Thursday, 7 May 2015

ကျမနဲ့"အမှတ်တရ" (ဂျူး)

"အမှတ်တရ" လို့ပြောလိုက်ရင် သူများတွေအဖို့တော့ မသိဘူး။ ကျမ ပြေးပြီးမြင်မိတာ ဆရာမဂျူးရဲ့ ပထမဆုံးလုံးချင်းစာအုပ်လေးပါပဲ။ ၁၉၈၇လောက်က ထွက်ခဲ့တဲ့စာအုပ်လေးပေမဲ့  ၂၀၀၁ခုနှစ်လောက်မှာမှ မေမေ့စာအုပ်စင်ပေါ်ကတွေ့လို့ ဖတ်ခွင့်တောင်းခဲ့တဲ့စာအုပ်ပေါ့။ ပြောရရင် ကျမမေမေက ကျမကို ၁၀တန်း မအောင်ခင်အချိန်အထိ အချစ်ဝတ္ထုစာအုပ်ဖတ်ခွင့်မပေးပါဘူး။ ၁၀တန်းပြီးသွားပြီဆိုတော့မှ သူကိုယ်တိုင် စာအုပ်ဆိုင်မှာ ကျမ ဖတ်ချင်တဲ့စာအုပ်လိုက်ဝယ်ပေး၊ ကောင်းနိုးရာရာ ကျမစိတ်ဝင်စားမဲ့အကြောင်းအရာမျိုး၊ ဖတ်သင့်တဲ့ မြန်မာစာရေးဆရာကြီး ဆရာမကြီးများရဲ့စာအုပ်တွေ၊ ဘာသာပြန်စာအုပ်မျိုးတွေ ဝယ်ပေး၊ ငှါးပေးခဲ့တာပါ။  ဆရာမဂျူးရဲ့ "အမှတ်တရ"ကို ၁၇၊ ၁၈ အရွယ်သမီးကို ဖတ်စေချင်ခဲ့သလား ကျမမသေချာပါဘူး။ စောစောကရေးခဲ့သလိုပဲ မမေ့စာအုပ်စင်ပေါ်က ဖတ်စရာစာအုပ်ရှာရင်း အမှတ်တရ ရဲ့ဆွဲဆောင်မှုကို ခံခဲ့ရတယ်ပဲ ဆိုကြပါစို့။


မောင်က
လိုက်ခဲ့ဟု
ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျမပါသည်။

မောင်က
နေရစ်ခဲ့ဟု
ဆိုပြန်တော့လည်း
မောင် စိတ်အနှောင့်အယှက်ဖြစ်မည့်
စာတစောင်
စကားတခွန်းမျှ
မောင် မကြားစေရဘဲ
ကျမ ငြိမ်သက်စွာ
နေရစ်ခဲ့တာ အမှန်ပါပဲ။

"အမှတ်တရ" ကို တကူးတကတော့ မိတ်ဆက်ပေးဖို့ လိုမည်လို့မထင်။ "အမှတ်တရ"သည် စုစုထွေးနဲ့ မောင့်အကြောင်း၊ ထို့ထက်ပို၍ ပြောရလျှင် စုစုထွေး၏ မောင့်အပေါ်တွင်ထားသော ချစ်ခြင်း မေတ္တာ၊သံယောဇဉ်များအကြောင်းကို ရင်နင့်လှိုက်မောစွာ ရေးသားထားသော ဝတ္ထု၊ ဒါမှမဟုတ် ကိုယ်တွေ့အချစ်ဇာတ်လမ်းတပုဒ် ဖြစ်ပါသည်။  ဝတ္ထု ဆိုတာ စိတ်ကူးယဉ်ဇာတ်ကောင်များနှင့်  ဖွဲ့တည်ထားသော ဇာတ်လမ်းရှည်တပုဒ်လို့ ဆိုရင်ဖြင့် "အမှတ်တရ"သည် ဝတ္ထု မဟုတ်ပါ။ စာရေးဆရာကိုယ်တိုင် (သွယ်ဝိုက်သောစကားလုံးများနှင့်) အမှတ်တရ ဖြစ်လာပုံအကြောင်းကို အကြိမ်ကြိမ် ပြောခဲ့ဘူးပြီ။ မော်လမြိုင်က စာပေဟောပြောပွဲ တခုမှာ ဆရာမက မန်းလေး ဆေးတက္ကသိုလ် တစ်သျှူးဗေဒ(ဟစ်စကိုလိုဂျီ) စာသင်ခန်းထဲမှာ မျက်လုံးချင်းဆုံ၍ ရင်ခုံခဲ့ရသော ကောင်လေးတယောက်အကြောင်းကို ဆရာမောင်စိန်ဝင်းရဲ့ ကဗျာလေးနဲ့တောင် လှလှပပ ခိုင်းနှိုင်းသွားသေးသည်။

တွယ်တာလှပေမယ့်
ကွယ်ရာကပဲ ချစ်တော့မယ်…

အဆင်ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ်…..

သံယောဇဉ် တွယ်ကာရစ်ပေမယ့်
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်ကို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လဲ စိတ်ညစ်တယ်
သိပ်ချစ်တယ် မဆိုသာတော့…...

ပါးစပ်က ပြောမှလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်တ၀ဲနဲ့
ချစ်သည်းရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့…

ဆရာမရဲ့ချစ်သူကောင်ကလေးနဲ့ ဆရာမနဲ့ တစ်သျှူးဗေဒ စာသင်ခန်းထဲ စလိုက်တွေကြည့်ရင်း မျက်လုံးချင်းဆုံတဲ့အခါ  " အကြည့်ဆုံ ဝေဒနာနွေးတွေက အကြင်နာ ခြေရာလေးတွေပဲ တွေဘာတွေ ဖြစ်ကုန်တယ်" လို့ ဂျူးက ရယ်ရယ်မောမော ဝန်ခံသွားသေးသည်။

၁၇၊ ၁၈ အရွယ် "အမှတ်တရ" ကို ဖတ်တုန်းက စုစုထွေးကို အင်မတန်သနားသည်။ မောင့်ကို ဒေါသထွက်သည်။ စာအုပ်တအုပ်လုံးကို မထတမ်းဖတ်ပြီးအလွန်ကြိုက်ပေမဲ့ မကြိုက်သည့်တခန်းရှိပါသည်။ ထိုအခန်းက စုစုထွေး နဲ့ မောင် ကျောင်းအပြီး ၂နှစ်အကြာမှာ  ပြန်တွေ့ပြီး နန်းရှေ့က အိမ်ကလေးကိုပြန်လာသည့်အခန်း။  စုစုထွေး မောင့်အိမ်ကလေးကို ဆက်ငှါးထားတာကို ခံစားနားလည်ပေးလို့ရပေမဲ့ အတ္တကြီးစွာရဲ့ ကိုယ့်ကိုထားရစ်ခဲ့နိုင်သော၊ အိမ်ထောင်သည် အမျိုးသားတယောက်ကို ကိုယ်ခုထိ သူ့ကိုသိပ်ချစ်နေသေးကြောင်း သိစေတာကို လုံးဝ သဘောမတွေ့နိုင်။


နေရာတကာဝင်ပြီးခံစားတတ်သူပီပီ "ငါသာဆိုရင် သူ့ထက်သာတဲ့ တယောက်ကောက်ယူပလိုက်မယ်။ ရွေးစရာတွေမှအများကြီး" လို့ မာနနဲ့တွေးမိသေးတယ်။ "ဘယ်သူ့ ကိုမှာ့အစားထိုး မချစ်နိုင်လဲ သူ့ကိုတော့ ငါ့ခံစားချက်တွေကို ဘယ်တော့မှ ပေးမသိဘူး" လို့ ခပ်မာမာတောင် သူငယ်ချင်းတချို့ကိုပြောမိသည်ထင်ပါသည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၅အထိ "အမှတ်တရ"ကို အခေါက်ပေါင်းမြောက်များစွာဖတ်မိပါသည်။ အသက် ၂၁၊ ၂၂အရွယ် အချစ်ကိုသိလာချိန် မှာတော့ မောင့်အပေါ်ထားတဲ့ စိတ်သဘောထားမပြောင်းလဲပေမဲ့ စုစုထွေးကို သနားသည့်အပြင် သူ့လုပ်ရပ်တွေကို ပိုပြီးနားလည်မိသည်။ အချစ်ဆိုတာ တခါတရံလူတွေကို မိုက်မိုက်မဲမဲ လုပ်မိစေသည်မဟုတ်လား။ အဲဒီအရွယ်တုန်းကအကြိုက်ဆုံးစာသားများသည် အောက်ပါစာသားများဖြစ်လာသည်။




" စုစုထွေးဆိုတာ....." ဆိုသောစာတကြောင်းနဲ့ပင် ၁၇၊ ၁၈ အရွယ်က မကျေနပ်ခဲ့သည့် အခန်းကို ပလပ်လိုက်နိုင်ပြီ။ အသည်းကွဲပြီးအခါမှာတော့ "စုစုထွေးက မောင့်ကိုသိပ်ချစ်ရှာတာပဲ" လို့ ကိုယ်ချင်းစာနိုင်လာသည်။




အသက်ထိပ်စီးပြောင်းခါစ အခုလိုအချိန်မှာ "အမှတ်တရ"ကိုဖတ်တော့ ဟိုးငယ်ငယ်တုန်းကလို ခံစားချက်မျိုး "ငါသာဆိုရင် သူ့ထက်သာတဲ့ တယောက်ကောက်ယူပလိုက်မယ်"  ပြန်ဝင်လာသည်။ သူ့ထက်မသာရင်တောင် သင့်တော်တဲ့ အမျိုးသားတယောက်ပေါ့လေ။ ငယ်ငယ်ကလို ရွေးစရာတွေအများကြီးဆိုပြီး မာနခပ်ကြီးကြီးနဲ့တော့ မဟုတ်။ လက်တွေ့မကျဘူး လို့ ထင်လာ၍ ဖြစ်ပါသည်။ အရင်က တခါမှ စိတ်မဝင်စားခဲ့ဘဲ အရန်ဇာတ်ကောင်အဖြစ်ရှိခဲ့ပေမဲ့ အခုကျမစိတ်ထဲ ထူးထူးခြားခြား ရောက်လာတာက "နန်း"။ နန်းဟာ စုစုထွေးနဲ့ မောင့်အကြောင်းကို ဖတ်မိမလား။ အထူးသဖြင့် ကျမ သဘောမကျတဲ့အခန်းကိုပေါ့။ ထိုအခန်းသည် တကယ် ဖြစ်ခဲ့သလား မဖြစ်ခဲ့ဘူးလားကျမ မသိပါ။ မဖြစ်ခဲ့ရင်တောင် အမှန်တရား ရာခိုင်နုန်းများများပါနေသော အရှေ့ကစာများကိုဖတ်ပြီး နန်းအစား ကျမရင်ထဲ ပူလာမိသည်။

ကိုယ့်အတ္တကို ရှေ့တန်းတင်၊ တကိုယ်ကောင်းဆန်ခဲ့၍ အချစ်ရဆုံး မိန်းမတယောက်ကို ဆုံးရှုံးရသော မောင့်ကို သူတသက်စာ နောင်တရမယ်ဆိုရင်တောင် နဲနဲမှမသနားပါ။ ဒါဟာသူ့အတွက်ထိုက်တန်ပါသည်။ ဒါဆို စုစုထွေးကရော။ မောင်ပြောခဲ့သလို သူမသည်လဲမရိုးသားပါ။


ကျမအဖို့ ဤစာအုပ်တအုပ်လုံးတွင်အပြစ်အကင်းစင်ဆုံးသည် "နန်း"ဖြစ်ပါသည်။ စုစုထွေးပြောခဲ့သလို အပြစ်ကင်းပြီး ချစ်စရာကောင်းသောနန်းသည်  " စုစုထွေးနှင့် မောင့်အကြောင်းကို ဘယ်တော့မှမသိပါစေနဲ့"။ "စာအုပ်တအုပ်လုံး၏ တန်ပို (tempo) အမြင့်ဆုံး စုစုထွေးနဲ့ မောင်နဲ့တွေ့ဆုံခန်း သည် စိတ်ကူးရင်သက်သက် သာ ဖြစ်ပါစေ" ဟု နန်းအတွက် ဆုတောင်းမိပါသည်။စုစုထွေးမရိုးသားခဲ့ပေမဲ့၊ စိတ်အလိုလိုက်ခဲ့မိပေမဲ့ နှစ်ပေါင်းမြောက်များစွာချစ်လာခဲ့တဲ့ အရှိန်နဲ့ သူမကို ကျမအပြစ်မတင်နိုင်ခဲ့ပါ။  အပြစ်မတင်ရက်ခဲ့ပါ။ 

မေလ၁ရက်နေ့က ဆရာမဂျူး၊ဆရာ မောင်သာချိုနဲ့ ဆရာဖေမြင့်တို့ရဲ့ စာပေဟောပြောပွဲသွားနားထောင်ပါသည်။ ဂျူးက သတင်းစာတွင်တွေ့ရသော လက်ထပ်ပြီးစီးခြင်းသတင်းကို ဖတ်ပြီးပြီးခြင်း အမှတ်တရကိုရေးပါသည်ဟု ပြောသွားပါသည်။ သူမပရိတ်သတ်တယောက်အနေနဲ့ ဤစကားသည် "အမှတ်တရ" ထဲက စာတကြောင်းနှင့် ထပ်တူညီနေသည်ကိုသိပါသည်။  ဒါဆို ဒါဟာဂျူး ဆေးကျောင်းပြီးပြီးချင်း ၂နှစ်အကြာမှာရေးတာပေါ့။ ဂျူးငယ်စဉ်တုန်းက လက်ရာဆိုတာ သေချာသွားပါသည်။ ဘာလို့ဒီလို တွေးရသလဲဆိုတော့ ကျမမှာ ဆရာမကို မေးချင်တဲ့ မေးခွန်းတခုရှိနေပါသည်။ "အမှတ်တရ" အတွက် နောင်တရမိတာများရှိသလား ဆိုတဲ့ မေးခွန်းပါ။ စုစုထွေးအတွက်၊ နန်းအတွက် ဆရာမကို ဖြေစေချင်လှပါသည်။ ဒါပေမဲ့ "အမှတ်တရ" သည် ဂျူး၏ ပထမဆုံး လက်ရာဖြစ်ပါသည်။ ငယ်စဉ်က ( ကျမအထင် အသက်၃၀ မပြည့်) လက်ရာဖြစ်သည့်အလျှောက် မည်သူ့ကိုမှ နစ်နာစေလိုစိတ်မရှိသော အချစ်ကို ကိုးကွယ်သည့်အမျိုးသမီးလေး တယောက်၏စာဖြစ်ပါသည်။ ထိုအတွက် ဆရာမတွင် နောင်တရှိမည်မထင်ပါ။ ရှိလဲမရှိစေချင်ပါ။

ရင်နဲ့အမျှ ရေးသားထုတ်ဝေလိုက်သော "အမှတ်တရ"သည် ခုချိန်အထိ လူကြိုက်များ ထင်ရှားသော စာတပုဒ်ဖြစ်နေသည်ကတော့ ဆရာမရဲ့ အင်မတန်ပြောင်မြောက်တဲ့ "စာရေးချင်းအနုပညာတရပ်" လို့ပဲ ဆိုချင်ပါသည်။

"ကျမစာအုပ်ထဲမှာ သူငယ်ချင်းတွေဖြစ်တဲ့ ခင်စန်းဝင်းတို့ မဌေးဝင်းတို့ဆိုတာ နာမည်အရင်းတွေထဲ့သုံးထားတာ။ အရပ်ပုပုနဲ့ ရုပ်မလှတဲ့ ဇာတ်ဆောင်မိန်းကလေး နာမည်ကျ စုစုထွေးတဲ့ ( ရယ်သံများ)
ဒါဆိုမောင်ကရော..
ကျမစာအုပ်တအုပ်လုံးမှာ မောင့်နာမည် လုံးဝမပါပါဘူး။

ဟင် ဒါဆို မောင်က နာမည်မရှိလို့လားဆိုတော့ မဟုတ်ပါဘူး။ မောင့် နာမည်က မောင်နဲ့လိုက်လွန်းလို့ မောင့်ကို တခြားနာမည်မပေးရက်တာပါ"
  ( စင်ကာပူ အဖြူရောင်လက်များ စာပေဟောပြောပွဲ)

ခန်းမကြီးတခုလုံး "ဟာ" ဆိုတဲ့အသံ တညီတညွတ်ထဲထွက်လာပြီး ခဏတာ တိတ်ဆိတ်သွားခဲ့ပါသည်။

ချစ်တဲ့
Adora

(မှတ်ချက်။ ဆရာမဂျူးလို့ မိတ်ဆက်ပေးတဲ့အခါ တချို့က  "Living together" ရေးတဲ့ဆရာမ၊ ဒါမှမဟုတ် "အမျိုးသမီးဝါဒီ - feminist" လို့မြင်ကြတယ်လို့ ဂျူးကပြောဖူးပါတယ်။ ဂျူးသာ ပြင်းထန်တဲ့အမျိုးသမီးဝါဒီ ဆိုရင် စုစုထွေးဟာ ဒီလိုအရှုံးနဲ့ ဇာတ်သိမ်းမယ် မထင်ပါဘူး။"Living together"အကြောင်းရေးလို့ ဂျူးကို မဖတ်ပါဘူးဆိုရင် "အမှတ်တရ" ဟာ ထိုခေတ်ကထွက်သော ဝတ္ထုတချို့ရော၊ ဒီဘက်ခေတ် ဝတ္ထုတော်တော်များများထက် များစွာ အညှီအဟောက်ကင်းကြောင်း ဘာမဆိုင်ညာမဆိုင်ဝင်ပြီး တာဝန်ခံလိုက်ပါတယ်ရှင်။)

Tuesday, 21 April 2015

Facebook + Share

ဖေ့ဘွတ် (Facebook) စပြီးသုံးဖူးတာ ၂၀၀၇ခုနှစ်နောက်ပိုင်းမှာပါ။  အဲဒီအချိန်မှာ ဖရန့်စတား(Friendster) ဆိုတဲ့ ဆိုရှယ်နက်ဝေါ့ကင်းဆိုက်က ဖေ့ဘွတ်ထက်မြန်မာတွေကြားမှာ ရေပန်းစားပါတယ်။ US မှာဆိုရင်တော့ MySpace ပေါ့။  

ဖေ့ဘွတ်ကိုလုံးလုံးပြောင်းသုံးတာတော့မဟုတ်ပါဘူး။  ဖရန့်စတား အကောင့်ကိုလဲ မပိတ်သေးဘဲ ဘယ်ဟာတွေက တော့FB မှာသာတယ်၊ ဘာတွေကဖြင့် ဖရန့်စတားကပိုကောင်းတယ် စသဖြင့် ညီအမတွေ ငြင်းခုန်နေချိန်ပေါ့။  ဥပမာ ပြောရရင် ဖရန့်စတာမှာ ကိုယ့် ပရိုဖိုင်ကိုလာလည်ရင် သီချင်းကြားရတာမျိုး၊ ကိုယ့်ရဲ့ Page ကို ဘက်ဂရောင်းဒီဇိုင်းအမျိုးမျိုးနဲ့personalized လုပ်လို့ရတာမျိုးပေါ့။  ဖေ့ဘွတ် မှာ Page အစား Wallလို့ခေါ်ပြီး ဘာမှ personalized လုပ်ခွင့်မရှိပါဘူး။ ဖရန့်စတားထက် အပိုပါတာဆိုလို့ Poke လုပ်လို့ရတာပဲရှိတာပါ။ ( ကျမပြောနေတာ ၂၀၀၇ခုနှစ်လောက်က ဖေ့ဘွတ် ပါ။ အခုအခြေအနေမဟုတ်သေးပါဘူးနော်။ ) ဒီထက်ပို မကြိုက်တာက  နာမယ်ရင်းထည့်ရတာရယ်။ နာမယ်ပြောင်းချင်တိုင်းပြောင်းမရတာရယ်။ တချို့ personal information ( ကျောင်း၊ အလုပ်၊ အသက်စသဖြင့်) ဖြောက်ထားလို့ မရတာရယ်ပါ။ နာမယ်ကို မြန်မာလို ရေးလို့မရသလို အင်္ဂလိပ် ဘာသာစကားနဲ့ ရေးမယ်ဆိုလဲ "Miss little sunshine" တို့ "Mr ZaaZBCF" တို့ စသဖြင့် အဓိပ္ပါယ် မရှိတဲ့ နာမည်၊  ပေးလေ့ပေးထ မရှိတဲ့နာမည်မျိုးဆို မရပါဘူး။  တိုတိုပြောရရင် ဖရန့်စတားမှာ ကြိုက်သလိုသုံးလာတဲ့ ကျမ FB ကိုမကြိုက်ဘူးပေါ့ရှင်။ 
ဒါနဲ့ပဲ ညီမလေးကို "နင်ရဲ့ ဖေ့ဘွတ် ကြီးကဘာမှလဲ မကောင်းဘူး။ ငါ့ဖျောက်ချင်တာ ဖျောက်မရ၊ နာမည်ပြောင်းချင်တိုင်း ပြောင်းမရ။ Poke ကလဲ ငါ့အတွက်အသုံးမဝင်"

ကျမဝမ်းကွဲ ညီမအကြီးမလေးပြန်ပြောတဲ့နက်ဝေါ့ကင်းဆိုက်တွေရဲ့ အခြေခံအကျဆုံး message ကို ကျမအခုထိ မှတ်မိပါသေးတယ်။ " မမကလဲ... ဖေ့ဘွတ်ဆိုတာ 'ဆိုရှယ်နက်ဝေါ့ကင်းဆိုက်" နော်။ တယောက်နဲ့တယောက်ကို သူတို့ရဲ့ informationပေါ်မှာ မူတည်ပြီး ဆက်သွယ်ဖို့လုပ်ထားတာ။   မမ ဟိုဖျောက်ဒီဖျောက် လုပ်မှတော့ ဘယ်လိုဆက်သွယ်ပေးမလဲ"

'ဆိုရှယ်နက်ဝေါ့ကင်းဆိုက်" ဆိုတာ တဦးနဲ့တဦးဆက်သွယ်ဖို့လုပ်ထားတာ.. တဲ့။

သူပြောတာ ခုနေခါမှာ ပြန်တွေးကြည့်တော့မှ ဟုတ်သလိုလိုပါပဲ။  'ဆိုရှယ်နက်ဝေါ့ကင်းဆိုက်" ဆိုမှတော့ လူတွေအချင်းချင်းဆက်သွယ်လို့ရအောင်၊  ဆိုက်မှာပေးထားတဲ့ data တွေပေါ်မှာမူတည်ပြီး အသက်အပိုင်းအခြားတူတဲ့ လူချင်း၊ ကျောင်းတူတူတက်ဖူးတဲ့လူချင်း၊ မြို့တမြို့ နယ်မြေတခုထဲတူတူနေသူချင်း၊ အလုပ်တူတူလုပ်နေသူချင်း ဆက်သွယ်မိအောင်၊ ချိတ်ဆက်မိအောင် ဆိုက်က အထောက်အကူပြုနေမှာပဲ။ ခုဆို ဖေ့ဘွတ်ကို သွားစရာမလိုပဲ တခြား ဝက်ဆိုက်တွေမှာ သတင်း၊ ဆောင်းပါးတွေကိုဖတ်မိရင်တောင် "f Like" ဆိုတာပေါ်နေပြီ။ "Check in" ဆိုတာလဲ သုံးလိုက်ကြတာ တွင်တွင်ကျယ်ကျယ်။ ကျမအပါအဝင်ပါပဲ။ ဟော ကိုယ်နှစ်သက်သမျှ၊ ကြိုက်သမျှကို လွယ်လွယ်ကူကူ မျှဝေနိုင်တဲ့ "Share" ဆိုတာလေးလဲရှိနေပြီ။ "Tag" ဆိုတာလေးရော သုံးဖူးပြီးကြပြီမှတ်လား။ 

ဒီမှာ ကျမပြောချင်တာက "Share" ဆိုတာလေးအကြောင်းပါ။
 ဖေ့ဘွတ်မှာ တဦးတယောက်ရဲ့ပုံလဲပဲဖြစ်ဖြစ်၊ စာလေးကိုဖြစ်ဖြစ်၊ ပုံနဲ့စာတွဲရက်ကိုဖြစ်ဖြစ် နှစ်သက်သဘောကျလို့ မိမိသူငယ်ချင်းတွေကိုပါ ကြည့်စေချင်၊ ဖတ်စေချင်တယ်ဆိုရင် Share လုပ်ကြပါတယ်။  Share လုပ်တဲ့အခါ သူငယ်ချင်းတွေအားလုံးထဲကမှ တဦးတယောက်ကို မကြည့်မဖြစ်ကြည့်စေချင်တဲ့အခါ Tag လေးတွဲလုပ်ကြပါတယ်။ အဲဒီနေရာမှာ Tagအလုပ်ခံရတဲ့ သူငယ်ချင်းတင်မကဘဲနဲ့ ကိုယ်က လူအများ (Public) ကို Shareထားရင် ကိုယ်နဲ့သိသိမသိသိ  ဖေ့ဘွတ်မှရှိသမျှလူမြင်ရသလို သူငယ်ချင်းအားလုံးကို ကြည့်ခွင့်ပေးထားရင်လဲ ကိုယ့်အကောင့်ထဲက လူကြီး၊လူငယ်၊ ယောကျား၊ မိန်းမ၊ ရဟန်း ရှင်လူမရွေး မြင်ရတာမျိုးပါ။   ဖေ့ဘွတ်သုံးတဲ့သူတယောက်ဟာ မိမိ ရေးတင်လိုက်တဲ့ စာတကြောင်း၊ ပုံတပုံ၊ အကြောင်းအရာတခုကို တာဝန်ယူ၊ချဥ့်ချိန်ပြီးမှတင်သင့်တယ်လို့မြင်ပါတယ်။ 

အဦးဆုံးအနေနဲ့ မိဘမဲ့ကလေးကျောင်း တွေ၊ နွမ်းပါးတဲ့ နယ်များက သီလရှင်ကျောင်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်း များအတွက်အလှူခံတဲ့ post တွေကို တင်ကြသောသူများ၊Shar၊ကြသောလူများကိုမေးချင်တာပါ။ အလှူခံတဲ့အခါ နွမ်းပါးလှတဲ့ ကလေးငယ်များရဲ့ အနီးကပ် Close up ပုံတွေ မတင်ဘဲအလှူခံလို့ ရနိုင်လား၊ မရနိုင်ဘူးလားဆိုတာကို ဆွေးနွေးချင်ပါတယ်။ ကိုယ်ကိုတိုင် လူမှူရေး၊ ပရဟိတကို ကိုယ်ရော စိတ်ပါ နှစ်ပြီးတစိုက်မတ်မတ် မလုပ်နိုင်သေးတဲ့အတွက် လိုအပ်တဲ့နေရာတွေမှာ အလှူရှင်တွေ လှူနိုင်အောင်၊ သဒါစိတ်ပေါက်အောင် ကူညီကြတဲ့ လူမှုရေးအသင်းအဖွဲ့တွေ တကိုယ်ရေတကာရ ဦးဆောင်ကူညီနေကြတဲ့ လူတွေအားလုံးကို တကယ်လေးစားပြီးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ သနားစရာကောင်းလှတဲ့ ပုံတွေတင်တာကိုတော့ သဘောမတူပါဘူး။ တချို့များဆို အကျီတောင် လုံလုံခြုံခြုံမပါပါဘူး။ ကလေးအများစုဟာ ဓာတ်ပုံရိုက်ခံရတာကို သဘောကျတဲ့အမျိုးပါ။ နယ်တွေက နွမ်းပါးတဲ့ ..ကင်မရာအကြီးကြီးတွေသိပ်မမြင်ဖူးရှာတဲ့ ကလေးတွေလဲအများကြီးပါ။ ဓာတ်ပုံရိုက်မယ်ဆို တချို့ကလေးတွေက ပဲလုပ်၊ တချို့ကရှက်ရယ် ရယ်၊ တချို့ကျ ငေးကြည့်နဲ့ အရမ်းဖြူစင်ပါတယ်။ ငါတို့ပုံတွေ အင်တာနက်ပေါ်မှာဘယ်လိုပုံစံမျိုးနဲ့ ရောက်သွားမလဲဆိုတာ ဘယ်သူကမှ မပြောသလို သူတို့လေးတွေကလဲ ဂရူစိုက်ရကောင်းမှန်း သိမဲ့အရွယ်လေးတွေ မဟုတ်ပါဘူး။ကျမကတော့ နောင်၁၀နှစ် ၁၅နှစ်သူတို့လေးတွေ အင်တာနက်ပေါ်ကသူတို့ပုံလေးတွေမြင်ရင် စိတ်ထဲမှာ ဘယ်လိုများခံစားရမလဲလို့ ခဏ၊ ခဏတွေးမိပါတယ်။ ကျမတို့လူကြီးအချို့တောင် ကိုယ့်ရဲ့ မအောင်မြင်တဲ့ အတိတ်အချို့တဝက်ကို မေ့ထားချင်တာ၊ လူမသိစေချင်တာ သူတို့လေးတွေထဲက တချို့လဲ တချိန်မှာ အတိတ်ကို မလိုအပ်ဘဲ လူသိမခံချင်တာမျိုးရှိနိုင်တာပဲလေ။ နောက် ၁၀နှစ်မှာ ဒီပုံတွေမရှိတော့ဘူးလို့တော့ မပြောပါနဲ့။ Timeline ကြောင့် လွန်ခဲ့တဲ့၁၀နှစ်ကပုံတွေ ရေးခဲ့တဲ့စာတွေ  ဖေ့ဘွတ်မှာမြင်နေရသေးတယ်လေ။  မိဘမဲ့ကလေးကျောင်း တွေ၊ သီလရှင်ကျောင်းတွေရဲ့ လက်ရှိအနေအထားနဲ့ ၊ လိုအပ်တဲ့နေရာလေးတွေကိုပဲ ဓာတ်ပုံရိုက်ပြီး အဲဒီကျောင်းကို မှီတင်းနေထိုင်ကြတဲ့ ကျောင်းသားအရေအတွက်နဲ့တင်ကိုပဲ အလှူရှင်တွေက သဒါပေါက်မှာပါ။ ဒါမှမဟုတ်လဲ မျက်နှာအနီးကပ်မဟုတ်တဲ့ အုပ်စုလိုက်ဆော့နေပုံတွေ ထမင်းစားနေပုံတွေနဲ့တင်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

မိဘမဲ့ကလေးကျောင်းက ပုံတွေတင် မကဘဲ ရောဂါဝေဒနာ တခုခံစားနေရတဲ့သူတွေအတွက်အလှူခံတဲ့  post တွေကိုလဲကြည့်ကြပါအုံး။ တချို့အမျိုးသမီးတွေရဲ့ပုံတွေများဆို ရောဂါကြောင့် အဝတ်အစားတောင် သေသေချာချာ လုံအောင်မဝတ်နိုင်ပါဘူး။ ဒီလိုမျိုးသူတွေအတွက် အလှူခံတဲ့အခါ ပုံမပါဘဲ စာနဲ့တင်အလှုခံမရဘူးလားလို့ ကျမတခါ၊ တခါတွေးမိပါတယ်။ ပုံလေးပါမှ ပိုကောင်းတယ်ဆိုရင်လဲ မျက်နှာမပါအောင် ရိုက်လို့မရနိုင်ဘူးလား။ မျက်နှာမရိုက်ဘူးဆိုရင်တောင် ရောဂါဖြစ်တဲ့နေရာက လူတယောက်ရဲ့ လှို့ဝှက်အပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဆို ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ အဖိုးကြီးအဖွားကြီး ဖြစ်နေအုံး မတင်သင့်ပါဘူး။ Share လဲ မလုပ်သင့်ဘူးလို့ ကျမကမြင်ပါတယ်။ ကျမသိသလောက်တော့ ဒီလိုပုံတွေမြင်လို့ လှုချင်စိတ်ပေါက်လာသူတွေရှိသလို "ဟယ် သနားပါတယ်၊ စိတ်ညစ်စရာကြီး၊ မကြည့်ရဲဘူး " ဆိုတာတွေလဲ အများကြီးပါ။ ဒီလိုပုံတွေကြောင့် နောက်ဆုံးမှာ အလှုငွေဘယ်လောက်ကောက်ခံရရှိသွားသလဲဆိုတာကျမတော့မသိပါဘူး။ News Feed မှာတခါမှ တတ်မလာပါဘူး။ ဆိုလိုတာက ဒီလိုပုံတွေ တင်မဲ့ Shareမဲ့အစား အကူအညီပေးနိုင်မဲ့ သက်ဆိုင်ရာ လူမှုရေးအဖွဲ့တွေကို အကြောင်းကြားပေးတာ မျိုးပိုပြီးဖြစ်သင့်ပါတယ်။ သူတို့ရဲ့  ဖေ့ဘွတ် pageမှာသွား Shareရင်တောင် "Limited audience" ပါ။ လူမှုရေးအသင်းအဖွဲ့ရဲ့ page မို့လို့ "right audience" ပါ။ ပြီးတော့မှ ကိုယ့် Friend list ထဲကသူတွေကိုသိစေချင်ရင် သက်ဆိုင်ရာ pageကို သွားပြီးကြည့်ဖို့ status လေးရေးတင်ရင် ပိုပြီးကောင်းမယ်မဟုတ်လားရှင်။


နောက်တမျိုးက ပြည်တွင်းမှာဖြစ်နေတဲ့ ကောင်းတဲ့သတင်းရော၊ ဆိုးတဲ့သတင်းပါ ( အထူးသဖြင့် ဆိုးတဲ့ ရှက်စရာကောင်းတဲ့ သတင်းပေါ့လေ) Share ကြတာပါ။ ကိုယ့်နယ်မြေကိုယ့်ဒေသက မဖွင့်ဖြိုးသေးတဲ့ နေရာတွေ၊ ကျန်းမာရေး လူမှုရေး အရ နေထိုင်ဖို့ မသင့်လျှော်တဲ့ ဒေသက သူတွေအကြောင်း၊ တောင်သူဦးကြီးတွေနဲ့ ပြသနာ၊ အလှမယ် မေမြတ်နိုးကိစ္စ၊ စစ်ပွဲတွေအကြောင်း၊ လွှတ်တော်အမတ် ကိုထီးဆောင်းပေးသင့် မပေးသင့် စသဖြင့်ပေါ့လေ.. ဘိုလိုတွေရော မြန်မာလိုတွေတွေ ကိုယ်စိတ်ထဲ ခံစားရရင်ရသလို ရေးနေ၊ Share နေကြ တာပါ။ ရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည် အတွက်အရင်က ဘုန်းဘုန်းတွေနဲ့ စစ်သားတွေနဲ့ ပုံတွေ တို့ လောလော လတ်လတ် ဖြစ်သွားတဲ့ကျောင်းသားတော်လှန်ရေးကပုံတွေတင်ပြီး မမေ့ကြဖို့ လှုံ့ဆော်စာတွေကလဲ မကြာမကြာ News Feed မှာတတ်လာပါတယ်။  "ဟေ့ ဒါတွေက သတင်းအမှန်တွေ။ မေ့မသွားသင့်တဲ့အရာတွေမို့ သတိပေးတာ မှားသလား" ဆိုတော့ မမှားပါဘူး။ သတိပေးစရာလိုသလားလို့ မေးရင် ကျမတယောက်ထဲအနေနဲ့ဆို မလိုပါဘူး။ သတိမပေးလဲ ကျမရင်ထဲမှာစွဲနေအောင်အဖြစ်အပျက်တွေကမှတ်မိပြီးသားပါ။ ပေးချင်တယ်ဆိုရင်တောင် ဘုန်းဘုန်းတွေက စစ်သားတွေ စစ်သေနတ်တွေရှေ့ ထိုင်ရှိခိုးနေပုံတွေ၊ စစ်သားတွေ ရဲတွေက ဘုန်းဘုန်းတွေ ကျောင်းသားတွေကို ရိုက်နေပုံကို ထပ်ခါတလဲလဲ တင်ဖို့လိုမယ်မထင်ပါဘူး။ "ရွှေဝါရောင်တော်လှန်ရေး"လို့ စာတကြောင်းရေးလိုက် ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ရင်ထဲမှာ ဘာဖြစ်ခဲ့သလဲ သိပြီးသားပါ။ အနာဟောင်းပြန်ဖော်နေစရာမလိုဘဲ အနာရွတ်တပိုင်းတစပြရုံနဲ့ နာပြီးသားပါ။ အတိတ်ဆိုးတွေကိုပြန်ဖော်တာ မှားလားမှန်လားမသိပေမဲ့ "နင်တို့ နိုင်ငံမှာ ခုထိ ဘုန်းကြီးတွေ နဲ့ ပြသနာ တတ်တုံးလား" လို့တော့ ထင်ရောင်ထင်မှားအမေးခံခဲ့ဘူးပါတယ်။  နောက်ထပ်တခု ဥပမာပေးရရင် လွှတ်တော်အမတ်ကို ထီးဆောင်းပေးတဲ့ ကိစ္စ ဆိုပါတော့။ ဒီသတင်းကို ဘယ်လောက်များ ဖြန့်ကြသလဲဆိုရင် နိုင်ငံခြား မီဒီယာအထိတောင် ရောက်ပါတယ်။ ဘယ်ကနေ ဘယ်လိုရောက်သလဲလို့ မမေးပါနဲ့။ အားလုံးသိပြီးသားဖြစ်မှာပါ။ သတင်း ရောက်တာက  ပြသနာမရှိပါဘူး။  ဒါပေမဲ့ တယောက်ကနေ တယောက် ထပ်ဆင့်ပြီး Share လိုက်ကြတာ သတင်းစာတခု ( Straits Times လို့ ထင်ပါတယ်။ ) က ဘာသာပြန်လိုက်တာ" မြန်မာယဉ်ကျေးမှုမှာ အမျိုးသမီးတယောက်ကို ထီးဆောင်းပေးတာ ရှက်စရာကောင်းတယ်" တဲ့။ ဒီသတင်းကိုယူလာတာက ရုံးက လုပ်ဖော်ကိုင်ဖက်အမျိုးသမီးပါ။ "နင်တို့ ယဉ်ကျေးမှုမှာ အမျိုးသမီးတယောက်ကို ထီးဆောင်းပေးတာ ဘာလို့ရှက်စရာကောင်းတာလဲ။ ငါအခုပဲ သတင်းထဲဖတ်လိုက်ရတယ်" တဲ့။ "ငါက နင်တို့နိုင်ငံမှာ Gender discrimination မရှိဘူးထင်တာ" တဲ့။ ကြည့်ပါအုံး စကားတွေ ကားသွားလိုက်တာ။

နောက်တခု ဥပမာပေးပါအုံးမယ်။ စလုံးမှာ တက်စီ( Taxi) စီးကြရင် တခါတခါ ကားမောင်းတဲ့သူရဲ့ ကိုယ့်နိုင်ငံကိုအထင်သေးသလိုလို ဘာလိုလိုအပြောတွေကို ခံရဖူးမလား မသိဘူး။ ကျမနဲ့ ကျမသူငယ်ချင်းအချို့တော့ ခံရဖူးပါတယ်။ နိုင်ငံရပ်ခြားကိုထွက်လာနိုင်တာ ဘယ်လောက်ကံကောင်းကြောင်း၊ ကိုယ့်နိုင်ငံမှာဆက်နေရင် အဆင်မပြေနိုင်ကြောင်း၊ သူတို့နိုင်ငံကိုအတုယူသင့်ကျောင်း၊ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ၊ ဆန္ဒပြပွဲတွေများလို့ သွားမလည်ဖြစ်ကြောင်း၊ အိမ်နီးချင်းထိုင်းကို သဘောကျကြောင်း၊ ကျန်းမာရေး လူမှုရေး နိမ့်ကျကြောင်း သာသာနဲ့နာနာနှက်တဲ့အပြောတွေပေါ့ရှင်။ ကိုယ့်နိုင်ငံမှာ မဖွင့်ဖြိုးသေးတဲ့နေရာတွေရှိတာမှန်ပေမဲ့  သူတို့ထင်သလိုအစစအရာရာ နိမ့်ကျနေတာတော့လဲမဟုတ်ပါဘူး။ မခံနိုင်တော့ ပြန်ပြော၊ ပြန်ပြောတော့ ခရီးသွားရတာ စိတ်မချမ်းသာ။  ကိုယ့်နိုင်ငံမှာ ပြင်စရာတွေ သူများကိုအတုယူပြင်ဆင်စရာတွေရှိပေမဲ့ ပေါ်ပေါ်တင်တင် ဘလိုင်းကြီးပြောဆိုနေတာမျိုးဆိုသီးမခံနိုင်၊ ဒါနဲ့တရက်တော့ ဘာလို့များ မြန်မာနိုင်ငံကိုရောက်လဲမရောက်ဘူး၊ သေသေချာချာ ထဲထဲဝင်ဝင် မသိဘဲများ ဘယ်လိုလုပ်ပြီး ကောမန့်ပေးနေသလဲလို့ ပြန်မေးမိတော့ " ဖေ့ဘွတ်မှာမြင်နေရတာပဲ" တဲ့။ "ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်" ဆိုသလိုပါပဲ။ ကျမရဲ့  ဖေ့ဘွတ်ထဲမှာ အိမ်နီးချင်းနိုင်ငံများက လုပ်ဖော်ကိုင်ဖက်တွေ၊ ကျောင်းနေဖက်သူငယ်ချင်းတွေအများကြီးရှိပါတယ်။ သူတို့နိုင်ငံတွေမှာလဲ သူတို့ ပြသနာနဲ့ သူတို့ပါ။ ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင် pageတွေမှာ တင်တာ Shareတာ မမြင်ရသလောက်ပါပဲ။

"ငါတို့ရေးတာတွေ တင်တာတွေက ကိုယ့်သူငယ်ချင်းအချင်းချင်းသိစေချင်လို့ ဖတ်စေချင်လို့  Share တာပဲ။ မြန်မာနိုင်ငံကြီးကို ကိုယ်စားမပြုပါဘူး။ မြန်မာအားလုံးဒီလိုဖြစ်နေတယ်လို့ မဆိုလိုပါဘူး "လို့ ပြောမဲ့သူများရှိနိုင်ပါတယ်။ ဒါဟာ မြန်မာအချင်းချင်းအတွက်တော့ဟုတ်ပါလိမ့်မယ်။ သူများနိုင်ငံသားတွေအဖို့ မြန်မာအားလုံးတူတူပါပဲ။ မြန်မာအားလုံးသည် ကောင်းကောင်း ဆိုးဆိုး မြန်မာအားလုံးနဲ့ ဆိုင်ပါတယ်။ ဒါက မြန်မာမို့လားဆိုတော့လဲမဟုတ်ပြန်ပါဘူး။ သူတပါးနိုင်ငံမှာနေတဲ့ နိုင်ငံသားမဟုတ်တဲ့သူတိုင်း  သိမ်းကျုံးပြီးအပြောခံ၊အထင်ခံရတာမျိုး မကြာခဏခံရတတ်ပါတယ်။ ဟိုးတလောလေးတုန်းက ဖိလစ်ပိုင်နိုင်ငံသားအမျိုးသားသူနာပြုတယောက်က စင်ကာပူနိုင်ငံသားတွေကို   ဖေ့ဘွတ်ပေါ်မှာ ပေါ်ပေါ်တင်တင် ထိုးနှက်ရေးသားခဲ့တဲ့ ပြသနာတခုဖြစ်ခဲ့ပါပါ။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဒီနိုင်ငံသားလုပ်ဖော်ကိုင်ဖက်တယောက်က ဖိလစ်ပိုင်နိုင်ငံသာအခြားလုပ်ဖော်ကိုင်ဖက်တယောက်ကို မေးနေတာ ကြားဖူးပါတယ်။ " နင်ကြားပြီးပြီလား။ နင်နဲ့သိလားပေါ့" ။ ကျမအလုပ်လုပ်နေတဲ့အလုပ်က ဆေးရုံဆေးခန်းနဲ့ဘာမှမပတ်သက်ပါဘူး။ ဖိလစ်ပိုင်လူမျိုးအချင်းချင်းပေမဲ့ သိန်းနဲ့ချီပြီးရှိနေတဲ့ ဒီနိုင်ငံမှာ တဦးကိုတဦးသိဖို့ဆိုတာ လွယ်တာမဟုတ်ပါဘူး။ "ဒါနဲ့များတောင် ငါနဲ့သိလား။ ဘယ်လိုထင်သလဲ" လို့ ငါ့ကိုလာမေးတယ်လို့သူငယ်ချင်းမကငြီးရှာပါတယ်။သူတို့အိမ်က အိမ်အကူအမျိုးသမီးလေးတွေ ဟင်းမချက်တတ်တာ၊ သန့်ရှင်းရေးမတော်တာ၊ စာရိတ္တမကောင်းတာတွေကအစ ငါ့ကို ဘာရယ်မဟုတ်လာပြောကြသေးတယ်လို့ သူကပဲဆက်ပြောပြပါတယ်။ ပြောချင်တာက တချို့တချို့သောသူတွေက လူတဦးတယောက်ချင်းဆီကို ခွဲခြားမမြင်တတ်ဘူးဆိုတာလေးပါ။


 ဖေ့ဘွတ်မှာနောက်ထပ်တမျိုးတွေ့ကြရမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဘဝကူးမကောင်းတဲ့သူတွေရဲ့ပုံများကို သတင်း pageများ တင်သလို သေဆုံးသူများရဲ့ မြင်လို့မကောင်းသော သွေးသံရဲရဲ ပုံများ၊  ခန္ဓာကိုယ်အစိတ်အပိုင်းပြတ်များ၊ မီးလောင်သွားသော အစိတ်အပိုင်းများ ကို သတင်းအနေနဲ့ ဖောဖောသီသီ လွယ်လွယ်ကူကူတင်နေကြတာပါ။ ကျမကတော့ ဒါကိုအင်မတန်မလုပ်သင့်ဆုံးအလုပ်လို့မြင်ပါတယ်။ ဘဝကူးသွားတဲ့ သူကိုရော၊ ကျန်ခဲ့သူတွေကိုရော မလေးစားရာရောက်ပါတယ်။ ကျမတို့တွေအားလုံး မိသားစုဝင်တွေထဲကဖြစ်ဖြစ် ခင်မင်ရင်းနီးတဲ့အသိုင်းအဝိုင်းထဲကဖြစ်ဖြစ် ဆုံးရှုံးဖူးကြမှာပါ။ ကိုယ်ချစ်ခင်ရတဲ့ သူတယောက်ရဲ့  သွေးသံရဲရဲ သေဆုံး ပုံတွေကို တကမ္ဘာလုံးသိအောင် ဘယ်သူမှ ပြချင်မှာမဟုတ်ပါဘူး။ ကိုယ်ကိုတိုင်ဆိုရင်ရော။ ကိုယ်ချင်းစာကြည့်ကြဖို့ကောင်းပါတယ်။ သတင်း pageများ က ဗဟုသုတအလို့ငှါ ပညာပေး ( ကား သက်မှတ်ထားတဲ့ အရှိန်ထပ် ပိုမောင်းလို့၊ ဓာတ်ကြိုးပေါက်လို့၊ ဂက် (Gas) အိုးမလုံလို့) တင်ခဲ့ရင်တောင်မှ စာဖတ်သူအနေနဲ့ ဒီလိုသတင်းမျိုးသဘောသိပ်ကျရင် သက်ဆိုင်ရာ သတင်းpageမှာ Like ပေး၊ ကောမန့်သွားပေးလိုက်ပါ။ Public ကို Share စရာမလိုပါဘူး။ ကိုယ်နဲ့သိလို့ ကိုယ့်သူငယ်ချင်းတွေကိုသိစေချင်လို့ဆိုရင်လဲ သတင်း pageရဲ့ Link လောက် အကြောင်းအရာအပြည့်အစုံကို စာရေးတင်ရင် လုံလောက်မယ်ထင်ပါတယ်။

လောလောလတ်လတ်ဖြစ်နေတဲ့ ဆရာဝန်နဲ့ ရင်သား ပြသနာကိုလဲပြောချင်ပါသေးတယ်။ ပထမဆုံးသတင်းတွေ့တုန်းက သူ့ကို နိုင်ငံကျော်စာရေးဆရာမရဲ့အမျိုးသားမှန်း မသိပါဘူး။ ကျမအနေနဲ့ပြောရရင်သိစရာမလိုပါဘူး။ သူလုပ်ခဲ့သောအမှုသူနဲ့ပဲဆိုင်ပါတယ်။ အခုဆို ထိုဆရာဝန်နဲနဲ့ လူချင်းအပြင်မှာသိတဲ့သူများက သူ့အတွက် testimonialတွေရေးတင်ဖို့ Petition လုပ်ဖို့ ကြိုးစားနေကြပါပြီ။ ဘာတွေဘယ်လိုလုပ်လုပ် သူဒီအမှုကိုကျူးလွန်ခဲ့ကြောင်းထင်ရှားရင် လွတ်မှာမဟုတ်ပါဘူး။ သူမကျူးလွန်ခဲ့ဘူးဆိုရင်လဲ သူ့အတွက် ရပ်တည်ပေးမဲ့သူရှိတာဝမ်းသာရမှာပါ။ ဘာပဲဖြစ်ဖြစ် သူ့အမျိုးသမီးနဲ့ ကလေးလေးကအပြစ်မရှိပါဘူး။ ဘာလို့များ အဲဒီဆရာဝန်ဟာ  နိုင်ငံကျော်စာရေးဆရာမရဲ့အမျိုးသားဖြစ်ကြောင်း၊ အရင်ကပြောထားတဲ့ ( သူတို့အပြောအရ ဘာသာရေးကိုင်းရှိုင်းကြောင်း၊ မိန်းမနဲ့ ကလေးကို အင်မတန်ချစ်ကြောင်း ကြွားဝါထားတဲ့) အပြောတခြား၊ အလုပ်တခြားဖြစ်နေကြောင်း ရေးတင်နေကြသလဲ ကျမစဉ်းစားမရပါဘူး။ အမှန်အတိုင်းပြောရရင် ကျမက ဆရာမရဲ့ ပရိတ်သတ်မဟုတ်ပါဘူး။ ဒီအမှုမှာလဲ သူ့အမျိုးသားနဲ့ မသိတဲ့အတွက်  သူဒီလူမှုရေးပြစ်မှုကို ကျူးလွန်ခဲ့သလား၊ မကျူးလွန်ဘူးလား မခန့်မှန်းတတ်ပါဘူး။ Petition မှာလဲလက်မှတ်ထိုးဖို့အစီအစဉ်မရှိပါဘူး။ မဆိုင်တဲ့ သူ့အမျိုးသမီးနဲ့ ကလေးလေးကို မပါစေချင်ယုံသက်သက်ပါ။  ဖေ့ဘွတ်မှာ ဘာမှမရေးဘဲ မ Shareဘဲနေရင်တောင် အမှုဖြစ်ပြီဆိုကတည်းက သူတို့မိသားစု ဘယ်လိုမှ စိတ်မချမ်းသာနိုင်တော့ပါဘူး။ ဒီတော့ ဆိုးပြီးသားအခြေအနေတခုမှာ အကြောင်းအရာ ဂဂနန မသိဘဲShare လေးနှိပ်ပြီး " ရေနစ်သူ ဝါးကူထိုး" နေကြတဲ့ postတွေကို စိတ်ပျက်မိပါတယ်။

သေသေချာချာမသိဘဲ အတင်းကာရော Shareကြတဲ့ အထဲမှာ  နောက်တခုရှိပါသေးတယ်။" ကိုဘယ်သူ မဘယ်သူ က လူလိမ်တွေပါ။ အလုပ်ရှာပေးမယ်ဆိုပြီး ဘယ်လောက်လိမ်ပါတယ် ဘယ်လိုလိမ်ပါတယ်ဆိုပြီး" တယောက်ယောက်ကသာ ရေးပြီး ဓာတ်ပုံနဲ့ရေးတင်လိုက်  ဖေ့ဘွတ်မှာ လှိုင်လှိုင်ကြီးဆဲကြ ၊ဆိုကြ ၊Shareကြပါလိမ့်မယ်။ တင်ထားတဲ့ ပုံတွေထဲ တခါတခါ ကလေးချီထားတဲ့ပုံတွေလဲပါ၊  သူငယ်ချင်းတွေ ရုပ်တွေလဲပါ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြန်ပြီး Shareကြတော့တာပါပဲ။ " မသိဘူးနော်။ သူများက Shareပါဆိုလို့ " ဆိုတာမျိုးရေးပြီးShareကြတာတွေလဲမြင်ဖူးကြမှာပါ။ ဟုတ်ရင်ကောင်းပါတယ်။ ဒီလူသူများတွေကိုထပ်လိမ်လို့မရတော့ဘူးပေါ့။ မဟုတ်ရင်ရော။  ဖေ့ဘွတ်ဆိုတာ သူငယ်ချင်းခပ်များများရှိတဲ့အကောင့် တခုပိုင်ဆိုင်ရုံနဲ့ လူတယောက်ရဲ့ ဘဝကိုဖျက်ဖို့ အလွယ်ကူဆုံးနေရာဖြစ်သွားပါပြီ။

 ဖေ့ဘွတ်ဆိုတာလူမှုဆက်သွယ်ရေးကွန်ရက်ပါ။ နောက်ဆုံးစစ်တမ်းတွေအရ  ဖေ့ဘွတ်ကိုသုံးတဲ့သူက သန်း၅၀၀ကျော်ရှိလာပီး လူမှုဆက်သွယ်ရေးကွန်ယက် ထက်ကိုပိုလာပြီလို့ ထင်ပါတယ်။  ဖေ့ဘွတ်က အွန်လိုင်းမှာရှိနေတဲ့ ကမ္ဘာတခုဆိုရင် ကျမတို့ရဲ့  page တွေက ကိုယ်ပိုင် အိမ်လေးတွေပေါ့။ ဝေါ (wall) ပေါ်မှာတင်ထားတဲ့ post တွေက အိမ်တခုရဲ့ ပြတင်းပေါက်တွေဖြစ်ပြီး သူငယ်ချင်းတွေက အိမ်နီးချင်းတွေလို့ မြင်ကြည့်ရအောင်ပါ။  ဖေ့ဘွတ် ဒါမှမဟုတ် virtual world တခုရဲ့အားသာချက်ကတော့ အာဖရိကကသူတယောက်က မြန်မာပြည်ကသူငယ်ချင်းကို နေ့တိုင်းလာလည်လို့ရသလို မြန်မာပြည်ကနေလဲ ကနေဒါကသူငယ်ချင်းဘာလုပ်နေသလဲဆိုတာ သိနေနိုင်ပါပြီ။ ကိုယ့်အိမ်ကို တကူးတက လာလည်တဲ့သူဖြစ်ဖြစ်၊ ပြတင်းပေါက်နားက မတော်တဆဖြတ်သွားတဲ့သူကိုဖြစ်ဖြစ်၊ စပ်စပ်စုစုနဲ့ချောင်းကြည့်တဲ့သူကိုပဲဖြစ်ဖြစ် ကိုယ့်အကြောင်း၊ ကိုယ့်လူမျိုးအကြောင်း၊ ကိုယ့်နိုင်ငံအကြောင်း ဘာတွေလှစ်ဟပြချင်လာလဲဆိုတာကို တွေးဆကြစေချင်ပါတယ်။

Wednesday, 4 February 2015

ကျောင်းတော်ကချစ်သူတွေ

"နိုင်ငံတော်အလံကိုအလေး...ပု"
စတုတ္ထတန်းအခန်းတခန်းက အတန်းခေါင်းဆောင်ရဲ့ နိုင်ငံတော်အလံကို ညီညီညာညာအလေးပြုဖို့ ခပ်ကျယ်ကျယ်အော်ပြီး တိုင်ပေးတဲ့အသံပါ။ စိတ်ပဲလောနေတာလား၊  အသံထွက်မပီသသလား မသေချာပေမဲ့ အနောက်မှာ  နိုင်ငံတော်သီချင်းဆိုပြီး  နိုင်ငံတော်အလံကို ငြိမ်ငြိမ်သက်သက်၊ ညီညီညာညာအလေးပြုဖို့စောင့်နေ တဲ့ သူတွေဆီက ခွိခွိနဲ့ ရီသံတွေ ထွက်လာသည်။ အတန်းပိုင်ဆရာမက "အဟမ်း..အဟမ်း" ချောင်းဟန့်သံအဆုံး ... အတန်းခေါင်းဆောင်က နောက်ထပ်တကြိမ် အသံမြှင့်အော်အပြီးမှာတော့ ကျမတို့တတွေ အားလုံးညီညီညာညာ အလေးပြုလိုက်ကြပါသည်။ ထိုနေ့ကစပြီး အတန်းထဲမှာ နာမည်ကြီးနေသော အသားညိုစိမ့်စိမ့် လူကောင်ထွားထွားသူ့ကို သေသေချာချာသတိထားမိပါသည်။ သတိမထားချင်လို့လဲမရ ဘူးလေ။ သူ့ရဲ့ "အလေး...ပု" ဇာတ်လမ်းကိုအတန်းထဲကသူတွေ အချိန်တော်တော်ကြာတဲ့အထိပြောမဆုံးဘဲကိုး။

သူ့နာမည်က ၄လုံး။ နာမည်ရှည်ရှည်တွေ ခေတ်စားတဲ့ ကာလမို့ သူ့နာမည်က ခုခေတ်စကားအရဆို လန်းပါသည်။ ပြောကြကြေးဆို ကျမနာမည်ကလဲ ခပ်ရှည်ရှည်ပဲ။ နာမည်ရှည်တာချင်းတူပေမဲ့ ကျန်တဲ့နေရာတွေမှာအကွာကြီးကွာသည်။  သူက သွက်သွက်လက်လက် နဲ့အပေါင်းအသင်းဆန့်သည်။ အင်မတန်လူကြောက်တတ်တတ်တဲ့ ကျမက တော့ လာစကားပြောတဲ့ အလယ်တန်း၊အထက်တန်းက သူတွေကို ခုံအောက်တွေမှာ ဝင်ပုန်းရတာ အလုပ်ကြီးတခု။ မုန့်စားဆင်းချိန်တွေတိုင်း မှာ လူမထပ်အောင်တွဲတက်တဲ့ သူ့ကို တော့တခါတရံ အားကြသလိုလို၊ စိတ်ပူသလိုလိုနဲ့ ငေးမိပါသည်။

စတုတ္ထတန်း စာသင်နှစ်တနှစ်လုံး အတန်းတူချင်းပေမဲ့ သူနဲ့ ကျမနဲ့စကားမပြောဖူးပါ။ မျက်နှာချင်းဆိုင် ဆုံတိုင်း သူကအမြဲအရင် ရီပြတတ်ပေမဲ့ သူ့အတွက်ကျမက အမှူမဲ့အမှတ်မဲ့ဆိုတာ ကလေးပေ မဲ့ သေသေ ချာချာကြီး ကိုသိသည်။သူ့ကို သဘောကျစိတ်လေးနဲ့ ငေးရုံကလွှဲလို့ ကျမကလဲ သွား မိတ်ဖွဲ့ဖို့ သတ္တိကမရှိ။ ဒီလိုနဲ့ စာမေးပွဲကြီးအပြီး အောင်စာရင်းအလိုက် ငါးတန်း အတန်းတွေအခွဲမှာ သူနဲ့အတန်းကွဲသွားသည်။ သူကတော့ နာမည်ကြီးမြဲ ကြီးဆဲ။ ကျောင်းအကျီပေါ်မှာ "waist coat" လို့ခေါ်တဲ့ လက်ပြတ် အပေါ်ထပ်လက်တိုလေး ထပ်ဝတ်တတ်သောသူ့ကို ကျမတို့နှစ်က သူ့ကိုတော်တော်များများသိကြသည်။ ၅တန်းနှစ်မှာ အနည်းငယ် တိုးတက်လာတာက ကျမ။ မုန့်စားဆင်းချိန်တွေမှာ လက်ကလေးတွဲပြီး ကျောင်းပတ်ကြသည့် သူတွေအကြောင်း အနည်းငယ်သိလာသည်။ အတန်းရှေ့ကို မကြာခဏ လမ်းသလားတတ်တဲ့သူတွေကို မျက်လုံးချင်းဆုံကြည့်ပြီး ရီပြတတ်ပြီ။ ခုံအောက်ထဲ ဝင်ပုန်းတဲ့အထိလဲ လူမကြောက်တော့။ သူ့ကိုတော့ မကြာခဏ ဆိုသလို ကော် ရစ်ဒေါ မှာလမ်းလျှောက်ရင်းဖြစ်ဖြစ် မုန့်ဈေးတန်းမှာဖြစ်ဖြစ်တွေ့ပါသည်။ ဘေးမှာလဲ သူနဲ့အတန်းတူ ပုံမရသော ကောင်မလေးတယောက်ယောက် အမြဲပါသည်။ ကျမက မရီပြဖြစ်သလို သူကလဲကျမကိုမမှတ်မိပါ။

သူနဲ့စကားသွားပြောဖို့၊ လက်ကလေးတွဲပြီး ၁၅မိနစ် လောက်လမ်းလျှောက်ဖို့ ဘာလုပ်ရမလဲဆိုတာ ကျမသိပါသည်။ သို့သော်လဲ သူ့ကို ဘယ်တော့မှစမလိုက်ဘူးဆိုတဲ့ ကျမဆုံးဖြတ်ချက်ကို ခိုင်မာစေတာက မျက်လုံးဝိုင်းဝိုင်းအသားဖြူဖြူ နဲ့  ကျမ၏ စီနီယာတယောက်ကြောင့်ဖြစ်ပါသည်။ သူက တဦးတည်းသောကလေး၊  ပြည့်စုံသောအသိုင်းအဝိုင်းကဖြစ်ပြီး ခပ်ဆိုးဆိုးလေးပဲ ဆိုကြပါစို့။နေ့စဉ် နေ့တိုင်း မုန့်တွေပေး၊ နှင်းဆီပန်းတွေပေးပြီး သူ့ကိုပြန်ချစ်ဖို့ တတွင်တွင်ပြော။ ကျမက တတွင်တွင်ငြင်း။ စာတွေ အိတ်ထဲ ကျမမသိအောင် ခိုးထည့်။ အမေတွေ့လို့ အပြောခံရ။ သူ့ သူငယ်ချင်းတွေနဲ့ ကျမသူငယ်ချင်းတွေ ရန်ဖြစ်။  တရက်ကြတော့ နောက်ဆုံးစာဟုဆိုကာ အနီရောင်တွေနဲ့ မညီမညာရေးဖွဲ့ထားသော၊ မင်အနံ့မဟုတ်သော အနံ့တခုထွက်နေသော စာတစောင်ရပါသည်။ အနီရောင်တွေပေနေသောစာကိုသေသေချာချာ မကိုင်ရဲ၊ စိတ်လဲမကောင်းဖြစ်ရင်း " ငါလဲ သူ့လိုပဲ ချစ်တဲ့စိတ်နဲ့ ဘာမဆို  အတင်းအကျပ် လုပ်မိနိုင်တာပဲ" လို့အတွေးဝင်လာတော့ ကိုယ်ချစ်နေတာတခုနဲ့တော့ ဘယ်သူ့ကိုမှ မလိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါသည်။

ဆဌမတန်းတက်တော့ သူကကျမရှေ့က တခန်းမှာ။ သူနဲ့ တူတူတွဲပြီး တွေ့လာတာက မျက်နှာဝိုင်းဝိုင်း၊ ဆံပင်တိုတို အလယ်ခွဲနဲ့ သူ့ညီမလေး။  ပုံကတော့ ခပ်အေးအေး ဂျစ်တစ်တစ်လေး။ သူ..သူ့ညီမလေးကို သိပ်ချစ်ပြီး သိပ်ဂရုစိုက်ကြောင်း သူ့ရဲ့အကြောင်းကို သတင်းလုပ်ပြောချင်သူတွေ ဆီကမကြာခဏကြားရသည်။  အတန်းတိုင်းလိုလို အတန်းခေါင်းဆောင်၊ အသင်းခေါင်းဆောင်ဖြစ်နေတဲ့ သူက မကြာမကြာ ကျောင်းကိစ္စပေါင်းစုံနဲ့ အတန်းထဲရောက်တာတတ်တော့ မတွေ့မမြင်ရတော့မဟုတ်။ သို့သော် အမှန်အတိုင်းပြောရရင် သူနဲ့ သူ့ရဲ့အချစ်အသစ်တွေအကြောင်းကိုသိပ်စိတ်မဝင်စားတော့။ ဒါပေမဲ့ လာလိုက်တဲ့ သူမှန်သမျှကို ( သူ့ကြောင့်မဟုတ်) ငြင်းရင်း "အတွဲမရှိ" ဂုံဏ်ကိုထိမ်းတုန်း။

ကံကြမာကသူနဲ့ ကျမကိုရင်းနီးစေချင်ပုံရသည်။ သတ္တမတန်းရောက်တော့ သူနဲ့ တကျော့ပြန်အခန်းတူသည်။ သူနဲ့တင်မဟုတ်။  သူ့ညီမလေးကလဲ တခန်းထဲအတူတူ။ ဆဌမတန်းမှာ တွဲခဲ့တဲ့ စာအလွန်တော်သော သူငယ်ချင်းက A တန်းကိုရောက်သွားပြီး ကျမ ချစ်သော ၅တန်းမှ သူငယ်ချင်းများက ကျမနဲ့အတူ အတန်းလိုက်တက်မလာ။ တခန်းလုံး ကျမနဲ့ သိတာ ၆တန်းတုန်းက မထင်မှတ်ပဲ ခေါ်ပြော နှုတ်ဆက်ဖူးသော၊ သူနဲ့လဲခင်သော ဆံပင်တိုတို၊ ဂျစ်ကန်ကန်  နှစ်ယောက်။ ပြောရရင် သူတို့  နှစ်ယောက်ကလဲ နာမည်ကြီးတွေ။ ကျောင်းမှာ ခုနှစ် နှစ်ကျင်လည်ပြီးသည့်တိုင် ကျောင်းအထာမနပ်သေးသော ကျမနဲ့ ပုံစံနည်းနည်းမှမတူ.. ဆိုတော့ ကျမကသွားမခေါ်ချင်၊ မခေါ်ရဲ။  ကျမက တမင်တကာရှောင်နေပေမဲ့ အခန်းထဲမှာ သူငယ်ချင်းမရှိဘာမရှိနဲ့ အူကြောင်ကြောင်ဖြစ်နေသော ကျမကို သတိထားမိပြီး လာစကားပြောသော သူတို့ကို ပြန်တွေးကြည့်ရင်  ကျေးဇူးတင်ရပါသည်။ အတွဲလဲမရှိတော့ မုန့်စားဆင်းချိန်မှာတောင် တယောက်ထဲ ငိုင်နေတာမဟုတ်လား။ သူငယ်ချင်း၃ယောက်  သတ္တမတန်းစာသင်ခန်းရဲ့ နောက်ဆုံးခုံမှာ တူတူထိုင်ကြသည်။ စာသင်ချိန်တွေမှာ ထမင်းတွေခိုးစားပြီး မုန့်စားဆင်းချိန် မိနစ်၃၀အပြည့်ကျောင်းပတ်ကြသည်။ တခါတလေ ကောင်မလေးတွေဆီကို တူတူသွားကြသည်။ ကျမကတော့ ချိန်းတွေ့သည့်အချိန်တွေမှာ ခပ်ဝေးဝေးမှာတွေးရင်း ငေးရင်း စောင့်ပေါ့။ ထူးထူးခြားခြား မှတ်မိနေတာက မုန့်စားဆင်းချိန်မှာ ကျမရဲ့ ချစ်သူငယ်ချင်းနှစ်ယောက်က ကျမကို  တယောက်ထဲ ဘယ်တော့မှအထီးကျန် မနေစေတာပါပဲ။

အတန်းထဲမှာ အသင်းခေါင်းဆောင်၊ အတန်းခေါင်းဆောင်ရွေးကြတော့ ထုံးစံအတိုင်း သူ့ကိုဝိုင်းမဲပေးကြသည်။ ပေးမှာပေါ့...သူက တခြားအတန်းခေါင်းဆောင်တွေလို ကျပ်မှမကျပ်ပဲကိုး။ သူလဲ လုပ်ချင်ရာတွေ လုပ်နေတတ်သလို သူများတွေ ဆူနေလဲ ဘာမှမဟန့်။ စာသင်ချိန် ထမင်းခိုးစားသည့်အထဲ သူတောင်ပါသေးသည်။ဆရာမတွေလာဆူတဲ့အခါ "အားလုံးတိုးတိုးနေကြ" လို့ ဟန်ဆောင်ပန်ဆောင် ထအော်.. သူ့လဲဘယ်သူကမှ မကြောက်။  စကားစပ်လို့ပြောရရင် ထမင်းခိုးစားသည့်အထဲ အတော်ဆုံးက အေးပုံပေါ်သော သူ့ညီမလေး။ ဆရာမ ကျောက်သင်ဘုန်းပေါ်တွင်စာရေးနေချိန်လေးမှာ ထမင်းတလုပ် ပါးစပ်ထဲကောက်ထည့်... ဆရာမစာရှင်းပြချိန်မှာ  ဆရာမ မသိအောင် ပါးစပ်တလှုပ်လှုပ်နဲ့ ဝါးစား။ ဘေးက ဆရာမတွေ ဖြတ်သွား တာမြင်ရင် ပေါင်ပေါ်တင်ထားသည့် သူ့ရဲ့ စတီးထမင်းဘူးကို စာရေးစားပွဲခုံထဲ အလျှင်အမြန်ထည့်။  သူ့ညီမလေးအစား ဘေးကနေ ကျမကကြည့်ရင်း ရင်မောရသည်။


ကျမ အတန်းထဲမှာ  အသင်းခေါင်းဆောင်ဖြစ်လာတာက တကြောင်း၊ သူငယ်ချင်း အုပ်စုတူနေတာက တကြောင်းတို့ကြောင့် ခုနှစ်တန်းသူနဲ့ ကျမတော်တော်ရင်းနီးလာသည်။အတွင်းကျကျပေါင်းကြည့်တော့ သူသည်ပျော်တတ်ပြီး ဟန်လုံးဝမရှိ။ မြန်မာဟင်းမျိုးစုံကို ကောင်းကောင်းချက်ပြီး ထည့်ပေးတတ်သည့် သူ့အိမ်က ထမင်းဘူးထက် အသားညှပ်ပေါင်မုန့်လိုမျိုး၊  ဒါမှမဟုတ် တရုတ်ဟင်း ဝက်သားလုံးကြော်၊ ချိုချဉ်ကြော်လိုမျိုးထည့်ပေး တတ်သည့်ထမင်းဘူးမျိုးကိုပိုစိတ်ဝင်စားသည်။သူ့ရဲ့ "အလေး...ပု" ဇာတ်လမ်းကိုပြန်ပြောပြတော့ သူကသိပ်မမှတ်မိ။ ရီကျဲကျဲနဲ့  "မသိပါဘူးဟာ...ဟုတ်မှာပေါ့" လို့ခပ်ဝါးဝါးဖြေသည်။သူ တလွဲတွေ လုပ်တတ်မှန်း သိနေကျသည့် တခြားသူငယ်ချင်းတွေကတော့ တဝါးဝါးရီပါသည်။

သူ့ညီမလေးနဲ့ ရင်းနီးလာတာကတော့ စာကူးဖို့ စာအုပ်ငှါးရာက စတာ။  ဆရာမ စာခေါ်ချိန်မှာ ပျင်းသည်ဟုဆိုတာစာရေးချင်ဟန်ဆောင်သော်လည်း စာလိုက်မရေးတတ်သော သူ့ညီမလေးနဲ့ သူ့သူငယ်ချင်းလေးကို စာအပြည့်အစုံရှိသော၊ လက်ရေးလှသော ကျမကစာအုပ်အမြဲငှါးရပါသည်။ ဒီလိုနဲ့ ကျမတို့တတွေ သူငယ်ချင်းတအုပ်စုကြီးဖြစ်လာပါပြီ။ ကျောင်းမှာ အင်မတန် ပေါ်ပြူလာဖြစ်သော သူများနှင့် တသီးတသန့်နေတတ်သော၊ လူသိပ်မသိသော၊ စာဂျပိုး ( ဟုထင်ရသော) ကျမ မထင်မှတ်ဘဲ လည်ပင်း ဖက်ပေါင်းသော သူငယ်ချင်းတွေ ဖြစ်လာတာ တော်တော် ထူးဆန်းပါသည်။ သူတို့နဲ့ပေါင်းပြီး ပထမဆုံးကျောင်းကော်ရစ်ဒေါမှာ ထိုင်တတ်လာသည်။ စာသင်ချိန် ဆရာမလွတ်ချိန်တွေမှာ ထမင်းခိုးစားပြီး မုန့်စားဆင်းချိန် မိနစ်၃၀လုံးလုံး သူငယ်ချင်းတအုပ်ကြီး အတန်းပေါင်းစုံက နာမည်ကြီးများကို လိုက်ကြည့်သည်။ သူငယ်ချင်းတွေ နှစ်ယောက် တတွဲ ကျောင်းပတ်ကြသည်။ သူသည်လဲ ကျမအချစ်ဆုံး သူငယ်ချင်းထဲက တယောက်ဖြစ်သွားပါပြီ။

.............................................................................

"ဘေဘီ ဘာဖြစ်နေတာလဲ။ ရော့ ဒါလေးစားလိုက်"
ဒုတိယအစမ်း စာမေးပွဲအပြီးမှာ စိတ်ကျေနပ်လောက်အောင် မဖြေနိုင်လို့ ခုံပေါ် လွယ်အိတ်ပေါ်တင်ပြီး မျက်နှာမှောက်ထားသော ကျမရှေ့မှာ Love ကန်ဒီဟုခေါ်သော အသည်းပုံ အနီရောင်သကြားလုံးလေးတခု။ ကျမတို့တုန်းက Love ကန်ဒီဆိုတာ ချစ်သူသမီးရည်းစားအချင်းချင်းပေးလေ့ရှိသောအစားအစာတခုပါ။ အသံကို သေသေချာချာကြီးမှတ်မိနေပါရက်နဲ့ မယုံနိုင်စွာကြည့်မိတော့ သူ့ထုံးစံအတိုင်း အမည်းရောင် waistcoat" လို့ခေါ်တဲ့ လက်ပြတ်လေးဝတ်ထားသော သူ့နောက်ကျောကို လှမ်းမြင်ရပါသည်။   ခုံပေါ်တွင်ချထားသော Love ကန်ဒီ အသည်းပုံ သကြားလုံးလေးကို သူများတွေမမြင်ခင် လွယ်အိတ်အမွှေးပွလေးရဲ့ အောက်ခြေမှာထိုးထည့်ရင်း "ဘေဘီ" နဲ့ "Love ကန်ဒီ " ကြောင့် သူ့ကို ရင်ပြန်ခုန်တတ်လာပါသည်။

၇တန်း နှစ်ကုန်ခါနီးတလျှောက်လုံး မမေးဖြစ်ခဲ့တဲ့ မေးခွန်းကို ၈တန်းတက်မှ သူ့ကိုအားတင်းပြီးမေးမိပါသည်။
"ဟဲ့ နင်ငါငိုနေတာ ဘယ်လိုမြင်သွားတာလဲ။ ဟိုလေ သကြားလုံးတောင် ပေးသွားသေးတယ် " (Love ကန်ဒီ ဟုမပြောရဲ)
"ဟမ် ဘယ်တုန်းကလဲ ။."
"မနှစ်ကလေ .. xxx ဘာသာဖြေတဲ့နေ့လေ။ ဒုတိယအစမ်း..."
" အော မှတ်မိပြီ။ xxx ဘာသာမေးခွန်းကြီးက သတ်တယ်လေ။ ငါတို့ထဲမှာ မဖြေနိုင်ရင် စိတ်အညစ်ကြီးညစ်တတ်တာဆိုလို့ နင်ပဲရှိတာ။ ဒါကြောင့် ဖြေဖြေပြီးချင်း နင့်ကို ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ" ( ငါ့ကိုဂရုတစိုက်ရှိသားပဲ။ ရင်ထဲမှာ နွေးသွား...)
" သကြားလုံး...?"
"အေး ..ဒါနဲ့ ကလေးအငိုတိတ်အောင် ငါ့မမကိုပေးမဲ့  သကြားလုံးပေးခဲ့တာ" ( ဟမ် ဒါဆို တကူးတကပေးတာမဟုတ်ဘူးပေါ့)
" ငါ့ကိုတောင် "ဘေဘီ" လို့ခေါ်သွား သေးတယ်လေ" ( မျှော်လင့်တကြီး မဝင့်မရဲနဲ့မေး...)
" ဟုတ်လား .. မသိပါဘူး" ( ဟင်း...)
ရတဲ့ နေ့ကတည်းက ဘယ်သူမှမမြင်အောင် မစားအောင် အဝတ်ဗီဒို အောက်ထဲတကူးတကထည့်ထားသော Love ကန်ဒီအနီရောင်လေးကို ပြင်မြင်ပြီး အားနာလှပါသည်။ 

နဝမတန်းရောက်တဲ့အခါ "အချိန်အရမ်းပေးရတယ်" ဟူသောအကြောင်းပြချက် နဲ့ ကျောင်းပြောင်း ကြဖို့စကားသံတွေ ဟိုတစ ဒီတစထွက်လာပါသည်။ လသာ၂ က မနက်၈နာရီကနေ ညနေ ၃နာရီလောက်အထိတက်ရတာလေ။ ကျမတို့ အုပ်စုထဲတွင်သာမက တခြားတခြားသော အတန်းခွဲများက သူငယ်ချင်းတွေကလဲ ၁၀တန်းမှာ ကျောင်းပြောင်းတက်ကြဖို့ စဉ်းစားကုန်ကြပြီ။ အခုမှ ကျောင်းရေ လည်လာသော၊ ကျောင်းပျော် လာသော ကျမကတော့ လသာ၂ကနေခွါဖို့ အစီအစဉ်မရှိ။ ချစ်ရတဲ့ သူငယ်ချင်းတွေကိုလဲ ကျောင်းမပြောင်းစေချင်။ ဒါနဲ့ပဲ ကျမမှာ ဒိုင်ယာရီရေးသောအကျင့်စပြီးရလာပါသည်။ တနေ့တနေ့ ကျောင်းမှာ ကြုံသမျှ၊ တွေ့သမျှ၊ ခံစားရသမျှ မှတ်တမ်းတင်ဖို့ ဆိုပါတော့။  ဒိုင်ယာရီထဲအများဆုံး ပါတတ်တာတော့ ဘယ်သူ့အကြောင်း လဲ ပြောစရာလိုမယ်မထင်ပါ။

အရင်တုန်းကထက် စာတွေများလာသည့်ကြားထဲက ၉တန်း ဒုတိယအစမ်းဖြေခါနီးတွင် ကျောင်းကိုယ်စားပြုပွဲ တပွဲမှာပါဖို့အရွေး ခံရပါသည်။ ကျောင်း မှာရသမျှ အတွေ့အကြုံ လိုချင်သော ကျမက ၂ပတ်တိတိ ကျောင်းမတက်ဘဲ camp ဝင်ပြီးလေ့ကျင့်ရမည့်အရေးကို တတ်တတ်ကြွကြွပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထို camp မှာပဲ ပထမဦးဆုံး အချစ်တော်ရခဲ့ပါသည်။ နှစ်ပေါင်းများစွာ စိတ်ဝင်စားခဲ့သော သူနဲ့ အချစ်ဆုံး သူငယ်ချင်းတွေ မထင်မှတ်ဘဲ ဖြစ်ခဲ့ရပြီး ကျောင်းတွင်တခါမှ မဆုံဘူးသော အတန်းတူ ကောင်မလေးနဲ့ အချစ်တော်ဖြစ်သွားတာတော့ တွေးကြည့်ရင် တော်တော်ထူးဆန်းပါသည်။ အခုလက်ရှိအချိန်အထိ ကျမတို့တဖွဲ့လုံး ( သူအပါအဝင်) အချစ်ဆုံးသူငယ်ချင်းတွေအနေနဲ့ရှိနေကြပြီး အချစ်ဟောင်းကောင်မလေးနဲ့တော့ ဖဘမှာ မေးထူးခေါ်ပြောယုံကလွဲလို့ အဆက်အသွယ်မရှိ။

ကျမကို တယောက်သောသူကပြောဘူးပါသည်။ "လူတယောက်ကို တကယ်ချစ်ရင် သူငယ်ချင်းတော်လိုက်ပါ။ ဒါဆို သူနဲ့ တသက်လုံး အတူတူရှိဖို့ အခွင့်အရေးပိုရတယ်။
Relationship တခုဖြစ်သွားပြီဆိုရင်တော့ အချိန်မရွေး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနိုင်တယ်" တဲ့။

ကျမ လမ်းအရွေးမှန်ခဲ့ပါသည် ဟုထင်ပါသည်။

(ဒီpost ကို မဇွန်နဲ့ မညိုလေးနေ တို့အားပေးလို့ ရေးဖြစ်တာပါ။ ချစ်ရတဲ့ လသာ၂ အမှတ်တရမို့ စုံအောင်လဲရေးချင် ရေးရင်းနဲ့လဲ ကြာသွားတာကို  ခွင့်လွှတ်ကြပါလို့။)