Wednesday 22 October 2014

King Cross ဘူတာရုံ၊ ပလက်ဖောင်း ၉-၃/၄ နဲ့ ဟော့ဝပ်မှော်အတတ်သင်ကျောင်း

ကျမနဲ့ ဟယ်ရီပေါ်တာ
ထောင့်ဖြတ်လမ်းကြား နဲ့ Gringottsဘဏ်တိုက်
 

စက်တင်ဘာ ၁၊ ၂၀၁၄

နှစ်စဉ်နှစ်တိုင်းရဲ့  စက်တင်ဘာ ၁ရက်နေ့ ဆိုရင် ဟော့ဝပ်မှာကျောင်းတက် ရမဲ့ ကျောင်းသူ၊ကျောင်းသားလေးေ တွက လန်ဒန်မြို့က King Cross ဘူတာရုံကို ရထား စီးဖို့ရောက် လာကြပါပြီ။  ဟော့ဝပ်ရထား လက် မှတ် ကို ကျောင်းစာသင်နှစ်မတိုင်ခင် စာအုပ်စာရင်းနဲ့အတူတူ ပို့ပေးလေ့ရှိပြီး ကျောင်းသားတွေက စက်တင်ဘာ ၁ရက်နေ့မှာ  ဟော့ဝပ်ရထားစီးဖို့ ပလက်ဖောင်း ၉-၃/၄ ( ကိုး လေးပိုင်းသုံးပိုင်း) ကို လာရမှာဖြစ်ပါတယ်။ မနက်၁၁နာရီအတိ မှာတော့  ဟော့ဝပ်ရထားကြီးက လန်ဒန် King Cross မှတ်တိုင်ကနေ  စကော့ တ လန်ပြည်
နယ်မှာရှိတဲ့ Hogsmeade ဆိုတဲ့ ရွာလေးကိုပြေးဆွဲပါလိမ့်မယ်။

ယူနီဗာဆယ် စတူဒီယိုမှာ Universal Studios Florida နဲ့ Island of Adventure ဆိုပြီး theme park နှစ်ခု ခွဲထားပါတယ်။ လန်ဒန်မှာရှိတဲ့ ထောင့်ဖြတ်လမ်းကြား နဲ့ King Cross ဘူတာရုံတို့က Universal Studios Florida ဘက်ခြမ်းမှာရှိပြီး Hogsmeade နဲ့ ဟော့ဝပ်ရဲတိုက်ကြီးကတော့  Island of Adventureမှာရှိပါတယ်။ ဟယ်ရီပေါ်တာ theme park နှစ်ခုကိုဆက်သွယ်ထားတာကတော့ ဇာတ်လမ်းထဲကအတိုင်း "Hogwarts Express" လို့ခေါ်တဲ့ မှော်ပညာသုံး ဟော့ဝပ်ရထားကြီးပါပဲ။ 

King Cross ဘူတာရုံဆိုတာ လန်ဒန်မှာတကယ်ရှိတာပါ။ ဒီဘူတာရုံကနေ စကော့တလန် အရှေ့ ပိုင်း နဲ့ မြောက်ပိုင်းကိုပြေးဆွဲတဲ့ ရထားတွေလဲတကယ်ရှိပါတယ်။ ဒါဆို ဟော့ဝပ်ရဲတိုက်ကြီးကိုသွားဖို့ ဘယ်မှတ်တိုင်၊ ဘယ်ဘူတာရုံမှာ ဆင်းရမလဲဆိုတော့ လွယ်ပါတယ်... ပလက်ဖောင်း  ၉-၃/၄ ကိုတွေ့အောင်ရှာပြီး Hogwarts Expressကို ဂိတ်ဆုံးတဲ့အထိ စီးသွားရုံပါပဲ။ ပလက်ဖောင်း  ၉-၃/၄ကိုရောက်ဖို့အတွက် အရင်ဆုံး မက်ဂယ်တွေရဲ့ ရထားလမ်းနဲ့ မှော်ဆရာတွေရဲ့ ရထားဆိုက်တဲ့ ပလက်ဖောင်းကိုခြားထားတဲ့ နံရံကြီးကို အရင်ရှာရပါမယ်။ ကိုယ့်မှာ မှော်ပညာအစွမ်းအစရှိလို့ နံရံကြီးထဲကို တိုးဝင်လို့ရခဲ့ရင်တော့  မှော်ဦးထုတ်ချွန်တွေ ဆောင်းထားတဲ့ ပလက်ဖောင်း  ၉-၃/၄ က ရထားဝန်ထမ်းတွေက Hogwarts Express ရှိရာကို လမ်းညွှန်ကြပါလိမ့်မယ်။ 


 


စက်တင်ဘာ၁ရက်နေ့မှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ ပလက်ဖောင်း ၉ နဲ့ ပလက်ဖောင်း ၁၀ကြားထဲမှာရှိတဲ့ နံရံကြီးဆီကို တိုးဝင်ပျောက်ကွယ်သွားရင် မအံ့ဩပါနဲ့နော်။


Universal Studios Florida နဲ့ Island of Adventureကို ၄မိနစ်လောက် ရထားစီးရပါတယ်။ ရထားပေါ်ရောက်ရင် ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲကအတိုင်း ဟောင်းနွမ်းနေသလိုရှိတဲ့ မျက်နှာချင်းဆိုင် ဆိုဖာခုံ ၂ခု နဲ့   ပြတင်းပေါက် တခုပါတဲ့ အခန်းလေးထဲမှာ နေရာရပါမယ်။ အခန်းတခန်းမှာ ၈ယောက်လိုက်ပါစီးနင်းခွင့်ရှိပါတယ်။ ဟယ်ရီဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်တဲ့ ရွန်နဲ့ ဟာမီရွန်ကို ဒီရထားကြီးပေါ်မှာစပြီးတွေ့ခဲ့တာဆိုတော့ ကျမတို့လဲ ရထားတူတူစီးခဲ့တဲ့ မိသားစုနဲ့ မိတ်ဖွဲ့ခဲ့ပါတယ်။



ရထား ပြတင်းပေါက်ကနေ ဟော့ဝပ်ကျောင်းစောင့်ကြီး ဟက်ဂရစ်လက်ပြနှုတ်ဆက်နေတာကိုတွေ့ပြီး မကြာခင်မှာပဲ Hogsmeade ဘူတာရုံကို ရထားဆိုက်ပါတယ်။ 

Hogsmeade station
 
 Hogsmeade village
 

Hogsmeadeရွာကလေးက ကျမ ဖတ်ဖူးတဲ့အတိုင်း ရွာအလယ်လမ်းမကြီးရဲ့ တဖက် တ ချက် နှင်းတွေ ဖုံးနေတဲ့ပုံစံ ခေါင်မိုးလေးတွေနဲ့စီစီရီရီပါ။ Hogmeadeရွာရဲ့ အလှရှုခင်းကို JK Rowlingက ခရစ်စမတ်ကဒ် ထဲတွေမှာတွေ့ရတတ်တဲ့ အလှရှုခင်းမျိုးနဲ့တူတယ်လို့သူ့စာအုပ်ထဲမှာခိုင်းနှိုင်းထားပါတယ်။ ၃၅ဒီဂရီလောက် ရှိတဲ့ အော်လန်ဒိုရဲ့နေရောင်အောက်မှာ နှင်းတွေဖုံးပြီး မြူခိုးတွေဝေနေတဲ့  ခရစ်စမတ်ကဒ်ထဲကရှုခင်းမျိုး မတွေ့ရတာကလွဲလို့ Hogmeadeဟာအသက်ဝင် လှပပါတယ်။ရွာထဲကိုဝင်လိုက်တာနဲ့ ဈေးသည် ဈေးဝယ်တွေနဲ့ ပျားပန်းခတ်မျှ စည်ကားနေတဲ့ ဈေးဆိုင်အမျိုးမျိုးကိုတွေ့ရမှာပါ။

ဟယ်ရီပေါ်တာ စာအုပ်တွေ ရုပ်ရှင်တွေထဲမှာ ထင်ရှားတဲ့ ဘာတီဘော့ရဲ့ အရသာမျိုးစုံပါတဲ့ သကြားလုံးတွေ(
Every flavor beans) ၊ထောပတ်ဘီယာတွေ နဲ့ တခြားထူးထူးဆန်းဆန်း စိတ်ဝင်စားစရာကောင်းတဲ့ သကြား လုံး၊ ချောကလက်၊ တော်ဖီ နဲ့ ပီကေတွေရောင်းတဲ့ ကလေးလူကြီးကြိုက် Honeydukes သကြား လုံး ဆိုင်၊  ဟော့ဝပ်ကျောင်းအုပ်ဆရာကြီး Albus Dumbledore ရဲ့ ညီ Mr. Alberforth Dumbledore ပိုင်တဲ့ Hog's Head နဲ့ Madam Rosmerta ရဲ့ တံမြက်စည်းသုံးချောင်း ( the Three Broomsticks) စားသောက်ဆိုင်တို့က မသွားမဖြစ်သွားကြည့်ရမဲ့နေရာတွေပေါ့။

ဘာတီဘော့ရဲ့ သကြားလုံးတွေမှာ ချောကလက်တို့၊ ဘလူးဘယ်ရီ အစရှိတဲ့ အချိုအရသာတွေအပြင် ငရုတ်ကောင်း၊မြက်၊ဆပ်ပြာအစရှိတဲ့ထူးထူးဆန်းဆန်း သကြားလုံးအရသာတွေကိုလဲ စားရမှာပါ။ 


ကျောင်းသူကျောင်းသားတွေအကြိုက်အရက်မပါတဲ့ ထောပတ်ဘီယာ
 
Hog's Head Pub


ဒါတွေအပြင် ဟယ်ရီပေါ်တာစီးရီးထဲမှာ လူကြိုက်များထင်ရှားတဲ့ အသက်ဝင်နေတဲ့ Chess set မှော်စစ် တုရင် ရုပ်တွေ၊ ဟော့ဝပ်ကျောင်းမှာအသင်းခွဲပေးတဲ့ Sorting Head၊  ဟော့ဝပ်အသင်း ၄သင်းရဲ့ တံဆိပ်တွေ၊ ဟယ်ရီ ဖေဖေဂျိမ်းစ် (James Potter) ၊ ဂေါ့ဖားသား စီးရီးရက် (Sirius Black) နဲ့ ပရော်ဖက်စာလူပင် (Lupin) တို့  ဟော့ဝပ်မှာကျောင်းနေတုန်း မှော်အတတ်နဲ့ ပြုစားထားတဲ့ Maruders Map နဲ့ တခြား လက်ဆောင် ပစ္စည်းတွေရောင်းတဲ့ Filch's Emporium of Confiscated Goods နဲ့ ဇီးကွက်စာပို့ရုံ (Owl Post) ကိုလဲ သွားလေ့လာလို့ရပါတယ်။  

 
Maruders Map

 စာပို့တဲ့ဇီးကွက်လေးတွေရဲ့ နားနေခန်း


Hogsmeadeမှာ လည်လို့ဝပြီဆိုရင်တော့ ဟော့ဝပ်ကျောင်းကိုသွားဖို့အချိန်တန်ပါပြီ။  ဟော့ဝပ်ရဲတိုက်ကြီး (Hogwarts Castle) က Hogsmeade ရဲ့အဆုံးမှာ ထီးထီးမားမားကြီးတည်ရှိပါတယ်။ သာမန် အချိန်တွေ ဆိုရင် ဟော့ဝပ် ရဲတိုက်ကြီး ကို မှော်ပညာနဲ့ ဖျောက်ထားပေမဲ့  မက်ဂယ်တွေကိုချစ်တဲ့ ကျောင်းအုပ်ဆရာကြီး ပရော်ဖက်ဆာ Albus Dumbledoreက   ဟော့ဝပ်ရဲတိုက်ကြီးကို ဝင်လေ့လာဖို့ ဖိတ်ခေါ်ထားလို့ သာမန် မျက်စိနဲ့ မြင်ရတာပါ။ ရိုလာကိုစတာ စီးဖို့စောင့်ရင်းနဲ့  ဟော့ဝပ်ရဲတိုက်ကြီးရဲ့ ထင်ရှားတဲ့အမှတ်အသားတွေဖြစ်တဲ့ စကားပြောတဲ့ ပန်းချီကား၊ဓာတ်ပုံတွေ၊  Dumbledoreရဲ့  ရုံးခန်း၊  ဟော့ဝပ်ကျောင်းရဲ့ အထင်ရှားဆုံး ဂရစ်ဖင်ဒေါ (Gryffindor) အသင်းရဲ့  စုပေါင်းနားနေခန်းတွေကို လေ့လာခွင့်ရမှာပါ။မိစ္ဆာအတတ်ကို ကာကွယ်တဲ့အတတ်ကို သင်ပေးတဲ့ စာသင်ခန်းမှာ ဟယ်ရီတို့ သူငယ်ချင်း၃ရောက်နဲ့ စကားပြောပြီးရင်တော့ "Room of Requirements" လို့ခေါ်တဲ့ အခန်းထဲကနေပြီး  ဟော့ဝပ်ရဲတိုက်ကြီး၊ "Forbidden Forest" နဲ့ "Quidditch ကစားကွင်း" တွေကို ရိုလာကိုစတာ စီးပြီး သွားလည်လို့ရပါပြီ။ 


စကားပြောတဲ့ ပန်းချီကားများ 
 ကျောင်းအုပ်ကြီးရုံးခန်း(ပုံကိုGoogle ကယူပါတယ်)


ဟယ်ရီပေါ်တာ ပရိတ်သတ်တွေက  ဟော့ဝပ်နဲ့ ရင်းနှီးပြီး သား ဆိုတော့  ဟော့ဝပ်ကျောင်း ရဲ့အသင်း၎သင်း အကြောင်း၊ Room of Requirements၊ Forbidden Forest နဲ့Quidditch ကစားနည်းတွေကို သိပြီးသားဖြစ်မှာပါ။ ဟယ်ရီပေါ်တာနဲ့ သိပ်မနီးစပ်တဲ့သူတွေအတွက် ဒီမှာနည်းနည်းရှင်းပြချင်ပါတယ်။

 ဟော့ဝပ်ကျောင်းမှာအသင်းလေးသင်းရှိပါတယ်။ ကျမတို့ငယ်ငယ်က အထက်တန်းကျောင်းမှာ အဝါအသင်း၊ အစိမ်းအသင်းဆိုပြီးရှိသလိုပါပဲ။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာနေတဲ့တလျှောက် ကိုယ့်အသင်း နဲ့အတူတူအိပ်ရ၊စားရ၊စာသင်ရပါတယ်။ တခုပဲထူးခြားတာက အသင်းခွဲနည်းပါ။ ပထမနှစ်ကျောင်းသားလေးတွေကို Sorting Headလို့ခေါ်တဲ့ မှော်ဦးထုပ်ချွန်ကြီးဆောင်းပေးပြီး စစ်ဆေးပါတယ်။ ဦးထုပ်ကြီးက ကျောင်းသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ညဏ်ပညာအပေါ်မူတည်ပြီး ရဲရင့်တဲ့သူတွေဆို ဂရစ်ဖင်ဒေါ (Gryffindor) ၊ လုံ့လဝီရိယရှိပြီး သစ္စာစောင့်သိတဲ့သူမျိုးဆို ဟတ်ဖယ်ပတ် (Hufflepuff)၊ ညဏ်ပညာကြီးပြီး လေ့လာချင်စိတ်ပြင်းပြတဲ့သူမျိုးဆို ရေဗင်ကလော (Ravenclaw) နဲ့ ပါးနပ်သလောက် ရည်မှန်းချက်ကြီးမားပြီး လိုချင်တာကိုမဖြစ်ဖြစ်အောင် ရတဲ့နည်းနဲ့ယူတတ်တဲ့ သူမျိုးအတွက် စလီသရင် (Slytherin) စသည်ဖြင့်အသီးသီးခွဲပေးပါတယ်။  



Room of Requirements ကတော့  ဟော့ဝပ်ရဲတိုက်ကြီးမှာရှိတဲ့အခန်းတခန်းပါ။ တကယ်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့သူအရှေ့ပေါ်လာတတ်ပါတယ်။ အခန်းအနေအထား အပြင်အဆင်၊ အခန်းတွင်း ပရိဘောဂတွေကလဲ လိုအပ်မှုပေါ်မှာမူတည်ပြီးအပြောင်းအလဲရှိပါတယ်။ ဥပမာ - ပစ္စည်းတွေဝှက်ချင်တဲ့ သူမျိုးအတွက် ဗီဒိုတွေ၊ မိစ္ဆာရန်ကိုကာကွယ်တဲ့အတတ်လေ့ကျင့်ဖို့အတွက် ခန်းမကျယ်ကျယ်တွေ၊ မိန်းကလေးတွေအတွက် အိမ်သာတွေစသဖြင့်ပေါ့။ ဒါကြောင့် ကျမတို့ အင်မတန် သွားလည် ချင်နေတဲ့ ဟော့ဝပ်ရဲတိုက် ကြီး နဲ့ ကျောင်းပတ်ဝင်းကျင်ကို သွားဖို့ ရိုလာကိုစတာကလဲ ဒီRoom of Requirementsထဲမှာ ရှိတာပါ။  


Forbidden Forestကတော့ ပထမနှစ်ကျောင်းသားတွေအတွက် မသွားရနယ်မြေဆိုပါတော့။ Forbidden Forestထဲမှာ ဧရာမပင့်ကူကြီးတွေ၊ ဂျိုတချောင်းနဲ့ မြင်းပျံတွေ၊ လူတပိုင်း မြင်းတပိုင်းတွေစသည်ဖြင့် အသိဉာဏ်မြင့်သောသတ္တဝါတွေအများအပြားရှိပါတယ်။ တောထဲက သတ္တဝါတွေနဲ့ ရင်းနီးပြီး သူတို့ ကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ ကျွမ်းကျင်တဲ့ ကျောင်းစောင့်ကြီး ဟက်ဂရစ်ကလွဲရင် သွားလည်ဖို့အန္တရာယ်များပါတယ်။ 

Quidditch တော့ မှော်ဆရာတွေရဲ့  လူကြိုက်အများဆုံးအထင်ရှားဆုံး ကစားနည်းတခုပါ။ ကျမ တို့ ရဲ့ ဘောလုံးကစားနည်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မှော်ဆရာတွေက တံမြက်စည်းပျံစီးတတ်တာဆိုတော့ ဂိုးတိုင်တွေကတော့ ဘောလုံးလို မြေပြင်မှာမဟုတ်ပဲ လေထဲမှာပါ။ ပြီးတော့ ဘောလုံး တလုံးထဲနဲ့ ကစား တာမဟုတ်ပဲ ဘောလုံး၃လုံး နဲ့ တောင်ပံပါတဲ့ ရွှေဘောလုံးခပ်သေးသေးတလုံး (Golden Snitch) ပါပါတယ်။ အားကစားသမားတွေက ကွာဖယ် (Quaffle) လို့ခေါ်တဲ့ ဘောလုံးကို သယ်ပြီး တဖက်အသင်းရဲ့  ဂိုးပေါက်ထဲ ဂိုးသွင်းဖို့ကြိုးစားရသလို၊ ဘလတ်ဂျာ (Bludger) လို့ခေါ် တဲ့ ပြုစား ထား တဲ့ ဘောလုံးနှစ် လုံးနဲ့ မထိခိုက် မိအောင်ရှောင်ရပါတယ်။ ကိုယ့်အသင်းရဲ့  Seekerက  ရွှေဘောလုံးလေးကိုရှာတွေ့ရင်တော့ အမှတ်၃၅၀ရပြီး ပြိုင်ပွဲမှာအနိုင်ရမှာဖြစ်ပါတယ်။  

ဒါကQuidditchကစားတဲ့ ဘောလုံးတွေပါ။ အဖုံးမှာကပ်ထားတာလေးက တောင်ပံပါပြီး အင်မတန်မြန် တဲ့ ရွှေဘောလုံးလေးပါ။ အနီရောင်အကြီးက ကွာဖယ်ဖြစ်ပြီး အညိုရောင်နှစ်လုံးက ဘလတ်ဂျာပါ။
(ပုံကိုGoogle ကယူပါတယ်)


 
ကျမအနေနဲ့ကတော့ ဟယ်ရီပေါ်တာ theme park ကြီးတခုလုံးမှာဒီ Forbidden Journey Ride ကိုအကြိုက်ဆုံးပါပဲ။ ရိုလာကိုစတာစီးချိန်ကလဲ မကြာဘူးဆို ၂ မိနစ်ကျော်ကျော်လောက်ကြာ တဲ့အပြင် စောင့်ရ တဲ့နေရာကလဲ ရဲတိုက်ကြီးထဲမှာဖြစ်တဲ့အတွက် နေလဲမပူ၊ ကြည့်စရာတွေ အပြည့်နဲ့ဆိုတော့ ပျော်စရာကြီးပါ။ လုံခြုံရေးအတွက် အထဲကို ဘာအိတ်မှသယ်ခွင့်မပေးတော့ ဓာတ်ပုံကောင်းကောင်းရိုက်ခွင့်မရတာလေး တခုပါပဲ။ ရိုလာကိုစတာမစီးပဲ ဟော့ဝပ်ရဲတိုက်ကြီးကိုပဲသက်သက်လည်မယ်ဆိုရင်တော့ အိတ်ယူခွင့်ရမယ်ထင်ပါတယ်။


Island of Adventure ဟယ်ရီပေါ်တာ theme parkမှာ Forbidden Journey Ride  အပြင် Dragon Challenge နဲ့ Flight of the Hippogriff လို့ခေါ်တဲ့ ရိုလာကိုစတာတွေလဲရှိပါတယ်။ Hogsmeade နဲ့  ဟော့ဝပ်မှာ လည်လို့ဝပြီဆိုရင်တော့ Hogsmeade ဘူတာရုံကနေပြီး လန်ဒန် King Cross မှတ်တိုင် ကို ဟော့ဝပ် ရထားကြီးပြန်စီးပြီး ပြန်လို့ရပါပြီ။

ကျမခရီးကပြန်ရောက်တဲ့အခါ လုပ်ဖော်ကိုင်ဘက်တွေက ခရီးစဉ်အကြောင်းမေးရင်းနဲ့ "နင် ဟယ်ရီပေါ်တာ theme park ကိုထပ်သွားခွင့်ရရင် သွားချင်သေးလားလို့" မေးပါတယ်။ ကျမအတွက်ကတော့ ကိုယ် ဖတ်ဖူး၊  မြင်ဖူးတာတွေကို မျက်ဝါးထင်ထင်  တွေ့ကြုံခံစားခွင့်ရတာလောက် စိတ်လှုပ်ရှား စရာကောင်း တာမရှိပါဘူး။  Universal Studios Florida နဲ့ Islands of Adventureဆိုပြီး parkနှစ်ခုဖွင့်ထားတာတောင် စာအုပ်ထဲက စိတ်ဝင်စားစရာနေရာတွေ အများကြီးကျန်ပါသေးတယ်။ ယူနီဗာဆယ်အနေနဲ့ ဟယ်ရီပေါ်တာ theme park ကိုထပ်ပြီးတိုးချဲ့မယ်ဆိုရင် ပရိတ်သတ်တယောက်အနေနဲ့ သွားလည်ဖို့ကြိုးစား အုံး မှာ ပါ။  နေရာ အခက်အ ခဲကြောင့် ထပ်ပြီး မတိုးချဲ့တော့ဘူးဆိုရင်တောင် အင်္ဂလန် နိုင်ငံက တကယ့် မှော်ကမ္ဘာ ထဲရောက်နေသလိုဖြစ်အောင် ၅နှစ် ၆နှစ်လောက်အချိန်ယူပြီး ဖန်တီးထားတဲ့ The wizarding world of Harry Potter ကိုထပ်သွားလည်ချင်ပါသေးတယ်။

ကျမနဲ့တူတူ ခရီးစဉ်အစကနေအဆုံးလိုက်လည်တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

6 comments:

  1. သွားချင်လိုက်တာနော်... ။ ခရီးစဉ်ကိုအတူခေါ်သွားလို့ ကျေူးဇူးပါလို့

    ချစ်ခင်ျလျက်
    ဆုမြတ်

    ReplyDelete
    Replies
    1. တူတူလိုက်လည်တာကိုလဲ ကျေးဇူးတင်ပါတယ် ဆုမြတ်ရေ။ ဟယ်ရီပေါ်တာကို စိတ်မဝင်စားကြဘူးလို့ထင်နေတာ။

      Delete
  2. အပိုင်း ၃ ကို မျှော်နေတာ။ :) တော်တော် သေသေချာချာ လုပ်ထားတာပဲ။

    ReplyDelete
    Replies
    1. မြတ်ကြည်ရေ - ရေးရင်းရေးရင်းနဲ့ အရမ်းရှည်သွားတာ။ ဖြတ်ပြီးပြန်တင်ရမှာလဲ ပျင်းတာနဲ့ဒီအတိုင်းတင်လိုက်တယ်။ အားပေးတာကျေးဇူးနော်။

      Delete
  3. အမှန်တော့ ဒီပို့စ်လေးဖတ်ဖြစ်တာ တော်တော်ကြာပြီ။ ကော်မန့်ပေးမလို့ လုပ်ရင်း ကော်နက်ရှင်ကျရင်း ဖြစ်ဖြစ်သွားလို့။ မဇွန်လည်း ဟယ်ရီပေါ်တာ ပရိသတ်ပဲ။ အင်္ဂလန်မှာတုန်းက King Cross ဘူတာရုံကနေ ရထားစီးမိတဲ့အခါ ဟယ်ရီပေါ်တာကို သတိရတယ်။ အင်္ဂလန်ကထွက်ခဲ့တာ ၁၀ကျော်ပြီဆိုတော့ နောက်တစ်ခေါက်သွားလည်ချင်တယ်။ ဒီတစ်ခါရောက်ရင် သွားဖြစ်အောင်သွားမယ်လို့ စာရင်းထိပ်ဆုံးမှာနေရာယူထားတာက Wizarding World နဲ့ မဒမ်တူးဆော့ပြတိုက်ပဲ။ ပြတိုက်ကို ရောက်ဖူးခဲ့ပေမယ့် ထပ်သွားချင်တာ Benedit Cumberbatch ဖယောင်းရုပ်ထုပုံတူနဲ့ တွဲပြီးဓာတ်ပုံရိုက်ချင်လို့။ :D

    ညီမ Adora က U.S မှာဖွင့်တဲ့ ဟယ်ရီပေါ်တာ theme park ကို ရောက်ဖူးသွားတာ ကံကောင်းလိုက်တာလို့ တွေးနေခဲ့မိတာ။း)

    ReplyDelete
    Replies

    1. မဇွန်ရေ အားပေးတာကျေးဇူးပါ။ ဟယ်ရီပေါ်တာ theme park ကိုတော့ဟယ်ရီပေါ်တာ ပရိသတ်တိုင်း တကယ်ရောက်ဘူးသင့်တာ။ စာထဲမှာ ဖတ်ဖူးကတဲက ရူးခဲ့တာဆိုတော့ တကယ်လဲသွားရရော ပျော်တာမပြောနဲ့တော့။ ဟယ်ရီပေါ်တာကြိုက်တဲ့သူတွေချည်းပဲ တူတူသွားလည်ခွင့်ရရင် ပိုတောင်ကောင်းအုံးမယ်နော်။ ရောက်ဖူးပေမဲ့ မဝသလိုပဲ။ ခုတောင် ဟော့ဝပ်ရဲတိုက်မှာ ညထိနေပြီး မီးထွန်းတာမကြည့်ဖြစ်ခဲ့လို့ ပြန်တွေးရင်စိတ်မကောင်းဘူး။ မဇွန်က အင်္ဂလန်မှာတုန်းက King Cross ဘူတာရုံကနေ ရထားစီးဖို့ အိုင်ဒီရာရတယ်။ Adoraက လန်ဒန်ရောက်တုန်းက King Cross ဘူတာရုံကနေ ရထားစီးဖို့ လုံးဝကို သတိမရတာစရာ။

      Delete