့  မက်ဂယ်တွေကိုချစ်တဲ့ ကျောင်းအုပ်ဆရာကြီး ပရော်ဖက်ဆာ Albus Dumbledoreက   ဟော့ဝပ်ရဲတိုက်ကြီးကို ဝင်လေ့လာဖို့ ဖိတ်ခေါ်ထားလို့ သာမန် မျက်စိနဲ့ မြင်ရတာပါ။ ရိုလာကိုစတာ စီးဖို့စောင့်ရင်းနဲ့  ဟော့ဝပ်ရဲတိုက်ကြီးရဲ့ ထင်ရှားတဲ့အမှတ်အသားတွေဖြစ်တဲ့ စကားပြောတဲ့ ပန်းချီကား၊ဓာတ်ပုံတွေ၊  Dumbledoreရဲ့  ရုံးခန်း၊  ဟော့ဝပ်ကျောင်းရဲ့ အထင်ရှားဆုံး ဂရစ်ဖင်ဒေါ (Gryffindor) အသင်းရဲ့  စုပေါင်းနားနေခန်းတွေကို လေ့လာခွင့်ရမှာပါ။မိစ္ဆာအတတ်ကို ကာကွယ်တဲ့အတတ်ကို သင်ပေးတဲ့ စာသင်ခန်းမှာ ဟယ်ရီတို့ သူငယ်ချင်း၃ရောက်နဲ့ စကားပြောပြီးရင်တော့ "Room of Requirements" လို့ခေါ်တဲ့ အခန်းထဲကနေပြီး  ဟော့ဝပ်ရဲတိုက်ကြီး၊ "Forbidden Forest" နဲ့ "Quidditch ကစားကွင်း" တွေကို ရိုလာကိုစတာ စီးပြီး သွားလည်လို့ရပါပြီ။ 


စကားပြောတဲ့ ပန်းချီကားများ 
 ကျောင်းအုပ်ကြီးရုံးခန်း(ပုံကိုGoogle ကယူပါတယ်)


ဟယ်ရီပေါ်တာ ပရိတ်သတ်တွေက  ဟော့ဝပ်နဲ့ ရင်းနှီးပြီး သား ဆိုတော့  ဟော့ဝပ်ကျောင်း ရဲ့အသင်း၎သင်း အကြောင်း၊ Room of Requirements၊ Forbidden Forest နဲ့Quidditch ကစားနည်းတွေကို သိပြီးသားဖြစ်မှာပါ။ ဟယ်ရီပေါ်တာနဲ့ သိပ်မနီးစပ်တဲ့သူတွေအတွက် ဒီမှာနည်းနည်းရှင်းပြချင်ပါတယ်။

 ဟော့ဝပ်ကျောင်းမှာအသင်းလေးသင်းရှိပါတယ်။ ကျမတို့ငယ်ငယ်က အထက်တန်းကျောင်းမှာ အဝါအသင်း၊ အစိမ်းအသင်းဆိုပြီးရှိသလိုပါပဲ။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာနေတဲ့တလျှောက် ကိုယ့်အသင်း နဲ့အတူတူအိပ်ရ၊စားရ၊စာသင်ရပါတယ်။ တခုပဲထူးခြားတာက အသင်းခွဲနည်းပါ။ ပထမနှစ်ကျောင်းသားလေးတွေကို Sorting Headလို့ခေါ်တဲ့ မှော်ဦးထုပ်ချွန်ကြီးဆောင်းပေးပြီး စစ်ဆေးပါတယ်။ ဦးထုပ်ကြီးက ကျောင်းသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ညဏ်ပညာအပေါ်မူတည်ပြီး ရဲရင့်တဲ့သူတွေဆို ဂရစ်ဖင်ဒေါ (Gryffindor) ၊ လုံ့လဝီရိယရှိပြီး သစ္စာစောင့်သိတဲ့သူမျိုးဆို ဟတ်ဖယ်ပတ် (Hufflepuff)၊ ညဏ်ပညာကြီးပြီး လေ့လာချင်စိတ်ပြင်းပြတဲ့သူမျိုးဆို ရေဗင်ကလော (Ravenclaw) နဲ့ ပါးနပ်သလောက် ရည်မှန်းချက်ကြီးမားပြီး လိုချင်တာကိုမဖြစ်ဖြစ်အောင် ရတဲ့နည်းနဲ့ယူတတ်တဲ့ သူမျိုးအတွက် စလီသရင် (Slytherin) စသည်ဖြင့်အသီးသီးခွဲပေးပါတယ်။  



Room of Requirements ကတော့  ဟော့ဝပ်ရဲတိုက်ကြီးမှာရှိတဲ့အခန်းတခန်းပါ။ တကယ်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့သူအရှေ့ပေါ်လာတတ်ပါတယ်။ အခန်းအနေအထား အပြင်အဆင်၊ အခန်းတွင်း ပရိဘောဂတွေကလဲ လိုအပ်မှုပေါ်မှာမူတည်ပြီးအပြောင်းအလဲရှိပါတယ်။ ဥပမာ - ပစ္စည်းတွေဝှက်ချင်တဲ့ သူမျိုးအတွက် ဗီဒိုတွေ၊ မိစ္ဆာရန်ကိုကာကွယ်တဲ့အတတ်လေ့ကျင့်ဖို့အတွက် ခန်းမကျယ်ကျယ်တွေ၊ မိန်းကလေးတွေအတွက် အိမ်သာတွေစသဖြင့်ပေါ့။ ဒါကြောင့် ကျမတို့ အင်မတန် သွားလည် ချင်နေတဲ့ ဟော့ဝပ်ရဲတိုက် ကြီး နဲ့ ကျောင်းပတ်ဝင်းကျင်ကို သွားဖို့ ရိုလာကိုစတာကလဲ ဒီRoom of Requirementsထဲမှာ ရှိတာပါ။  


Forbidden Forestကတော့ ပထမနှစ်ကျောင်းသားတွေအတွက် မသွားရနယ်မြေဆိုပါတော့။ Forbidden Forestထဲမှာ ဧရာမပင့်ကူကြီးတွေ၊ ဂျိုတချောင်းနဲ့ မြင်းပျံတွေ၊ လူတပိုင်း မြင်းတပိုင်းတွေစသည်ဖြင့် အသိဉာဏ်မြင့်သောသတ္တဝါတွေအများအပြားရှိပါတယ်။ တောထဲက သတ္တဝါတွေနဲ့ ရင်းနီးပြီး သူတို့ ကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ ကျွမ်းကျင်တဲ့ ကျောင်းစောင့်ကြီး ဟက်ဂရစ်ကလွဲရင် သွားလည်ဖို့အန္တရာယ်များပါတယ်။ 

Quidditch တော့ မှော်ဆရာတွေရဲ့  လူကြိုက်အများဆုံးအထင်ရှားဆုံး ကစားနည်းတခုပါ။ ကျမ တို့ ရဲ့ ဘောလုံးကစားနည်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မှော်ဆရာတွေက တံမြက်စည်းပျံစီးတတ်တာဆိုတော့ ဂိုးတိုင်တွေကတော့ ဘောလုံးလို မြေပြင်မှာမဟုတ်ပဲ လေထဲမှာပါ။ ပြီးတော့ ဘောလုံး တလုံးထဲနဲ့ ကစား တာမဟုတ်ပဲ ဘောလုံး၃လုံး နဲ့ တောင်ပံပါတဲ့ ရွှေဘောလုံးခပ်သေးသေးတလုံး (Golden Snitch) ပါပါတယ်။ အားကစားသမားတွေက ကွာဖယ် (Quaffle) လို့ခေါ်တဲ့ ဘောလုံးကို သယ်ပြီး တဖက်အသင်းရဲ့  ဂိုးပေါက်ထဲ ဂိုးသွင်းဖို့ကြိုးစားရသလို၊ ဘလတ်ဂျာ (Bludger) လို့ခေါ် တဲ့ ပြုစား ထား တဲ့ ဘောလုံးနှစ် လုံးနဲ့ မထိခိုက် မိအောင်ရှောင်ရပါတယ်။ ကိုယ့်အသင်းရဲ့  Seekerက  ရွှေဘောလုံးလေးကိုရှာတွေ့ရင်တော့ အမှတ်၃၅၀ရပြီး ပြိုင်ပွဲမှာအနိုင်ရမှာဖြစ်ပါတယ်။  

ဒါကQuidditchကစားတဲ့ ဘောလုံးတွေပါ။ အဖုံးမှာကပ်ထားတာလေးက တောင်ပံပါပြီး အင်မတန်မြန် တဲ့ ရွှေဘောလုံးလေးပါ။ အနီရောင်အကြီးက ကွာဖယ်ဖြစ်ပြီး အညိုရောင်နှစ်လုံးက ဘလတ်ဂျာပါ။
(ပုံကိုGoogle ကယူပါတယ်)


 
ကျမအနေနဲ့ကတော့ ဟယ်ရီပေါ်တာ theme park ကြီးတခုလုံးမှာဒီ Forbidden Journey Ride ကိုအကြိုက်ဆုံးပါပဲ။ ရိုလာကိုစတာစီးချိန်ကလဲ မကြာဘူးဆို ၂ မိနစ်ကျော်ကျော်လောက်ကြာ တဲ့အပြင် စောင့်ရ တဲ့နေရာကလဲ ရဲတိုက်ကြီးထဲမှာဖြစ်တဲ့အတွက် နေလဲမပူ၊ ကြည့်စရာတွေ အပြည့်နဲ့ဆိုတော့ ပျော်စရာကြီးပါ။ လုံခြုံရေးအတွက် အထဲကို ဘာအိတ်မှသယ်ခွင့်မပေးတော့ ဓာတ်ပုံကောင်းကောင်းရိုက်ခွင့်မရတာလေး တခုပါပဲ။ ရိုလာကိုစတာမစီးပဲ ဟော့ဝပ်ရဲတိုက်ကြီးကိုပဲသက်သက်လည်မယ်ဆိုရင်တော့ အိတ်ယူခွင့်ရမယ်ထင်ပါတယ်။


Island of Adventure ဟယ်ရီပေါ်တာ theme parkမှာ Forbidden Journey Ride  အပြင် Dragon Challenge နဲ့ Flight of the Hippogriff လို့ခေါ်တဲ့ ရိုလာကိုစတာတွေလဲရှိပါတယ်။ Hogsmeade နဲ့  ဟော့ဝပ်မှာ လည်လို့ဝပြီဆိုရင်တော့ Hogsmeade ဘူတာရုံကနေပြီး လန်ဒန် King Cross မှတ်တိုင် ကို ဟော့ဝပ် ရထားကြီးပြန်စီးပြီး ပြန်လို့ရပါပြီ။

ကျမခရီးကပြန်ရောက်တဲ့အခါ လုပ်ဖော်ကိုင်ဘက်တွေက ခရီးစဉ်အကြောင်းမေးရင်းနဲ့ "နင် ဟယ်ရီပေါ်တာ theme park ကိုထပ်သွားခွင့်ရရင် သွားချင်သေးလားလို့" မေးပါတယ်။ ကျမအတွက်ကတော့ ကိုယ် ဖတ်ဖူး၊  မြင်ဖူးတာတွေကို မျက်ဝါးထင်ထင်  တွေ့ကြုံခံစားခွင့်ရတာလောက် စိတ်လှုပ်ရှား စရာကောင်း တာမရှိပါဘူး။  Universal Studios Florida နဲ့ Islands of Adventureဆိုပြီး parkနှစ်ခုဖွင့်ထားတာတောင် စာအုပ်ထဲက စိတ်ဝင်စားစရာနေရာတွေ အများကြီးကျန်ပါသေးတယ်။ ယူနီဗာဆယ်အနေနဲ့ ဟယ်ရီပေါ်တာ theme park ကိုထပ်ပြီးတိုးချဲ့မယ်ဆိုရင် ပရိတ်သတ်တယောက်အနေနဲ့ သွားလည်ဖို့ကြိုးစား အုံး မှာ ပါ။  နေရာ အခက်အ ခဲကြောင့် ထပ်ပြီး မတိုးချဲ့တော့ဘူးဆိုရင်တောင် အင်္ဂလန် နိုင်ငံက တကယ့် မှော်ကမ္ဘာ ထဲရောက်နေသလိုဖြစ်အောင် ၅နှစ် ၆နှစ်လောက်အချိန်ယူပြီး ဖန်တီးထားတဲ့ The wizarding world of Harry Potter ကိုထပ်သွားလည်ချင်ပါသေးတယ်။

ကျမနဲ့တူတူ ခရီးစဉ်အစကနေအဆုံးလိုက်လည်တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday 30 September 2014

ထောင့်ဖြတ်လမ်းကြား နဲ့ Gringottsဘဏ်တိုက်

 ကျမနဲ့ ဟယ်ရီပေါ်တာ

ပထမဦးဆုံးအနေနဲ့ ယူနီဗာဆယ် စတူဒီယိုက ထောင့်ဖြတ်လမ်းကြား (Diagon Alley) ကို အရင်သွားရအောင်ပါ။အင်္ဂလန် နိုင်ငံမှာရှိတဲ့  ဟော့ဝပ်မှော်အတတ်သင်ကျောင်း အတွက် လိုအပ်သမျှကို ထောင့်ဖြတ်လမ်းကြားမှာဝယ်လို့ရပါတယ်။ Leaky Cauldron လို့နာမည်ခပ်ဆန်းဆန်းပေးထားတဲ့ ဘား အနောက် ဘက်ခြမ်း ထဲမှာရှိ တဲ့ မှော်ပစ္စည်း အရောင်းဆိုင်တွေအကြောင်း မှော်ဆရာတွေက လွဲပြီးသာမန်လူတွေမသိနိုင်ပါဘူး။ Leaky Cauldronကနေ  ထောင့်ဖြတ်လမ်းကြားကိုသွားချင်ရင် ဘားရဲ့အတွင်းဘက် နံရံအုတ်ချပ်တွေကို မှော်ကြိမ်လုံးနဲ့တို့လိုက်တဲ့အခါမှ အုတ်ချပ်တွေရွေ့သွားပြီး  ထောင့်ဖြတ်လမ်းကြား ကိုဝင်တဲ့ တံခါးပေါက်တခုဖြစ်သွားပါတယ်။

ထောင့်ဖြတ်လမ်းကြား အဝင်ပေါက်။


Leaky Cauldron ဆိုင်အတွင်းပိုင်းအပြင်အဆင်။ (ဒီပုံကိုတော့ Official website ကယူပါတယ်။)

အစားအသောက် မီနူး။  (Leaky Cauldron မှာ အမေရိကန်Fast Foodတွေမရှိပဲ အင်္ဂလိပ်လူမျိုးတွေရဲ့ ရိုးရာအစားအစာတွေပဲရောင်းပါတယ်။ )
 ထောင့်ဖြတ်လမ်းကြားကို ပထမနှစ်ကျောင်းသားလေး ဟယ်ရီ ပထမဦးဆုံးအကြိမ်ရောက်သွားတုံးက "မျက်လုံးတွေ အများကြီးပါလာရင် ကောင်းမှာပဲ" လို့တွေးမိသလိုမျိုးပါပဲ။  ဆေး ကြိုတဲ့ သံဒယ်အိုးပုံကြီးတွေ၊ ကျောင်းသုံးစာအုပ်အရောင်းဆိုင်တွေ၊ ကျောင်းဝတ်စုံဆိုင်တွေနဲ့  ဖလော်ရီဒါရဲ့ ခပ်ပြင်းပြင်းနေရောင်အောက်မှာ Diagon Alley ကအသက်ဝင်လှပါတယ်။

ကျောင်းသုံးဖတ်စာအုပ် အရောင်းဆိုင် ပြတင်းပေါက်။

ကျောင်းဝတ်စုံဝယ်ဖို့  Madame Malkins ရဲ့  ဝတ်ရုံအမျိုးမျိုး အရောင်းဆိုင်။

ကမ္ဘာ့အမြန်ဆုံး Firebolt တံမြက်စည်းပျံ။

 မှော်ဆရာ၊ဆရာမ ဝတ်ရုံတွေဝတ်ထားတဲ့ ဝန်ထမ်းတွေအပြင်  ဟော့ဝပ်ကျောင်းဝတ်စုံ ဝတ်ရုံအမည်းအရှည်တွေဝတ်ထားတဲ့ လူကြီးလူငယ်တွေလဲမရှားလှပါဘူး။ လူတိုင်းနီးပါးရဲ့ လက်ထဲမှာတွေ့ရမှာကတော့ မှော်ကြိမ်လုံးလေးတွေပါ။ ထောင့်ဖြတ်လမ်းကြားရဲ့ သက်မှတ်ထားတဲ့နေရာတွေမှာ မှော်ပညာသုံးခွင့်ရှိပါတယ်။ မှော်ပညာကို အသုံးပြုဖို့ မှော်ကြိမ်လုံးလေးတွေလိုတာပေါ့လေ။
                                               (ဒီပုံကို Google ကယူပါတယ်။)

ဟယ်ရီလိုပဲ ဘာပစ္စည်းမှမဝယ်ခင် ကမ္ဘာ ပေါ်မှာ ဟော့ဝပ်ကျောင်းကြီးပြီးရင် အလုံခြုံဆုံးနေရာလို့ဆိုတဲ့ Goblinမှင်စာလေးတွေရှိတဲ့ Gringotts ကို အရင်သွားလည်ရအောင်ပါ။ Gringotts က Harry Potter Theme Parkရဲ့ နောက်ဆုံးဖွင့်တဲ့ လည်စရာနေရာတခုဖြစ်လို့ အရမ်းလူများပါတယ်။ ဘဏ်ထဲမှာ ဟယ်ရီ့လို ငွေထုတ်လို့မရပေမဲ့ ဟယ်ရီ၊ ရွန်၊ ဟာမီရွန်တို့နဲ့ 
တူတူ  မိစ္ဆာကြီး Voldemort နဲ့ Bellatrix Lestrange တို့ရဲ့ ကျိမ်စာရန်ကနေ ထွက်ပြေးလို့ရပါတယ်။   Gringotts ဘဏ်တိုက်ရဲ့ သံမဏိခန်းတွေကို လေ့လာရင်း၊ Goblinမှင်စာလေးတွေကိုအနီးကပ်နှုတ်ဆက်ရင်းပေါ့လေ။ Harry Potter and the Dealthy Hallows ဆိုတဲ့ရုပ်ရှင်ကို ကြည့်ဖူးရင် Gringottsဘဏ်တိုက်ထဲကဇာတ်ဝင်ခန်းလေးနဲ့ ရင်းနီးပြီးသားဖြစ်မှာပါ။ "Escape from Gringotts"လို့ ခေါ်ပါတယ်။ 

Gringottsဘဏ်တိုက်ရှေ့က ရွှေပုံပေါ်မှာရပ်နေတဲ့ Goblinမှင်စာရုပ်ပါ။

ချိတ်ထားတဲ့ ကြေငြာသင်ပုံးတွေ။

Gringottsဘဏ်ရဲ့ တည်နေရာ။  

ဘဏ်ထဲမှာ အလုပ်များနေတဲ့ Goblinလေးတွေ။  


ဘဏ်ထဲမှာသုံးတဲ့ လှည်းကလေး။


Gringottsဘဏ်တိုက်ပေါ်က နဂါးကြီး။

Diagon Alleyရဲ့  အတွင်းတနေရာမှာတော့ မိစ္ဆာ ပြုစားတဲ့အတတ် (Dark Magic/Dark Arts)ကို စိတ်ဝင်စားတဲ့သူတွေ ကျက်စားရာနေရာတခုရှိပါတယ်။

Knockturn Alleyက လူတွေပြည့်ကျပ်စည်ကားမနေပဲ လမ်းကျဉ်းကျဉ်း မှောင်မှောင်လေးတွေကြားထဲက ဖြတ်သွားမှရောက်ပါတယ်။ Knockturn Alleyမှာ ထင်ရှားတဲ့ဆိုင်ကတော့  Borgin and Burkes လို့ခေါ်တဲ့ စုန်း၊ကဝေ၊မိစ္ဆာအတတ်တွေနဲ့ ပြုစားထားတဲ့ အရာဝတ္ထုတွေ ကျိန်စာသင့်နေတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်ပါ။



လှတယ် ဆိုပြီးသွားမထိနဲ့နော်။မက်ဂယ် ( မှော်ဆရာအသိုင်းအဝိုင်းက မှော်ပညာမတတ်တဲ့သူတွေကို မက်ဂယ် - Muggle လို့ခေါ်ပါတယ်)  ၁၉ ယောက်သေခဲ့တယ်ဆိုတော့ ကျိန်စာသင့်ဆွဲကြိုး။
ဝီစလီအမွှာ၂ယောက်ပိုင်တဲ့ ကစားစရာပစ္စည်းတွေရောင်းတဲ့ဆိုင်(Joke Shop)က ထောင့်ဖြတ်လမ်းကြားထဲမှာအထင်ရှားဆုံးပါပဲ။ 


ဖရက်နဲ့ ဂျော့တို့က ဟယ်ရီ မှော်ကျောင်းသုံးကျောင်းရဲ့ သုံးပွင့်ဆိုင် မှော်ပညာပြိုင်ပွဲမှာ အနိုင်ရတဲ့ငွေနဲ့အရင်းအနီးပြုပြီး သူတို့ရဲ့ဆိုင်ကို ထောင့်ဖြတ်လမ်းကြားမှာဖွင့်ခဲ့တာပါ။ သူတို့နှစ်ယောက်က အင်မတန်ပျော်ပျော်နေတတ်တဲ့ လူရွှတ်,၊ လူနောက်ကလေးတွေဖြစ်တဲ့အလျှောက် သူတို့တီထွင်လိုက်တဲ့ ပစ္စည်းတွေကလဲ ရွှတ်နောက်နောက်နဲ့ ချစ်စရာလေးတွေပါ။

ဥပမာ - ဝမ်းသွားချင်ရက်နဲ့ ဝမ်းပိတ်နေတဲ့သူတယောက်လို ခံစားမှူမျိုးပေးတဲ့ "U-No-Poo" ကိုကြေငြာထားပုံက
 

"WHY ARE YOU WORRYING ABOUT YOU-KNOW-WHO?
YOU SHOULD BE WORRYING ABOUT U-NO-POO
THE CONSTIPATION SENSATION THAT'S GRIPPING THE NATION!"




စုန်းမိစ္ဆာကြီး Voldemortကို နှိမ်နှင်းရေးဆွေးနွေးပွဲကို ခိုးနားထောင်ဖို့ သုံးခဲ့ဘူးတဲ့ Extenable Ear

အမွှာညီနောင်ရဲ့ ထင်ရှားတဲ့သင်္ကေတ မီးရှူးမီးပန်းတွေ။ သူတို့တီထွင်လိုက်တဲ့ မီးရှူးမီးပန်းတွေက ဖောက်ပြီးတဲ့အခါ လနဲ့ချီကြာအောင် အသံမရပ်၊ မီးမငြိမ်းအောင် ဖန်တီးထားတယ်လို့ စာအုပ်ထဲမှာရေးထားပါတယ်။ ခုလို သီတင်းကျွတ်အချိန်ဆိုအတော်ပဲနော်။

Puking Pastilles က  စာသင်ချိန် အတန်းလစ်ဖို့ ခပ်ဆိုးဆိုးကောင်လေး ဖရက်နဲ့ ဂျော့ရဲ့ နောက်ထပ် တီထွင်မှူတမျိုးပါ။ သကြားလုံးရဲ့ လမ္မော်ရောင် အခြမ်းကိုစားရင် အန်မယ်။ ခရမ်းရောင်အခြမ်းကိုစားရင်တော့ အအန်ရပ်ပြီး ချက်ခြင်းပြန်နေကောင်းသွားမှာဆိုတော့ ဆေးခွင့်ယူဖို့ အဆင်အပြေဆုံးပေါ့။ 


ဒီလောက်ဆို ဟော့ဝပ်ကိုသွားဖို့လိုတဲ့ပစ္စည်းတွေလဲဝယ်လို့ စုံပြီဆိုတော့ နောက်တခေါက်ကြရင် လန်ဒန် King Crossဘူတာရုံကနေ  ဟော့ဝပ်ရထားကြီးစီးပြီး ခရီးထွက်ကြရအောင်ပါ။

King Cross ဘူတာရုံ၊ ပလက်ဖောင်း ၉-၃/၄ နဲ့ ဟော့ဝပ်မှော်အတတ်သင်ကျောင်း

Sunday 28 September 2014

ကျမနဲ့ ဟယ်ရီပေါ်တာ

ကျမကို ပထမဦးဆုံး "ဟယ်ရီပေါ်တာ"နဲ့ မိတ်ဆက်ပေးတာ ကျမမေမေပါ။   မှော်လောကမှာ နာမည်တောင်မပြောရဲအောင် ကြောက်ရတဲ့ မှော်ဆရာ မိစ္ဆာကြီး Voldemort ကို နှိမ်နှင်း နိုင်ခဲ့တဲ့ မိဘမဲ့ကောင်လေး ဟယ်ရီ နဲ့ သူငယ်ချင်းတစုရဲ့ စွန့်စားခန်းတွေအကြောင်းရေးထားတဲ့ စာရေးဆရာမ  JK Rowling ရဲ့ စာအုပ်တွေပေါ့။

JK Rowling ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ "Harry Potter and The Philosopher's Stone" ကို ၁၉၉၈မှာထုတ်ဝေခဲ့ပေမဲ့ ကျမစဖတ်ခဲ့တဲ့စာအုပ်က ဆရာမင်းခိုက်စိုးစန် ဘာသာပြန်တဲ့ စာအုပ်ပါ။ ၂၀၀၁/၂၀၀၂ လောက်ဖြစ်မယ်ထင်ပါတယ်။ ငယ်ငယ်ကတည်းက ဒစ်စနေရုပ်ရှင်တွေကို အသဲစွဲကြိုက်တဲ့ ကျမက စုန်းဆိုရင် စနိုးဝှိုက်နဲ့ အော်ရိုရာ မင်းသမီးလေးတွေကို ကျိန်စာတိုက်တဲ့ စုန်းမကြီးတွေကိုပဲ မြင်ပြီးစိတ်မဝင်စားလှပါဘူး။ မာမီက "သမီးရယ် .. ဒီစာအုပ်က သမီးကြိုက်တဲ့ ဆရာမင်းခိုက်စိုးစန် ဘာသာပြန်တဲ့ စာအုပ်။ နိုင်ငံခြားမှာလဲ တော်တော် နာမည်ကြီးတယ်ပြောတယ်။  ဖတ်ကြည့်စမ်းပါအုံး။" လို့တိုက်တွန်းလို့ ဖတ်ကြည့်ရင်းက လက်ကမချနိုင်ဖြစ်ခဲ့တာပါ။

ပထမဦးဆုံးစာအုပ် (ဆရာမင်းခိုက်စိုးစန် ဘာသာပြန်တဲ့ စာအုပ်) ဖတ်ပြီးပြီးချင်း ကျမအမေကိုသွားမေးတဲ့ မေးခွန်းက " သမီးအသက်  ၁၁နှစ်လောက်တုန်းက အိမ်ကို ဇီးကွက်နဲ့ စာတွေဘာတွေလာသလား?" ဆိုတာပါ။ မေးမေးချင်း မာမီက စာအုပ်မဖတ်ရသေးတော့ ကြောင်သွားတာပေါ့။ နောက်မှ စာအုပ်ဖတ်ကြည့်ပြီး  ဟော့ဝပ်ဆိုတဲ့ မှော်ပညာသင်ကျောင်းကနေ စုန်းအတတ်နဲ့ မှော်ပညာတွေကိုသင်ကြားခွင့်ရကြောင်း အကြောင်းကြားစာတွေ အသက်၁၁နှစ် ပြည့်တဲ့ မှော်ဆရာ၊ မှော်ဆရာမလေးတွေကို ဇီးကွက်နဲ့ ပို့တယ်ဆိုတာသိပြီး ရီလိုက်တာလေ။ ကျမအတွက်တော့ အဲဒီ အချိန်မှာ အဓိပ္ပယ်ရှိတာ၊မရှိတာထပ်ကို စာအုပ်ထဲမှာပါတဲ့  ဟော့ဝပ်ကျောင်းကြီးကိုသွားကြည့်ချင်တာပါ။

စာရေးဆရာမJK Rowlingကလည်း သူ့ဆီကို  ဟော့ဝပ်ကျောင်းတက်ချင်တဲ့အကြောင်း သူ့ပရိတ်သက်တွေဆီကစာတွေလာကြောင်း အင်တာဗျူးတခုမှာဖြေသွားတာဆိုတော့ စာအုပ်ဖတ်ပြီး ဒီလိုရူးတာကျမတယောက်ထဲတော့ဟုတ်ဟန်မတူပါဘူး။စားစရာတွေ အပြည့်ပေါ်ပေါ်လာတတ်တဲ့ ထမင်းစားပွဲကြီးတွေ၊ ရွေ့နေတဲ့လှေကားတွေနဲ့ စကားပြောတဲ့ ပန်းချီဓာတ်ပုံတွေကို ဘယ်သူမမြင်ဘူးချင်ပဲရှိပါ့မလဲနော်။   လန်ဒန်မြို့ တနေရာမှာရှိနေမဲ့ Diagon Alley ရယ်၊ ဟော့ဝပ်ရထားရပ်တဲ့ King Cross ဘူတာရုံ ပလက်ဖောင်း ၉- ၃/၄ရယ်ကလဲ စိတ်ဝင်စားစရာ ။ ပြီးတော့ Goblin လို့ခေါ်တဲ့ အရပ်ပုပု မှင်စာလေးတွေပိုင်တဲ့ Gringotts ဆိုတဲ့ ဘဏ်မှာ ပိုက်ဆံထုတ်ရပုံကလဲ ကျမတို့သိသလို ဘဏ်စာအုပ်နဲ့ ကောင်တာမှာ ထုတ်ရတာမျိုးမဟုတ်ပြန်ဘူးလေ။

ဟယ်ရီပေါ်တာရုပ်ရှင်တွေလဲ ထွက်ပြီးသားဆိုတော့ စာအုပ်ကိုမဖတ်ဘူးတောင် ဇာတ်လမ်းကိုတော့ လူတိုင်းသိပြီးသားဖြစ်မှာမို့လို့ ဇာတ်လမ်းကို အကျယ်ချဲ့ပြီး မရေးချင်တော့ပါဘူး။ ဟယ်ရီပေါ်တာစာအုပ်တွေက ကမ္ဘာတဝှမ်းမှာ မီလျံ ၄၀၀ကျော် ရောင်းချခဲ့ရသလို ရုပ်ရှင်ရိုက်တော့လဲ အောင်မြင်ခဲ့တာကြောင့် ၂၀၀၇ ခုနှစ်မှာ Universal studio နဲ့Warner Bros ကုမ္ပဏီတို့ပေါင်းပြီး ပထမဦးဆုံး The Wizarding World of Harry Potter Theme Park ကို ၂၀၁၀ ဇွန်လ မှာ အမေရိကား ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က  Islands of Adventure မှာ စဖွင့်ခဲ့ပါတယ်။ ပထမဆုံးဖွင့်တဲ့ Harry Potter Theme Park မှာ အဓိကအနေနဲ့  ဟော့ဝပ်ကျောင်းကြီးရယ် (Rollar Coaster Rides) ၊  Hogsmeadeဆိုတဲ့ မှော်ဆရာ ရွာကလေးမှာ ထင်ရှားတဲ့ တံမြက်စည်းပျံ သုံးချောင်း ( Three Broomsticks) စားသောက်ဆိုင်၊ Honeydukes လို့ခေါ်တဲ့ သကြားလုံးရောင်းတဲ့ဆိုင်နဲ့  ollivander မှော်ကြိမ်လုံးရောင်းတဲ့ဆိုင်အပြင် တခြားလက်ဆောင် ပစည်းဆိုင်အများအပြားရှိပါတယ်။ ဒီနှစ် ဇူလိုင်လမှာတော့ Harry Potter Theme Parkကို ထပ်ပြီးတိုးချဲ့တဲ့အနေနဲ့ Diagon Alley  နဲ့   King Cross ဘူတာရုံ ကို Universal Studios Florida မှာထပ်ဖွင့်လိုက်ပါတယ်။ ဒါ့အပြင် တကယ်လူစီးလို့ရတဲ့ ဟော့ဝပ်ရထားနဲ့ King Cross ဘူတာရုံ ကနေ Hogsmeadeဘူတာကို သွားနိုင်ပါတယ်။ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ 

Harry Potter Theme Park အကြောင်းဖတ်ရင်း သဘောတွေကျနေခဲ့ရာကနေ တကယ်လဲ အမေရိကကိုသွားလည်ဖြစ်တော့ ချီကာဂိုကနေ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က Universal Studios Florida နဲ့ Islands of Adventure က မှော်အသိုင်းအဝိုင်းလေးထဲကို မရောက် ရောက်အောင်သွားလည်ဖြစ်ခဲ့ပါတယ်။ ကျမနဲ့ တူတူနောက်ထပ်ပို့စ်တွေမှာ စုန်းအတတ်တွေနဲ့ပြုစားထားတဲ့ မှော်ကမ္ဘာ ထဲကိုလိုက်လည်ပါအုံးနော်။









Monday 22 September 2014

ခရီးသွားနောက်ဆက်တွဲနဲ့ BPP Challenge

စာရေးချင်နေတုန်း အမစုချစ်သူက BPP Challenge မှာတတ် လာတဲ့အတွက် အတော်ဖြစ်သွားပါတယ်။ ခရီးကပြန်ရောက်ရောက်ချင်းဆိုတော့ခရီးနဲ့ ပတ်သက်တာတွေပဲ ရေးဖြစ်နေမှာကိုတော့ နားလည်ပေးကြပါအုံးနော်။


ကိုယ်တိုင်စိတ်တိုင်းကျစီစဉ်ပြီး သွားခဲ့တဲ့ခရီးတလျှောက် ကြုံရတဲ့အခက်အခဲနဲနဲကို နောက်များခရီးထွက်တဲ့အခါ ကိုယ်တိုင်ပြန်သတိထားမိအောင်နဲ့ နှစ်ကုန်ခါနီး ခရီးဝေးသွားကြမဲ့သူတွေကိုလဲ မျှဝေချင်တာပါ။


ကျမခရီးသွားတဲ့အခါ ခရက်ဒစ်ကာဒ်(credit) တခု၊ ဒက်ဘစ် (debit) ကာဒ်လို့ ခေါ်တဲ့ ကိုယ့်ဘဏ်ထဲမှာ ငွေရှိမှသုံးလို့ရ တဲ့ ကာဒ်တခု၊ငွေအနည်းငယ်ကလွဲရင်  ဘာမှယူမသွားဖြစ်ပါဘူး။ ခရက်ဒစ်ကာဒ်တခုထဲကိုသုံးပြီး ဟိုတယ်၊ လေယာဉ်လက်မှတ် နဲ့ တခြား ကြိုတင်ဝယ်ထားရမဲ့ လက်မှတ်တွေကို ဝယ်ပါတယ်။ ဒီတော့  ကာဒ်တွေအများကြီးသယ်စရာမလိုလို့ ပျောက်မှာပြုမှာလဲမပူရဘူးပေါ့လေ။ ဒီနေရာမှာ ကျမကြုံရတဲ့ ပြသနာကိုပြောပြပါအုံးမယ်။ ခရီးမထွက်ခင် ဘဏ်ကိုသွားပြီး တခြားနိုင်ငံမှာ ကာဒ်သုံးဖို့သွားဖွင့်ပါတယ်။ (အရင်တုန်းကတော့ ဒီလိုလုပ်စရာမလိုပါဘူး။ ခုမှ လုံခြုံရေးထပ်တိုးတဲ့အနေနဲ့ ဘဏ်ကို နိုင်ငံရပ်ခြားမှာ ကာဒ်သုံးမဲ့အကြောင်းအကြောင်းကြားရတဲ့သဘောပါ။ အလုပ်နဲနဲပိုပေမဲ့ ကျမကတော့သဘောကျပါတယ်။) သွားဖွင့်ရင်းနဲ့ ကျမကာဒ်ကလေးက ဟောင်းနေတော့ သူများနိုင်ငံမှာသုံးရင်း ကာဒ်က မက်ဂနက်တွေအလုပ်မလုပ်ရင်လို့ တွေးပူပြီး ကာဒ်အသစ်ကလေးလဲခဲ့ပါတယ်။ ကာဒ်အသစ်ကလေးရလို့ပျော်ပြီး ကာဒ်ပေါ်က နံပတ်တွေပြောင်းသွားတာ လုံးလုံးသတိမရပဲ ပထမဆုံးတည်းမဲ့ ဟိုတယ်ကို ညဘက်ကြီးရောက်သွားတော့မှ သိပါတော့တယ်။ နေမဲ့ဟိုတယ်ကို Booking.comကနေ သေသေချာချာ ကြိုဘွတ်ကင်လုပ်ထားတာ ဆိုတော့ မပူဘူးပေါ့လေ။ ကိုယ့်အတွက်အခန်းက သေချာပြီးသားကို။ ခရက်ဒစ်ကာဒ်နံပတ်ပေးထားပြီးသားမှတ်လား။

 ဟိုတယ် ရက်ဆက်ရှင်ရောက်မှ " ငါတို့ checkတာ မင်းရဲ့ကာဒ်က Decline ဖြစ်နေပါတယ်။ သုံးလို့မရပါဘူး။" ဆိုတော့ရင်ထဲမှာ ထူပူသွားတာပဲ။

 "....ဒါပေမဲ့ မပူပါနဲ့။  ငါတို့မှာ သုံးယောက်ခန်းရှိပါသေးတယ်။ " အမလေးလေး တော်သေးတာပေါ့။ ဒီအချိန်ကြီးမှ booking cancel ဆိုရင် ဘယ်မှာသွားနေရမှန်းမသိ။ ဈေးကလဲ ပိုပေးချင်ပေးရအုံးမယ်။ ဟိုတယ်ကသဘောကောင်းပေလို့။ အဲဒီအချိန်ထိ ဘာလို့ ကျမကာဒ်ကသုံးမရလဲမသိသေးပါဘူး။ စိတ်ထဲမှာ ဒီကာဒ်နဲ့ဘဲ ဒီbookingကိုလုပ်တာပဲပေါ့။ ဘဏ်လဲ တူတူပဲလေ။ အကောင့်ကလဲအတူတူ။ ပြီးမှ နံပတ်ကွဲတာကို သတိထားမိလို့ အဲဒီကာဒ်နဲ့ booking လုပ်ထားတဲ့ ဟိုတယ်မှန်သမျှကို ဖုံးခေါ်ပြီး နံပတ်အသစ်နဲ့ ပြန် confirm လုပ်ရတယ်။ ဟိုတယ်တွေအားလုံးကလဲ မင်းရဲ့ကာဒ်ကDecline ဖြစ်နေတာ.. မင်းကို ပြန် confirm လုပ်ဖို့ အီးမေးပို့ထားပါတယ် ဆိုတာကြီးပါပဲ။


ငွေသားအရေးတကြီးလိုတဲ့အခါ ထုပ်သုံးဖို့အတွက် ငွေထုပ်စက်(ATM - automated teller machine ) ဘယ်မှာရှိလဲ ဆိုတာလဲ စုံစမ်းထားသင့်ပါတယ်။ ခရီးမသွားခင်ဘဏ်ကို ဖုံးဆက်မေးတဲ့အခါ ဘဏ်ကဘယ်လိုငွေထုတ်စက်မျိုးမှာ ငွေထုတ်လို့ရကြောင်းနဲ့တခါထုတ်ရင် ငွေ၅ဒေါ်လာ ပေးရမယ်လို့ပြောပါတယ်။ အင်တာနက်မှာရှာလိုက်တော့ နေမဲ့နေရာနားမှာ ATM တလုံး နီးနီးနားနားလဲရှိပြန် ငွေသားများများလဲ မသယ်ချင်ဆိုတော့ ဟုတ်ပြီပေါ့။ ဟိုရောက်မှပဲ တခါထဲအပြီး ၅ဒေါ်လာ ပေးပြီးထုတ်လိုက်တော့မယ်ပေါ့။  တကယ်တမ်း သွားပြီးပိုက်ဆံထုတ်တဲ့အခါ တခါထုတ်၂၀၀ပဲ ထုတ်လို့ရပါတယ်။ ဒီတော့ ၅၀၀ထုတ်ချင်ရင် ၃၀ဒေါ်လာအပိုပေးရပါမယ်။ ဒီပိုက်ဆံက ဘဏ်ကယူတဲ့ အိတ်ချိန်းရိတ် (exchange rate) အပြင်ထပ်ပေးရတဲ့ ပိုက်ဆံပါ။ ကျမကိုယ့်ဘာကိုယ် အကြံပိုင်လှပြီအထင်နဲ့ဟုတ်နေတာ ATM စက်ရှေ့ရောက်မှ ငါဒါတွေကို သေသေချာချာမစုံစမ်းခဲ့လေချင်းလို့ နောင်တရပါတယ်။


Free & Easy သွားကြမဲ့သူတွေအတွက် နောက်တခုအရေးကြီးတာက လမ်းပေါ်မှာကြာမဲ့အချိန်ကိုပိုပိုသာသာ ကြိုတွက်ထားဖို့ပါ။ ဘယ်နေရာ ဘယ်ကနေပြီး ဘယ်လိုသွားမယ် ဘယ်လောက်ပဲနေမယ် ဆိုပြီး ဘယ်လောက်ပဲကြိုစီစဉ်၊စီစဉ် ထင်ထားတာထက်ကို နှစ်နာရီလောက် အသာလေးပိုကြာပါတယ်။ road trip သွားကြမယ်ဆိုရင်တောင် ဆီဖြည့်ဖို့ရပ်တာတွေ၊  အပေါ့အပါးကိစ္စအတွက်ရပ်တာတွေအပြင် တနေရာနဲ့တနေရာ မောင်းခွင့်သက်မှတ်ထားတဲ့ မိုင်အရေအတွက်မတူတာမို့လို့ လမ်းပေါ်မှာကြာမဲ့အချိန်ကိုပိုပိုသာသာ တွက်သင့်ပါတယ်။ ဒါမှ လမ်းတဝက်မှာ ညအိပ်ဖို့လိုရင် ဟိုတယ်တွေ၊  စားစရာတွေ ကြိုစီစဉ်နိုင်အောင်လို့ပါ။ ပြီးခဲ့တဲ့ခရီးမှာ အလွန်ဆုံး၉နာရီပဲ ကြာမယ်လို့တွက်ထားတဲ့ခရီး ဘယ်မှာမှ ကြာကြာမနား၊ မရပ်ပဲနဲ့ ၁၂နာရီကြာခဲ့တာမို့ ည၉နာရီကျော်အထိ ညစာမစားရပဲ ကားပေါ်မှာ ဗိုက်ဆာခဲ့ရတာအမှတ်တရပါပဲ။


ကျမလို ဗိုက်ဆာတတ်တဲ့သူများအဖို့ ခရီးထွက်ရင် မနက်စာကိုကောင်းကောင်းစားကြဖို့လဲ ဆရာလုပ်ချင်ပါတယ်။ ဟိုတယ်က မနက်စာပါရင်တော့အကောင်းဆုံးပေါ့။ မပါရင်လဲ အချိန်ယူပြီးမနက်စာကိုတနေရာမှာ စားဖို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဟိုနေရာသွား ဒီနေရာလည်နဲ့ နေ့လည်စာကမသေချာလို့ပါ။ အထူးသဖြင့် စင်ကာပူမှာသွားလေရာနေရာ အစားအသောက်နဲ့ ဝယ်ဖို့ခြမ်းဖို့အဆင်ပြေတဲ့နေရာမျိုးက လာတဲ့ကျမအဖို့ စားဖို့သောက်ဖို့အရေးကို အစက ဒီလောက်တွေးမထားမိပါဘူး။မနက်စာဆို ကော်ဖီတခွက်၊  မုန့်တခုလောက်ပဲစားတတ်တာဆိုတော့ နေ့လည်၁၂နာရီ နေ့လည်စာစားချိန်ရောက်တဲ့အခါ ဗိုက်တွေကဆာ၊နီးနီးနားနားမှာ ကောင်းကောင်းစားဖို့ဆိုင်က မရှိ။ ရှေ့ပိုင်း တရက်၊ နှစ်ရက် ဗိုက်ဆာလွန်းတဲ့အခါ ကြုံရာ မုန့်တခုခု ဒါမှမဟုတ် ပေါင်မုန့်အသားညှပ်တချပ်နဲ့ ဗိုက်ဖြည့် ဆိုတော့ နောက်ပိုင်းရက်တွေမှာ မနက်စာကို သတိထားပြီးများများစားနိုင်သလောက်စားထားပြီး ညနေ ၃၊၄နာရီမှ နေ့လည်စာကို ကိုယ်စားချင်တဲ့နေရာမှာစားဖြစ်ပါတော့တယ်။


နောက်တခုက ခရီးဝေးဝေးသွားတဲ့သူတွေဖြစ်တတ်တဲ့ နေ့နဲ့ညမှားတတ်တဲ့ကိစ္စပါ။ ကိုယ်ပုံမှန် အိပ်ချိန်အိပ်လို့မရဘဲ လင်းလင်းထင်းထင်း နေ့လည်အချိန်ကြီးဖြစ်နေလို့ ပင်ပန်း၊ ကိုယ်နိုးနိုးကြားကြား လန်းလန်းဆန်းဆန်းဖြစ်တဲ့အချိန် ကိုယ်သွားတဲ့နိုင်ငံမှာ ဆိုင်တွေပိတ်တဲ့ အိပ်ချိန်ဖြစ်နေလို့ စိတ်တွေတိုမဖြစ်ရလေအောင် လေယာဉ်ပေါ်စတက်ကတည်းက နာရီကို သွားမဲ့နေရာရဲ့အချိန်နဲ့ကိုက်ထားပြီး အိပ်ချိန်ဆိုရအောင်အိပ်၊  နေ့လယ်ခင်းအချိန်တွေဆို  လေယာဉ်ပေါ်မှာ ရုပ်ရှင်တွေ တကားပြီးတကားထိုင်ကြည့်၊  မုန့်တွေစားပြီး မအိပ်သွားအောင်နေပါ။ ဒါဆို ခရီးအဆုံးရောက်တဲ့အခါ  နေ့နဲ့ညမှားတာ သက်သာပါတယ်။ တချို့တွေကတော့ ခရီးမသွားခင် ၂ရက်လောက်အလိုကတည်းကစပြီး အကျင့်လုပ်ကြပါတယ်။ Adora တို့လို အလုပ်တဖက်နဲ့ ကျင့်ဖို့အဆင်မပြေတဲ့ သူများကျတော့  လေယာဉ်ပေါ်မှာပဲ  နေ့နဲ့ညကို ပြောင်းယူရပါတယ်။


နောက်ဆုံးတခုအရေးကြီးလှတယ်မဟုတ်ပေမဲ့ ကိုယ်သွားမဲ့နေရာရဲ့ မိခင်ဘာသာစကားကို အနည်းငယ်ဖြစ်ဖြစ်တတ်ထားရင်ကောင်းပါတယ်။ ခုခေတ်ကြီးမှာ ကျောင်းတွေမှာလဲ မိခင်ဘာသာစကားအပြင် တခြားနှစ်သက်ရာဘာသာစကားတခုကို သင်ခွင့်ရနေပြီဆိုတော့ တကယ်လို့များ ကိုယ်က တခြားဘာသာတခုကို ကျွမ်းကျွမ်းကျင်ကျင်သိထားရင် လေ့ကျင့်ဖို့အကောင်းဆုံးအချိန်ပါပဲ။ ကျမတို့မြန်မာပြည်ကို လာလည်ကြတဲ့ အနောက်နိုင်ငံသားတွေ  မြန်မာလိုနှုတ်ဆက်တဲ့အခါ ကျမတို့သဘောကျသလိုပါပဲ။ တချို့ဥရောပနိုင်ငံတွေမှာဆို သွားရင်းလာရင်း အကူအညီလိုတဲ့အခါ သူတို့နိုင်ငံသားတွေကို အင်္ဂလိပ်လိုချည်းပဲ မေးတာထက် သူတို့ဘာသာစကားနဲ့ အရင်ကြိုးစားပြီး နှုတ်ဆက် စကားပြောတဲ့အခါ ပိုပြီးကူညီကြတယ်လို့ ကြားဘူးပါတယ်။ လောလောလတ်လတ်ပြန်လာတဲ့ ခရီးမှာတော့ ကျမရဲ့ ညီမတဝမ်းကွဲလေးက စပိန်ဘာသာစကားတတ်တာကြောင့် စပိန်ဘာသာစကားပြောတဲ့ ဆိုင်ရှင်တွေနဲ့တွေ့တိုင်းလေပေးတွေဖြောင့်ပြီးကျမတို့တွေ ဝယ်တဲ့ဆိုင်တိုင်း သူလက်ဆောင်တွေရပြီး အလုပ်ကိုဖြစ်လို့။


အခုတော့ဒီလောက်နဲ့ပဲ ဆရာလုပ်တာရပ်ပါရစေ။နောက်တခေါက်မှ ကိုညီလင်းသစ်တို့ အမသက်ဝေတို့လို ခရီးသွားမှတ်တမ်းတွေကို ဓာတ်ပုံတွေဝေဝေဆာဆာနဲ့ လှလှပပရေးတတ်အောင်ကြိုးစားပါအုံးမယ်။

မှတ်မှတ်ရရ တဂ်လာတဲ့ အမ စုချစ်သူကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောပါရစေ။

ခရီးထွက်မဲ့သူများ အားလုံးအဆင်ပြေကြပါစေရှင်။


BPP Challenge စည်းကမ်းအရ တဂ်ရမယ်ဆိုရင် ရသစာတွေအရေးကောင်းတဲ့ အမ မြတ်ပန်းနွယ်နဲ့ ရွှေအိမ်စည်ကို တဂ်ချင်ပါတယ်။ အမရှင်လေးရဲ့ စာတွေလဲဖတ်ချင်ပါတယ်။  ရေးပြီးသွားကြပြီလားတောင်မသိဘူးနော်။

Sunday 20 July 2014

ခရီးသွားကြမယ်



"Sis .I've got this. Trust me!"
Viber ကနေ ညီမတဝမ်းကွဲလေး ပို့လိုက်တဲ့ စာကြောင်းလေးကိုဖတ်လိုက်ရတော့ ကိုယ့်ဘာကိုယ် "ငါတော့ သွားပြီ" လို့ချက်ခြင်းတွေးလိုက်မိပါရဲ့။ နယူးယောက်ကိုကားမောင်းသွားမဲ့ လမ်းကြောင်းရွေးရင်း ကျမ အလွန်အကျွံ အိုင်ဒီယာတွေပေးမိလို့ဖြစ်တာပါ။ တကယ်တမ်းတွေးကြည့်ရင် ကိုယ်ကအဲဒီကနယ်ခံလည်းမဟုတ်၊ ကားလဲမမောင်းဖူးပဲ လိုက်ပူပန်ပြီး ဘယ်လမ်းကြောင်းကမောင်းရင်ကောင်းမယ်။  ဘယ်နှစ်နာရီမောင်းပြီးသွားရင် နားမှဖြစ်မယ်ဆိုပြီးလိုက်ပြောနေတာက သူတို့ဘက်ကကြည့်မယ်ဆိုရင် Annoy ဖြစ်စရာကြီးပေါ့။

သူတပါးနိုင်ငံမှာ မိဘဆွေမျိုးတွေနဲ့ဝေးပြီးတယောက်ထဲအနေကြာလာတဲ့အခါ အစစအရာရာ ကိုယ့်အားကိုယ်ကိုးရတာဆိုတော့ ကျမအတွက်ဒီလို ပြင်ဆင်တာတွေကအထူးအဆန်းမဟုတ်တော့ပါဘူး။ ကျမခံယူချက်ကတော့ ခရီးမသွားခင်မှာ ပြင်ဆင်နိုင်သလောက်ပြင်ဆင်ထား ဒီတော့တကယ်ခရီးသွားတဲ့အခါ အခက်အခဲသိပ်မရှိဘဲ စိတ်အေးလက်အေးနဲ့ ပျော်လို့ရတာပေါ့။ ကိုယ်နဲ့မရင်းနှီးတဲ့နေရာတခုကိုသွားမယ်ဆိုရင် ပြင်ဆင်စရာတွေအများကြီး။ဒါကြောင့်တချို့တွေက Free & Easy မသွားချင်ကြဘဲ အေးဂျင့်တွေကနေတဆင့် Tour Package တွေဝယ်တတ်ကြတာပါ။ ကျမသဘောအရဆိုရင်တော့ ကလေးတွေပါတဲ့ ခရီး ဒါမှမဟုတ် လူကြီးတွေပါတဲ့ခရီးတွေကလွဲရင် Free & Easy သွားကြဖို့ကိုပိုအားပေးပါတယ်။ အထူးသဖြင့် ကျမလို တိုးရစ်နေရာတွေတင်မဟုတ်ပဲ လိုကယ်တွေ သွားလာတတ်တဲ့နေရာတွေပါ ရှာရှာဖွေဖွေသွားချင်တဲ့လူမျိုးဆိုတော့ Package တွေကအဆင်မ
ပြေပါဘူး။ တိုးရစ်နေရာတွေတောင် တချို့နေရာတွေကိုယ်က ကြာကြာနေချင်၊ ဒါပေမဲ့နေခွင့်ကမရ ဆိုတော့ နောက်ပိုင်းထွက်တဲ့ ခရီးမှန်သမျှကို Free & Easyပဲသွားပါတယ်။ ကိုယ်နဲ့မရင်းနှီးတဲ့ နေရာတခုကိုအလည်သွားရင် ဘာတွေပြင်ဆင်ဖြစ်သလဲဆိုတာ ခရီးထွက်ဖို့ဝါသနာတဲ့ သူငယ်ချင်းတွေအတွက်ဝေမျှချင်ပါတယ်။

ခရီးထွက်မယ်လို့စဉ်းစားတဲ့အခါ သူများတွေက လေကြောင်းလိုင်းတွေက ဈေးချတဲ့အခါမျိုးနဲ့ တိုက်ပြီးတော့သွားကြပေမဲ့ ကျမကတော့  ဈေးချတဲ့အချိန်ချက်ခြင်းဆိုသလိုကောက်ဝယ်လို့မရပါဘူး။ နိုင်ငံတော်တော်များများကို ဗီစာလျှောက်ဖို့လိုတာဆိုတော့ ဗီစာရဖို့က ပထမအရေးအကြီးဆုံးပဲဆိုပါစို့။  ဈေးချတဲ့အချိန် ချက်ခြင်းကောက်ပြီးဗီစာလျှောက်လို့ ကြပြီဆိုရင်တောင် ကိုယ့်ရဲ့  ဗီစာသက်တမ်းအခြေအနေက   ဈေးချတဲ့ကာလနဲ့မကိုက်ရင်ဘာမှမထူးပါဘူး။ ဒါကြောင့် ကိုယ်သွားမဲ့နေရာက ဗီစာကင်းလွတ်ခွင့်ရမရအရင်ကြည့်။ ပြီးရင် သက်တမ်းဘယ်လောက်ရနိုင်လဲ သိအောင်အရင်လုပ်။ ဒါတွေအကုန်ပြီးမှ လေယာဉ်လက်မှက်ကိစ္စကိုလုပ်ရပါတယ်။ ဘယ်လေကြောင်းကိုစီးမလဲဆိုတာကတော့ တယောက်နဲ့အယောက် အကြိုက်မတူကြပါဘူး။ တချို့ကလဲ အသင်းဝင်ထားတဲ့ လေကြောင်းတွေမှာပွိုင့်ရှိလို့ ဝယ်တတ်ကြသလို၊ တချို့  ကထိုင်ခုံကကျယ်လို့၊ ဆားဗစ်ကို သဘောကျလို့ ၊အစားအသောက်ကို နှစ်သက်လို့ လက်မှတ်ဝယ်ကြတဲ့သူတွေရှိပါတယ်။ သူငယ်ချင်း တယောက်ဆို အမြဲနောက်ပါတယ်။  သူက အကြောင်းအကျိုးမတိုက်ဆိုင်လို့ သူလေယာဉ်စီးရင်းသေတဲ့အခါ လျော်ကြေးများများရမဲ့ လေယာဉ်မှာပဲစီးချင်တယ်၊ ဒါမှ ငါကျန်ခဲ့တဲ့ မိသားစု ရမှာတဲ့။ ဒါတွေက ရုတ်တရက်ကြည့်ရင် အရေးမကြီးသလိုနဲ့ တကယ်တော့ အရေးကြီးပါတယ်။  လေယာဉ်ပေါ်တက်ထိုင်တာ ကိုယ့်ခရီးစဉ်ရဲ့ ပထမဆုံးအဆင့်ပါ။ ပထမဆုံးအဆင့်ကစပြီး ထိုင်ခုံအဆင်မပြေလို့ သက်တောင့်သက်သာမရှိဘူးဆိုရင် တလမ်းလုံးသွားပြီလေ။ နာရီကြာကြာသွားရတဲ့ ခရီးဝေးတွေဆိုရင်ပိုတောင် စဉ်းစားဖို့လိုပါသေးတယ်။

ဗီစာနဲ့လယာဉ်လက်မှတ်ကိစ္စအဆင်ပြေပြီဆိုရင် ဟိုတယ်မရွေးခင် ကျမအရင်ဆုံးစဉ်းစားတာ ကိုယ်သွားချင်တဲ့နေရာတွေကိုပါ။ ဒီနေရာမှာ ကိုယ်ကိုတိုင်တင်မက ကိုယ်နဲ့တူတူသွားမဲ့သူတွေရဲ့သဘောထားကလဲအရေးကြီးပါတယ်။ ခရီးသွားဖော်သူငယ်ချင်းတွေက ကိုယ်နဲ့စိတ်တူကိုယ်တူဆိုရင် (ဥပမာ - နေရာသစ်တခုကိုသွားတဲ့အခါ အဲဒီနေရာကအထင်ကရနေရာတွေ ရှုခင်းတွေကြည့်ဖို့က ကျမအတွက် ပထမအရေးအကြီးဆုံးပါ။ ဒါတွေပြီးမှ ဈေးဝယ်ထွက်ဖို့စဉ်းစားတာပါ) အရမ်းကောင်းပါတယ်။  Priority ချင်းမတူရင်တောင် ရတဲ့အချိန်အတွင်း သူဘယ်နေရာတွေကိုအသွားချင်ဆုံးလဲ ကိုယ်ဘယ်နေရာတွေကိုအဓိကကြည့်ချင်တာလဲ တယောက်နဲ့တယောကပွင့်ပွင့်လင်းလင်း ညှိယူလို့ရပါတယ်။ ဘန်ကောက်ကိုသူငယ်ချင်းနဲ့၃ရက်သွားမယ်။ ကိုယ်ကမြဘုရားလေးလဲဖူးချင်၊အယုဒ္ဓရမြိုမို့ဟောင်းလဲလည်ချင် ဒါပေမဲ့သူငယ်ချင်းက ဈေးဝယ်ထွက်ဖို့၊ မြို့ထဲမှာ ထိုင်းအစားအစာတွေ စားဖို့အဓိကဆိုရင်တော့၊ သွားရလာရဝေးတဲ့ မြို့ဟောင်းကိုမသွားတော့တာမျိုးပေါ့။ ဘယ်သွားမလဲ ဆုံးဖြတ်တဲ့အခါ ကျမကိုးကားတဲ့နေရာတွေက_

  • သွားရင်းလာရင်းကြုံလို့အလကားယူလာတဲ့ ခရီးသွားအေးဂျင့်တွေဆီက ကြေညာစာရွက်တွေက တိုးရစ်နေရာတော်တော်များများကိုသိနိုင်ပါတယ်။ iternaryပါရင်တော့အတိုင်းထက်အလွန်ပါပဲ။ ဘယ်နေရာနဲ့ ဘယ်နေရာကနီးတယ်၊ဘာတွေကိုအရင်သွားရမလဲဆိုတာအလွယ်တကူခန့်မှန်းလို့ရပြီလေ၊
  • အသုံးအများဆုံး tripadvisor website။ ကိုယ်သွားမဲ့နေရာ၊ ကိုယ်တည်းမဲ့ဟိုတယ်၊ စားသောက်ဆိုင်၊ ကားမောင်းမဲ့လမ်းကြောင်း အကြောင်း မှတ်ချက်တွေ၊ ရီဗျူးတွေကို  tripadvisor ကနေပြီး ဖတ်နိုင်ပါတယ်။ commercial website နဲ့ကွာတာက ရာင်းအားတက်ဖို့ ပရိုဖက်ရှင်နယ်တွေက ဓာတ်ပုံတွေ မှတ်ချက်တွေပေးထားတာမဟုတ်ဘဲ ခရီးသွားအချင်းချင်းအကူအညီပေးပြီးရေးထားကြတာပါ။ ရီဗျူးရေးတဲ့ သူရဲ့ member profile ကိုလဲသွားလေ့လာလို့ရပါတယ်။
  • အစားအသောက်အတွက် Yelp website
  • သွားမဲ့နိုင်ငံ၊  သွားမဲ့မြို့ရဲ့ ရဲ့ Official website ( ကိုယ်ရှိနေမဲ့ ရက်အတွင်း ကျင်းပမဲ့ ရိုးရာပွဲတွေ၊ ပိုက်ဆံပေးစရာမလိုပဲ ဝင်လေ့လာလို့ရမဲ့နေရာတွေကို အလွယ်တကူရှာနိုင်ပါတယ်)
  • သွားမဲ့နေရာမှာ မြို့ခံသူငယ်ချင်းတွေရှိရင်လဲ မေးလို့ရပါတယ်။အထူးသဖြင့်  ခရီးသွားမဲ့ရက်ကနည်းနည်း၊သွားချင်တာကများများ ဆိုရင် သူငယ်ချင်းတွေကဘယ်နေရာကို သွားသင့်သလဲဆိုတာအကြံပေးနိုင်မှာပါ။

ဒီထက်ပိုပြီးသွားမဲ့နေရာအကြောင်းစုံစုံလင်လင်သိချင်တယ်ဆိုရင်တော့ စာကြည့်တိုက်ကနေ စာအုပ်ငှါးလို့ရရင် ငှါး ဒါမှမဟုတ် စာအုပ်ဆိုင်ကနေဝယ်လိုက်တာပါပဲ။

ကိုယ်သွားမဲ့နေရာကို အကြမ်းဖျင်းဆုံးဖြတ်ပြီးပြီဆိုရင် ကျမလုပ်လေ့ရှိတာက သွားမဲ့နေရာတခုစီတိုင်းကို search engine မှာရိုက်ထည့်ပြီး ရှာတာပါ။ အထင်ကရနေရာတော်တော်များများမှာ သူတို့ရဲ့ကိုယ်ပိုင် websiteရှိတတ်ကြပြီး သတင်းတွေကို subscribe လုပ်ရင်ဖြစ်ဖြစ်၊ မန်ဘာဝင်ရင်ဖြစ်ဖြစ် discount code တွေ ဘောက်ချာတွေရလေ့ရှိပါတယ်။ စလုံးမှာနေတဲ့သူတွေဆိုရင် Groupon တို့ Deal တို့website တွေဆီကနေ တခါတလေdiscounted deal တွေဝယ်လို့ရပါတယ်။ မဝယ်ခင် ပုံမှန်ဈေးဘယ်လောက်ဆိုတာတော့ စုံစမ်းပါအုံးနော်။ ဒီလိုမှ တခုချင်းလိုက်ရှာဖို့အဆင်မပြေဘူး၊  မရှာတတ်ဘူးဆိုရင် ကျမလုပ်လေ့ရှိတာက search engine မှာပဲကိုယ်မေးချင်တဲ့မေးခွန်းကို ဒီအတိုင်းရိုက်ထည့်လိုက်တာပါ။ ဥပမာ

  • " What is the best way to travel from place A to place B?"
  •  " What is the best eat in Place A?"
  •  "Where to buy this attraction ticket?"




ဒါတွေပြီးရင် နောက်ဆုံးအဆင့်က နေဖို့ နေရာ ရှာတာပါပဲ။ ဟိုတယ်ကိုနောက်ဆုံးမှထားပြီးရှာတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်သွားမဲ့နေရာတွေနဲ့ ကိုယ်နေတဲ့ ဟိုတယ်နေရာ သွားရေးလာရေးအဆင်ပြေစေချင်လို့ပါ။ ဟိုတယ်ကဈေးချိုပေမဲ့ ကိုယ်သွားမဲ့နေရာနဲ့ အသွားအပြန် ၂နာရီလောက်အချိန်ပေးရမယ်ဆိုရင် အဆင်မပြေပါဘူး။ အထူးသဖြင့် မိန်းကလေးတွေကြီးပဲသွားမဲ့ခရီးမျိုးဆို ညဘက်အပြင်သွားလို့ ပြန်လာရင် လုံခြုံရေးစိတ်ချရတဲ့နေရာမျိုးလဲ ဖြစ်သင့်ပါတယ်။ ဘယ်လို ဟိုတယ်မျိုးမှာနေမယ်ဆိုတာကတော့ တယောက်နဲ့တယောက်အကြိုက်မတူကြပါဘူး။ ကျမခရီးသွားတဲ့အခါ အိပ်ချိန်ကလွဲလို့ ဟိုတယ်မှာမရှိတဲ့အတွက် ကျမအတွက် ဖိုက်စတား ဟိုတယ်ကြီးမလိုပါဘူး။ သန့်ရှင်းသပ်ရပ်ပြီး လုံခြုံမှုရှိရင်၊ သွားရေးလာရေးအဆင်ပြေမယ်ဆိုရင် ရပါတယ်။ ညအိပ်ချိန်လေးပဲပြန်လာမဲ့ နေရာတခုအတွက် ပိုက်ဆံတွေလဲအများကြီးမပေးချင်တာပါပါတယ်။ ဒါပေမဲ့လဲ ကိုယ်နဲ့တူတူသွားမဲ့သူတွေထဲမှာ ဟိုတယ်မှာ နားနားနေနေအပန်းဖြေချင်တဲ့သူပါရင်တော့ ဟိုတယ်ကောင်းကောင်းကိုရွေးရမှာပါ။ Adora အဖေဆို ခရီးသွားရင် အပြင်သွားဖို့ထက် ဟိုတယ်မှာနေ၊ ရေလေးကူး၊ ရွမ်းဆားဗစ်လေးမှာစား၊ အားကစား တီဗီ ချန်နယ်လေးကြည့်နဲ့နေချင်တဲ့သူမျိုးပေါ့။ ဟိုတယ်အတွက် အများဆုံးသုံးဖြစ်တာက Booking.com နဲ့ Agoda.com ပါ။ ယုံကြည်စိတ်ချရပြီး Free cancellation policy ရှိတာကြောင့် အဆင်ပြေပါတယ်။ဈေးကလဲ အေးဂျင့်တွေစီကနေ လုပ်တာထပ်သက်သာပြီး ပိုက်ဆံလဲကြိုပေးစရာမလိုပါဘူး။ ဟိုတယ်ဆိုတာမျိုးက  သွားမဲ့အချိန်နီးလေ ဈေးကကြလာတတ်တာမျိုးဆိုတော့ သွားခါနီးတခေါက်ထပ်စစ်ကြည့်ပြီး ဈေးပိုသက်သာလာတယ်ဆိုရင်၊  ဒါမှမဟုတ် ကိုယ်နေချင်တဲ့ ပိုကောင်းတဲ့ဟိုတယ်က ဈေးချနေပြီဆိုရင် Free cancellation policyကို ပြည့်ပြည့်ဝဝအသုံးချပြီး ကိုယ်ကြိုက်တဲ့ဟိုတယ်ကို ကိုယ်ကြိုက်တဲ့ဈေးနဲ့ ပြောင်းပြီး reserve လုပ်ရုံပါပဲ။ အရင်လုပ်ထားတဲ့ Booking ကိုဖျက်ဖို့တော့ မမေ့ရဘူးပေါ့နာ်။

ဒီလောက်ဆိုရင်တော့ မဝေးတော့တဲ့အချိန်တခုမှာခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းတွေအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်။ ရုတ်တရက်ကြည့်ရင် အဆင့်တွေအများကြီးနဲ့အလုပ်ရှုပ်လိုက်တာလို့ထင်ရပေမဲ့ ကိုယ်ကိုတိုင်တခါလောက်လုပ်ကြည့်တဲ့အခါ ပျော်စရာလဲကောင်း၊ စိတ်ဝင်စားစရာလဲကောင်းတာတွေ့ရပါလိမ့်မယ်။ ကိုယ်ကိုတိုင် ကိုယ့်စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ခရီးကိုသွားမှတော့ မပျော်ဘူးဆိုတာရှိမယ်မထင်ပါဘူးနော်။ ဟုတ်တယ်မှတ်လား။

အဆင်ပြေကြပါစေရှင်။





Saturday 21 June 2014

USA Visa လျှောက်သောအခါဝယ်

ချီကာဂိုမြို့မှာ နေတဲ့အဒေါ်ရဲ့ ဖိတ်ခေါ်မှုကြောင့် အလုပ်အားတဲ့ ဩဂုတ်လထဲမှာ အမေရိကကိုသွားလည်ဖို့ဖြစ်လာပါတယ်။ တဝမ်းကွဲညီမလေးကလဲ သူဘွဲ့ယူတာကိုလာစေချင် ကိုယ်ကိုတိုင်ကလဲသွားချင်ချင်ဆိုတော့ ညီအမတွေ ဘယ်သွားမယ် ဘာလုပ်မယ်တွေ တိုင်ပင်၊ ရီကြမောကြနဲ့ တကယ်အရေးကြီးတဲ့ ဗီစာ (visa) လျှောက်ဖို့ကိုအချိန်စွဲလာလိုက်တာ... ၂လလောက်အလိုမှာတော့ မလျှောက်မဖြစ် လျှောက်ရတော့မဲ့အချိန်ရောက်လာပါတယ်။

ဒီတော့မှ အင်တာနက် ဝတ်ဆိုက်တွေလိုက်ကြည့်၊ လျှောက်ဖူးတဲ့သူတွေကိုမေး၊ လိုမယ်ထင်တဲ့စာရွက်စာတမ်းတွေလိုက်စုရတာလေ။ ကျမဆီကို တကူးတကလာလည်ကြတဲ့သူတွေထဲမှာ စလုံးကနေပြီး ကျမလိုပဲ သွားလည်ဖို့စဉ်းစားနေတဲ့ သူတွေ ကျမလို ဟိုပြေးဒီလွှား စိတ်ပူပြီးဗျာမများရလေအောင်  ဒီpost ကိုရေးပါတယ်။

ပထမဆုံးအနေနဲ့ အွန်လိုင်းကနေပြီး သက်မှတ်ထားတဲ့ လျှောက်လွှာကိုဖြည့်ရပါတယ်။ အလည်သွားတဲ့ကျမအတွက် ဖြည့်ရတဲ့ လျှောက်လွှာက DS-160 ပါ။ "B1/B2 non immigrant visa" လို့ခေါ်ပါတယ်။ အလည်သွားတဲ့သူတွေသာမကပဲ အလုပ်ကနေလွှတ်တဲ့သူတွေလဲ အတူတူပါပဲ။အွန်လိုင်း  လျှောက်လွှာကို တထိုင်ထဲဖြည့်စရာမလိုပါဘူး။ ကိုယ်ရပ်ချင်တဲ့နေရာမှာ ရပ်ထားပြီး ဖိုင်ထဲမှာ ရက်၃၀ သိမ်းထားလို့ရပါတယ်။  ဖိုင်နဲ့သိမ်းတဲ့အခါ နံပတ် (Application ID) ၁ခုထုတ်ပေးပါတယ်။ အဲဒီနံပတ်ကိုသုံးပြီး ရက်၃၀အတွင်း ပြင်စရာ၊ ရေးစရာကျန်တာတွေကိုပြင်လို့ရေးလို့ရပါတယ်။ စိတ်ကျေနပ်ပြီဆိုရင်တော့ အွန်လိုင်းကနေတင်လိုက်ရုံပါပဲ။ အဖြူရောင်နောက်ခံနဲ့ ဓာတ်ပုံတပုံကိုတွဲတင်ဖို့လဲမမေ့ပါနဲ့အုံးနော်။ ဒါဆို ပထမအဆင့်ပြီးပါပြီ။

ဒုတိယအဆင့်ကလွယ်ပါတယ်။ သတ်မှတ်ထားတဲ့ ဗီစာဖိုးကို Standard chartered bank မှာသွားပေးပါ။
ဘဏ်က ခရက်ဒစ်ကာဒ်တွေ Nets တွေနဲ့လက်မခံပါဘူး။ Cash ပဲလက်ခံပါတယ်။ ပြီးရင်  ဘဏ်ကနေပြီး အစိမ်းရောင် ငွေလက်ခံရရှိကြောင်းပြေစာထုတ်ပေးပါတယ်။ ပြေစာနံပတ်နဲ့တူတူ passportနံပတ်လဲပါ ပါတယ်။ဒါဆိုရပါပြီ။

အပေါ်ကနှစ်ဆင့်ကိုပြီးပြီဆိုရင်တော့ အင်တာဗျူးသွားဖို့ စီစဉ်လို့ရပါပြီ။ အွန်လိုင်း  လျှောက်လွှာတင်တာနဲ့ ဘဏ်မှာ ပိုက်ဆံပေးတာက US ဗီစာဝတ်ဆိုက်မှာအကောင့်ဖွင့်စရာမလိုပါဘူး။ အင်တာဗျူးသွားတော့မယ်ဆိုရင်တော့ အကောင့်ဖွင့်မှရပါတယ်။ အင်တာဗျူးခေါ်ဖို့ အတွက် အွန်လိုင်း  လျှောက်လွှာ(Application ID) နံပတ်နဲ့ ဘဏ်က ပြေစာနံပတ်လိုပါတယ်။ ဒီတော့ အဆင့်၁ နဲ့ ၂မပြီးမချင်း အင်တာဗျူးကြိုစီစဉ်လို့မရပါဘူး။ အင်တာဗျူးဝင်ဖို့ ၂ရက်ကနေ တပတ်အထိစောင့်ရတတ်ပါတယ်။ ကျမတုန်းက ၄ရက်စောင့်ရပါတယ်။ အင်တာဗျူးသွားဖို့ ကိုယ်နှစ်သက်တဲ့အချိန်ရွေးလို့ရပါတယ်။ အစောဆုံးအချိန်က မနက် ၇နာရီ ၄၅မိနစ်ပါ။ အင်တာဗျူးဝင်ဖို့ အချိန်ရပြီဆိုရင် Confirmation letter ကို ပရင့်ထုတ်ပြီး သိမ်းထားရပါတယ်။

အင်တာဗျူးနေ့ရောက်ပြီဆိုပါစို့။
Confirmation letter ထဲမှာ ၁၅မိနစ်ကြိုရောက်ဖို့ရေးထားပါတယ်။ ဒါပေမဲ့ဒီထက်စောရောက်လဲရပါတယ်။ ၈နာရီ အင်တာဗျူးအချိန်ကို ကျမရောက်သွားတဲ့ မနက်၇နာရီခွဲ အချိန်မှာ ကျမရှေ့မှာလူ၂၈ရောက်ရှိပါတယ်။ ရောက်ရောက်ခြင်း သံရုံးထဲပေးမဝင်သေးပဲ အပြင်ကထိုင်ခုံတွေမှာ ထိုင်စောင့်ခိုင်းပါတယ်။ ပြီးမှ တယောက်ချင်းကို လုံခြုံရေးအခန်းကိုဝင် ပြီးစစ်ပြီးမှ သံရုံးထဲကိုဝင်ရပါတယ်။ တကယ်လို့များ ကိုယ့်ရဲ့အဖိုး၊အဖွား၊ အဖေအမေ၊ လူကြီးတွေ ဗီစာလျှောက်လို့ (ကိုယ်တိုင်မလျှောက်ပင်မဲ့လဲ) အထဲကိုအဖော်လိုက်ချင်တယ်ဆိုရင် လိုက်လို့ရ ပါတယ်။ ဘာလို့ လိုက်ဖို့လိုတယ်ဆိုတဲ့အကြောင်းကို လုံခြုံရေးကိုရှင်းပြ ရင်ရပါပြီ။

ဝင်လာကြတဲ့သူတွေအကုန်လုံးကို အခန်းတခုမှာ Qနံပတ်ယူခိုင်းပြီး ထိုင်စောင့်ခိုင်းထားပါတယ်။
ပထမဆုံးအနေနဲ့ ကိုယ့် အမှတ်စဉ်နံပတ်ခေါ်တဲ့အခါ ခေါ်တဲ့ ကောင်တာမှာ အွန်လိုင်း  လျှောက်လွှာကို ပရင့်ထုတ်ထားတဲ့စာရွက်ရယ်၊ အဖြူရောင်နောက်ခံနဲ့ ဓာတ်ပုံတပုံရယ်၊ ဘဏ်ပြေစာရယ်၊ ပတ်စပို့ရယ်ပေးရပါတယ်။ "စလုံးမှာ ဘာStatus နဲ့နေပါသလဲ" ဆိုတာပဲ လူတိုင်းနီးပါးကိုမေးပါတယ်။  PRဆိုPR၊ ကျောင်းသားဆိုကျောင်းသား၊ အလုပ်နဲ့ဆိုအလုပ် ပြောရင်ရပါပြီ။ ပြီးတဲ့အခါ နောက်ထပ် ကောင်တာတခုကနေပြီး လက်ဗွေနှိပ်ဖို့ခေါ်တာကို ထပ်စောင့်ရပါတယ်။ လက်ဗွေနှိပ်ပြီးတဲ့အခါ သူတို့ကနေပြီး ဖိုင်တခုပြန်ပေးပါလိမ့်မယ်။ ဖိုင်ထဲမှာ ပတ်စပို့ရယ်၊ အွန်လိုင်း  လျှောက်လွှာကို ပရင့်ထုတ်ထားတဲ့ ပထမစာရွက်ရယ်၊ ဓာတ်ပုံရယ်၊ အင်တာဗျူးConfirmation letterရယ်ပဲ ပြန်ပါပါတယ်။ ဗီစာရခဲ့ရင် ပတ်စပို့ကို ဘယ်လိုပြန်ယူရမယ်ဆိုတဲ့ စာရွက်တရွက်လဲရပါတယ်။ ပြီးတော့ မြန်မာ ပတ်စပို့အတွက် ဖြည့်ဖို့လျှောက်လ၁ရွက် ထပ်ပေးပါတယ်။
စာမျက်နှာတခြမ်းက မိသားစုဝင်တွေရဲ့  အကြောင်းအချက်အလက်တွေပါ။ ခင်ပွန်း/ဇနီး/ မိဘ/မောင်နှစ်မ အမည်၊ မွေးနေ့ နဲ့အလုပ်အကိုင်တွေဖြည့်ရပါတယ်။ ဝန်ထမ်းဆိုရင် ကုမ္ပဏီနာမည်ပါရေးရပါတယ်။ အနောက်ဘက်ခြမ်းမှာတော့ မိသားစုဝင်တွေထဲမှာ ကြံ့ခိုင်ရေးပါတီမှာ အလုပ်လုပ်နေတဲ့သူတွေရှိရင် ရေးရပါတယ်။။ပြီးရင် တကယ့် အင်တာဗျူးအတွက်နံပတ်ခေါ်မဲ့အချိန်ကိုပြန်စောင့်ရပါမယ်။

သံရုံးရဲ့   ဗီစာဝတ်ဆိုက်မှာ အလည်သွားမဲ့သူတွေအတွက် ဘာစာရွက်တွေယူလာပါလို့မပါပါဘူး။ အဓိကမပါမဖြစ်ပါရမဲ့စာရွက်တွေက သံရုံးရောက်ရောက်ခြင်းထပ်လိုက်ရတဲ့ စာရွက်တွေပါပဲ။ အွန်လိုင်း  လျှောက်လွှာကို ပရင့်ထုတ်ထားတဲ့စာရွက်ရယ်၊ အဖြူရောင်နောက်ခံနဲ့ ဓာတ်ပုံတပုံရယ်၊ ဘဏ်ပြေစာရယ်၊ ပတ်စပို့ ရယ်ပေါ့။ ရှိသမျှ ပတ်စပို့အသစ်အဟောင်းအကုန်ယူသွားဖို့လိုပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ဗီစာ လျှောက်လွှာကိုအကျိုးပြုမယ်လို့ထင်သမျှစာရွက်တွေလဲယူခဲ့ပါလို့ ရေးထားတော့ ကျမကအောက်မှာရေးထားတဲ့ စာရွက်တွေကိုလဲပြင်ဆင်သွားပါတယ်။ မေးရင်ပြနိုင်အောင်ပါ။ ကိုယ့်ဘာကိုယ်အပိုယူသွားတဲ့စာရွက်တွေကိုတောင်းမှပဲပြရပါတယ်။ တယောက်နဲ့တယောက် တောင်:ကြည့်တဲ့စာရွက်တွေလဲ မတူပါဘူး။

(၁) ဆွေမျိုး၊မိဘ၊သူငယ်ချင်းတွေဆီက ဖိတ်ခေါ်စာ (invitation letter) *အီးမေးကိုပရင့်ထုတ်သွားလို့ရပါတယ်။
(၂) ခရီးကို  ဆွေမျိုး၊မိဘတွေကနေ ငွေကြေးထောက်ပံ့မယ်ဆိုရင်  ဆွေမျိုး၊မိဘတွေရဲ့ စပွန်စာ စာရွက်နဲ့ ဘဏ်စာရွက်
(၃) Employment verification letter * အလုပ်မှာတောင်းလို့ရပါတယ်
(၄) ၃လစာ လစာ စာရွက် ( Payslip)
(၅) ဝင်ငွေခွန် ပြေစာစာရွက် (Income tax)
(၆) စလုံးမှာ နေထိုင်ခွင့် ကတ် မိတ္တူ (PR, Employment Pass, Skilled Pass/Special Pass, Student Pass, Dependent Pass etc)
(၇) လေယာဉ်လက်မှတ် booking စာရွက် * travel agent တွေဆီကနေတောင်းလို့ရပါတယ်။

ကျောင်းသားအနေနဲ့သွားမယ်ဆိုရင်တော့
(၁) ကျောင်းကဖိတ်ခေါ်စာ၊
(၂) ဆွေမျိုး၊မိဘတွေကနေ ငွေကြေးထောက်ပံ့မယ်ဆိုရင်  ဆွေမျိုး၊မိဘတွေရဲ့ စပွန်စာ စာရွက်နဲ့ ဘဏ်စာရွက်
(၃) scholarship ရတယ်ဆိုရင် scholarship စာရွက်
(၄) course transcript
(၅) Ph.D ကျောင်းသားတွေဆို ကိုယ်လုပ်နေတဲ့ thesisရဲ့ အကျဉ်းချုပ် (abstract) ကိုပါပြခိုင်းပါတယ်။

ဒါတွေက ကျမအလှည့်ကိုထိုင်စောင့်နေတုန်း counselor မေးသမျှကိုရေးပြတာပါ။တကယ်လို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေပါမလာတဲ့အခါ counselorခွင့်ပြုရင် နောက်မှ အီးမေးနဲ့ပို့ပေးလို့ရပါတယ်။ အပေါ်မှာ ရေးထားတဲ့အတိုင်း သွားလည်တဲ့သူအချင်းချင်း၊ ကျောင်းသွားတက်မဲ့သူအချင်းချင်းတောင် မေးတဲ့မေးခွန်း၊ တောင်းတဲ့စာရွက်တွေမတူတဲ့အတွက် လိုမယ်ထင်တာတွေကို တခါထဲပြီးအောင်အကုန်သာယူသွားပါ။ကျမတုန်းကတော့ ဘာဆိုဘာစာရွက်မှတောင်းမကြည့်တဲ့အတွက် သယ်သွားတဲ့စာရွက်တွေအကုန်ပြန်ယူလာရပါတယ်။

ကျမတို့ထိုင်နေရတဲ့ ပေ၂၀x၁၀ ပတ်လည်အခန်းကျဉ်းလေးထဲမှာပဲ တယောက်ပြီးတယောက်ကို ကောင်တာမှာခေါ်ပြီး မိုက်ခရိုဖုန်းနဲ့ အင်တာဗျူးတာဆိုတော့ မေးသမျှ မကြားချင် ကြားချင် အကုန်ကြားရပါတယ်။ စပ်စုတာတော့မဟုတ်ပေမဲ့ ကိုယ်ကလဲကြောက်နေတာဆိုတော့ သူများတွေကိုဘာတွေမေးလဲဆိုတာတော့ စိတ်ဝင်စားတာပေါ့နော်။ အင်တာဗျူးက ၃မိနစ်ကနေ ၁၀မိနစ်လောက်အထိ ကြာတတ်ပါတယ်။ အင်တာဗျူးအပြီးမှာ ကိုယ် visa ရမရ တခါထဲသိရပါတယ်။ မရတဲ့သူတွေကို ပတ်စပို့နဲ့ ယူကြည့်တဲ့စာရွက်စာတမ်းတွေကိုတခါထဲပြန်ပေးလိုက်တာပါ။

ကျမကိုမေးတဲ့မေးခွန်းတွေက_

  • အဖေနဲ့အမေက ဘာလုပ်ပါသလဲ။ ( မိဘအလုပ်အကိုင်မှာ ဘာမှသေသေချာချာရေးမပြပဲ "self employed" လို့ဖြည့်ထားလို့မေးတယ်လို့ထင်ပါတယ်)
  • မိဘတွေ လက်ရှိအလုပ်ကိုလုပ်နေတာဘယ်လောက်ကြာပြီလဲ။
  • မိဘတွေရဲ့ စီးပွါးရေးကဘယ်လောက်ကြီးလဲ။ (အလုပ်သမားအရေအတွက်နဲ့ ဖြေလို့ရပါတယ်)
  • USAကို ဘာအတွက်သွားချင်တာလဲ။
  • စလုံးမှာနေတာဘယ်လောက်ကြာပြီလဲ။ 
  • လက်ရှိအလုပ်မှာ ဘာလုပ်ရလဲ။
  • အဒေါ်က USAမှာ အမြဲနေထိုင်ခွင့်ရပြီးသားလား။
  • စလုံးမှာ လက်ရှိနေထိုင်ခွင့်ကတ်ရတာဘယ်လောက်ရှိပြီလဲ။ 

အဖြေတွေအတွက် ဘာစာရွက်မှတောင်းမကြည့်ပါဘူး။ မိဘအလုပ်အကိုင်က လွဲလို့ အဖြေတွေအားလုံး အွန်လိုင်းလျှောက်လွှာမှာအကုန်ပါပြီးသားပါ။

သူများတွေကို မေးတဲ့မေးခွန်းတွေထဲမှာ ဒါတွေလဲပါပါတယ်။

  • USAမှာ ဘယ်မှာနေမှာလဲ၊ ဘယ်တွေသွားမှာလဲ။
  • USAကို ဘာလို့ထပ်သွားလည်ချင်တာလဲ။ ( သွားဖူးပြီးသားလူတွေအတွက်)
  • ဘာဖြစ်လို့ USAကိုမင်းသွားမှဖြစ်မှာလဲ။ (အလုပ်ကနေ လွှတ်တဲ့သူတွေအတွက် မေးတတ်တဲ့ မေးခွန်းပါ)
  • ဘာလို့ မင်းနိုင်ငံကနေ visa မလျှောက်တာလဲ။
  • ဒီဘဏ်စာရွက်ကို ဘယ်ကရတာလဲ။  (ဒီမေးခွန်းက နဲနဲရိုင်းသလိုရှိပေမဲ့ ကျမရှေ့က တယောက်က "အဖေရဲ့ အကောင့်နံပတ်နဲ့ ငွေအမောက် ကို သူ့အမေက ရေးပေးလိုက်တာပါ" လို့ဖြေပါတယ်။ ဆိုလိုတာက ပြတဲ့စာရွက်က ဘဏ်က တရားဝင်ထုတ်ပေးလိုက်တဲ့စာရွက်မဟုတ်ပါဘူး။ ဒီလိုလူမျိုးတွေရှိတော့လဲ မေးတဲ့လူဘက်ကမလွန်ဘူးပေါ့နော်။)
  • မင်းအဖေပိုင်တယ်တဲ့ ဟိုတယ်ရဲ့ ဖုံးနံပတ် သိလား။ 
  • ဘာလို့ နိုင်ငံတနိုင်ငံမှာ အကြာကြီးမနေပဲ ခဏ ခဏပြောင်းနေတာလဲ။
  • မင်းရဲ့လက်အောက်မှာ လူဘယ်၂ယောက်ရှိလဲ။ (မန်နေဂျာ ရာထူးနဲ့အထက်ရှိတဲ့သူတွေအတွက်ပါ)
  • မင်းကုမ္ပဏီက ဘယ်လောက်ကြီးလဲ။
အင်တာဗျူးဖြေပြီးလို့ visaရမယ်ဆိုရင် visaကြေး ၃၂  ဒေါ်လာပေးရပါတယ်။ ခရက်ဒစ်ကတ် ဒါမှမဟုတ် ငွေသားကို သံရုံးက ပေါက်ဈေးအတိုင်းဖြတ်ပြီးယူပါတယ်။ visaကြေး ငွေပြေစာကို counselorကိုပြန်သွားပေးပြီးရင်တော့ ပြန်လို့ရပါပြီ။  အွန်လိုင်း မှာ လျှောက်လွှာတင်တုန်းက ကိုယ်ရွေးထားတဲ့ အတိုင်း အိမ် ဒါမှမဟုတ် ရုံးကို ပတ်စပို့ပြန် ပို့ပေးပါတယ်။ အိမ်နဲ့ ရုံးမှာလူရှိဖို့တော့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ လူကိုယ်တိုင်သက်မှတ်ထားတဲ့နေရာမှာသွားယူရုံပါပဲ။ 

အဆင်ပြေကြပါစေရှင်။





Wednesday 21 May 2014

အလှအပ နှစ်သက်မိသမျှ

စာလာဖတ်ကြတဲ့ မမ နဲ့ညီမလေးတွေကို စလုံးမှာ ဟိုးတလောလေးကမှ ဖွင့်တဲ့ ကိုရီးယား အလှကုန်ပစ္စည်းတံဆိပ်တမျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။  Innisfree တဲ့။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး jeju islandက သဘာဝပစ္စည်းတွေသုံးပြီးထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ သုံးဖူးကြပြီလားမသိဘူးနော်။ အောချက်လမ်းမပေါ်က တာကာရှီးမားရားကုန်တိုက်အောက်ထပ်မှာ ဖွင့်ထားတဲ့ဆိုင်ပါ။ ဒီတံဆိပ်နဲ့ကျမကိုမိတ်ဆက်ပေးတာက ကျမသူငယ်ချင်းပါ။ ပစ္စည်းတွေအမျိုးစုံ၊ အရေအသွေးကောင်းပြီး ဈေးနှုံးအရမ်းချိုလို့ သွားကြည့်ပါလားလို့ တိုက်တွန်းတာနဲ့ ရုံးအားရက်တရက်မှာသွားကြည့်တာ... ဒါတွေပါပြီးပြန်လာပါတယ်။Clay mask ကလွဲလို့ကျန်တာတွေအားလုံး ၁၀ဒေါ်လာ မကျော်ပါဘူး။

( Prouct ပုံတွေကို Google ကယူပါတယ်)

Jeju Gardenia hand cream  30 ml

Innisfreeဆိုင်ထဲဝင်ဝင်သွားချင်း ကျမအရင်ဆုံးသွားတာ hand cream counter ပါ။
hand cream အကြောင်းတော့အထူးတလည်မိတ်ဆက်စရာလိုမယ်မထင်ပါဘူးနော်။  အမျိုးသမီးတော်တော်များများ အိတ်ထဲမှာ အိတ်ဆောင် hand cream လေးတွေပါလေ့ရှိပါတယ်။ အထူးသဖြင့် လေအေးပေးစက်တတ်ထားတဲ့ အခန်းထဲမှာတနေကုန်ထိုင်အလုပ်လုပ်ရတဲ့သူတွေအတွက် အသားအရေအရမ်းမခြောက်အောင် moisturizing lotion တွေလိုပါတယ်။

အမျိုးမျိုးသောအရောင်တွေနဲ့ အနံ့တွေကြား ကျမနှစ်သက်မိတာ sea butterနဲ့လုပ်ထားတဲ့ အဝါရောင် Jeju Gardenia hand creamပါ။ အနံ့က စပြီးလိမ်းလိမ်းခြင်း ပြင်းသလိုထင်ရပေမဲ့ ခဏလောက်ကြာတဲ့အခါ ပြေလာပြီးအချိန်တော်တော်ကြာတဲ့အထိသင်းသင်းလေးနဲ့ မွှေးနေတော့တာပါပဲ။



1 min lip scrub 9g
နှုတ်ခမ်းအတွင်းသားတွေခြောက်တတ်လွန်းလို့ scrub လိုချင်နေတာတော်တော်ကြာပါပြီ။ ရုံးမှာ Laura Mercier ကနေပြီးလုပ်တဲ့ personal grooming သင်တန်းမှာ လူတိုင်းကို သူတို့ရဲ့ laura mercier lip scrub ကိုပေးသုံးကြည့်ကတည်းက ကြိုက်သွားတာလေ။ လိုချင်လို့ရှာကြည့်တော့ ၁၁ဂရမ်ကို စလုံး ၂၂ဒေါ်လာကြပါမယ်။

sephora မှာဈေးချိုတာများရှိမလားလို့ရှာတော့  Fresh sugar berry lip scrub spf15 နဲ့ Fresh sugar lip polish ကိုတွေ့ပါတယ်။ ဈေးကလဲ တခုကို စလုံး၃၀နီးပါးပါ။ အနံ့ကလဲ ကျမအနေနဲ့ပြင်းသလိုခံစားရပါတယ်။ Fresh sugar berry lip scrub  spf15ပါတာကိုလဲသိပ်နားမလည်ပါဘူး။ scrubဆိုတော့ နှုတ်ခမ်းနီလိုဆိုးထားရတာမျိုးမဟုတ်ဘဲ ရေနဲ့ဆေးရတာမျိုးဆိုတော့ spf ပါပါမပါပါ သိပ်မထူးဘူးလားလို့။ Packaging ကတော့လှပါတယ်။ ကြေးနီရောင်  နှုတ်ခမ်းနီတောင့်လေးပါ။ ပုံမှန် နှုတ်ခမ်းနီတောင့်အရွယ်ထက် နဲနဲလေးသေးပါတယ်။

ဒါနဲ့ပဲ ဒီ ၃ဒေါ်လာနဲ့ ပြား၅၀ပဲကျတဲ့ Innisfree 1 min lip scrub ကိုတွေ့တော့ ဘာမှမစဉ်းစားပဲ ဝယ်ချလိုက်ပါတယ်။ အစမ်းသုံးဘူးတဲ့  laura mercier lip scrub လိုပါပဲ။ နှုတ်ခမ်းအတွင်းသားက ခြောက်နေတာတွေပျောက်သွားပါတယ်။ အညွှန်းမှာပါတဲ့အတိုင်း ၁မိနစ်လောက် ဖြေးဖြေးချင်းလက်ညိုးနဲ့ နှုတ်ခမ်းသားတလျှောက်လိုက်ပွတ်ပေးတော့  နှုတ်ခမ်းတခုလုံး ပန်းရောင်သန်းပြီး နုညံ့သွားပါတယ်။ အနံ့လဲမရှိပါဘူး။ ကျမလိုပဲ နှုတ်ခမ်းခြောက်တတ်ပြီး lip scrubကိုစမ်းသုံးကြည့်ချင်တယ်ဆို ဒါလေးညွှန်းပါရစေ။




Apple Juicy Eye makeup remover 100ml
Eye makeup remover ကိုဝယ်ဖို့ အစီအစဉ်မရှိပါဘူး။ သုံးလက်စ ဗူးကမကုန်သေးတဲ့အပြင် Johnson baby oil တဗူးလဲအသစ်ကြီးရှိသေးတာဆိုတော့ဝယ်ဖို့မလိုပါဘူး။  ( Johnson baby oil က Eye makeup remover အနေနဲ့သုံးလို့ရတယ်၊ ကလေးပစ္စည်းဖြစ်တဲ့အတွက် မျက်လုံးနားကနုညံ့တဲ့အသားအရေတွေ အရေးအကြောင်းမထင်၊ မပျက်စီးဘူးလို့အလှအပ blogတခုမှာဖတ်ရလို့သုံးကြည့်ဖို့ဝယ်ထားတာပါ။)

ဆိုင်ထဲက eye shadows အရောင် လက်မှာလျှောက်စမ်းကြည့်ရင်းဖျက်ဖို့လိုလာတော့ ဆိုင်မှာထားတဲ့ testerကိုယူသုံးရာကနေ ပန်းသီးအနံ့လေးသင်းနေတဲ့ Apple Juicy Eye makeup remover ကိုဝယ်ဖြစ်သွားတာပါပဲ။


Jeju volcanic pore clay mask 100ml

သူငယ်ချင်းက သူစမ်းသုံးကြည့်လို့အရမ်းကြိုက်ပြီး ကျမကိုဒီဆိုင်သွားဖို့တိုက်တွန်းတာ ဒီ Clay Mask ကြောင့်ပါ။  ဒီMaskကိုဆိုင်ရှေ့မှာ Best Sellerအဖြစ်ကြေငြာထားပါတယ်။

 ဗူးပေါ်မှာ ပထမဆုံးမြင်တဲ့စကားလုံးက"Volcanic" ပါ။ ကျမအနေနဲ့တော့ မျက်နှာပေါ်က နုညံ့တဲ့အသားအရေထိမ်းသိမ်းတဲ့ ပစ္စည်းအမျိုးအစားတွေထဲ ဒီလိုပူပူလောင်လောင်ချော်ရည်တွေ ဘယ်လိုပါမှန်း၊ ဘယ်လိုအကျိုးပြုမှန်း နားမလည် ညဏ်မမှီပါဘူး။ ဆိုင်ကအရောင်းစာရေးအမလေးကို မေးကြည့်တော့မှ ဒီရွှံစေး mask ထဲမှာ jeju island မီးတောင်ပေါက်ကွဲတုံးက ကျလာတဲ့ ချော်ရည်ပူတွေခဲသွားရာကနေရလာတဲ့ ကျောက်ခဲတွေနဲ့ပြုလုပ်ထားတဲ့အရောအနှောတမျိုးပါတယ်လို့ဆိုပါတယ်။ ဒီလို ထူးခြားပြီးရှားပါးတဲ့ ဓာတ်တမျိုးက အသားအရေပေါ်က ချွေးပေါက်တွေထဲဝင်နေတဲ့အညစ်အကြေးတွေကိုသန့်စင်စေတဲ့အပြင် ချွေးပေါက်ကျယ်တာတွေ၊အဆီပြန်တာတွေကိုလဲ သက်သာစေတယ်လို့ဆိုပါတယ်။  တချို့သော အသားအရေတွေအတွက်မသင့်တော်တဲ့ တိရိစ္ဆာန်တွေကနေထုတ်ထားတဲ့အဆီမျိုး၊ သဘာဝမဟုတ်ဘဲ တုပပြုလုပ်ထားတဲ့ ပစ္စ္စည်းမျိုး၊ ဓာတုပစ္စ္စည်းတမျိုးဖြစ်တဲ့ ethanol၊  ပြီးတော့ mineral oil မပါဝင်ပါဘူး။ Ethanol ကိုအများအားဖြင့်အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်ထုတ်တဲ့ skin care အမျိုးအစားတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ ethanol မှာအရက်ပါဝင်မှုရှိတဲ့အတွက် အရက်နဲ့မတဲ့သောသူများအဖို့မသင့်တော်ပါဘူး။ ပြီးတော့ လိုတာထပ်ပိုပြီးပဏာမများရင် အသားအရေခြောက်သွေ့စေတယ်လို့ မှတ်ဖူးပါတယ်။ Mineral oil ကိုအပင်တွေကနေထုတ်ယူတယ်ဆိုပေမဲ့ အနံ့တွေ အရောင်တွေဘာမှမကျန်အောင် အဆင့်ဆင့်သန့်စင်ရာကနေသူ့ရဲ့သဘာဝသတ္တိတွေ မကျန်သလောက်ဖြစ်သွားပါတယ်။ Mineral oil ကဝက်ခြံပေါက်တတ်တဲ့အသားအရေပိုင်ရှင်တွေအတွက်မသင့်တော်ပါဘူး။

ရွှံစေးအရောင်ကမီးခိုးရောင်ပါ။ ဝယ်ပြီးကတည်းက ဒီနေ့အထိ သုံးတာ ၃ကြိမ်ရှိပါပြီ။Cooling effect ပါတဲ့အတွက် mask တင်ထားတဲ့ ၁၀-၁၅မိနစ်အချိန်အတွင်းမျက်နှာတခုလုံးအေးနေတာပါပဲ။ ပထမ တခါ၊နှစ်ခါမှာသိပ်မသိသာသလိုထင်ရပေမဲ့ ၃ခါလောက်သုံးအပြီးမှာ ကျမမျက်နှာဖြူလာပါတယ်။အထူးသဖြင့် နှာခေါင်းနားတဝိုက်ကဆားဝက်ခြံတွေရှိတတ်တဲ့နေရာတဝိုက်မှာ ပိုသိသာပါတယ်။ ဆားဝက်ခြံတွေကိုအကုန်ပြောင်အောင်ရှင်းသွားတယ်လို့ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့သက်သာလာတယ်လို့တော့ ထင်ပါတယ်။

တခုပြောစရာရှိတာက အနံ့နဲ့ mask ကိုရေဆေးတဲ့အချိန်ပါ။ ရွှံစေးနဲ့လုပ်တာဖြစ်တဲ့အတွက် မျက်နှာကိုmaskတင်နေချိန်မှာရွှံစေးအနံ့ရပါတယ်။ တဖြေးဖြေးခြောက်လာတာနဲ့အမျှ အနံ့ကတဖြေးဖြေး ပျောက်သွားတာပါပဲ။ ဆိုးဆိုးဝါးဝါးကြီးနံတာမဟုတ်ပေမဲ့ ဒီလိုအနံ့မျိုးမခံနိုင်တဲ့သူတွေအတွက် ဝယ်မသုံးခင်ကြိုတင်သတိပေးချင်တာပါ။ နောက်တခုကအချိန်ပါ။ mask ကို၁၀-၁၅မိနစ်လောက်မျက်နှာပေါ်မှာတင်ထားပေမဲ့ လုံးလုံးကြီးခြောက်မသွားပါဘူး။ အဲဒီအတွက် mask ကိုခွါတဲ့အခါ အဖတ်လိုက်ကွာမကြပါဘူး။ ရေနွေးနွေးစိမ်ထားတဲ့အဝတ်တခုနဲ့ လိုက်သုတ်တာအမြန်ဆုံးနဲ့အထိရောက်ဆုံးပါပဲ။ ဒါတောင် ၅မိနစ်လောက်အချိန်ယူပါတယ်။ ကျမကတော့ ရုံးပိတ်ရက် သောကြာ၊ စနေလိုနေ့မျိုးမှာပဲ  ဒီရွှံစေး maskကိုသုံးပါတယ်။ ဆေးရတာကိုစိတ်မရှည်လို့ပါ။ ဒီ၂ခုကို သည်းခံနိုင်တယ်ဆိုရင်တော့ ဈေးအနေနဲ့ရော အရေအသွေးအနေနဲ့ပါ တန်ပြီးသုံးပျော်လို့ ညွှန်းချင်ပါတယ်။


အားလုံးလှပြီးရင်းလှကြပါစေရှင်။