Thursday, 7 May 2015

ကျမနဲ့"အမှတ်တရ" (ဂျူး)

"အမှတ်တရ" လို့ပြောလိုက်ရင် သူများတွေအဖို့တော့ မသိဘူး။ ကျမ ပြေးပြီးမြင်မိတာ ဆရာမဂျူးရဲ့ ပထမဆုံးလုံးချင်းစာအုပ်လေးပါပဲ။ ၁၉၈၇လောက်က ထွက်ခဲ့တဲ့စာအုပ်လေးပေမဲ့  ၂၀၀၁ခုနှစ်လောက်မှာမှ မေမေ့စာအုပ်စင်ပေါ်ကတွေ့လို့ ဖတ်ခွင့်တောင်းခဲ့တဲ့စာအုပ်ပေါ့။ ပြောရရင် ကျမမေမေက ကျမကို ၁၀တန်း မအောင်ခင်အချိန်အထိ အချစ်ဝတ္ထုစာအုပ်ဖတ်ခွင့်မပေးပါဘူး။ ၁၀တန်းပြီးသွားပြီဆိုတော့မှ သူကိုယ်တိုင် စာအုပ်ဆိုင်မှာ ကျမ ဖတ်ချင်တဲ့စာအုပ်လိုက်ဝယ်ပေး၊ ကောင်းနိုးရာရာ ကျမစိတ်ဝင်စားမဲ့အကြောင်းအရာမျိုး၊ ဖတ်သင့်တဲ့ မြန်မာစာရေးဆရာကြီး ဆရာမကြီးများရဲ့စာအုပ်တွေ၊ ဘာသာပြန်စာအုပ်မျိုးတွေ ဝယ်ပေး၊ ငှါးပေးခဲ့တာပါ။  ဆရာမဂျူးရဲ့ "အမှတ်တရ"ကို ၁၇၊ ၁၈ အရွယ်သမီးကို ဖတ်စေချင်ခဲ့သလား ကျမမသေချာပါဘူး။ စောစောကရေးခဲ့သလိုပဲ မမေ့စာအုပ်စင်ပေါ်က ဖတ်စရာစာအုပ်ရှာရင်း အမှတ်တရ ရဲ့ဆွဲဆောင်မှုကို ခံခဲ့ရတယ်ပဲ ဆိုကြပါစို့။


မောင်က
လိုက်ခဲ့ဟု
ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျမပါသည်။

မောင်က
နေရစ်ခဲ့ဟု
ဆိုပြန်တော့လည်း
မောင် စိတ်အနှောင့်အယှက်ဖြစ်မည့်
စာတစောင်
စကားတခွန်းမျှ
မောင် မကြားစေရဘဲ
ကျမ ငြိမ်သက်စွာ
နေရစ်ခဲ့တာ အမှန်ပါပဲ။

"အမှတ်တရ" ကို တကူးတကတော့ မိတ်ဆက်ပေးဖို့ လိုမည်လို့မထင်။ "အမှတ်တရ"သည် စုစုထွေးနဲ့ မောင့်အကြောင်း၊ ထို့ထက်ပို၍ ပြောရလျှင် စုစုထွေး၏ မောင့်အပေါ်တွင်ထားသော ချစ်ခြင်း မေတ္တာ၊သံယောဇဉ်များအကြောင်းကို ရင်နင့်လှိုက်မောစွာ ရေးသားထားသော ဝတ္ထု၊ ဒါမှမဟုတ် ကိုယ်တွေ့အချစ်ဇာတ်လမ်းတပုဒ် ဖြစ်ပါသည်။  ဝတ္ထု ဆိုတာ စိတ်ကူးယဉ်ဇာတ်ကောင်များနှင့်  ဖွဲ့တည်ထားသော ဇာတ်လမ်းရှည်တပုဒ်လို့ ဆိုရင်ဖြင့် "အမှတ်တရ"သည် ဝတ္ထု မဟုတ်ပါ။ စာရေးဆရာကိုယ်တိုင် (သွယ်ဝိုက်သောစကားလုံးများနှင့်) အမှတ်တရ ဖြစ်လာပုံအကြောင်းကို အကြိမ်ကြိမ် ပြောခဲ့ဘူးပြီ။ မော်လမြိုင်က စာပေဟောပြောပွဲ တခုမှာ ဆရာမက မန်းလေး ဆေးတက္ကသိုလ် တစ်သျှူးဗေဒ(ဟစ်စကိုလိုဂျီ) စာသင်ခန်းထဲမှာ မျက်လုံးချင်းဆုံ၍ ရင်ခုံခဲ့ရသော ကောင်လေးတယောက်အကြောင်းကို ဆရာမောင်စိန်ဝင်းရဲ့ ကဗျာလေးနဲ့တောင် လှလှပပ ခိုင်းနှိုင်းသွားသေးသည်။

တွယ်တာလှပေမယ့်
ကွယ်ရာကပဲ ချစ်တော့မယ်…

အဆင်ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ်…..

သံယောဇဉ် တွယ်ကာရစ်ပေမယ့်
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်ကို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လဲ စိတ်ညစ်တယ်
သိပ်ချစ်တယ် မဆိုသာတော့…...

ပါးစပ်က ပြောမှလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်တ၀ဲနဲ့
ချစ်သည်းရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့…

ဆရာမရဲ့ချစ်သူကောင်ကလေးနဲ့ ဆရာမနဲ့ တစ်သျှူးဗေဒ စာသင်ခန်းထဲ စလိုက်တွေကြည့်ရင်း မျက်လုံးချင်းဆုံတဲ့အခါ  " အကြည့်ဆုံ ဝေဒနာနွေးတွေက အကြင်နာ ခြေရာလေးတွေပဲ တွေဘာတွေ ဖြစ်ကုန်တယ်" လို့ ဂျူးက ရယ်ရယ်မောမော ဝန်ခံသွားသေးသည်။

၁၇၊ ၁၈ အရွယ် "အမှတ်တရ" ကို ဖတ်တုန်းက စုစုထွေးကို အင်မတန်သနားသည်။ မောင့်ကို ဒေါသထွက်သည်။ စာအုပ်တအုပ်လုံးကို မထတမ်းဖတ်ပြီးအလွန်ကြိုက်ပေမဲ့ မကြိုက်သည့်တခန်းရှိပါသည်။ ထိုအခန်းက စုစုထွေး နဲ့ မောင် ကျောင်းအပြီး ၂နှစ်အကြာမှာ  ပြန်တွေ့ပြီး နန်းရှေ့က အိမ်ကလေးကိုပြန်လာသည့်အခန်း။  စုစုထွေး မောင့်အိမ်ကလေးကို ဆက်ငှါးထားတာကို ခံစားနားလည်ပေးလို့ရပေမဲ့ အတ္တကြီးစွာရဲ့ ကိုယ့်ကိုထားရစ်ခဲ့နိုင်သော၊ အိမ်ထောင်သည် အမျိုးသားတယောက်ကို ကိုယ်ခုထိ သူ့ကိုသိပ်ချစ်နေသေးကြောင်း သိစေတာကို လုံးဝ သဘောမတွေ့နိုင်။


နေရာတကာဝင်ပြီးခံစားတတ်သူပီပီ "ငါသာဆိုရင် သူ့ထက်သာတဲ့ တယောက်ကောက်ယူပလိုက်မယ်။ ရွေးစရာတွေမှအများကြီး" လို့ မာနနဲ့တွေးမိသေးတယ်။ "ဘယ်သူ့ ကိုမှာ့အစားထိုး မချစ်နိုင်လဲ သူ့ကိုတော့ ငါ့ခံစားချက်တွေကို ဘယ်တော့မှ ပေးမသိဘူး" လို့ ခပ်မာမာတောင် သူငယ်ချင်းတချို့ကိုပြောမိသည်ထင်ပါသည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၅အထိ "အမှတ်တရ"ကို အခေါက်ပေါင်းမြောက်များစွာဖတ်မိပါသည်။ အသက် ၂၁၊ ၂၂အရွယ် အချစ်ကိုသိလာချိန် မှာတော့ မောင့်အပေါ်ထားတဲ့ စိတ်သဘောထားမပြောင်းလဲပေမဲ့ စုစုထွေးကို သနားသည့်အပြင် သူ့လုပ်ရပ်တွေကို ပိုပြီးနားလည်မိသည်။ အချစ်ဆိုတာ တခါတရံလူတွေကို မိုက်မိုက်မဲမဲ လုပ်မိစေသည်မဟုတ်လား။ အဲဒီအရွယ်တုန်းကအကြိုက်ဆုံးစာသားများသည် အောက်ပါစာသားများဖြစ်လာသည်။




" စုစုထွေးဆိုတာ....." ဆိုသောစာတကြောင်းနဲ့ပင် ၁၇၊ ၁၈ အရွယ်က မကျေနပ်ခဲ့သည့် အခန်းကို ပလပ်လိုက်နိုင်ပြီ။ အသည်းကွဲပြီးအခါမှာတော့ "စုစုထွေးက မောင့်ကိုသိပ်ချစ်ရှာတာပဲ" လို့ ကိုယ်ချင်းစာနိုင်လာသည်။




အသက်ထိပ်စီးပြောင်းခါစ အခုလိုအချိန်မှာ "အမှတ်တရ"ကိုဖတ်တော့ ဟိုးငယ်ငယ်တုန်းကလို ခံစားချက်မျိုး "ငါသာဆိုရင် သူ့ထက်သာတဲ့ တယောက်ကောက်ယူပလိုက်မယ်"  ပြန်ဝင်လာသည်။ သူ့ထက်မသာရင်တောင် သင့်တော်တဲ့ အမျိုးသားတယောက်ပေါ့လေ။ ငယ်ငယ်ကလို ရွေးစရာတွေအများကြီးဆိုပြီး မာနခပ်ကြီးကြီးနဲ့တော့ မဟုတ်။ လက်တွေ့မကျဘူး လို့ ထင်လာ၍ ဖြစ်ပါသည်။ အရင်က တခါမှ စိတ်မဝင်စားခဲ့ဘဲ အရန်ဇာတ်ကောင်အဖြစ်ရှိခဲ့ပေမဲ့ အခုကျမစိတ်ထဲ ထူးထူးခြားခြား ရောက်လာတာက "နန်း"။ နန်းဟာ စုစုထွေးနဲ့ မောင့်အကြောင်းကို ဖတ်မိမလား။ အထူးသဖြင့် ကျမ သဘောမကျတဲ့အခန်းကိုပေါ့။ ထိုအခန်းသည် တကယ် ဖြစ်ခဲ့သလား မဖြစ်ခဲ့ဘူးလားကျမ မသိပါ။ မဖြစ်ခဲ့ရင်တောင် အမှန်တရား ရာခိုင်နုန်းများများပါနေသော အရှေ့ကစာများကိုဖတ်ပြီး နန်းအစား ကျမရင်ထဲ ပူလာမိသည်။

ကိုယ့်အတ္တကို ရှေ့တန်းတင်၊ တကိုယ်ကောင်းဆန်ခဲ့၍ အချစ်ရဆုံး မိန်းမတယောက်ကို ဆုံးရှုံးရသော မောင့်ကို သူတသက်စာ နောင်တရမယ်ဆိုရင်တောင် နဲနဲမှမသနားပါ။ ဒါဟာသူ့အတွက်ထိုက်တန်ပါသည်။ ဒါဆို စုစုထွေးကရော။ မောင်ပြောခဲ့သလို သူမသည်လဲမရိုးသားပါ။


ကျမအဖို့ ဤစာအုပ်တအုပ်လုံးတွင်အပြစ်အကင်းစင်ဆုံးသည် "နန်း"ဖြစ်ပါသည်။ စုစုထွေးပြောခဲ့သလို အပြစ်ကင်းပြီး ချစ်စရာကောင်းသောနန်းသည်  " စုစုထွေးနှင့် မောင့်အကြောင်းကို ဘယ်တော့မှမသိပါစေနဲ့"။ "စာအုပ်တအုပ်လုံး၏ တန်ပို (tempo) အမြင့်ဆုံး စုစုထွေးနဲ့ မောင်နဲ့တွေ့ဆုံခန်း သည် စိတ်ကူးရင်သက်သက် သာ ဖြစ်ပါစေ" ဟု နန်းအတွက် ဆုတောင်းမိပါသည်။စုစုထွေးမရိုးသားခဲ့ပေမဲ့၊ စိတ်အလိုလိုက်ခဲ့မိပေမဲ့ နှစ်ပေါင်းမြောက်များစွာချစ်လာခဲ့တဲ့ အရှိန်နဲ့ သူမကို ကျမအပြစ်မတင်နိုင်ခဲ့ပါ။  အပြစ်မတင်ရက်ခဲ့ပါ။ 

မေလ၁ရက်နေ့က ဆရာမဂျူး၊ဆရာ မောင်သာချိုနဲ့ ဆရာဖေမြင့်တို့ရဲ့ စာပေဟောပြောပွဲသွားနားထောင်ပါသည်။ ဂျူးက သတင်းစာတွင်တွေ့ရသော လက်ထပ်ပြီးစီးခြင်းသတင်းကို ဖတ်ပြီးပြီးခြင်း အမှတ်တရကိုရေးပါသည်ဟု ပြောသွားပါသည်။ သူမပရိတ်သတ်တယောက်အနေနဲ့ ဤစကားသည် "အမှတ်တရ" ထဲက စာတကြောင်းနှင့် ထပ်တူညီနေသည်ကိုသိပါသည်။  ဒါဆို ဒါဟာဂျူး ဆေးကျောင်းပြီးပြီးချင်း ၂နှစ်အကြာမှာရေးတာပေါ့။ ဂျူးငယ်စဉ်တုန်းက လက်ရာဆိုတာ သေချာသွားပါသည်။ ဘာလို့ဒီလို တွေးရသလဲဆိုတော့ ကျမမှာ ဆရာမကို မေးချင်တဲ့ မေးခွန်းတခုရှိနေပါသည်။ "အမှတ်တရ" အတွက် နောင်တရမိတာများရှိသလား ဆိုတဲ့ မေးခွန်းပါ။ စုစုထွေးအတွက်၊ နန်းအတွက် ဆရာမကို ဖြေစေချင်လှပါသည်။ ဒါပေမဲ့ "အမှတ်တရ" သည် ဂျူး၏ ပထမဆုံး လက်ရာဖြစ်ပါသည်။ ငယ်စဉ်က ( ကျမအထင် အသက်၃၀ မပြည့်) လက်ရာဖြစ်သည့်အလျှောက် မည်သူ့ကိုမှ နစ်နာစေလိုစိတ်မရှိသော အချစ်ကို ကိုးကွယ်သည့်အမျိုးသမီးလေး တယောက်၏စာဖြစ်ပါသည်။ ထိုအတွက် ဆရာမတွင် နောင်တရှိမည်မထင်ပါ။ ရှိလဲမရှိစေချင်ပါ။

ရင်နဲ့အမျှ ရေးသားထုတ်ဝေလိုက်သော "အမှတ်တရ"သည် ခုချိန်အထိ လူကြိုက်များ ထင်ရှားသော စာတပုဒ်ဖြစ်နေသည်ကတော့ ဆရာမရဲ့ အင်မတန်ပြောင်မြောက်တဲ့ "စာရေးချင်းအနုပညာတရပ်" လို့ပဲ ဆိုချင်ပါသည်။

"ကျမစာအုပ်ထဲမှာ သူငယ်ချင်းတွေဖြစ်တဲ့ ခင်စန်းဝင်းတို့ မဌေးဝင်းတို့ဆိုတာ နာမည်အရင်းတွေထဲ့သုံးထားတာ။ အရပ်ပုပုနဲ့ ရုပ်မလှတဲ့ ဇာတ်ဆောင်မိန်းကလေး နာမည်ကျ စုစုထွေးတဲ့ ( ရယ်သံများ)
ဒါဆိုမောင်ကရော..
ကျမစာအုပ်တအုပ်လုံးမှာ မောင့်နာမည် လုံးဝမပါပါဘူး။

ဟင် ဒါဆို မောင်က နာမည်မရှိလို့လားဆိုတော့ မဟုတ်ပါဘူး။ မောင့် နာမည်က မောင်နဲ့လိုက်လွန်းလို့ မောင့်ကို တခြားနာမည်မပေးရက်တာပါ"
  ( စင်ကာပူ အဖြူရောင်လက်များ စာပေဟောပြောပွဲ)

ခန်းမကြီးတခုလုံး "ဟာ" ဆိုတဲ့အသံ တညီတညွတ်ထဲထွက်လာပြီး ခဏတာ တိတ်ဆိတ်သွားခဲ့ပါသည်။

ချစ်တဲ့
Adora

(မှတ်ချက်။ ဆရာမဂျူးလို့ မိတ်ဆက်ပေးတဲ့အခါ တချို့က  "Living together" ရေးတဲ့ဆရာမ၊ ဒါမှမဟုတ် "အမျိုးသမီးဝါဒီ - feminist" လို့မြင်ကြတယ်လို့ ဂျူးကပြောဖူးပါတယ်။ ဂျူးသာ ပြင်းထန်တဲ့အမျိုးသမီးဝါဒီ ဆိုရင် စုစုထွေးဟာ ဒီလိုအရှုံးနဲ့ ဇာတ်သိမ်းမယ် မထင်ပါဘူး။"Living together"အကြောင်းရေးလို့ ဂျူးကို မဖတ်ပါဘူးဆိုရင် "အမှတ်တရ" ဟာ ထိုခေတ်ကထွက်သော ဝတ္ထုတချို့ရော၊ ဒီဘက်ခေတ် ဝတ္ထုတော်တော်များများထက် များစွာ အညှီအဟောက်ကင်းကြောင်း ဘာမဆိုင်ညာမဆိုင်ဝင်ပြီး တာဝန်ခံလိုက်ပါတယ်ရှင်။)

6 comments:

  1. ပြီးခဲ့တဲ့ရက်ကမှ အမှတ်တရ ကိုပထမဆုံးအကြိမ်အဖြစ် ဖတ်ဖြစ်ခဲ့တာပါ။ တချို့အခန်းတွေ ဖတ်ရင်း လက်တွေတုန်ပြီး မျက်ရည်ဝဲခဲ့ပါတယ်။ ဖတ်ပြီးပြီးချင်း မောင့်နာမည် မပါခဲ့တာကို သတိထားမိခဲ့ပါတယ်။
    ဖတ်ပြီးတော့လည်း စိတ်ထဲတဝဲလည်လည်ဖြစ်ပြီး ရင်ထဲ လေးလံကျန်နေရစ်ပါတယ်။
    ဆရာမ ဂျူး ရဲ့တကယ့်ရင်တွင်းခံစားချက် စစ်စစ်တွေများ ဖြစ်လေမလားဆိုတဲ့ သံသယနဲ့ အင်တာနတ်မှာ ဟိုရှာ ဒီရှာ လုပ်ရင် ဒီဘလော့လေးကို ရောက်လာခဲ့တာပါ။
    စာပေဟောပြောပွဲက ဆရာမ ဂျူးရဲ့ စကားလေးတွေနဲ့ ယှဉ်ပြိး ရေးပြဖော်ပြ သုံးသပ်ပြထားတာလေးတွေဖြင့် သိပ်ဖတ်လို့ကောင်းတာဘဲ။ သုံသပ်ချက်လေးတွေ တော်တော်များများ ထပ်တူကျပါကြောင်း ။ ။
    ဆရာမ ဂျူးရဲ့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ကိုလည်း ကြိုက်နှစ်သက်ပါတယ်။

    ReplyDelete
    Replies
    1. sisရေ..လာလည်တာကျေးဇူးနော်။ သုံးသပ်တဲ့အဆင့်တော့ မဟုတ်သေးပါဘူး။ ကိုယ်သိပ်ကြိုက်တဲ့ စာတပုဒ်ကို အသက်အရွယ်အလိုက် ကိုယ်ခံစားရတဲ့ ပုံစံပြောင်းသွားတာ သတိထားမိလို့ ရေးလိုက်တာပါ။ အတွေးတွေ တော်တော်များများထပ်တူကျတယ်ဆိုလို့ ဝမ်းသာပါတယ်။ ဆရာမ ဂျူးရဲ့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ကို Adoraလဲ ကြိုက်တယ်။ ဆရာမရဲ့စာအုပ်တွေထဲ အကြိုက်ဆုံးကတော့ "ချစ်သူရေးတဲ့ ကျမရဲ့ညတွေ" နဲ့"အမှတ်တရ" ဖြစ်မယ်ထင်တယ်။ လောလောဆယ် ပြန်ဖတ်နေတာက နောက်ဆုံးထွက်သွားတဲ့ "ဆုံနေရက်နဲ့ လွမ်းလေခြင်း"။ ဖတ်ပြီးဝင်လာတဲ့အတွေးတွေကိုတောင် စာတိုတိုလေး ချရေးဖြစ်သေးတယ်။ Blogမှာတင်ဖြစ်မယ် ထင်တယ်။ အားရင်လာလည်ပါအုံးနော်။

      Delete
  2. ဆရာမဂျူး ရဲ့ စာအုပ်တွေထဲ အကြိုက်ဆုံးလို့ပြောလို့ရတယ် နောက်ပိုင်းစာအုပ်တွေမှာပညာရှင်ဆန်ဆန်လေးတွေရေးလာတာသတိထားမိပေမယ့် .... အမှတ်တရ မှာတော့ မိန်မငယ်တစ်ဦးရဲ့ အချစ်အကြောင်းကို သေချာလေးဖတ်ခွင့်ရလိုက်တယ် စာအုပ်ပါးပါးကလေးမို့ပဲ ခနခနပြန်ဖတ်နေရတာ ထူသာထူရင်တော့ မလွယ်ဘူးး)

    အင်တာနတ်မှာဒေါင်းပြီးဖတ်ပြီးပေမယ့် စာအုပ်ဝယ်ပြီးပြန်သိမ်းထားချင်လောက်အောင်ကောင်းတဲ့ စာအုပ်ကလေးပါပဲ ။

    ReplyDelete
  3. ဆရာမရယ်
    ကျမဆရာမဖြစ်ခါစကမထင်မှတ်ဘဲမဂ္ဂဇင်းတစောင်မှာအခနးဆက်ကလေးတပုဒ်ဖတ်ဖြစ်တယ်တဖြေးဖြေးနဲ့စွဲလန်းလာတယ်တလတလစောင့်ပြိးဖတ်ရတာအားမရတော့ဘူးတလစာဖတ်ပြိးရင်ညညကျဆရာမလေးတွေစုပြိးပြန်ပြောရတာအမောပါ
    အမှတ်တရကိုအဲလောက်ထိစွဲလမ်းခဲ့တယ်ရူးသွပ်ခဲ့တယ်အဲဒိထဲကစာသားတွေကိုအလွတ်တောင်ရတယ်လုံးချင်းလေးထွက်လာတော့အပိုင်ဝယ်သိမ်းထားလိုက်တယ်ခုထိဘဲဖတ်မိတာလဲအကြိမ်ပေါင်းမနဲဘူးမန်းတလေးရောက်တော့ဆရာမရဲ့မြေနိလမ်းကတံတားထိုးထားတဲ့အိမ်ကလေးကိုသွားရှာမိတယ်လမ်းကလေးကိုတော့ထင်ယောင်ထင်မှားတွေ့မိပါရဲ့အိမ်ကိုတော့မတွေ့ဘူးဆရာမရဲ့ပထမဦးဆုံးလက်ရာကရင်ထဲမှာအငြိဆုံးပါဘဲ

    ReplyDelete
  4. စုစုထွေးက ဆရာမဂျူးပဲလား��၁ခြား၁ယောက်လားသနားပါတယ်
    အိမ်လေးကရောဘယ်နားမှာလဲ စုစုထွေးကရောဘာဖြစ်သွားလဲ

    ReplyDelete
  5. A chit ka har tha 1 phot

    ReplyDelete