သင်္ကြန်မှာ သူများတွေရဲ့မဏ္ဍာပ်တွေသွားဖူးသလို တက္ကသိုလ်ကသူငယ်ချင်းတွေ မဏ္ဍာပ်လုပ်တုန်းကလဲ သွားကူဖူးပါတယ်။ ကျမရဲ့အတွေ့အကြုံအရကတော့ စိတ်လွတ်လက်လွတ်နဲ့ ပျော်ချင်ရင် သူများမဏ္ဍာပ်သာ ပိုက်ဆံပေးပြီးသွားလိုက်ပါ။ ကိုယ်တိုင်မဏ္ဍာပ်လုပ်တာ စိတ်ပင်ပန်းသလို တာဝန်လဲအရမ်းကြီးတာပါ။ စပွန်စာရှာရတာ၊ သစ်ရှာရတာ၊မဏ္ဍာပ်ဆောက်မဲ့သူရှာရတာ၊ ၄ရက်စလုံး ရေမပြတ်သွားအောင် စီစဉ်ရတာ၊ ပြီးတော့အစားအစာ၊ သီချင်း၊ဆောင်းဘောက် ရှုပ်နေတာပါပဲ။ ခုများဆို ဒီဂျေနဲ့ ဘာနဲ့ဆိုပိုတောင်ရှုပ်ပါလိမ့်အုံးမယ်။ ကိုယ့်မဏ္ဍာပ်ကို လူသိအောင်လဲ ကြော်ငြာရသေးတယ်။ ဒါမှ ဝင်ထားသမျှငွေတွေ ပြန်ရပြီး အရင်းလောက်ကျမှာကိုး။ စပွန်ဆာ၊ အလှူငွေထည့်တဲ့သူတွေများရင်တော့ ပူစရာမလိုလှပါဘူး။ ကျမတို့က ပထမဆုံးစလုပ်တဲ့သူတွေ ထုံးစံအတိုင်း အိုးနင်းခွက်နင်း၊ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ စာရင်းချုပ်လိုက်တဲ့အခါ သူငယ်ချင်းတွေခွက်ခွက်လန်အောင်ရှုံးကြပါတယ်။ ရှုံးမယ်ဆိုတာ ကြိုသိနေပြီးသားဆိုတော့ သင်္ကြန်အကြတ်နေ့ မဏ္ဍာပ်မှာနေ့လည်စာဝေပြီးလို့ ပိုနေတဲ့ထမင်းဘူးတွေကို ကျမတို့မိန်းကလေးတွေကို စရိတ်ကာလိုကာငြား ကူပြီးရောင်းခိုင်းလို့ ရှက်ရှက်နဲ့ရောင်းပေးဘူးတာတော့အမှတ်တရပါပဲ။အဲဒီနှစ်ကစပြီး ဘယ်သူမှမဏ္ဍာပ်လုပ်ဖို့ စကားမစတော့ပါဘူး။
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စတုဒီသာ မုန့်လုံးရေပေါ်လုပ်ကြတာကိုလဲ မမေ့ပါဘူး။ အချိန်က ပထမနှစ်တက်နေတုန်းအချိန်။ မုန့်ထဲမှာ ထန်းလျှက်နဲ့ ငရုတ်သီးစိမ်း ထည့်ပြီးလုံးတာလောက်တော့ဘာခက်လိမ့်မလဲလို့ ကိုယ့်ဘာကိုအထင်တွေကြီးပြီး လုပ်ကြတာ ထွက်လာတဲ့ မုန့်လုံးရေပေါ်က မာလိုက်တာမှ ကျောက်ခဲလေးတွေလိုပဲ။ မုန့်လုံးရေပေါ်ကို ကားရပ်ပြီးယူကြတဲ့ သင်္ကြန်ကားပေါ်ကသူတွေကို "နည်းနည်းတော့ မာသွားတယ်။ ဒါပေမဲ့ ကောင်းတယ်" လို့ပြောပြောပြီးဝေတာ မှတ်မိသေးတယ်။ နောက်ဆုံး ကျမတို့ရဲ့ အလွန်မာသော မုန့်လုံးရေပေါ်တွေ မကုန်နိုင်တော့ တယောက်နဲ့တယောက်ပစ်ပေါက်ကစားရင်း ကျမတို့ရဲ့ စတုဒီသာပွဲလေးအဆုံးသတ်သွားတော့တယ်။
နောက်ဆုံးသင်္ကြန်အတတ်နေ့ရောက်ပြီဆိုရင်တော့ စိတ်ထဲမှာ လွမ်းသလိုလို၊ စိတ်မကောင်းပဲဖြစ်သလိုလိုနဲ့။ မဏ္ဍာပ်တွေပေါ်က လူအချင်းချင်းလဲ "ဒီနေ့ နောက်ဆုံးနေ့နော်။ထိုင်မနေနဲ့။ နောက်နေ့ဆို ရေပက်ချင်လို့တောင် ပက်လို့မရဘူး" ဆိုပြီး အော်နေကြတော့ လူက ငိုချင်ရက် လက်တို့ဆိုတာမျိုး စိတ်ကမကြည်။ ရခိုင်ဘက်မှာ ( ကျမ အမှတ်မှားနေရင် ပြင်ပေးကြပါအုံးနော်) နှစ်ဆန်းတရက်နေ့အထိရေပက်တယ်ကြားဖူးတော့ စိတ်ထဲမှာ "အတတ်နေ့ညကို တယောက်ယောက်ကများ ရခိုင်ဘက်ကားနဲ့သွားမယ် လိုက်ခဲ့" လို့ခေါ်ရင်သိပ်ကောင်းမှာပဲလို့ တွေးမိတာခဏ၊ ခဏ။ မဏ္ဍာပ်ကရေသိမ်းပြီဆိုရင်လဲ အိမ်မပြန်ချင်သေး။ ဖြစ်နိုင်ရင် ငယ်ငယ်တုန်းကလို မြို့တော်ဝင်မဏ္ဍာပ်မှာ ညမိုးချုပ်အထိ အကအလှတွေ၊ ဆုပေးပွဲတွေကို ရေစိုစိုနဲ့ ငေးချင်သေးတာ။ကိုယ်တွေကသာ တနေကုန် မမောမပန်းနဲ့ သွားချင်သေးပေမဲ့ ညနေဘက် ရေသိမ်းချိန်မဏ္ဍာပ်မှာလာကြိုရတဲ့ သူငယ်ချင်းအကိုမှာတော့ မဏ္ဍာပ်ကိုညနေ ၅နာရီ၊၆နာရီလောက်ရောက်ဖို့ကို အိမ်ကအစောကြီးထွက်ရတာ သိနေတာဆိုတော့ အားနာစိတ်နဲ့ တခါမှမတောင်းဆိုဖူးပါဘူး။ အဖေကတော့ သင်္ကြန်တွင်းကားကိုမမောင်းချင်။ ဒီတော့ အိမ်ပြန်ရောက်၊ ရေမိုးချိုး၊ ထမင်းစားရင်းနဲ့ TVရှေ့မှာထိုင်ပြီး သတင်းကြည့်ရပါတယ်။ နှစ်ဆန်း၁ရက်နေ့ မနက်စောစော မိသားစုနဲ့ ဘုရားသွား ကုသိုလ်ကောင်းမှုလုပ်၊ ညနေကျတော့ ရက်ကွက်ထဲက တရားပွဲမှာ အိမ်ကအတာအိုးလေးသွားထားရင်း မိဘတွေနဲ့တူတူ တရားနာ။ နှစ်တိုင်းမြင်တွေ့ဖူးနေကြ၊ လုပ်နေကြသူတွေအတွက် သိပ်မထူးဆန်းလှပေမဲ့ ကျမတို့လိုအဝေးရောက်ပြီး သင်္ကြန်ကိုလွမ်းနေရသူတွေအတွက်တော့ အားလုံးအမှတ်ရစရာတွေကြီးပါပဲ။
မြန်မာအသိုင်းအဝန်းများတဲ့ စလုံးမှာနေတော့ မြန်မာနည်းတဲ့အခြားနိုင်ငံတွေနဲ့စာရင် ဆမ်ဘာဝမ်သင်္ကြန်တို့၊ ပိုလီသင်္ကြန်တို့သွားရင်း စိတ်ဖြေစရာရှိတယ်ဆိုပေမဲ့ တနိုင်ငံလုံး အုံးအုံးကြွက်ကြွက်နဲ့ ၄ရက်တိုင်တိုင်ပျော်ကြတဲ့ ပွဲနဲ့တော့အရသာဘယ်တူမလဲနော်။ ဒီနှစ်သင်္ကြန်မတိုင်ခင်က facebook ပေါ်မှာ အံ့အားသင့်စရာ ကြေငြာတခုတွေ့လိုက်ရတယ်။ မဏ္ဍာပ်မှာ ၂၅နှစ်အောက်၊ ကိုယ်အလေးချိန် ဘယ်လောက်ကနေ ဘယ်လောက်အတွင်းရှိတဲ့ ကောင်မလေးတွေကို ဖိတ်ခေါ်တဲ့သတင်း။ ၂၀ကို တော်တော်လေးကျော်ပြီး အရွယ်တော်တစိတ်ဟိုင်းနေတဲ့ကျမကိုတော့ ဘယ် မဏ္ဍာပ်မှလက်ခံမှာမဟုတ်ဘူးလို့တွေးမိလိုက်သေး။
သင်္ကြန်တွင်း facebook မှာတက်လာတဲ့သတင်းဓာတ်ပုံတွေထဲ လွန်လွန်ကြူးကြူးဝတ်စားထားပြီး ကနေတဲ့ မိန်းခလေးတွေပုံတနှစ်ထက်တနှစ်များလာတာကိုတွေ့ရတာတော့ စိတ်မကောင်းဘူးရယ်။ ဒါပေမဲ့ သူငယ်ချင်းတွေတင်တဲ့ပုံတွေထဲ လုံလုံခြုံခြုံ ခေတ်နဲ့အညီဝတ်စားဆင်ရင်ပြီး ရေကစားကြတဲ့ မိန်းခလေးပုံတွေ၊ စတုဒီသာမဏ္ဍာပ်တွေ့ရပြန်တော့ မြန်မာပြည်သင်္ကြန်က မြန်မာ့ယဉ်ကျေးမှုလုံးဝပျောက်၊ မြန်မာမိန်းခလေးတွေ ဖော်ချွတ် ဝတ်စားပြီး လူငယ်တွေမူးရူးသောက်စားကြတဲ့ပွဲလို့ ရေးကြတာတော့ စိတ်ထဲ မခံချင်ဖြစ်တာလိုလို ဝမ်းနည်းတာလိုလိုနဲ့။ ကိုယ်ကိုတိုင်ပြန်ပြီး မျက်စိနဲ့မြင်တာမဟုတ်တော့လဲ ကိုယ်တိုင်မျက်စိနဲ့ မြင်ခဲ့တဲ့မြင်တဲ့သူတွေနဲ့တော့ မငြင်းတော့ပါဘူး။ ကျမမှာ ကျမသိပ်ချစ်ရတဲ့သင်္ကြန် ကိုဘယ်လိုအရိပ်ဆိုးမျိုးမှမရှိစေချင်တဲ့ စိတ်ကလဲများနေတာကိုး။
" အင်တာနက်တွေခေတ်စားပြီး အွန်လိုင်းမီဒီယာတွေနဲ့ အင်မတန်လက်လှမ်းမှီလာတဲ့ ဒီခေတ်ကြီးမှာ မျက်လုံးထဲအမြင်မတော်တာတခုတွေ့တိုင်း ဝိုင်းဝန်းပြီးဘယ်လိုထိန်းသိမ်းရမလဲ၊ ပြု ပြင်ကြမလဲ စဉ်းစားကြရမဲ့အစား ဖုံးထုတ် ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်လိုက်မဟဲ့ ဆိုတဲ့စိတ်တွေပိုများ လာကြသလားလို့ ကျမတော့ထင်တာပဲ။"
သင်္ကြန်မတိုင်ခင်ကတည်းက facebookပေါ်မှာ နာမည်မျိုးစုံနဲ့ Pageတွေတခုပြီးတခုပေါ်လာလိုက်တာများ ..."သင်္ကြန် ဓာတ်ပုံလန်းလန်းလေးများ" တို့ "သင်္ကြန်မှာ ဖော်တဲ့သူများ" ဆိုတဲ့နာမည်ပေါင်းစုံနဲ့လေ။ မကောင်းတာကြီးကို ဒါလုံးဝမကောင်းဘူးလို့လူများမြင်အောင် ကြေငြာနေမဲ့အစား ဘယ်လိုဝိုင်းဝန်းပြီးပြုပြင်ကြရင်ကောင်းမလဲ စဉ်းစားပြီးလက်တွေ့အကောင်အထည်ဖော်ကြတာအကျိုးမရှိပါလား။
စိတ်ကူးနဲ့လက်တွေ့တထပ်ထဲကြခဲ့ရင်ပေါ့လေ.. သင်္ကြန်မတိုင်ခင် ၃-၄ရက်စောပြန်ပြီး မင်္ဂလာဈေးကအဒေါ်ဆိုင်ကိုလိုက်ကူရင်း အသိတွေနဲ့ဈေးထဲမှာတွေ့ရင် ခွင့်တောင်းပြီးရေလိုက်လောင်းအုံးမယ်။ အကြိုမတိုင်ခင်တရက် ကြရင်တော့ ခုသိပ်မစည်တော့ဘူးလို့ပြောကြတဲ့ စကော့ဈေးကိုသွားလည်ပြီး မုန့်လေးဘာလေးစား။ ညနေပိုင်းရောက်ရင် ဟိုးအရင်ကလို မဏ္ဍာပ်တွေများတဲ့လမ်းဘေးမှာ ကားထိုး၊ သူငယ်ချင်းတစုနဲ့ လမ်းလျှောက်ရင်း မဏ္ဍာပ်တွေငေးချင်သေးတာ။ အကြိုနေ့မနက်စောစော အမေနဲ့ ဟင်းချက်စရာဈေးကိုလိုက်၊ အဝါရောင်ပိတောက်ပန်းတွေတဝ ဝယ်၊ အိမ်ရောက်ရင် သိကြားမင်းကြီးကိုကြိုဖို့ အမေနဲ့အတူတူအတာအိုးလေးထိုးပေါ့။ ပြီးပြီဆိုရင် ရက်ကွက်ထဲဖြစ်ဖြစ်၊ ရိပ်သာတခုခုမှာဖြစ်ဖြစ် သက်ကြီးအဖိုးအဖွားတွေကို လက်သည်းခြေသည်းညှပ်၊ ခေါင်းလျှော်ပေးချင်တယ်။အကျနေ့ဆိုရင် ရေကစားလို့ရပြီ။ မနက်ပိုင်းရေကစားပြီး ညနေကျရင်တော့ ဟိုအရင်ကမအောင်မြင်ခဲ့တဲ့ မုန့်လုံးရေပေါ်စတုဒီသာကို မကျေပွဲပြန်နွှဲရင်း လာသမျှ လူတွေ၊ ရေပက်ခံကားတွေကိုဝေမယ်လေ။ အကြတ်နေ့နဲ့ အတတ်နေ့ နေ့လည်ပိုင်းကို လိုက်ကြည့်ထားတဲ့မဏ္ဍာပ် တခုခုမှာထိုင်ပြီးရေပက်။ အတတ်နေ့နေ့လည်စာစားပြီးချိန်လောက်ဆိုရင်တော့ ရေပက်ခံကားလေးနဲ့ မြို့အနှံ့လည်ရင်း မြို့တော်ဝန်မဏ္ဍာပ်ရှေ့မှာ ညဘက်အထိ အကအလှတွေ၊ ဆုပေးပွဲတွေကြည့်ရင်း မြန်မာနှစ်ကူးကိုကြိုကြတာပေါ့။ နောက်နှစ်လောက်တော့ ကျမစိတ်ကူးတွေအကောင်အထည်ပေါ်ပါစေလေ။
ရင်ထဲကသင်္ကြန် ၁
ရင်ထဲကသင်္ကြန်၂
No comments:
Post a Comment