Tuesday, 15 April 2014

ရင်ထဲကသင်္ကြန် ၂

မြေသင်းနံ့။ ဟုတ်တယ် သင်္ကြန်အကြောင်းစဉ်းစားလိုက်တိုင်း မှတ်မိနေတဲ့အထဲမှာ ကျမအခန်းဘေးက မြေကွက်လပ်ကရတတ်တဲ့ မြေသင်းနံ့ကို တခုတ်တရအမှတ်ရတုန်းပဲ။ ကျမက သင်္ကြန်နားနီးတဲ့အခါ ညဘက်တွေမှာ ပြတင်းပေါက်တံခါးကို တမင်တကာကိုပဲ ဖွင့်အိပ်လေ့ရှိပါတယ်။ သင်္ကြန်ကြိုမိုးလေးများရွာတဲ့အခါ မနက်အိပ်ရာကနိုးနိုးချင်းရတတ်တဲ့ မြေသင်းနံ့ကိုရှူ၊ ဟိုးခပ်ဝေးဝေးက အလှူခံမဏ္ဍာပ် ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်တခုခုဆီကနေ လွင့်လာတတ်တဲ့ သင်္ကြန်သီချင်းလေးနားထောင်ပြီး အိပ်ရာထရတာလောက် ကျမပျော်တာမရှိပါဘူး။ ပထမဆုံး မဏ္ဍာပ်ပေါ်သွားခွင့်ရတဲ့နှစ်က သင်္ကြန်အကြိုနဲ့ မနက်မှာ မှတ်မှတ်ရရ မိုးရွာပါတယ်။

အခုဆိုအကြိုနေ့ မနက်လောက်ကတည်းက ရေကစားကြပါတယ်။ ကျမပျော်ခဲ့ရတဲ့၂၀၀၀ခုနှစ်များကတော့ အကြိုညနေပိုင်းလောက်မှ မဏ္ဍာပ်ဖွင့်ပွဲလုပ်၊ ရေခဏလောက်စမ်း ဒီလောက်ပါပဲ။ အကြိုနေ့မတိုင်မီတရက်က အဖေနဲ့အမေက ကားနဲ့ ကျမသူငယ်ချင်းတွေနဲ့သွားမဲ့ ရေကစားမဏ္ဍာပ်ကိုလိုက်ကြည့်ပါတယ်။ ဆရာစံလမ်းတလျှောက် ထိုးထိုးထောင်ထောင်မဏ္ဍာပ်တွေကြား ကျမတို့မဏ္ဍာပ်က ၂ထပ်၊ အမိုးအကာနဲ့ ဆေးအဖြူရောင်ပေါ်မှာ ပန်းပွင့်ရောင်စုံလေးတွေခြယ်လို့ ငြိမ်ငြိမ်ဆိတ်ဆိတ်။ အဖေနဲ့အမေက "မဏ္ဍာပ်က အမိုးအကာနဲ့ ချစ်စရာလေး" ဆိုတော့မှ ရင်ထဲကအပူလုံးကြီးကြသွားတော့တယ်။ ကပ်မှမကစားရတော့ဘူးလို့ တားမှာစိုးရိမ်နေတာလေ။ နောင်နှစ် နောက်နှစ်တွေကြတော့ အိမ်ကပထမနှစ်ကလောက်စိတ်မပူတော့ပါဘူး။ ကိုယ်ကလဲ စိတ်မပူရအောင်လို့တော့နေရတာပေါ့လေ။ အသိတွေ အမတွေရှိတဲ့မဏ္ဍာပ်တွေပဲပေးသွားရာကနေ နောက်တော့ ဆရာစံလမ်းတလျှောက်၊ အင်းယားလမ်းတလျှောက် သူငယ်ချင်းတအုပ်နဲ့ တနေရာမှာကားထိုး၊ လမ်းလျှောက်၊ မဏ္ဍာပ်တွေပတ်ကြည့်၊ လက်ကမ်းစာစောင်တွေယူ၊ ဈေးတွေဆစ်။ လမ်းတလျှောက်လူငယ်တွေအပြည့်နဲ့ ဧပြီညနေခင်းခင်းတွေက လဆန်းပိုင်း မဏ္ဍာပ်တွေစဆောက်ချိန်ကစပြီးအသက်ဝင်လှပပါတယ်။။

သင်္ကြန်ကျပြီဆိုတော့ မဏ္ဍာပ်ကိုဘာဝတ်ရမလဲစဉ်းစားရပြီ။ သွားမှာကကိုယ်နဲ့ရွယ်တူ မိန်းကလေးချောချောလှလှလေးတွေ။ မဏ္ဍာပ်မှာလဲချောချောလှလှလေးတွေ တပုံကြီးအများကြီးရှိမှာက မြေကြီးလက်ခတ်မလွဲ။ လွန်လွန်ကြူးကြူးဝတ်မိလို့များ တစိမ်းယောကျားလေးတွေ တမျိုးထင်မှာကလဲစိုးရိမ်။ အလကားပေးတာတွေသောက်မိရင် ကိုယ့်ကိုဘာလုပ်မှန်းမသိတော့ဘူးဆိုတာမျိုးတွေကလဲ နားစွန်နားဖျားကြားဘူးထားတာ။ ခေတ်မှီအောင်တော့ဝတ်မှဖြစ်မှာလေ။ တော်ကြာကိုယ့်ကိုရေမလောင်းကြရင် ဘယ်လိုလုပ်မတုန်း။ သူငယ်ချင်းတွေအကုန်လုံးကိုလောင်းပြီး ကျမကိုကျော်သွားမှာလဲ ပြေးစိုးရိမ်လိုက်သေးတယ်။ ဒီအချိန်မျိုးမှာ ယောကျားလေးတွေအားမနာတတ်ပုံတွေကို ငယ်ငယ်ကတဲကမြင်ဖူးနေကြကို။ ချောတဲ့ လှတဲ့မိန်းကလေးမျိုးကိုမှ လူအားလုံးထဲကရွေးပြီး ရေလောင်းတာတို့၊ ရေမွှေးဖြန်းတာတို့၊ တချို့များဆို စံပယ်ပန်းတွေ၊ ပိတောက်ပန်းတွေစိမ်ထားတဲ့ ရေနဲ့တောင်လောင်းကြသေးတာ။ ရေမွှေးအနံ့မကြိုက်တာ၊ ပန်းအနံ့မကြိုက်တာတို့က နောက်မှလာတဲ့ပြသနာ။ မိန်းကလေးပီပီ ကိုယ့်ကိုတော့ ရွယ်တူတွေကအသိအမှတ်ပြုစေချင်တာအမှန်ပါပဲ။ခုချိန်ပြန်တွေးမိရင်တော့ "ငါတော်တော်ကြောင်တာပါလား" လို့ထင်မိပေမဲ့ ဒီနေ့မနက်ဖြန်မဏ္ဍာပ်သွားဆိုရင်တော့ကျမ ဒီလိုပဲစဉ်းစားအုံးမှာပါ။ မိန်းကလေးကိုး။ တကယ်တမ်း မဏ္ဍာပ်ပေါ်ရောက်သွားတော့လဲ အားလုံးရေတူတူဆော့ရင်းနဲ့ ရေစိုတာပါပဲ။ အားလုံးကိုရေလောင်းပြီး ကျမတယောက်ထဲ ချန်သွားတာမျိုးမကြုံခဲ့ရတဲ့အတွက်တော့ သင်္ကြန်မှာရေလောင်းခဲ့ကြတဲ့သူတွေကို မမှတ်မိပေမဲ့ကျေးဇူးတင်ပါတယ်။ အဝတ်အစားအကြောင်းပြောရင်းလက်စနဲ့ပဲ အင်တာနက်ပေါ်မှာရေးကြတဲ့" မြန်မာသင်္ကြန်မှာ အနောက်တိုင်းယဉ်ကျေးမှူကိုအတုယူမှားနေကြတယ်။ အရင်တုန်းက မိန်းကလေးတွေဆိုဘယ်လိုမျိုးဝတ်တာ" ဆိုတာမျိုးတွေကို မြင်ရတော့ နည်းနည်းလောက်သဘောမတူချင်ပါဘူး။  ခုလက်ရှိသင်္ကြန်အနေအထားနဲ့တော့ ထမိန်ကဘယ်လိုမှအဆင်မပြေပါဘူ။ လွန်လွန်ကြူးကြူးဝတ်တာတွေကို မြန်မာမိန်းကလေးတယောက်အနေနဲ့ သဘောမကျပေမဲ့ ထမိန်ကတော့ ရေစိုတဲ့အခါ ဂျင်းပန်ထက်တောင် ပိုပြီး စက်ဆီကျပါသေးတယ်။တီရှပ် နဲ့ဂျင်းပင် ဂျင်းစကပ်လောက်ကတော့ ကျမသဘောအရ အဆင်ပြေတယ်ထင်တာပါပဲ။

မသိတဲ့သူတွေပေးတဲ့ မုန့်တွေ၊ အရေတွေ မစားမသောက်ရဘူးဆိုလို့ပထမနှစ် သင်္ကြန်မဏ္ဍာပ်ပေါ်မှာတွေ့တဲ့ တိုင်ဝမ်ကတရုတ်ဦးလေးကြီးတွေပေးသမျှ ကြက်ကင်တွေ၊ ကိုကာကိုလာဘူးတွေ ရေပတ်ခံကားတွေပေါ်ကသူတွေကိုပြန်ဝေဖူးတာ မှတ်မိပါသေးတယ်။ ကျမကလဲ ဘိုလိုသိပ်မတတ်၊ သူတို့ကလဲ "hello" "eat eat" ဆိုပြီး လက်ဟန် ခြေဟန်နဲ့ စားဖို့ပြောရုံပဲ တတ်တာပါ။  ဘာလို့မှန်းမသိ သူတို့မုန့်ဝယ်စားတိုင်း မုန့်တွေဝယ်ဝယ်လာပြီးပေးပါတယ်။ တခြားဘာမှတော့လာမပြောပါဘူး။ မဏ္ဍာပ်ပေါ်က ကျမသူငယ်ချင်းယောကျားလေးတွေကတော့ "thank you" "thank you" နဲ့အဆင်ကိုပြေလို့။ ကျမ မစားသမျှ သူတို့ကဒိုင်ခံစားတာ။ သင်္ကြန်တွင်းမှာ ကြက်ကင်တို့ ဘာတို့ဆိုတာ အင်မတန်ဈေးကြီးတာကိုး။ အသက်လေးနဲနဲရလာပြီး လူကောင်းလူဆိုး နဲနဲပါးပါးအကဲခတ်တတ်ချိန်မှာတော့ မုန့်တွေခဏခဏလာပေးတတ်တဲ့ တိုင်ဝမ်ကတရုတ်ဦးလေးကြီးတွေနဲ့ မဆုံတော့ပါဘူး။

ဆက်ပါအုံးမည်။

ရင်ထဲကသင်္ကြန် ၁

No comments:

Post a Comment