(ပုံကို Google ကယူပါသည်။)
သင်္ကြန်လို့ကြားလိုက်ရင် ပထမဆုံးမှတ်မိနေတာက ဦးလေးတယောက်ယောက်ရဲ့ ဂုပ်ပေါ်ကနေ မြို့တော်ဝင်မဏ္ဍာပ်ပေါ်က ကနေကြတဲ့၊ လှနေကြတဲ့ သင်္ကြန်မယ်တွေကိုငေးဖူးတာပထမဆုံးမှတ်မိပါတယ်။ ကျမအသက်က အဲဒီတုံးက ၃-၄နှစ်။ နေတဲ့အိမ်က ကုန်သည်လမ်းနားဆိုတော့ မြို့တော်ဝင်မဏ္ဍာပ် နဲ့နီးတယ်လေ။ ငယ်သေးတယ်ဆိုပြီး အိမ်အောက်ကိုရေဆင်းဆော့ခွင့်မပြုတဲ့ ကျမရဲ့ဖွားဖွားက ညနေတိုင်ကြရင်တော့ အိမ်ရှိသူတယောက်ယောက်ကို "ဟဲ့ ကလေးကို မဏ္ဍာပ်လေး ဘာလေးလိုက်ပြလိုက်ကြ။ က တာတွေ ကြည့်ပါစေ။" လို့ဆိုတတ်ပါတယ်။ အဖွားရဲ့ ပါမစ်ရပြီဆိုတာနဲ့ ကျမလဲ လမ်းပေါ်ထွက်ဖို့ လုံးပန်းတော့တာပါပဲ။ ညနေ ၅နာရီ ၆နာရီလောက်ဆို အိမ်ပေါ်ကနေဆင်း၊ မြို့တော်ဝင်မဏ္ဍာပ်ဆီကို လမ်းလျှောက်၊ လမ်းတလျှောက်က ရေကစားအပြီးအပြန် ရေအကျန်လေးတွေနဲ့ ပက်ကြတဲ့ အကိုတွေ၊ အမတွေ နဲနဲဆီပက်တာကိုခံ၊ ရေပုံး ရေသေနတ်ရောင်စုံလှလှလေးတွေကိုင်ထားတဲ့ သူတွေကိုအားကြ၊ ရေပက်ခံကားတွေပေါ်က အသံတွေ ( ဘာမှန်း သိပ်နားမလည်သေးပေမဲ့) နားထောင်နဲ့ အရမ်းပျော်ဖို့ကောင်းပါတယ်။ မြို့တော်ဝင်မဏ္ဍာပ်ရှေ့ကိုရောက်ရင်တော့ အကအလှတွေလာကြည့်တဲ့သူတွေနဲ့ ပြည့်ကျပ်နေပါပြီ။ တနေကုန် သင်္ကြန်လည်ပြီးအပြန် နားရင်းနဲ့ သင်္ကြန်မယ်လေးတွေရဲ့အကကို လာကြည့်ကြတဲ့သူတွေကလဲပေါမှပေါ။ လူအုပ်ကြားထဲက အကိုကြီးတွေရဲ့ လက်ထဲမှာ ရေမွှေးထည့်ထားတဲ့ ရေပုလင်းသေးသေးလေးတွေပါတတ်ပါတယ်။ တချို့ကြတော့လဲ ရေမွှေးပုလင်းလိုက်ကိုင်လာပြီး ကောင်မလေးလှလှလေးတွေကို ရေမွှေးဖြန်းကြတာပေါ့။ တခါတလေများဆို သဘောကောင်းတဲ့ အကိုကြီးတွေက ဦးလေးရဲ့ဂုပ်ပေါ်ကနေ သနပ်ခါးအဖွေးသားနဲ့ မြို့တော်ဝင်မဏ္ဍာပ်ပေါ်က ကနေကြတဲ့သင်္ကြန်မယ်တွေကိုငေးနေတဲ့ ကျမသေးသေးလေးကိုလဲ စရင်းနောက်ရင်း ရေလောင်း၊ ရေမွှေးဖြန်းသွားကြလို့ကတော့ဖြင့် အိမ်အပြန်လမ်းတလျှောက်လုံး ချမ်းချမ်းအေးအေးနဲ့ မွှေးမွှေးလေးဖြစ်နေတော့တာပဲ။ မှတ်မိတာက အဲဒီအချိန်တုန်းက အနံ့ဆိုးတဲ့သူတွေဆို လူတွေက ကွက်ကြည့်၊ ကွက်ကြည့်နဲ့ ဖယ်နေတာပါပဲ။ အမကြီးတွေကလဲ ရေလောင်းမခံရအောင်ဝေးဝေးနေကြတယ်။ငယ်တုံးကတော့ နံတယ်ပဲသိတာပါ။ ကြီးမှ အဲဒီအနံ့က အရက်တွေ၊ ဘီယာတွေကလာမှန်း နားလည်ပါတယ်။ အဲဒီတုန်းတော့ အပျော်ဆုံးသင်္ကြန်ရက်က အတတ်နေ့ပါ။ ဘာလို့လဲဆိုရင် နောက်ဆုံးနေ့မှာ ဆုပေးပွဲရှိတယ်လေ။ အရင်နေ့တွေက ည၇နာရီလောက်ဆိုပြီးပြီ။ နောက်ဆုံးနေ့က အကတွေအပြီးမှာဆုပေးပွဲဆက်လုပ်တာဆိုတော့ ၉နာရီလောက်မှပြီးတော့တာ။ လူတွေကလဲများမှများ။ သင်္ကြန်ကိုမပြီးစေချင်ကြသေးတဲ့ သူတိုင်း အကတွေလာကြည့်ရင်း သင်္ကြန်ကိုရသလောက်ဆွဲဆန့်ကြတော့တယ်။ မန်းလေးမှာလို ငွေငန်း အစစ်မဟုတ်ပေမဲ့ အလှဆင်ထားတဲ့ ကားကြီးတွေနဲ့ "ပြန်ပါအုံးမယ် ပြန်အုံးမယ်" ဆိုကြတဲ့ ကားပေါ်ကအဆိုတော်ကြီးတွေကို အတတ်နေ့မှာ အများဆုံးတွေ့ရပါတယ်။
ပထမတန်းကျောင်းသူကြီးဖြစ်လာတဲ့ အချိန်ကြတော့ ညနေအခါမှ လမ်းဆင်းလျှောက်ခွင့်ရတဲ့ ဦးလေးဂုပ်ပေါ်ကနေကြည့်တဲ့ ကောင်မလေးမဟုတ်တော့ပါဘူး။ အရွယ်ကြီးလာတာနဲ့အမျှ ကျမကအရပ်တွေရှည်ပြီး ထွားလာပြီလေ။ ဦးလေးတွေနဲ့ အဖေလဲကြာကြာမချီနိုင်တော့ပါဘူး။ ဒီတော့ ကျမရဲ့ သင်္ကြန်က ဒတ်ဆန်းကားအဝါလေးပေါ်ရောက်လာပါပြီ။ အဖေက သင်္ကြန်အကြိုနေ့လောက်ဆို အိမ်က ဒတ်ဆန်းကားလေးကိုဆိုဖာတွေဖြုတ်၊ အမိုးတွေဖြုတ်ပြီး မြို့ထဲလည်ကြဖို့ ပြင်ပြီးပြီ။ အဖေရယ်၊ဦးလေးတွေရယ်၊ ဆိုင်က အကိုကြီးတွေကအနောက်က။ မာမီနဲ့ကျမက ရှေ့ခန်းကပေါ့။ ရေဆိုမှာကြောက်တဲ့ မာမီက မှန်တခါးကိုစေ့နေအောင်ပိတ်ပြီး ၊ လူတွေကို ကားပေါ်ကနေ ကြည့်ချင်ပေမဲ့ ပူလို့၊ လေညှင်းခံချင်လို့၊ မမြင်ရလို့ ဆိုတဲ့ အကြောင်းပြချက်မျိုးစုံသုံးပြီး မှန်တခါးကို သေးသေးလေးရအောင်ဖွင့်ပြီး ရေမစို ဆိုအောင်လုပ်ပါတယ်။ ဒါကြောင့် သုံးတန်းလောက်ရောက်တဲ့အချိန်မှာ ရေပက်ခံထွက်တိုင်း ရှေ့ခန်းက ထိုင်တာ မာမီတယောက်ထဲဖြစ်သွားပါပြီ။ ကျမကတော့ နေပူပူမှာ အမိုးဖွင့်ထားတဲ့ ဒတ်စန်းကားအဝါလေးရဲ့ နောက်ခန်းကနေ မဏ္ဍာပ်တွေပေါ်ကဖွင့်ထားတဲ့ သင်္ကြန်သီချင်းတွေလိုက်ဆိုရင်း "ခွက်စုတ်လေးနဲ့ ပတ်တာလောက်လောက်တော့ ရီတာပေါ့" "အပျိုပိန်ပိန်ရေစိမ်တော့ အီကြာကွေး အီကြာကွေး" "ဟိုအမကြီးဘာလို့ဝ အီးမပါလို့ဝ" ဆိုတာမျိုး ဘရုတ်သုတ်ခတွေ လိုက်အော်တတ်နေပါပြီ။ ကားပေါ်မှာ ရေခဲရေထည့်ထားတဲ့ ရေတိုင်ဂီကိုတင်ပြီး တခြားရေပက်ခံကားပေါ်ကသူတွေချမ်းသွားအောင် ရေခဲရေနဲ့ လိုက်လောင်းရတာကိုလဲ ကျေနပ်ပျော်ရွှင်နေတတ်ပြီ။ ကားတွေကျပ်လို့ အိမ်ပြန်မနားနိုင်တော့ဘဲ အင်းယားကန်ဘောင် ကားထိုးပြီး အဝတ်အစားတွေရေညှစ်၊ သဘက်တွေနေပူလှမ်း ဘူးသီးကျော်ပူပူလေးစား၊ အင်းယားမှာနားတဲ့ တခြားကားပေါ်က ရွယ်တူခလေးတွေနဲ့ ကစား၊ မောရင် ခဏအိပ်။ ညနေ၄နာရီလောက်မှ ကားပြန်ထွက်ပြီး အိမ်ပြန်ကြပါတယ်။
အမှတ်တရတွေထဲမှာ ချန်ထားလို့မရတာကတော့ ဈေးသင်္ကြန်ပါပဲ။ မင်္ဂလာဈေးသင်္ကြန်က စကော့ဈေးလို အကြိုမတိုင်မီတရက်မှလုပ်တာမဟုတ်သလို စကော့ဈေးသင်္ကြန်လို လူသိများ မစည်ကားပါဘူး။ ဈေးသူဈေးသားအချင်းချင်း ဈေးမပိတ်ခင် စတိသဘောနဲ့ "အကျိ ရေလောင်းမယ်နော်။" "အကိုရေနဲနဲလောင်းမယ် ကျမတို့တော့ ခရီးသွားမလို့ မနက်ဖြန်ကစပြီး ဆိုင်ပိတ်ပြီ" "အမကြီး ဆိုင်လာတုန်းရေလောင်းထားရမယ်" ဆိုတာမျိုး ခွင့်တောင်းပြီး နဲနဲလောင်းကြပါ။ တခါတခါများ ကိုယ့်ရေနဲ့ကိုယ်တောင် ပြန်လောင်းသွားကြသေး။ ဈေးလာတဲ့သူတွေကို သိပ်ပက်လေ့မရှိပါဘူး။ အရမ်းချောတဲ့ အမကြီးတွေ မျက်စိလည်လမ်းမှားပြီး အထည်စတွေ မင်္ဂလာဈေးမှာလာကြည့်ရင်တမျိုးပေါ့လေ။ ကျမကတော့ နွေကျောင်းပိတ်ချိန်ဆို ဆိုင်ကိုအဖေနဲ့ အဒေါ်တွေနဲ့လိုက်လည်ပါတယ်။ သင်္ကြန်နီးပြီဆိုရင် ပလတ်စတစ်တွေ ရောင်းတဲ့ဆိုင်တန်းဘက်မှာ ရေဗုံးတွေ၊ ရေသေနတ်တွေ အသစ်ရောက်ပြီလေ။ ကြိုက်တာရှိရင် နီးနီးနားနားပူဆာလိုက်ရုံပဲ။ ဝယ်ထားတဲ့ ရေသနတ်ခလေးစမ်းသလိုနဲ့ လူကြီးတွေကို ရေပက်တိုင်းကစားရတာပျော်စရာကောင်းပါတယ်။ ကျမလို အိမ်နဲ့ဈေးလိုက်လည်တဲ့ရွယ်တူ သူငယ်ချင်းတွေ့လို့ကတော့ ညနေ၃ ၄နာရီကနေ ဆိုင်သိမ်းချိန်အထိ ရေသေနတ်တလက်နဲ့လျှောက်သွားတော့တာပါပဲ။
နောက်ဆုံးတနှစ် အိမ်ကကားနဲ့လည်တဲ့ အချိန်ကိုတော့ သေသေချာချာမှတ်မိပါသေးတယ်။ သင်္ကြန်လည်ဖို့အရေး အိမ်ကအဖွားနဲ့ အဒေါ်တွေက အရင်နှစ်တွေကလို ချောချောချူချူခွင့်မပြုချင်။ မာမီကအစောကြီးကတည်းက ရေစိုတာမကြိုက်သူဆိုတော့ မသွားလေ ကောင်းလေ။ သင်္ကြန်ရူးကျမဘက်မှာ အဖေရယ် ဦးလေးရယ်ပဲရှိတော့တာ။ "ဒီနှစ်က နို့ဆီခွက်တွေနဲ့ ပက်တာ" " ရေဘောလုံးတွေက ထိရင်အရမ်းနာတာ" " ဟဲ့ ဟိုလမ်းက ဟို မဏ္ဍာပ်မှာ မီးသပ်ပိုက်ကြီးရှိတယ် မသွားနဲ့" " ရေပက်တာ ကြမ်းတမ်းလိုက်ကြတာအေ။ ခလေးကို ခေါ်မသွားစမ်းနဲ့" ဆိုတဲ့အသံတွေကြား ဦးလေးနဲ့ အဖေကလဲ တခုခုဆိုအပြောခံရမှာမို့ အင်တင်တင်။ နောက်ဆုံး သင်္ကြန်မလည်ရလို့ စူပုပ်စိတ်ကောက်နေတဲ့ ကျမကိုကြည့်မနေနိုင်တဲ့အဆုံး ရေပက်ခံထွက်ကြပါတယ်။ အလည်ကနေပြီး ဘာခွက်စောင်းခုပ်၊ ဘာရေဘောလုံးဒဏ်မှ မခံရတဲ့ ကျမကတော့ အစဉ်အလာမပျက် ပြုံးပျော်လျှက်ပါပဲ။ ဘေးကနေတဲ့ ဆိုင်က အကိုတွေနဲ့ ဦးလေးတွေကတော့ ခွက်စောင်းဒဏ်၊ ရေဘောလုံးဒဏ်တော်တော်ခံလိုက်ရတယ်လို့ပြောပြပါတယ်။
သင်္ကြန်ရောက်ရင် အိမ်မှာအေးအေးဆေးဆေးမနေနိုင်တဲ့ကျမ ၇တန်းလောက်ရောက်တော့ မာမီသူငယ်ချင်း သမီးတွေ၊ တူမတွေနဲ့ရေကစားစေပါတယ်။ အန်တီ အမျိုးသားအလုပ်ကပိုင်တဲ့ဂိုထောင်က တက္ကသိုလ်ရိပ်သာလမ်းသစ်နားမှာပါ။ သင်္ကြန်နီးတဲ့အခါ အန်ကယ်က ဂိုထောင်တခြမ်းကိုရှင်းပြီး နားလို့ရအောင်နေရာလုပ်။ ရေခဲတုံးတွေမှာပြီး ရေခဲရေကန်နဲ့ ရေပက်ဖို့လုပ်ပေးပါတယ်။ လူငယ်တွေက အိမ်ရှေ့မှာရေပက်၊ လူကြီးတွေက အနောက်မှာ မုန့်လုပ်စား၊ စကားပြောနဲ့ အဆင်ကိုပြေလို့။ ရေပက်ခံကားတွေက ကျမတို့ နားမှာရပ်ပြီး ရေပက်ခံတိုင်း ကားပေါ်မှာပါလာတဲ့အကိုကြီးတွေက အတူရေပက်တဲ့အမတွေကို ရေဆင်းလောင်း ရေမွှေးဖြန်းလုပ်ပါတယ်။အခုချိန် အိမ်ထောင်တွေကြပြီး လှနေဆဲအမတွေက အဲဒီအချိန်တုံးက ၂၄ ၂၅အရွယ် အပျိုချောချောလေးတွေပေါ့။ အမတွေကို လောင်းရင်း လမ်းကြုံကျမကိုပါ ရေလောင်းသွားတိုင်း မျက်နှာတွေနီရဲပြီး ရှက်တတ်ပေမဲ့ စိတ်ထဲကနေ "ငါ့ကိုလဲ လောင်းကြသားပဲ" ဆိုပြီး တိတ်တိတ်လေးကြိတ်ပျော်တတ်နေပါပြီ။ ဖိနပ်စက်ရုံပိုင်တဲ့ အန်ကယ်တို့ရုံးကဒိုင်နာအမိုးဖွင့်ကားအမြင့်ကြီးအားတဲ့အခါ ကျမတော့အားလုံး ညနေပိုင်းရေပက်ခံထွက်ကြတာပေါ့။ ထုံးစံအတိုင်း မာမီနဲ့ မာမီသူငယ်ချင်းအန်တီက ရှေ့ခန်းမှာ၊ ကျန်တဲ့သူတွေအားလုံးကနောက်ခန်းမှာ။ မီးသတ်ပိုက်တို့၊ ခွက်စောင်းခုပ်တာတို့ဆိုတာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ရေဘောလုံးတော့မရှိတော့ပါဘူး။ ကားအမြင့်ကြီးပေါ်က ကျမတို့တွေ ခွက်စောင်းဒဏ်၊ မီးသတ်ပိုက်ဒဏ် မခံရပါဘူး။ ကားကမြင့်တာရော၊ လူကြီးတွေက ကလေးတွေပါလို့မလုပ်ပါနဲ့လို့ တောင်းပန်တာကြောင့်ရောပါ။ ထူးထူးခြားခြားသတိထားမိတာကတော့ သင်္ကြန်မဏ္ဌပ်တွေပေါ်မှာ မြန်မာတူးပို့ဒိုးသံတွေ အပြင် ကလို့ကောင်းတဲ့သီချင်းတွေပါဖွင့်လာကြတာပါပဲ။ငယ်ငယ်ကလို မြို့တော်ဝင်မဏ္ဌပ်နားတော့ မရောက်တော့တာကြာပါပြီ။ အရင်ကဆိုအစိုးရ ဝန်ကြီးဌာန မဏ္ဌပ်တွေပဲကြီးကြီးမားမားရှိပေမဲ့ ခုကြတော့ ကိုယ်ပိုင် ကုမဏီ မဏ္ဌပ်တွေကလဲ စတိတ်ရှိုးစင်တွေနေ့ အမိုက်စားဖြစ်နေပြီလေ။
သူများ ဂိုထောင်ရှေ့၃နှစ်လောက် သောင်းကြမ်းပြီးချိန်မှာတော့ ဘဝမှာ ပထမဆုံးအကြိမ် မိဘတွေမပါပဲ သင်္ကြန်မဏ္ဍာပ်ထိုင်ခွင့်ရပါတယ်။ အသက်က ၁၆နှစ်။ ၁၀တန်း ပြီးချိန်ပေါ့။ သူငယ်ချင်းအမလဲပါမယ်။ အိမ်ကလဲ တာဝန်ယူပြီး အပို့အကြိုလုပ်မယ်ဆိုလို့ အိမ်ကခွင့်ပြုလိုက်တာ။ အမှတ်မမှားဘူးဆိုရင် အဲဒီနှစ်က"သင်္ကြန်ရေ"အခွေထွက်တဲ့နှစ်ပါ။ VCDထဲကအတိုင်း သင်္ကြန်မကျခင်ကတည်းက စကော့ဈေးသင်္ကြန်ကို သူငယ်ချင်းတစု အပျိုလုပ်ပြီး ပတ်ကြပါတယ်။ သွားပက်မဲ့ မဏ္ဍာပ် ၂၀၀၀ခုနှစ်များဆီက နာမည်ရှိတဲ့ မဏ္ဍာပ်ပါ။ ခုထိလဲ လူဟောင်း တွေတော်တော်များများနဲ့ ရေကစားတုန်းပဲ။ အရင်တုန်းကလောက်တော့ နာမယ်မကြီးလောက်တော့ဘူးထင်ပါတယ်။ ကျမတို့အရွယ် ၂၀ကျော် အစိတ်ပိုင်းကို တော်တော်ကြီးကျော်နေတဲ့
အရွယ်တော် တစိတ်ဟိုင်းတွေ များတဲ့မဏ္ဍာပ်မှတ်လား။
ဆက်ပါအုံးမည်။
No comments:
Post a Comment