Wednesday, 20 September 2017

တိုက်နံပတ် ၁၉၃က မိန်းမ

မတ်လလည်လောက်ကစပြီး သူမ အိမ်အသစ်ပြောင်းနေရတယ်။ အိမ်ဝယ်ဖို့အခွင့်မသာသေးသရွေ့အိမ်ပြောင်းရ၊ ရွှေ့ရ လုပ်ရတာတွေက သိပ်တော့မထူးဆန်း။ ဒီတခေါက် ပြောင်းတဲ့ နေရာက သူမ အရင်နေနေကျရပ်ကွက်နဲ့ ဆန့်ကျင်ဖက် မြို့အရှေ့ဘက်ခြမ်းမှာပါ။ အိမ်ရှင်အဖိုးကြီးကတော့ သူ့အိမ်ကို SOHO ဒီဇိုင်းတဲ့။ ကိုယ်ကလဲ ကြေငြာမှာ အဲဒါလေးတွေ့လို့ စိတ်ဝင်စားပြီးသွားကြည့်ခဲ့တာ။

SOHO( Small Office Home Office)  ဒီဇိုင်းဆိုတဲ့အိမ်က Shop House တခု ရဲ့အပေါ်မှာရှိတာပါ။ အိမ်ရှင်က အောက်ထပ်ကို Spa/Massage ဆိုင်ကိုငှါးထားတယ်။ အပေါ်ကိုရောက်ဖို့ ဆိုရင်ဆိုင်ဘေးနားက တံခါးလေးကို ဖွင့်ပြီး လှေခါး ၁၅ထစ်လောက်တတ်ရတာပေါ့။ သူမ ပြောင်းတဲ့အချိန်မှာ တခြားအခန်းဖော်တွေက အရင်ပြောင်းနှင့်ပီဆိုတော့ မိန်းမစီးဖိနပ်လေးတွေလဲ လှေကားအထစ်တိုင်းမှာတရံစီ စီစီရီရီချွတ်လို့ပေါ့။  လှေကားတထစ်မှာကတရံထပ်ပိုပြီးချွတ်ဖို့လဲအဆင်မပြေဘူးရယ်။  လှေကားကသိပ်မှမကျယ်ဘဲလေ။

အပေါ်ရောက်ရင် အရင်ဆုံးမြင်ရမှာ မီးဖိုချောင်တပိုင်းတစရယ်၊ ပြီးတော့ ဘယ်ဘက်အရှေ့မှာ ခြေတံရှည် ခုံ ၃လုံးနဲ့ သစ်သားစားပွဲတလုံးရှိတဲ့ living area ရယ်ရှိတယ်။ ပြောရရင်လေ တအိမ်လုံးမှာ သူမ မနှစ်သက်ဆုံးက ဒီနေရာပဲ။ သူမ ကအရင်နေရာဟောင်းတွေမှာဆို အခန်းဖော်တွေနဲ့ယှဉ်ရင် ဧည့်ခန်းမှာအနေအများဆုံး။ သူမ အတွက် ဧည့်ခန်းဆိုတာ ခန်းနားစရာမလိုပေမဲ့ နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာတော့ ရှိစေချင်တာ။ အခုဧည့်ခန်း ကတကယ်ကို အေးစက်စက်ကြီး။ နောက်မှီမပါတဲ့ သံဖင်ထိုင်နဲ့ သစ်သားနဲ့ လုပ်ထားတဲ့ ခြေတံရှည်ရှည်ခုံတွေက ကြည့်ရတာ နည်းနည်းမှ သက်တောင့်သက်သာ မရှိ။  living area မှာ ကြိုက်စရာရှိတာက  ခြေတံရှည်ရှည်ခုံတွေ နောက်က ပြတင်းပေါက်ကြီးရယ်၊ ခေါင်းပေါ်က အသံကျယ်ကျယ်နဲ့တဝီဝီလည်တတ်တဲ့ ပန်ကာအကြီးကြီးရယ်ပါ။ မိုးသည်းတဲ့နေ့တွေဆို  မီးဖိုဘက်သွားရင်း အေးစက်စက်ခုံတွေကို တွန်းဖယ်ရင်း ပြတင်းပေါက်မှာ ရပ်ပြီး မိုးစက်တွေကို ကြည့်ရတာ သူမအတွက် တကယ့် အရသာတကယ်ရှိတာ။ ဒီလိုမှမဟုတ်ရင်တော့ သူမဟာ living area ကို ဘယ်တော့မှခြေဦးမလှည့်။

တအိမ်လုံးမှာအခန်း ၄ခန်းရှိပြီး အခန်းနံပတ်တွေကို သစ်ရွက်ပုံစံ သံပြားလေးတွေပေါ်မှာ ၁၊၂၊၃၊၄ အစရှိသဖြင့် ထွင်းပြီး ကပ်ထားပေးတယ်။ Living area ရဲ့ ကပ်ရပ်အခန်းက အခန်းနံပတ်-၄။ အခန်း၎မှာနေတာက ချစ်သူအမျိုးသမီး၂ယောက်။ အများအားဖြစ် အမျိုးသားပုံစံ ဝတ်စားတတ်တဲ့ တယောက်ကိုပဲ ဧည့်ခန်းမှာ၊မီးဖိုမှာ၊အဝတ်လှမ်းတဲ့နေရာမှာ ရံဖန်ရံခါဆုံပေမဲ့ ပါတနာ မိန်းကလေးကိုတော့ သိပ်တွေ့ရလေ့မရှိ။

"ဒီအခန်းမှာ နေတဲ့၂ယောက်မှာ တယောက်က တက်တူးဆရာ။အရပ်ကလဲ အရှည်ကြီး။ ပြီးတော့သူဟာအမျိုးသားနဲ့အရမ်းတူတာ။ နင်တွေ့ရင်မကြောက်သွားနဲ့နော်" လို အိမ်ရှင်အဖိုးကြီးပြောတုံးက
"ငါက မိန်းကလေးကျောင်းက လာတာ။ ဒါမျိုးတွေ မြင်ဖူး၊ကြုံဖူးတယ်၊ မကြောက်တတ်ဘူးလို့ "သူမက ရီခါ၊ မောခါပြောခဲ့သေးတာ။

သူ့ကောင်မလေးကိုတော့ ပြောင်းနေတဲ့ ၆လအတွင်း ၂ခေါက်လားပဲမြင်ဖူးတယ်။ ဒီတော့ အခန်း၎ကလူတွေနဲ့သူမကတအိမ်ထဲနေပြီး သိပ်မရင်းနှီးတဲ့သူတွေ လုပ်လေ့ရှိတဲ့အတိုင်း ရီပြ ပြုံးပြရင်း မျက်နှာလဲ တဖက်ကို အမြန်လွှဲတဲ့ ဆက်ဆံရေးမျိုးပဲ ဆိုပါတော့။

အခန်း ၃မှာနေတာက ဂျပန်လူမျိုး အမျိုးသမီး။ သူတယောက်ပဲ သူမနောက်မှ တပတ်လောက်နောက်ကျပြီး ဒီအိမ်ကိုပြောင်းလာတာ။ သူက တအိမ်လုံးမှာ ဘယ်သူနဲ့မှ စကားမပြောတဲ့သူ။ အိမ်မှာ လူရှင်းတတ်တဲ့ နေ့လည်ပိုင်းတွေမှာတော့ မျက်မှန်အဝိုင်းခက်ကြီးကြီးတလက်ဝတ်ပြီး ဧည့်ခန်းမှာ စာဖတ်နေတာမျိုး၊ အဝတ်လျှော်နေတာမျိုးတွေ့ရမယ်။

အခန်း၂က အမျိုးသမီး၂ယောက်က အိမ်မှာ သူမနဲ့အခင်ဆုံးပဲ။ ၂ယောက်စလုံးက ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်။ မလေးရှားကနေ အလုပ်လာလုပ်တာလို့ သူတို့ကိုယ်ကို မိတ်ဆက်ပါတယ်။။Eve နဲ့ Amanda တဲ့။Eve က ဆံပင်ရှည်ရှည်၊အသားဖြူဖြူနဲ့ စာရင်းကိုင်မလေး။ Amandaကတော့ ဆံပင်ဂုတ်ဝဲလေးနဲ့ အသားမဆိုသလောက်ညိုပါတယ်။ သူမကို ပထမဆုံးလာမိတ်ဖွဲ့တာ  Amandaလေ။ အမြဲပိတ်ထားတဲ့ အခန်းတံခါးကြားကနေ စာရွက်အညိုလေး တရွက်ကို စာတွေရေးပြီး ထိုးထည့်ခဲ့တာ။စာထဲမှာ သူ့နာမည်က Amanda ဆိုတာရယ်၊ တွေ့ရင် ရီပြ၊ ပြုံးပြတာကလွဲလို့ စကားမပြောဖြစ်ဖူးဆိုတာရယ်၊ သူ့ရဲ့ဖုံးနံပတ်လေးရယ် ရေးပေးထားတာ။ အမယ် စာအဆုံးမှာလဲပါသေးတယ်။ "လူတိုင်းရဲ့ နှစ်လုံးသားမှာ သူငယ်ချင်းအသစ်တွေအတွက် နေရာအမြဲကျန်ပါတယ်" တဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ။ ခက်တာက သူက တပတ်ကို ၄ရက်လောက် အိမ်မှာမရှိတတ်တာ။ သူရှိနေရင်တော့ ဧည့်ခန်းမှာ ရှိသမျှလူတွေကို စကားလိုက်ပြောနေတတ်တဲ့ သူ့အသံ စီစီညန်ညန်ကို အမြဲကြားရတယ်။

Eve က Amanda လောက်မသွက်၊ Amandaကို သူကချစ်စနိုးနဲ့ dada လို့ခေါ်တာ။ Eveကတော့ အိမ်မြဲတယ်။ ဧည့်ခန်းနဲ့ မီးဖိုကိုအသုံးဆုံးကလဲသူပဲ။ သူ့ကိုယ်သူမိတ်ဆက်တော့ "ငါက ရှက်တတ်တဲ့ပုံပေမဲ့ မရှက်တတ်ဘူး" တဲ့။ dada ကတော့ " ဟင်းတွေချက်၊ ဟင်းတွေမှာပြီး ဓာတ်ပုံရိုက်၊ ပြီးတဲ့အခါ တဝက်လောက်ပဲအမြဲစားတဲ့အကြောင်းလဲပြောအုံးလေ" တဲ့။ အိမ်မြဲတဲ့ Eve နဲ့ သူမနဲ့က တအိမ်လုံးမှာအတွေ့ဆုံးပဲ။ ရုံးသွားတဲ့အချိန်က လဲမတိမ်းမယိမ်းရယ်။ သူက ၈နာရီ အိမ်ကထွက်၊ သူမက ၈နာရီ ၁၀မိနစ် - ၁၅မိနစ်လောက်ထွက်တာလေ။ အမှန်က သူမလဲ ၈နာရီထွက်ရမှာရယ်။ မနက်တိုင်း ၈နာရီ အတိလောက် သူအခန်းထဲကထွက်လာတဲ့ Eve ခြေကျင်းဝတ်က ခြူသံက သူမကိုနောက်ကျနေပြီလို့ အချက်ပေးသံလိုပဲ။

သူမနေတဲ့အခန်း၁က ဧည့်ခန်းနဲ့အဝေးဆုံး၊ မီးဖိုနဲ့အဝေးဆုံးမှာရှိတာပါ။ အောက်ကတက်လာရင် ဘယ်ဘက်အနောက် ထောင့်ဆုံးအခန်းက အခန်း နံပတ်၁ပေါ့။ ဘယ်သူနဲ့မှမသိဘဲ တယောက်ထဲ ပထမဆုံးနေရမဲ့ အိမ်ဖြစ်တဲ့အတွက် တသီးတသန့်အဖြစ်ဆုံး၊   living area နဲ့အဝေးဆုံးကို သူမကတမင်သက်သက်ရွေးခဲ့တာ။ တကယ်လို့များအတူနေတဲ့ အခန်းဖော်တွေဟာ ဆူညံတတ်တဲ့သူတွေဆိုရင် ဆိုတဲ့အတွေးနဲ့ပေါ့။  အခန်းသော့ရတော့ ကီးချိန်းကို အင်မတန်မိန်းမဆန်တဲ့၊ ခရစ်စတယ် ကျောက်တွေစီထားတဲ့ ပန်းရောင်ဦးထုတ်ဒီဇိုင်းဟာကို မိန်းမမဆန်တဲ့ သူမက တမင်တကာကိုတတ်ခဲ့တယ်။ အခန်းသော့ဖွင့်ပြီးဝင်လိုက်ရင်  အခန်းရဲ့ဘယ်ဘက်မှာ ရေခဲသေတ္တာ အသေးလေးတလုံး၊ သူ့ရဲ့ဘယ်ဘက်မှာ အလှပြင် မှန်တင်ခုံ ရှိတယ်။ အခန်းရဲ့ ညာဘက်မှာတော့ ကိုယ်ပိုင် ဖိနပ်စင် အသေးလေးတခုနဲ့  ဗီဒိုခပ်ကြီးကြီးတခု။ ဗီဒို ရဲ့ညာဘက်မှာတော့ တယောက်စာ ခပ်သာသာ သာကျယ်တဲ့ရေချိုးခန်း။

ရေချိုးခန်းနဲ့ မျက်နှာချင်းဆိုင်မှာ  လေးထောင့်ကျကျ အဝါရောင်သစ်သားစားပွဲလေးရယ်၊ ပလတ်စတစ် ခေါက်ခုံအမဲလေးရယ်။ ဒီစားပွဲကတော့ သူမအတွက် ထမင်းစားစားပွဲဆိုလဲဟုတ်၊ စာရေးစားပွဲဆိုလဲဟုတ်၊ ရှိသမျှအစုံလုပ်တဲ့ စားပွဲပေါ့လေ။ သိပ်မကြီးတဲ့ ဒီစားပွဲလေးပေါ်မှာ ပန်းကန်စင်အသေးလေးတခုရယ်၊ ပန်းသီးပုံ တယောက်စာထမင်းအိုးလေးရယ်ကတော့ အမြဲရှိနေတာရယ်။ အိမ်ကတခါတရံ လူကြုံလေးကောင်းလို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ပြန်လို့ဖြစ်ဖြစ်ပါလာတတ်တဲ့ အခြောက်အခြမ်းဗူးတွေကတော့ စားပွဲလေးပေါ်မှာရှိတချက် မရှိတချက်။ အပျင်းထူတဲ့ရက်တွေဆို ဒီစားပွဲသေးသေးလေးပေါ်မှာ မဆေးဖြစ်တဲ့ ကော်ဖီခွက်အသဲပုံလေးတွေပါတဲ့ အနက်လေးရယ်၊ စားလက်စ ထမင်း ဒါမှမဟုတ် ခေါက်ဆွဲတပန်းကန်ကိုလဲ ကျပ်ကျပ်သတ်သတ်တွေ့ရမယ်။

သူမက ဒီစားပွဲလေးကို တမင်သက်သက် ရေချိုးခန်းရဲ့ မျက်နှာချင်းဆိုင်မှာ နေရာချခဲ့တာ။ ဘာလို့လဲဆို ရေချိုးခန်းရဲ့ ဘေး မှာမိန်းလမ်းမကျယ်ကြီးကို လှမ်းမြင်နေရမဲ့  ပြတင်းပေါက်တခုရှိတယ်လေ။ အေးအေးဆေးဆေးရှိတဲ့ရက်တွေမှာ ပြတင်းပေါက်လေးဖွင့်၊ လိုက်ကာလေး လှပ်ပြီး ထမင်းစားပွဲမှာထိုင်ရင်း လက်ဖက်တပန်းကန်နဲ့ ရုပ်ရှင်ကြည့်၊ စာဖတ်လုပ်ရင် သိပ်မိုက်မှာ။ တကယ်တန်းကျတော့ Shop House လေးရဲ့ ဒုတိယထပ်အမြင့်ဟာ အိမ်ရှေ့ လမ်းမကျယ်ပေါ်က ၂ထပ်ကားအပေါ်ထပ် အမြင့်နဲ့ တတန်းထဲဖြစ်နေတော့တာ။ ခရီးသွားရင်း ပျင်းရိငြီးငွေ့နေတတ်ကြတဲ့ ကားပေါ်ကမျက်လုံးတွေ အခန်းထဲကို ဝင်ဝင်လာတတ်တာကို သတိထားမိတဲ့နောက်မှာ သူမဟာ  ပြတင်းပေါက်ကိုမဖွင့်ဖြစ်တော့။ဖွင့်မိရင်လဲ ကန့်လန့်ကာကို အလုံအတိချပြီး မှ စားပွဲမှာထိုင်တော့တယ်။  ဒီလိုကြပြန်တော့ အရာအားလုံးက အေးစက်စက်နဲ့အထီးကျန်တယ်လို့ခံစားရပြန်ရော။ တကယ်လို့များ ထပ် ရွေးခြယ်ခွင့်ရှိမယ်ဆိုရင် အခန်း၎ကို ရွေးမှာ သူမကအမြဲတွေးတယ်။။ အခန်း၎က ပြတင်းပေါက်က သန့်ရှင်းနေတဲ့အိမ်နောက်ဖေး လမ်းကြားကို မျက်နှာမူတာ။


အခန်းထဲကစားပွဲလေးရဲ့ဘေး၊ ဗီဒိုရဲ့ မျက်နှာချင်းဆိုင်မှာအပေါ်ကိုတက်တဲ့ သစ်သားလှေကားလေးရှိတယ်။ နားရှုပ်သွားကြသလား။ သူမ အခန်းက၂ထပ်ပါ။ အိမ်မှာရှိတဲ့အခန်းတိုင်းအခန်းတိုင်းက အထဲမှာ၂ထပ်ပဲ။ ၂ထပ်အပြည့်တော့မဟုတ်ဘူးပေါ့။ ထပ်ခိုးတင်ထားတယ်ဆိုရုံလေး။ အပေါ်ထပ်မှာတော့ တနေ့တာ အိပ်စက်အနားယူဖို့ကုတင်တလုံး၊ မှန်တချပ်၊ ကုတင်ဘေးမှာ တိုတိုထွာထွာတွေတင်ဖို့ စားပွဲအသေးလေးတလုံး နဲ့ အရင်အိမ်ကယူလာတဲ့ စာအုပ်စင် နီညိုရောင်အသေးလေးတခု ရှိတယ်။

တအိမ်လုံးမှာ သူမ အကြိုက်ဆုံးနေရာကိုပြောပါဆိုရင် အဲဒါအပေါ်တက်တဲ့လှေကား ညိုမှောင်မှောင်လေးပဲ။ တယောက်ထဲနေတဲ့အခန်းဆိုတော့ နံရံဘက်အခြမ်းမဟုတ်တဲ့ လှေကားထစ်တွေရဲ့အစွန်းမှာ  စာအုပ်လေးတွေကို ၂အုပ်တထပ် ၃အုပ်တထပ် ညီညီညာညာလေးစီထားတယ်။ အားလုံး၁၂ဆင့်ရှိတဲ့ လှေကားထစ်တွေရဲ့ တချို့အဆင့်တွေမှာတော့ အိမ်ရှင်မသိအောင် ခိုးထွန်းတဲ့ ဖယောင်းတိုင်အသေးလေးရယ်၊ အမွှေးဆီထည့်ထားတဲ့ အမွှေးပုလင်းလေးတွေရှိတယ်။

မကြိုက်ဆုံးက အောက်ထပ်က  သံမံတလင်းကြမ်းခင်းပဲ။  အခန်းတခါးဖွင့်ပြီးသူ့အပေါ်နင်းလျှောက်တဲ့အခါတိုင်း အမြဲအေးစက်စက်နဲ့သူမ ကိုကြိုတယ်။သူ့ကြောင့်ပဲ သူမဟာ အောက်ထပ်မှာနေရမဲ့အချိန်တွေ နည်းသထပ်နည်းအောင်အမြဲကြိုးစားတယ်။ ရုံးကပြန်လာတိုင်း ရေခဲသေတ္တာဖွင့် ရေသောက်၊ ရေချိုး၊ လုပ်စရာရှိတာလုပ်၊ ညစာစား၊ ပြီးတာနဲ့ အိမ်ပေါ်ကိုပြေးတက်တာပဲ။ ခုတင်ပေါ်မှာ စာအုပ်ဖတ်၊ ဖုံးပွတ်၊ ဒါမှမဟုတ် အဝေးကချစ်တဲ့သူတွေကို တန်ဖိုးမရှိတဲ့ technology တွေသုံးပြီး ဆက်သွယ်ဖို့ကြိုးစားရင်းနဲ့ တနေ့တာကိုအဆုံးသတ်တာပါပဲ။ ညစဉ်ညတိုင်း ၁၀နာရီနောက်ပိုင်း မီးမှောင်သွားတက်ပေမဲ့ မနက် ၁နာရီ၊၂နာရီထိုးတဲ့အချိန်တွေအထိ မျက်နှာကျက်ကသိုးတွေ ရေတွက်နေတဲ့ မိန်းမပေါ့။

သူမဟာဒီအေးစက်စက်အခြေအနေကို ပြောင်းလဲဖို့မကြိုးစားဖူးတာတော့ မဟုတ်ဘူး။ ပထမဆုံးကြိုးစားချက်ကတော့ မွှေးပွဖိနပ်ထူထူတရံဝယ်တာပဲ။ အိမ်ထဲဝင်တာနဲ့ အေးစက်စက်သံမန်တလင်းတွေပေါ်ခြေမချခင်  မွှေးပွဖိနပ်လေးထဲခြေနင်းလိုက်ရင် ဘဝက သိပ်ကြီးအေးစက်စက်မနိုင်တော့လောက်ဖူးလို့ သူမက ခပ်ကြောင်ကြောင်တွေးတယ်။ ကြာတော့လဲ မိုးရွာခြင်း နဲ့ နေမတန်တဆပူခြင်း၂မျိုးပဲရှိပြီး အင်မတန် humid ဖြစ်တဲ့ဒီနိုင်ငံမှာ  ဘယ်သူမှဒီအ မွှေးပွကြီးကို ကြာကြာမစီးနိုင်။ ဒီတော့တမျိုးကြံပြန်တယ်။ သူမကတရက်မှာ ikea ကိုသွားပြီး ကောဇောကြီးတချပ် အခန်းထဲမှာခင်းဖို့ ဝယ်လိုက်တာလေ။ ခင်းခါစကတို့အဆင်ပြေသလိုပဲ။ နံရံကိုမှီ၊ ကောဇောပေါ်ထိုင်ပြီး စာအုပ်တွေ ဘာတွေဖတ်ဖြစ်လိုက်သေးတယ်။ မျက်လုံးက  ကောဇောမရှိတဲ့ သံမံတလင်း ဟိုတကွက်၊ ဒီတကွက်ကို မြင်ပြန်တော့ အခန်းအောက်ထပ်က သူမကိုမဆွဲဆောင်တော့။

သူမနဲ့ အောက်ထပ်နဲ့လုံးဝကင်းရှင်းချင်လို့တော့မရ။ စားဖို့သောက်ဖို့၊ တကိုယ်ရေသန့်ရှင်းလေးလုပ်ဖို့၊ အညစ်အကြေးစွန့်ဖို့၊ အလှပြင် ဆင်ယင်ဖို့၊ ဒါတွေ ဒါတွေအားလုံးက အောက်ထပ်မှာပဲလုပ်လို့ရတာလေ။ ထားပါတော့။


ဒီအိမ်မှာသူမ ကြိုက်တာနောက်တခုက အိမ်ကနေ ရထားဘူတာ၊ ဘူတာက အိမ်ကိုပြန်တဲ့လမ်းကလေး။ လမ်းကလေးကတဖက်မှာ ကားတွေဥဒဟိုဖြတ်နေတဲ့ မိန်းလမ်းမကျယ်ကြီး၊ တဖက်မှာကျတော့ ရေမြောင်းကျယ်ကြီး၊  ရေမြောင်းကျယ်ကြီးရဲ့ တဖက်ကကျတော့ အထက်တန်းကျောင်းပေါ့။  အလုပ်ကနေ ဘူတာကိုပြန်ရောက်တဲ့ ညနေ ၇နာရီ မှောင်စပျိုးတဲ့အချိန်တွေဆို  နီယွန်မီးတိုင်တွေအောက်ကနေ ကားတွေကို ငေးရင်း၊ လမ်းလေးပေါ်ကို ညနေပိုင်း လမ်းလျှောက်ထွက်တဲ့သူတွေ၊ ခွေးကြောင်းထွက်တဲ့သူတွေ၊ joggingလုပ်တဲ့သူတွေ ကို ငေးရင်း လမ်းကိုအချိန်ဆွဲလျှောက်ပြီး ပြန်လေ့ရှိ တဲ့ တိုက်နံပတ် ၁၉၃က မိန်းမကိုတွေ့နိုင်ပါတယ်။

https://en.wikipedia.org/wiki/Shophouse

No comments:

Post a Comment