Wednesday, 24 October 2012

၄၉ ရက်


ကိုရီးယားကား ကြည့်ဖူးကြမယ်ထင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းလောက်ကစပြီး ကိုရီးယားဇာတ်ကားတွေ ခေတ်စားလာလိုက်တာ ဒီနေ့ထိပါပဲ။ ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ် အလှည့်အပြောင်း၊ ဟာသ၊ မင်းသား မင်းသမီးတွေရဲ့ ရုပ်ရည် ကြောင့် စွဲလမ်းကြသူတွေ ရှိသလို  တချို့ကလဲ ကိုရီးယားကား ကြည့်ရရင် စိတ်ဖိစီးမှူပျောက်ပြီး စိတ်အပန်းပြေတယ် လို့ ပြောတဲ့သူတွေတောင် တွေ့ဖူးပါတယ်။ ကျွန်မထင်တာကတော့ ဇာတ်လမ်းထဲမှာ မျောပြီး ကိုယ့်အပူကိုယ် ခဏမေ့သွားတာ ပိုဖြစ်နိုင်ပါတယ်။ တချို့ဟာသကားလေးတွေကတော့  စိတ်အပန်းပြေစေတာအမှန်ပါပဲ။

ကိုယ်ကိုတိုင် ကိုရီးယား ဒရာမာတွေ တစိုက်မတ်မတ် ကြည့်ရအောင် မစွဲလန်းပေမဲ့ ကိုယ်ကြိုက်တဲ့မင်းသား၊ မင်းသမီး ပါတာမျိုး  ဒါမှမဟုတ် ဖြစ်ရပ်မှန် သမိုင်းအကြောင်းရိုက်တာမျိုးဆိုရင်တော့ အချိန်ပေးပြီးကြည့်ဖြစ်ပါတယ်။ အပိုင်းတွေသိပ်မများရင်ပေါ့လေ။ စကားကြုံလို့ပြောရရင် ပြီးခဲ့တဲ့ ၁လလောက် သူငယ်ချင်းတယောက်ပြောလို့ Gentleman's Dignity ဆိုတဲ့ ကားလေးကြည့်ဖြစ်ပါတယ်။ ဟိုအရင် ကိုရီးယားကားတွေ ခေတ်စားခါစ All about Eve ကားထဲက ဒါရိုက်တာရင်ကို မှတ်မိတယ်ဆိုရင်၊ ကြိုက်တယ်ဆိုရင် ကြည့်ဖို့ ညွှန်းချင်ပါတယ်။ ပျော်စရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး ကားလေးပါ။ စကားတွေချီးနေတာနဲ့ပဲ ပြောချင်တဲ့ အကြောင်းမရောက် ဖြစ်တော့မယ်။

"၄၉ ရက်" ဆိုတဲ့  နာမည်ခပ်ဆန်းဆန်းနဲ့ ကားလေးပါ။
ဒီဇာတ်လမ်းကြည့်မဲ့သူတွေ အတွက်လဲ အနှောက်အယှက် မဖြစ်အောင် ဇာတ်လမ်းကိုအကျဉ်းချုံး ပြောရရင် ရုပ်ရှိ ရေလျှံ သတို့သမီးလောင်းလေး ကားတိုက်မှုဖြစ်ပြီး ကိုမာ ရသွားတာကနေ စပါတယ်။ လူက ဆေးရုံကုတင်ပေါ်မှာ မလှုပ်မရှက်ပေမဲ့ သူ့ရဲ့ ဝိညဉ်ကတော့ မြန်မာလိုအခေါ်ဆို ယမမင်းဖြစ်မလားမသိ၊ ဒရာမာထဲမှာတော့ Scheduler လို့ခေါ်တဲ့ မင်းသားငယ်ငယ်ချောချောလေးနဲ့တွေ့နေပါတယ်။ Scheduler ရဲ့ တာဝန်က သေရမဲ့သူတွေ သေချိန်တန် သေမသေ စောင့်ကြည့်၊ စောင့်ခေါ်ရတာပါပဲ။ ဒီကြားထဲ သတို့သမီးလောင်းလေးလို သေချိန်မတန်ဘဲ အကုသိုလ်ဝင်ပြီး အပေါ်တက်မရ၊ အောက်လဲဆင်းမရဘဲ.. လူ့ဘဝထဲလဲပြန်သွားလို့မရတဲ့ သူတွေကို ကူညီရတာပါ။ လူ့ဘဝထဲပြန်သွားဖို့ သန့်ရှင်းတဲ့ မျက်ရည် ၃စက်လို ပါတယ်။ သန့်ရှင်းတဲ့ မျက်ရည်ဆိုတာ ကိုယ့်ကိုချစ်တဲ့စိတ် တခုထဲအတွက်ကြောင့်ကြတဲ့ မျက်ရည်ပါ။

"လူ့ဘဝထဲကိုပြန်သွားဘာလို့ မျက်ရည်လိုတာလဲ"
"လူ့ဘဝထဲမှာ ဒီအသက်အရွယ် အထိနေလာပြီး ကိုယ့်ကို ချစ်တဲ့သူမှ မရှိရင် ဘာလို့ လူ့ဘဝမှာ ဆက်နေအုံးမလဲ"

"မိမိကိုယ်သာ အားကိုးရာ"၊ " ကိုယ်ကိုတိုင်အတွက် အသက်ရှင်ပါ" ဆိုပေမဲ့ တယောက်ထဲနေလို့မရတဲ့ လောကကြီးမှာ ကိုယ့်အပေါ်တကယ် စစ်မှန်တဲ့၊ ကိုယ့်ကိုတကယ်ချစ်တဲ့ အဖော်ကောင်း မိတ်ဆွေကောင်းတကယ်လိုပါတယ်။ ဒါမှမဟုတ် အသက်ရှင်ပြီး တယောက်ထဲအထီးကျန်နေမယ်ဆိုရင် အသက်ရှင်ပေမဲ့ ပျော်စရာကောင်းမှာမဟုတ်ဘူးနော်။

နောက်ထပ် ကျွန်မကို အတွေးပွါးစေတာက ဇာတ်လမ်းထဲက မင်းသားတယောက်ရဲ့ စကားပါ။ ကိုရီးယားဒရာမာတို့ ထုံးစံ ဗီလိန်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားက တခြားတယောက်ကို သူ့လုပ်ရပ်နဲ့ပက်သက်ပြီး  ချေပတာဆိုပါတော့။

" ငါ ကံမကောင်းခဲ့ ဆင်းရဲခဲ့တုံးက ငါဘယ်သူ့ကို အပြစ်တင်လို့ရခဲ့လို့လဲ"
" ငါဘာမှ အမှားမလုပ်ဘဲ ဘာလို့ ခက်ခဲတဲ့ ဘဝမျိုး ကြုံရသလဲ "
" အခုလဲ ဒီလိုပါပဲ...  သူတို့ဘာအပြစ်မှ ကျူးလွန်လို့ မဟုတ်ပါဘူး။ သူတို့ ငါနဲ့တွေ့ရတာ ကံဆိုးသွားတာပါ"

လူတယောက်၊ မိသားစု တခုကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာ မှားတယ် ဆိုပေမဲ့ သူပြောတာကို ခံစားပေးလို့ရပါတယ်။ ဒီလိုရေးလို့ ကိုယ်ကံဆိုးတိုင်း မဆိုင်တဲ့သူကို တိုက်ခိုက်ရမလား ဆိုတော့လဲ မဟုပ်ပါဘူး။ တခါ တခါ လူတွေငြီးကြသလို ဘဝကြီးက မတရားဘူး မဟုတ်လား?

သရုပ်ဆောင် ၂ယောက်လမ်းခွဲ ခါနီးပြောတဲ့ စကားကလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
 ကောင်မလေးက မေးတယ်။ "ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ"

"ဘာအပြစ်မှ ရှိလို့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁နှစ် အတွင်း မင်းနဲ့ငါရဲ့ ဆက်ဆံရေးက ချစ်သူတွေဆိုတာထက် အကျိုးတူစီးပွါးဖက်တွေနဲ့ ပိုတူတယ်။ တွေ့လိုက်တိုင်း စီးပွါးရေးကိစ္စတွေ ဆွေးနွေးရင် ဆွေးနွေး ဒါမှမဟုတ် ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်တွေလုပ်နဲ့ ။ ဒါကြောင့် တခြားတယောက်ကို ငါစိတ်ဝင်စားသွားတာ "

ဒီအခန်းကို ကြည့်ရင်း လွန်ခဲ့တဲ့ ၃-၄ နှစ်က ဖတ်ဖူးတဲ့ စာရေးဆရာမ Sherry Agov's ရဲ့ "Doormat to Dreamgirl" ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာကို သတိရသွားတယ်။ "ချစ်သူရည်းစားဆိုတာ ချစ်သူရည်းစားလိုပဲ နေသင့်တယ်"တဲ့။ အရမ်းရင်းနှီးပြီး လင်မယားလို ဖြစ်သွားရင်မကောင်း သလို၊ အုပ်ရောရော ကျောက်ရောရောနဲ့ သူငယ်ချင်း မိတ်ဆွေလိုဖြစ်သွားလဲ မကောင်းဘဲ အမျိုးသားတွေဘက်က စိတ်ဝင်စားမှု ရော့တတ်တယ်" တဲ့။ မှန်မမှန်တော့ အမျိုးသားတွေမှပဲ သိနိုင်မှာပါ။ ကျွန်မအနေနဲ့ပြောရရင်တော့ မိန်းကလေးတွေက ရင်းနှီးလာတာနဲ့အမျှ ပိုပြီးသံယောဇဉ်တွယ်လာတတ်တာမျိုးပါ။

နောက်ဆုံး စိတ်ထဲရောက်လာတာ တခုကတော့ ကိုမာ ရပြီး မျက်ရည်လိုက်စုနေတဲ့ မင်းသမီးလေးပြောတဲ့စကားပါ။ သူက
" ဘယ်သူတွေ ကျွန်မအတွက် ငိုသလဲ ဆိုတာ မသိချင်ပါဘူး။ သိနေရင် လူတွေအပေါ် မမျှမတ ဆက်ဆံမိမှာ စိုးရိမ်လို့ပါ"

နီးစပ်ရာ ကိုယ်နဲ့အလှင်းသင့်တဲ့သူတွေ၊ ကိုယ့်အပေါ် အကျိုးပြူတဲ့ သူတွေကိုပဲ ဦးစားပေး အသာပေးနေတဲ့ ခေတ်ကြီးမှာ ဒီလိုစိတ်ထားမျိုးထားတတ်တဲ့ သူအချိုး အခုထက် နဲနဲများ ပိုများလာရင် လောကကြီး တော်တော်သာယာလာမှာပါ။

ဒီဇာတ်လမ်းကို ကြည့်ကြမဲ့သူတွေအတွက် အသေးစိတ်မရေးတော့ပါဘူး။ အချိန်ရလို့ အားကြမယ်ဆိုရင်တော့ ကြည့်ဖို့ ညွှန်းချင်ပါတယ်။

ဒါက ဝီကီကလင့်လေးပါ။
http://wiki.d-addicts.com/49_Days



Wednesday, 10 October 2012

လမ်းလျှောက်ထွက်ရအောင်


ပြီးခဲ့တဲ့ လပြည့်တညက အိမ်နားတဝိုက်ကို လမ်းလျှောက်ထွက်ရင်းနဲ့တွေးမိ၊ မြင်မိတာတွေကို ချရေးထားတာပါ။ လကသာသာနဲ့ မြင်သမျှ ကြည်နူးစရာကောင်းလွန်းလို့ စာတပုဒ်ထွက်လာသလား မသိ။ ကဲ ကျွန်မနဲ့တူတူ လမ်းလျှောက်လိုက်ခဲ့ကြပါအုံး။

(အဲဒီနေ့ညက ကင်မရာ မပါသွားတာ တော်တော်နောင်တရနေပါတယ်။ နောက်ဆိုဘယ်သွားသွား ကင်မရာယူမှဖြစ်တော့မယ်။ :D အောက်ကပုံကို Google ကယူပါတယ် )



မနေ့ညက
ငါတို့လမ်းလျှောက်ထွက်ခဲ့ကြတယ်
ပြာလဲ့လဲ့ မီးရောင်တွေရှိတဲ့
ညဈေးတန်း ဆီကိုပေါ့.
လရောင်ကလဲ ဖြာနေလိုက်တာ
လမ်းမကြီးတခုလုံးလင်းလို့။

မနေ့ညက
ငါတို့လမ်းလျှောက်ထွက်ခဲ့ကြတယ်
လမ်းတဖက်တချက်
ဖယောင်းတိုင် အတိုအစတွေနဲ့ မုန့်အချို့
ဒါတစ္ဆေညရဲ့ အကြွန်းအကျန်တွေလား
ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ
တယောက်ယောက်တော့ ချစ်တဲ့သူအတွက်
ဆုတောင်းခဲ့မှာ သေချာတယ်။

ဟော  ဟိုညာဘက်မှာ မီးရောင်တချို့
ငါတို့ အမောပြေ ကော်ဖီဆိုင်
ဒါမှမဟုတ်
ဝိုင်နီဆိုင် တဆိုင် ဖြစ်ပါစေ။
လက်ထဲမှာ ရေခဲချောင်းကိုယ်စီကိုင်လို့
ဆိုင်က ပြန်ထွက်လာပြီ
လိုရင်းက ရေငတ်ပြေဖို့မဟုတ်လား။

ရှေ့ဆက်သွားတော့
တတိယအရွယ် လူတစု
အများသုံး တီဗီ ရှေ့မှာ
မျက်လုံးတွေကတော့ တီဗီ ပေါ်မှာမရှိဘူး
အင်း.. သူတို့လိုချင်တာ တီဗီ မဟုတ်ဘူး...အဖော်။

ဟိုး ရှေ့ရှေ့က မီးတွေက ထူးထူးခြားခြား
လင်းလိုက်တာ
ပွဲတော် ဒါမှမမဟုတ်ရင်
အခမ်းအနားတခု ဖြစ်ရမှာပေါ့
ရောက်သွားတော့
ခလေးလေးတွေ
မီးပုံးလေးတွေ မီးပန်းလေးတွေနဲ့
ပျော်နေလိုက်ကြတာများ
အပြစ်ကင်းတဲ့ ပျော်ရွှင်ခြင်းတွေ
ရှိသမျှ နေရာဟာပွဲတော်ပါပဲ။

"ဆက်လျှောက်လိုက်ပါအုံး" တဲ့
ဒီတခါတော့ သီချင်းသံတွေဆီကိုပါ
ဟော ညာဘက်မှာ
အရွယ်လတ် အမျိုးသမီး တစု
စုပေါင်းပြီး "က" ရတဲ့ အကတမျိုး ကျင့်နေကြတာပါ
တချို့က စည်းချက်ကြကြ လှလှပပ
တချို့က မညီမညာ ယောင်ရောင်မှားမှား
ဒါပေမဲ့ အားလုံးပြုံးထားကြတယ်။

ဘယ်ဘက်ကို ကြည့်လိုက်အုံးတဲ့
ဖြူတဲ့ လရောင်အောက်မှာ
ဖြူတဲ့ အဝတ်ကိုဆီနဲ့
ကျောင်းသားလေးတွေ
ကရာတေး ကစားနေတာ
ဘေးမှာ ဆရာလုပ်တဲ့သူက ပီတိတွေစားလို့။

ဆက်လျှောတ်လာတော့
တခါးအဖြူရောင် တခု
ဘေးကို မော့ကြည့်တော့ သူကပြုံးပြတယ်
ကိုယ့်လက်လေးတွေလဲ
သူ့လက်ထဲမှာ နွေးတုန်း
ငါအိမ်ပြန် ရောက်ပြီလေ။

Wednesday, 3 October 2012

နားမလည်ခြင်းများ



ဘာရယ်မဟုတ် ကြုံရတာလေးတခုကိုရေးချင်ပါတယ်။
တလောကရုံးမှာ Team Building အနေနဲ့ တနေရာကို Company က စပွန်ဆာပေးပြီးသွားကြဖို့ဖြစ်လာပါတယ်။ ရုံးခွဲတွေရှိပေမဲ့ ကျွန်မတို့ရုံးမှာပဲ စီစဉ်တာပါ။ ဒါနဲ့ပဲ တခြားရုံးခွဲမှာ လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကို လှမ်းစလိုက်ပါတယ်။
"ငါတို့တော့ ဘယ်နေ့ကြရင် အလုပ် လုပ်စရာ မလိုဘူး"
"နင် တို့ရုံးမှာတော့ မလုပ်ဘူး ဟုတ်?"
သူက ဒီနိုင်ငံက စ လူမျိုး ယောက်ကျားလေး သူငယ်ချင်းပါ။ ရှားရှားပါးပါး စ လူမျိုးထဲမှာ အရမ်းကူညီတတ်.. အရမ်းသဘောကောင်းပြီး မတွက်ကတ်တာမို့ ငယ်သူငယ်ချင်းမဟုတ်ပေမဲ့ တော်တော်ခင်ပါတယ်။

ဒါနဲ့ စကားပြောဖြစ်ရင်း သူကလဲ မရောက်ဖူးတဲ့နေရာမို့ စိတ်ဝင်စားပုံ ရပါတယ်။
"ဘယ်လိုသွား မလဲ"
"ဘာတွေရှိလဲ"
"ဘယ်သူတွေရော ပါမလဲ" နဲ့ မေးနေတာမို့ ကျွန်မကလဲ လိုက်ခဲ့ဖို့ ခေါ်လိုက်ပါတယ်။
ပြဿနာက သူက Company တူပေမဲ့ တခြားရုံးခွဲကမို့ လိုက်မယ်ဆိုရင် ခွင့်ယူရပါမယ်။  Company က သူ့အတွက် စပွန်ဆာလဲပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ကျွန်မတို့သွားမဲ့ နေရာက
အားလုံးပေါင်းမှ ဒေါ်လာ၂၀ လောက်ကြမှာပါ။ သူက "သွားဖြစ်ရင် ပြန်ပြောအုံး" ဆိုပြီး အစည်းအဝေး ရှိလို့ စကားပြတ်သွားပါတယ်။

နေ့လည်ထမင်းစားတော့ တခြားလုပ်ဖော်ကိုင်ဖက်တယောက်နဲ့ အဲဒီအကြောင်းပြန်ပြောမိရော။ သူငယ်ချင်းကောင်လေးကို ခေါ်လိုက်တယ်ပေါ့လေ။
အဲဒီမှာသူက ချက်ခြင်းပဲ ( မြန်မာလို ပြန်ရရင်)
"ဟယ်  နင်ကသူ့ရည်းစား မှို့လို့ သူက ခွင့်ယူ၊ သူ့စရိတ်သူခံပြီး လိုက်ရမှာလား?"
ရုတ်တရက် တော်တော်အံ့ဩသွားသလို "ငါ သဘောကောင်းတဲ့ သူကို အခွင့်အရေးယူပြီး အဖော်ရရုံ ခေါ်မိသလား" ဆိုပြီး စိတ်ထဲ တမျိုးတောင်ဖြစ်သွာပါတယ်။
တကယ်က သူလဲခွင့်ရက်တွေ ရှိ.. ( သူက ခရီးထွက်တာဝါသနာမပါ..  ဘယ်မှလျှောက်မသွား... အလွန်အလုပ်ကြိုးစားပြီး တော်ရုံ ခွင့်မယူလို့ နှစ်ကုန်ရင် ၃ပတ်လောက် အိမ်မှာနားပြီး ခွင့်ရှင်းရတဲ့ သူမျိုးပါ။) စိတ်ဝင်စားပုံလဲရ တာမို့လို့ ပျော်ပျော်ပါးပါးသွားဖို့ ခေါ်လိုက်တာပါ။

ဒါကို တခြားသူတွေ အမြင်မှာ ဘယ်လိုဖြစ်သွားလဲ တွေးရင်း   ဒီနေ့တော်တော် စိတ်ရှုတ်နေပါတယ်။

Friday, 20 July 2012

နောက်ဆုံးပုံပြင်


လူတယောက်က သွေးမတော် သားမစပ် တခြားသူတယောက်ကို ဘယ်လောက်ထိချစ်နိုင်သလဲ ရှင်တို့သိကြပါ့မလား။ ပြီးတော့ အချစ်မှာ "အသွားအပြန်" တို့ "အလျားအနံ" တို့ လူတိုင်းအတွက်မရှိဘူးဆိုတဲ့ အမှန်တရားကြီးကိုရော ရှင်တို့လက်ခံရဲ့လား။

အချစ်နဲ့ပတ်သက်ရင်၊ သူနဲ့ပတ်သက်ရင် ကိုယ့်ဆီမှာ ပျော်စရာတွေထက် ငိုစရာတွေများခဲ့မှန်း ကိုယ်, ကိုယ်တိုင်ကလွဲပြီးဘယ်သူပိုသိအုံးမှာလဲ။ ကိုယ်ကပဲ ကံဆိုးတာလား။ မျှော်လင့်ချက်ပဲများလွန်းနေတာလား မသေချာပေမဲ့ ရေရေရာရာသိတာတခုက သူ ကိုယ့်ကို မချစ်ဘူးဆိုတာပါ။ 

အခုမှ သိတာတော့လဲ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ခုနကပြောခဲ့သလိုပဲ ကိုယ်မျှော်လင့်ချက်တွေ များခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လရဲ့ ရက်တခုမှာ စာတကြောင်း၊ စကားတလုံးမှတောင် နှုတ်မဆက်ပဲ သူ့ကိုသိပ်ချစ်တဲ့၊ သူ့ကိုအောင်မြင်စေချင်တဲ့၊ သူ့ကိုအမြဲ ပျော်ရွှင်စေချင်တဲ့၊ သူလိုအပ်တဲ့အခါတိုင်း ဘေးမှာအမြဲရှိပေးတဲ့၊ သူ့ရီးစားတွေနဲ့ ပြတ်သွားလို့ စိတ်လေနေတိုင်း,၊မျက်ရည်ကြတိုင်း ဘေးကနှစ်သိမ့်ပေးတတ်တဲ့ ချစ်သူတယောက်ကို သူ နှုတ်မဆက်ပဲထွက်သွားရက်ခဲ့တယ်။

~တော်ပါပြီ စိတ်ကုန်တယ် မေ့လိုက်ပြီ
အချိန်ကုန်တယ် စိတ်ပျက်နေပြီ
မင်းကြောင့်ငါ အလုပ်ပျက် ညတို့နက်ပြီ
အိမ်မှာဆို ရိပ်မိကုန်ပြီ~

သေချာတယ် ကိုယ်တို့နှစ်ယောက်ပြန်မဆုံတော့ပါဘူး။ သိပြီးသား ဇတ်သိမ်းတခုအတွက်တော့ ဝမ်းမနည်းသင့်ဘူးလေ။ သူ့ကို အဲလိုပြောရင်တော့ "ဟုတ်တာပေါ့" ဆိုပြီး ခပ်ရွဲ့ရွဲ့နဲ့ သူခေါင်းငြိမ့်လိမ့်အုံးမယ်။ တမြေထဲနေရင်း တောင် ကိုယ်နဲ့အကြောင်းအမျိုးမျိုးပြပြီး မတွေ့နိုင်ပဲနဲ့တော့ ရေမြေခြားမှာ ကိုယ့်ကိုသတိရဖို့ဆိုတာ ဝေလာဝေးပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဆယ်ခုနှစ် ၁ခုကျာ် သူ့အနားရှိ ပေးခဲ့တဲ့ ကိုယ့်မှာ ကောင်းကောင်းမွန်မွန် အချိန်လေးတခုပေးပြီး နှုတ်ဆက်ခွင့်လေးတော့ ရှိသင့်ပါတယ်။ ထိုင်နေကြ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟိုးတုန်းက ညဥ့်နက်တဲ့အထိ မိုးရေတွေထဲသွားထိုင်ဘူးခဲ့တဲ့ ပန်းခြံလေးမှာ ညနေခင်း တခုလောက် အချိန်ဖြုံးရင်း ဖြစ်ဖြစ်ပေါ့။ ထုံးစံအတိုင်း သူ့စာရင်းထဲမှာ ကိုယ့်ဆဒ္ဒတွေ အကျုံးမဝင်ဘူး။

~ငါ့အတွက်ဆိုထဲ့မတွက် မင်းကြောင့်ခက်ပြီ
ငါဒီမှာစိတ်ညစ်နေပြီ
အပေါင်းအသင်းတွေ မင်းကြောင့် 
မျက်နှာပျက်တာများပြီ
သေချာတယ် မေ့လိုက်ချင်ပြီ~


ဖြစ်ချင်တာတွေ မဖြစ်ခဲ့ပေမဲ့ ဖြစ်သင့်တာတွေကတော့ ဖြစ်သွားခဲ့ပါပြီ။ ကိစ္စတော့မရှိပါဘူးလေ။ လူဆိုတာမွေးကတဲက တယောက်ထဲပဲဟာ။ ဆယ်စုနှစ်တခုစာ အသားကြခဲ့တဲ့ အကျင့်တွေကိုလတ်ရှိအခြေအနေနဲ့ လိုက်ရောညီထွေရှိအောင် ပြင်ရုံပါပဲ။ ဥပမာ - ကိတ်မုန့်အသစ်စမ်း လုပ်တဲ့အခါ သူ့ကိုဖုန်းစက်စရာမလိုတော့ဘူး၊ သူကြိုက်တတ်တဲ့ဟင်းချက်နည်းတွေကိုလဲ လေ့လာစရာမလိုတော့ဘူး၊ သူနေမကောင်းတိုင်း လိုက်စောင့်ပေးရတဲ့ ဆေးခန်းမှာ ရုံးအပြန်ထမင်းမစားဘဲ အချိန်အကြာကြီးထိုင်ဖို့ မရှိတော့ဘူး၊ ကိုယ်သိပ်ကြိုက်တဲ့ ဖိနပ်အမြင့်တွေကိုလဲ ဂျောင်ထိုးထားစရာ မလိုတော့ဘူး၊ သူ့မှာ အသုံးပြတ်တိုင်း ကိုယ့်မှာရှိတဲ့ နည်းနည်းကို ခွဲဝေပေးစရာမလိုတော့ဘူး၊ ပြီးတော့ သူရီးစားနဲ့ ပြတ်တိုင်း ဟန်ဆောင်ပြုံးတခုနဲ့ ဘာမှမခံစားရသလို "နင်ကလဲ အားလုံးအဆင်ပြေသွား မှာပါ။ စိတ်မကောင်းမဖြစ်ပါနဲ့" လို့နှစ်သိမ့်စရာလဲမလိုတော့ဘူး။


~တော်ပါပြီ  Go Go Go အဝေးကို
Gone Gone Gone ပြီးပြီ
It's so cool ဘဝဟာ ပျော်စရာကြီး

သေချာတယ် No No No နောက်တခါ
ရှေ့ဆက်ဖို့မရှိပါ
မင်းမရှိတဲ့ ဘဝဟာပျော်စရာအတိ
Honey..It's cool baby~

ဒါဟာ ကိုယ်တို့နှစ်ယောက်ရဲ့ တကယ့် နောက်ဆုံးပါပဲ.

(သီချင်းလေးကို ခံစားပြီးရေးပါသည်။)


Sunday, 15 July 2012

ရထားပေါ်ကအတွေးများ

Blog ရေးမယ် လုပ်ပြီးခါမှ ကိုယ်ရေးကိုယ်တာတွေရှုတ်နေတာနဲ့ပဲ "တပတ်ကို  တပုဒ်တော့ အနည်းဆုံးတင်မယ်" ဆိုတဲ့ စိတ်ကူးလေးလဲ ပျက်သွားပါတယ်။ အစတုန်းကတော့ အရောင်တွေအကြောင်းရေး မလို့ပါပဲ။ ဒါပေမယ်. ခုတော့ပေါ့ပေါ့ ပါးပါး Singapore နဲ့ပတ်သက်တာလေး  ရေးပါရစေ။



ရထားစီးရင်းနဲ့ တွေးဖြစ်တာလေးတွေ၊ မြင်မိတာလေးတွေပါ။ ဒီမှာ ရထားနဲ့သွားတာကို MRTနဲ့သွားတယ်လို့ ပြောကြပါတယ်။ MRT ဆိုတာ Mass Rapid Transit ရဲ့အတိုကောက်ပါ။ အနောက်နိုင်ငံမှာ ဆိုရင်တော့ Subway လို့ခေါ်မယ်ထင်ပါတယ်။ SG မှာရထားလိုင်း ၄လိုင်းနဲ့ သွားချင်တဲ့နေရာကို သွားလို့ရပါတယ်။ တနေရာကနေ တနေရာကိုသွား ချင်ရင်လဲ MRT ကနေဘယ်လိုလာဆိုပြီး လမ်းညွှန်လေ့ ရှိပါတယ်။ ပထမဆုံးစဖွင့်တဲ့ ရထားလိုင်းက YIO CHU KANG နဲ့ TOA PAYOH ဖြစ်ပြီး ၁၉၈၇ မှာစပြီးဖွင့်ခဲ့တာပါ။ အရှေ့တောင်အာရှ မှာ ဒုတိယ အစောဆုံးပါပဲ။

Adora တို့လိုအချိန်ကိုက်ပြီး သွားလာတတ်တဲ့သူ တွေအတွက်တော့ ယာဉ်ကြောပိတ်တာတို့၊ဘာတို့မရှိတဲ့ ရထားကိုပဲ သွားလာစရာ ရှိရင်အများဆုံးသုံးဖြစ်တယ်လေ။ ကားရှိ တဲ့ သူတွေထဲမှာတောင် ကားရပ်ဖို့ ဈေးကြီးတဲ့နေရာ၊ ဒါမှမဟုတ် ကားရပ်ဖို့အခက်အခဲ ရှိတဲ့နေရာတွေဆို ဒီကလူတွေက ဈေးသက်သာ၊ ခေါင်းရှုတ်စရာမလိုဘဲ အဆင်ပြေတဲ့ Public Transport ကိုပဲ သုံးကြပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်က SGမှာ မြန်မာဒီလောက်မများသေးပါဘူး။ ဆိုလိုချင်တဲ့ သဘောက လမ်းမှာ၊ ကားပေါ် ရထားပေါ်မှာ မြန်မာအသံ အခုတနှစ် နှစ်နှစ် လောက် နေရာတကာမကြားရသေးပါဘူး။ Adora သတိမထားမိတာလဲဖြစ်နိုင်ပါတယ်။ အခုတော့ရထားထဲ, ကားထဲမှာ သတိထားမိလောက်အောင်ကို မြန်မာစကားကြားရတာပါ။၊အဲဒီတော့လဲ ကိုယ့်လိုပဲ ကိုယ့်လူမျိုးတွေ ရေခြားမြေခြားမှာအများကြီးရှိပါလား ဆိုပြီးအားတက်မိသလို၊ စိတ်ထားမှာတခါတလေတော့လဲ ဝမ်းနည်းသလိုပါပဲ။ ဒီကြားထဲကမှ တခါတလေ ပြုံးရတာလေးတွေလဲ ကြုံရတတ်ပါတယ်။



ဖြစ်ပုံကဒီလိုပါ။ တရက်မှာ မနက်ရုံးသွားရင်း ရထားပေါ်မှာ ငိုက်နေတုံး ....
"ကိုကြီး ညီမလေးကို ညာနေတာတွေက ဘုရားမကြိုက် နတ်မကြိုက်တဲ့ အလုပ်တွေပဲ" ဆိုလို့ လိုက်ရှာတဲ့အခါ အရှေ့ကအမတယောက်က သူ့ချစ်သူနဲ့ စကားပြောနေတာပါ။ ခိုးနားထောင်နေတာ မဟုတ်ပေမဲ့လဲ ကိုယ့်ရှေ့တည့်တည့် မှာဆိုတော့ အကုန်ကြားနေရပါတယ်။ ဒါနဲ့ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ ပြုံးနေတာ၂ယောက်လောက်ထပ်မြင်ပါတယ်။ အဲဒီအမကတော့သူပြောတာ "ဘယ်သူမှ နားမလည်လောက်ဘူး" ထင်လို့အကျယ်ကြီး ချစ်သူနဲ့ လမ်းတလျှောက် ရန်ဖြစ်တာ မှတ်တိုင်ရောက်လို့ ဆင်းသွားတဲ့အထိ ပါပဲ။ 


တခေါက်ကတော့ BUS ပေါ်မှာပါ။ ဘယ်သူ ဘယ်ဝါ မမြင်ရပေမမဲ့ အရှေ့ဘက် မှာ ထိုင်နေတဲ့ကိုယ်က အသံကအနောက်တနေရာကနေ လာနေမှန်း ခန့်မှန်းလို့ရပါတယ်။ ဘယ်သူမှ မကြားနိုင်ဘူး၊ ကြားလဲ နားမလည် ပါဘူးလို့ထင်ပြီး ကိုယ်ရေးကိုယ်တာတွေ ခပ်ကျယ်ကျယ်  ပြောမိနေကြတာပါ။


Singapore မှာမြန်မာတွေများလာသလို တခြားနိုင်ငံသားတွေလဲ ဒီတနှစ် နှစ်နှစ်မှာ သိသိသာသာကိုများလာပါတယ်။ ဖြစ်လာတဲ့အကျိုးဆက်က Public Transport  တွေ  တခါတလေ တက်လို့မရလောက်အောင် ကျပ်လာတာပါ။ အထူးသဖြင့် ရုံးတက်ချိန် ရုံးဆင်းချိန်တွေ မှာဆိုပိုဆိုး ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုံးက တချို့ ပါတီ တွေက Adora တို့လို နိုင်ငံခြားသား တွေကြောင့် ရထားတွေ ကားတွေ ကျပ်ပြီး Breakdown ဖြစ်တာဆိုတာမျိုး ကြားဘူးထားတော့ တခါတလေ ဒီနိုင်ငံသား သူငယ်ချင်းတွေ ရထားကျပ်ကြောင်း ညည်းကြတိုင်း စိတ်ထဲမှာ ငါတို့ကြောင့်များလားဆိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဧည့်သည်ဆိုတဲ့ အငုံ့စိတ်ကတော့ လူတိုင်းမှာ နဲများမဆို ရှိမယ်ထင်တာပါပဲ။ 


ရထားကျပ် တာ နဲ့ ပက်သတ်တဲ့ ကာတွန်းလေးတွေကြည့်ပါ အုံး။
ပုံထဲကအတိုင်း တခါတလေ ရထားပေါ်တက်လို့ရတာကိုက တော်တော်ကံကောင်းနေပါတယ်။ ရုံးနောက်မကြ တော့ဘူးလေ။



ဒီပုံကတော့ ရထားပေါ်ကသူတွေကို ဆင်းခွင့်မပေးဘဲ ရထားအရပ်မှာအတင်းလုတက်ကြတဲ့ သဘာဝကို လှောင်ထားတာပါ။ ကိုယ်က အဲဒီလို မတက်လို့ ရထားပေါ်ကလူလဲဆင်းအပြီး၊ အပြင်ကတိုးတက်တဲ့သူတွေလဲတက် အပြီး ရထားပေါ်ရပ်စရာ မရှိပြည့်ကျပ်သွားလို့ ရထားလွတ်သွားပေါင်းလဲ မနဲပါဘူး။ တကိုယ်ကောင်းဆန်လိုက်ကြတာ လို့ Adora တော့ မမြင်မိပဲ "သူ့အရပ် နဲ့ သူ့ဇတ်ပဲ"လို့ ထင်ပါတယ်။ Bus ကားမှာတော့ အဲဒီ ပြသနာ မရှိပါဘူး။ အများအားဖြစ် တန်းစီပြီး တက်ကြရတာကိုး။


ကဲ အဲဒီလို ပြည့်ကျပ်နေတဲ့ ရထားပေါ် ရောက်ပြီ ဆိုပါစို့။ နောက်ထပ် ကြုံရမှာက Reserved seat ပြသနာပါ။ ရထားတွဲတိုင်းမှာ မျက်နှာချင်းဆိုင် ထိုင်ခုံတန်း ၂တန်းရှိပါတယ်။  ထိုင်ခုံတန်း ၂တန်းရဲ့ ဘယ်ဘက် နဲ့ ညာဘက် ထောင့်ဆုံး ၄ ခုံက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ နဲ့၊ မသန်စွမ်းသူတွေ အတွက် သက်မှတ်ထားတာပါ။  


တချို့ လူငယ်တွေကတော့ သက်မှတ်ထားတဲ့ခုံတွေမှာ ဖယ်ပေးရမဲ့အတူတူ မထိုင်ကြပါဘူး။ တချို့တွေကတော့ ထိုင်ပေမဲ့ ဖယ်ပေးရမဲ့သူလာရင် ချက်ချင်းထပြီးဖယ်ပေးပါတယ်။ တချို့တွေကြတော့ ထိုင်ပြီးရင် အိပ်ပျော်ချင်ရောင်ဆောင်တာပဲ ဖြစ်ဖြစ်၊ တကယ်အိပ်ပျော်သွားတာကြောင့် ပဲဖြစ်ဖြစ် ဘယ်သူလာလာ ထမပေးတော့ပါဘူး။ နောက်ဆုံးအုပ်စု ကတော့အဆိုးဆုံးပါ။ သက်ကြီးရွယ်အို၊ ကလေးငယ်တွေ၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် အမျိုးသမီး တွေအတွက် ဖယ်ပေးတဲ့ခုံကို မသိချင်ရောင်ဆောင်ပြီးအတင်းဝင်ထိုင်တာပါ။ 


Adora က ဒုတိယအုပ်စု ထဲမှာပါ ပါတယ်။ အထူးသဖြင့် ဒေါက်မြင့်ဖိနပ် စီးဖြစ်တဲ့နေ့တွေမှာပါ။ ထိုင်ခုံမှာလူလဲလွတ်နေ၊ ဖယ်ပေးရမဲ့သူဘယ်သူမှ မရှိရင် Reserve seat မှာထိုင်ဖြစ် ပါတယ်။ တကယ်တော့ ရထားပေါ်မှာထိုင်ရတာ လူသက်သာပေမဲ့ စိတ်ပင်ပန်းပါတယ်။ မျက်စိကတချိန်လုံးလိုလို ဘယ်သူများထိုင်ခုံလိုမလဲ လို့ လိုက်ကြည့်နေရတာ မို့လို့ပါ။အထူးသဖြင့် သက်မှတ်ထားတဲ့ခုံတွေမှာ ထိုင်မိရင်ပေါ့။ အလုပ်ပိတ်ရက် ရုံးအားရက် ဖိနပ်အမြင့်စီးစရာမလိုတဲ့ ရက်တွေမှာ၊ ဒါမှမဟုတ် သက်သက်သာသာရှိတဲ့ စီးနေကြဖိနပ်မျိုး စီးတဲ့နေ့မျိုးမှာတော့ ထိုင်ခုံရလဲ မထိုင်ဖြစ်ပါဘူး။ ရထားပြတင်းပေါက်ကနေ ကြည့်နေမြင်နေကြ မြင်ကွင်းတွေ ကြည့်ပြီးလိုက်သွား တာပါပဲ။
အပေါ်က ကာတွန်းလေးကို သူငယ်ချင်းတယောက်က FB မှာ ရှယ်ထားတာပါ။ ဟိုအရင်တုံးက SG ကရထားတွေမှာ reserved seat မရှိပါဘူး။ ထိုင်နေတဲ့ သူတွေထဲက တယောက်က ထပေးလိုက်တာပါပဲ။ ဘာအကြောင်းကြောင့် reserved seat စနစ် ပြောင်းလိုက်လဲ ဆိုတာသေချာ မသိပေမဲ့ ဒီ စနစ် ကြောင့် ကာတွန်းထဲမှာပြထား သလို " ငါထိုင်နေတာ reserved seat မှ မဟုတ်ပဲ၊ သက်မှတ်ထားတဲ့ခုံမှာထိုင်ထားတဲ့ သူဖယ်ပေး လိမ့်မပေါ့" ဆိုတဲ့ အတွေးမျိုး လူတွေရဲ့စိတ်ထဲမှာ ပိုများလာတယ် လို့ Adora တော့မြင်ပါတယ်။ SG ကမီဒီယာ နဲ့ STOMP လို website မျိုးတွေမှာလဲ reserved seat မှာထိုင်ပြီး အိပ်နေမိတဲ့ သူကို အပြစ်မြင်ကြပြီး  ထိုင်ခုံလိုအပ် နေတဲ့သူကို ထမပေးတဲ့ ဘေးကထိုင်နေသူများ ကိုတော့ ဘယ်သူမှ ဘာမှမပြောကြပါဘူး။ လူသားချင်းစာနာမှု ရှိဖို့ သတိပေးတဲ့ စနစ်ပေမဲ့  လူတွေကဒီစနစ်ကြောင့်ပိုပြီး တကိုယ်ကောင်းပိုဆန်လာကြသလားလို့တွေးမိလို့ ပါ။ ဘယ်အရာပဲ ဖြစ်ဖြစ် တမင် သက်သက် အတင်းလုပ်ယူရတာမျိုး ဆိုရင်ဘာမှမကောင်းဘူးနော်။

ဘာရယ်မဟုတ် ရထားပေါ်မှာရုံးသွားရင်း တွေးမိတာလေးတွေချရေးလိုက်ပါတယ်။

Tuesday, 3 July 2012

ကျေးဇူး စကား

တနေ့တနေ့  My Blog - Stats ကနေ ဘယ်သူတွေလာကြည့်မလဲ။ ဘာများ ရေးသွားမလဲနဲ့ ချောင်းချောင်းကြည့်နေတာ ကြာပါပြီ။
ဒီနေ့ View ၆၀ကျော်တဲ့ အတွက်ဝမ်းသာအားရနဲ့ ဒီpost ကိုရေးပါတယ်။
ဘာမှမပြည့်စုံသေးတဲ့ အချိန်မှာ ခဏဖြစ်ဖြစ် လာကြည့်တဲ့ သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

Saturday, 30 June 2012

Celebrating the Curves

စနေနေ့ အလုပ်နားရက်မို့လို့ စိတ်ဝင်စားတဲ့ ဖက်ရှင် website တွေ သွားကြည့်ရင်း တွေ့မိတဲ့ ဖက်ရှင် trend နဲ့ tips  တွေမျှချင်လို့ စာရေးဖြစ်တာပါ။  ဒီနေ့ အများဆုံး ကြည့်ဖြစ်တာ plus-sized ဖက်ရှင်ပါ။ Size 12 နှင့်အထက် အမျိုးသမီးများကို plus-size လို့ခေါ်ပြီး၊ ဖက်ရှင် အသိုင်းအဝိုင်းကတော့ size 12-24 ကို plus-sized လို့ခေါ်ပါတယ်တဲ့...ဒါယေဘူယျပြောတာပါ။ အမှတ်မှား နေရင်လဲပြောကြပါအုံးနော်။

 Adora တို့မိန်းခလေးတိုင်း ကိုယ့်ဘာကို အဝတ်အစား ဝတ်လို့စိတ်တိုင်းမကြတဲ့ နေ့တွေ မကြာခဏ ဆိုသလိုရှိတတ်ပါတယ်။  ကိုယ်အလေးချိန် အနည်းငယ် တက်လာလို့အဝတ်အစား ဝတ်တာအဆင်မပြေတာ ဖြစ်နိုင်သလို၊ အဝတ်အစား အတွဲအစပ် ကြောင့်လဲဖြစ်နိုင်ပါတယ်။ တခါတလေ အရင်တပတ်က ဝတ်ထားတဲ့ အဝတ်ကို ဒီတပတ်ပြန်ဝတ်ရင်တောင် စိတ်တိုင်းကြချင်မှကျတာမျိုးပါ။ အဲဒီလိုအချိန်မျိုးကို Adora ဖတ်ဖူးတဲ့ မြန်မာဖက်ရှင် စာအုပ်ထဲမှာ "ဝသောနေ့များ" လို့ခေါ်ပါတယ်။ အမှတ်မမှားဘူးဆိုရင် မတင်မိုးလွင်ရေးတဲ့ စာအုပ်ပါ။ ကဲ.. ဖက်ရှင်ဒီဇိုင်း လေးတွေ "ဝသောနေ့များ" အတွက် အဆင်ပြေ မပြေ ကြည့်ကြပါအုံးနော်။

ပထမဆုံးအနေနဲ့က အခုခေတ်စားနေတဲ့ အရောင်တောက်တောက် Jean လေးတွေပါ။ ပုံမှန်ဝတ်နေကြ နက်ပြာ၊မိုးပြာ၊အနက်တွေ မဟုတ်ဘဲ candy-colored Jean လို့ခေါ်ကြတဲ့ အနီ၊အစိမ်း၊အပြာ၊ပန်းရောင်၊အဝါ အစုံပါပဲ။ အရောင်တောက်တောက်လေးတွေက ကြည့်တဲ့သူရဲ့မျက်လုံးကို ကိုယ်မကြည့်စေချင်တဲ့ အပေါ်ပိုင်းကနေ အရောင်လေးတွေရှိတဲ့နေရာကို ပို့ပေးပါလိမ့်မယ်။ ပိုပြီးပိန်ချင်ရင်တော့ t-shirt/blouse အရောင်အရင့်  လေးနဲ့တွဲဝတ်ရင်အတော်ပါပဲ။




ဒုတိယကတော့ color block လို့ခေါ်တဲ့ဒီဇိုင်းပါ။ Color block ဆိုတာ ပြောင်အရောင်တွေကိုစပ်ထားတဲ့ ဂါဝန်၊စကတ် တွေကိုခေါ်ပါတယ်။အခြေခံအရောင်တွေဖြစ်တဲ့ အဖြူ၊အနက်၊အသားရောင် ကိုစပ်ထားတာ ဖြစ်နိုင်သလို၊ အရောင်တွေစပ်ထားတာလဲ ဖြစ်နိုင်ပါတယ်။ ဒီမှာတော့ အရောင်လေးတွေပိုခေတ်စားတယ်။ ကိုယ်မကြိုက်တဲ့ အသားတွေပိုနေတယ်လို့ထင် ရတဲ့နေရာတွေမှာ အရောင်အရင့်လေးတွေနဲ့ဆိုရင်တော့ ပိုလှတာပေါ့။




နောက်တနည်းက Adora အသုံးအများဆုံးနည်းပါ။ ဝတ်ထားတဲ့ အဝတ်အစားအပေါ်ကနေ ပုံကြတဲ့ Jacket/Blazer/Cardigan တခုခုထပ်ဝတ်လိုက်ရင် လက်မောင်းတွေ၊ ခါးတွေကာပြီးသား ဖြစ်သွားပြီ။ ဒီမှာလဲအပေါ်ထပ်က အနက်ရောင်ပဲဖြစ်စရာမလို ပါဘူး။ အထဲက အဝတ်အစားက ထူထူထဲထဲကြီးဖြစ်မနေဖို့တော့လိုပါတယ်။ သူတို့ဘယ်လိုဝတ်လဲ ကြည့်ပါအုံးနော်။


အခုပြောမဲ့ ဒီဇိုင်းကို ပြီးခဲ့တဲ့လအနည်းငယ်က Topshop ကနေစတွေ့ပါတယ်။ T-shirt/Blouse ပုံစံကို အရှေ့တိုပြီး အနောက်ကရှည်တဲ့ ပုံမျိုးပါ။ ခြေထောက်အထက်ပိုင်း ပေါင်ကိုဖုံးချင်တယ်ဆိုရင် စမ်းကြည့်သင့်ပါတယ်။ Cropped Skinny Jean ဒါမှမဟုတ် Legging လေးနဲ့ဆိုရင်အဆင်ပြေမယ် ထင်ပါတယ်။


Pencil စကတ်ကိုတော့ သိကြမယ်ထင်ပါတယ်။ အရင်တုံးက ရုံးဝတ်ဖို့ စကတ်ဆိုရင် အနက်၊အညို၊နဲ့အသားရောင်တွေဖြစ်တာများပြီး၊ ပြောင်အရောင်တွေပါပဲ။ အခု Pencil စကတ်တွေက အရောင်စုံ၊ ဒီဇိုင်းစုံ နဲ့အတိုအရှည် အစုံရှိပါတယ်။ ၉နာရီ-၅နာရီ ရုံးသမားတွေကြိုက်မှာပါ။ အရမ်းချာင်နေတာမျိုး၊ အရမ်းကျပ်တာမျိုးတော့ ရှောင်သင့်ပါတယ်။



Print တွေကလဲ အကြီးကြီးမဟုတ်ဘူးဆိုရင် ပိန်စေပါတယ်။
နောက်ဆုံးပြောချင်တာကတော့ မိန်းခလေးတွေ ဝစေတယ်ဆိုပြီး ရှောင်ကြတဲ့ ကန့်လန့်စင်း နဲ့အ ဖြူရောင်ပါ။ Adora ကတော့ အဲဒီ ဖက်ရှင် Rule ကိုသဘောမတူပါဘူး။ အစင်းတွေကဝတ်တက်ရင်လှသလို စွဲစောင်မှုလဲရှိစေပါတယ်။ 

ဒီပထမဆုံးပုံမှာ ကန့်လန့်စင်း အပေါ်ထပ်လေးကို  ပြောင်လေးနဲ့တွဲဝတ်ထားတာပါ။"Breaking the lines" လို့ခေါ်ပါတယ်။ တကိုယ်လုံးကို အစင်းတွေဝတ်လို့ ဝနေသလိုထင်ရမှာစိုးရင် ဒီလိုဝတ်ပုံမျိုးက ကူညီပါလိမ့်မယ်။
နောက်တခုက Over Size Sweater ကို Legging/ Jean အကျပ်နဲ့ဝတ်တာပါ။ ဆွဲကြိုးအရှည်လေးဆွဲရင် V-shaped ပုံစံ လည်ပင်းမျိုးဖြစ်စေပြီး မဝတော့ပါဘူး။

ဒေါင်လိုက်အစင်းလေးတွေနဲ့ အစင်းကျဲကျဲလေးတွေလဲလှပါတယ်။


နောက်တခုကအဖြူပါ။ Adora ကအဖြူရောင်ကို မဝတ်ဘဲမနေနိုင်ပါဘူး။ ဝသောနေ့များမှာတော့ Shirt ပုံစံဂါဝန်ကို ခါးပတ်လေးလေးနဲ့ဝတ်နိုင်ပါတယ်။




နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒေါက်ဖိနပ် လှလှလေးတွေနဲ့ Accessories လှလှလေးတွေက ဝတ်ထားတဲ့ အဝတ်အစားကို ပျင်းစရာမကောင်းဘဲ စွဲဆောင်မှုပိုပြီး ရှိစေပါတယ်။ကြည့်၊ကြည့်ပါအုံး။

အပေါ်ကပြထားတဲ့ ဖက်ရှင်တွေထက်ပိုပြီး ချပ်ချပ်ရပ်ရပ်နဲ့ သွယ်လျှချင်တယ်ဆိုရင်တော့ အကောင်းဆုံးက မြန်မာဝတ်စုံပါပဲ။ ကိုယ်အလေးချိန် လုံးဝကျစရာမလိုဘဲလှစေတာပါ။ ကိုယ်တွေ့ပါနော်။
"ဝသောနေ့များ" အတွက်အဆင်ပြေမဲ့   တခြားနည်းလမ်းတွေရှိရင်လဲ Comment Box မှာမျှသွားပါအုံးနော်။

မှတ်ချက်။ ပုံတွေကို ASOS Online shop နဲ့ Google ကနေယူပါတယ်။

Thursday, 28 June 2012

Singapore က deal တွေအကြောင်း

ခုတလော Sg မှာ deal တွေ တော်တော် ခေတ်စားလာပါတယ်..Groupon, Outlet, Deal, Shiokdeal အများကြီးပါပဲ..dealဆိုတာ internet website ကနေကုန်ပစ္စည်း တွေကိုဈေးပေါပေါနဲ့ရောင်းတာပါ..  ခရီးသွား ဟိုတယ် တွေ၊လေယာဉ်လက်မှတ်နဲ့ဟိုတယ် တွဲထားတာတွေ.. အလှအပနဲ့ဆိုင်တဲ့ကုန်ပစ္စည်း တွေ..facial နဲ့massage စတဲ့ ဝန်ဆောင်မှုတွေ၊ ပြီးတော့ မီးဖိုချောင်သုံး ဒယ်အိုး၊ သစ်သီးဖျော်စက်၊ ပုဇွန်အခွံခွါတဲ့စက်၊ ကြက်ဥပြုပ်တဲ့စက် အစုံရှိပါတယ်.. တခြားလူသုံးကုန်ပစ္စည်း တွေစတဲ့ ကွန်ပြူတာ Hard disk, thump drive တွေ, အိမ်အလှစင်ပစ္စည်း တွေလဲ ရနိုင်ပါတယ်..

Dealတွေကို အဓိကစိတ်ဝင်စားစေတာ ဈေးအဆမတန်ချိုလွန်းလို့ပါ..သာမန်အချိန်မှာ ၁၀၀ကျော် ၂၀၀ ပေးရတဲ့ facial တို့, massage တို့ကို ၃၀၊၄၀ ဈေး , တခါတလေ ၁၈ကျပ် ၂၀ဈေးနဲ့ရောင်းတော့ စိတ်ဝင်စားကြတာပေါ့ ..ကိုယ်လဲဝယ်သုံးပါတယ်..voucher နဲ့ခရီးလဲထွက်ဘူးတယ် အဆင်ပြေတာများတယ် ဝယ်တုံးက voucher ထဲမှာရေးထားတဲ့ အတိုင်း အကုန်ရပါတယ်... အခုပြောချင်တဲ့အကြောင်း အရာက ဝယ်ထားတဲ့ service လေးတခုကြောင့် စိတ်အဆင်မပြေ ဖြစ်ခဲ့ရတဲ့အကြောင်းပါ.
ဒီအကြောင်းကိုရေးတာ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေကိုရော၊ ဈေးလျှော့ပေးတဲ့ဆိုင်တွေနဲ့company  တွေကို အပြစ်ပြောချင်လို့မဟုတ်ပါဘူး.. ကိုယ့်လိုမဖြစ်အောင် မဝယ်ခင်မှာသေသေချာချာ  ဖုန်းဆက်ပီး သေချာမှ ကိုယ့်လိုအပ်ချက်နဲ့ ညီမှဝယ်ကြဖို့ သတိပေးချင်တာပါ.. ဒါကြောင့်ဒီမှာ ဘယ်ဝန်ဆောင်မှုက ဝယ်တယ်ဆိုတာရော ဘယ်ဆိုင်မှာလဲဆိုတာရော ဖော်ပြမှာမဟုတ်ပါဘူး.

 လွန်ခဲ့တဲ့ အပတ်က  ဝယ်ထားတဲ့ဆိုင်ကို ချိန်းထားတဲ့ အချိန် မနက်ပိုင်းရောက်သွားပါတယ်  ကောင်တာက အမျိုးသမီးက ဆိုင်အတွင်းပိုင်းမှာရှိတဲ့ အခန်းလေးမှာခဏထိုင်ခိုင်းပြီး စောင့်ခိုင်းပါလေရော..အဲလို  အခန်းထဲမှာထိုင်ခိုင်းရင်ကြောက်ရပါတယ်.. ဘာလို့လဲဆိုတော့ ဆိုင်ကအရောင်းမြှင့်တင်ရေး ဝန်ထမ်းက လာပြီးသူတို့product တွေရောင်းအတင်းရောင်းတတ်လို့ပါ.

စကားကြုံလို့ပြောရရင် ပြီးခဲ့တဲ့လအနည်:ငယ်က လက်သည်းခြေသည်းသွားပြင်တာ ပိုက်ဆံပေးခါနီးမှာ အဲလိုပဲအခန်းထဲထိုင်ခိုင်းပြီးတော့ ဆိုင်ကဝန်ထမ်းတယောက်လာစကားပြောပါတယ်.. လာရောင်းတယ်ဆိုပိုမှန်မှာပါ.. ဈေးကလဲမနဲပါဘူး... အတိအကျမမှတ်မိပေမဲ့ ၁၀ခါစာကို ဒေါ်လာ၆၀၀ နီးပါးရှိပါတယ်.. ရောင်းတာက Dr Foot Pro ဆိုတဲ့ service ပါ..သူ့အပြောအရ ဖိနပ်အမြင့်စီးတဲ့သူတွေက ခြေဖဝါးမှာအသားမာတက်တဲ့အကြောင်း၊ သူတို့ဆိုင်က serviceက အသားမာဖြစ်တာကာကွယ်ပြီး ခြေထောက်ကို နုညံ့လာစေမဲ့အကြောင်း ပြောပြီးအတင်းရောင်းပါတယ်..လက်သည်းခြေသည်းသွားပြင်တာ ပုံမှန်ဆို ဈေးပေါပါတယ်  Dr Foot Pro ဆိုတာကြောင့်ဈေးကြီးတာပါ "စဉ်းစားပါရစေအုံး လောလောဆယ်ဝယ်ဖို့စိတ်ကူးမရှိလို့ပါ" ဆိုတာမရပါဘူး.. အဲဒီအခန်းထဲမှာ ၄၅မိနစ်လောက်ကြာပါတယ်.. ကြာလာတော့တခြားဝန်ထမ်းတယောက် က "ဘယ်လိုလဲ" ဆိုတဲ့သဘောနဲ့ မေးငေါ့ပြီးမေးပါတယ်... ကိုယ့်ကိုရောင်းနေတဲ့ အမျိုးသမီးက "မဝယ်ဘူး" ဆိုတဲ့ပုံစံနဲ့ မျက်နှာကိုမဲ့ပြီးလက်ခါပြပါတယ်... အားလုံး customer ရှေ့မှာလုပ်နေတာပါ... ပြီးတော့မှပိုက်ဆံ ပေးရှင်းပါတော့တယ်... ဒါကြောင့်ပြောတာ အခန်းထဲမှာထိုင်ခိုင်းရင် ကြောက်တယ်လို့. :)

Voucher အကြောင်းဆက်ပြောပြပါ့မယ်.. ဝယ်ထားတာ IPL Hair Remover UpperLip and UnderArm Treatment ပါ.. IPL ဆိုတာ Intense Pulsed Light ရဲ့အတိုကောက်ပါ. Laser Hair removal နဲ့မတူပါဘူး ..Radiation Risk မရှိဘူးလို့ပြောကြပါတယ်...အလုပ်လုပ်ပုံအကြမ်းဖျင်းကတော့ အမြစ်ကို အပူပေးပြီးသတ်တာပါ..မှန်မှန်လုပ်ပေးရင် ထပ်မထွက်တော့ပါဘူး..အခန်းထဲမှာထိုင်စောင့်ရင်း ခဏကြာတော့ ဝန်ထမ်းတယောက်လာပြီး IPL အကြောင်းရှင်းပြပါတယ်.. ပြီးတော့ voucher ကိုကြည့်ပြီး "ဒီ voucher က တခါမှမလုပ်ဘူးတဲ့သူတွေ အတွက်မသင့်တော်ဘူး" ဆိုတာကစပြီး whitening treatment ထပ်ဝယ်ရမယ်ဆိုတဲ့အဆုံး ထပ်ခါထပ်ခါပြောပါတော့တယ်.. တကယ်လို့ မဝယ်ပဲဒီအတိုင်းလုပ်ရင် ကအသားကိုလောင်ပါလောင်စေနိုင်တဲ့ အကြောင်းလဲပြောပါတယ် ... ဝယ်ခိုင်းတဲ့ဟာကလဲ ဈေးကြီးပါတယ်... နောက်ထပ် ထပ်ပေးရမဲ့ ပိုက်ဆံက ၇၀၀ ၈၀၀လောက်ရှိပါတယ် ..အဲလိုမတတ်နိုင်လို့ discount ဝယ်ပါတယ်ဆိုမှ...ကိုယ်က "မဝယ်ခင် terms and conditions ကိုသေသေချာချာ ဖတ်ထားတဲ့ အကြောင်း" "အခုပြောတာတွေ ဘာမှရေးမထားတဲ့ အကြောင်း" ပြန်ရှင်းပြတော့ ဒါတွေကဆိုင်ရဲ့ terms and conditions ဖြစ်တဲ့အတွက် ထဲမှာမပါတာဖြစ်မယ်လို့မရေမရာပြန်ပြောပါတယ်...  ဒီထပ်ပိုဆိုးတာကတော့ "Indian တွေဆိုဒါလုပ်လို့မရဘူး၊ သူတို့အသားအရေ ကညိုတဲ့အတွက် IPL လုပ်တဲ့စက်က အသားအရေကိုလောင်လိမ့်မယ်" လို့ပြောတာပါ.. သူက whitening treatmentကို ဝယ်စေချင်လို့ ပိုပိုသာသာလေးပြောတာလဲ ဖြစ်နိုင်ပါတယ်..  ကိုယ်က "ဒါလဲ T&C ထဲမှာမပါပါဘူး။ တကယ်လို့များ အမျိုးသမီးတယောက်ကမသိဘဲဝယ်မိရင်ဘယ်လိုလုပ်မလဲ" မေးတော့မဖြေပါဘူး...

စိတ်ထဲမှာဘယ်လိုမှဆက်လုပ်ချင်စိတ်မရှိတာနဲ့" ပြန်ပေးပါ မလုပ်တော့ပါဘူး" လို့တောင်းတော့ ၅ခေါက်အရင်လုပ်ပါ ဒါဆိုတဝက်စာပဲပေးရမယ်ဆိုပြီးပြောပါသေးတယ်...  ခုနကကြတော့ Full Treatment မလုပ်ရင် အသားလောင်မယ်ဆိုပြီး ဘာမှမလုပ်တော့ဘူးဆိုတော့မှ တဝက်လုပ်ပါဖြစ်ပြန်ပါတယ်..ထားပါတော့ ဝယ်ထားတဲ့ voucher ကပိုက်ဆံပြန်ရမရ မသေချာပေမဲ့ ရအောင်ကိုပြန်ယူခဲ့ပါတယ်... ကံကောင်းထောင့်မစွာပဲ ဝန်ဆောင်မှုပေးတဲ့ website ကို email ပို့လိုက်တာ ၁ပတ်နေတော့ ပိုက်ဆံပြန်ရပါတယ်..
ဒီမှာ အဓိကပြောချင်တာက ပိုက်ဆံပြန်ရတာ မရတာမဟုတ်ပါဘူး.. ကုန်သွားတဲ့အချိန်ရယ်၊ အတွေ့အကြုံရယ်က စိတ်ညစ်ဖို့ကောင်းပါတယ်...အလိမ်ခံရတယ်လို့လဲခံစားရပါတယ်..  နောက်ဆုံးတော့မဝယ်ခင်ဖုန်းလေးဘာ
လေးဆက်ပြီး သေသေချာချာ မမေးတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရပါတော့မယ်

တူတူနေတဲ့သူငယ်ချင်းကတော့ အားပေးပါတယ်  "နင်ဖုန်းဆက်မေးလဲပြောချင်မှပြောမှာပေါ့" တဲ့ ...ဒါလဲဖြစ်နိုင်တာပဲနော်

Wednesday, 27 June 2012

Bershka

Bershka က အဝတ်ဆိုင် တခုရဲ့နာမည်ပါ. စပိန်နိုင်ငံရဲ့ အကြီးဆုံး ဖက်ရှင် အဖွဲ့အစည်း Spanish Inditex ကပိုင်ပါတယ်. တခြားနာမည်ကြီး အဝတ်အစား တံစိတ်တွေ ဖြစ် တဲ့ Zara နဲ့ Pull and Bear တို့ကိုလဲ အဲဒီအဖွဲ့ကပဲ ပိုင်ပါတယ်. အခုပြောချင်တာ ဒီတလောတွေ့ပြီး ကြိုက်မိတဲ့ Bershka က new collection တွေပါ..

အလံတွေကို ဒီဇိုင်းလုပ်ထား တာကိုကြိုက် တယ်ဆိုရင် ကိုယ်အရမ်းသဘောကြနေတဲ့ လန်ဒန်အလံ ဒီဇိုင်း အဝတ်အထည် တွေကိုမျှချင်ပါတယ်.



ပြီးခဲ့တဲ့ ပိတ်ရက်က ဒီကဆိုင်ကိုသွားကြည့် တာ စကတ်ပဲတွေ့လို့ စကတ်ပဲဝယ်လာပါတယ်။သေသေချာချာ မရှာတာလဲပါတာပေါ့။ဈေးလဲ မကြီးပါဘူး.. စကတ်ကို ၁၇ ဒေါ်လာပဲပေးရပါတယ်....စပိန်မှာဆိုရင်ဘယ်လောက်ပေါမလဲမသိဘူး..စကတ်ကဝတ်ကြည့်တော့ model ဝတ်ထားသလောက်မတိုပါဘူး..model ရဲ့အရပ်ကတော့ သာမန်လူတွေထက်တော့ရှည်မှာပေါ့ မဟုတ်ဘူးလား..;)

နောက်ထပ်ကြိုက်တာက Ibiza summer nights လို့နာမည်ပေးထားတဲ့ ထဲကပါ အဖြူရောင်ရိုးရိုး လက်ပြတ်မှာ pattern ဒီဇိုင်းလေး..Choker လို့ခေါ်တဲ့ဆွဲကြိုး ငွေရောင်နဲ့လှတယ်နော်..

Ibiza ဆိုတာ Google မှာရှာကြည့်ရင် စပိန်ရဲ့ နာမည်ကြီး ပင်လယ်ကမ်းခြေလို့ တွေ့ရပါလိမ့်မယ် Ibiza ရဲ့နွေဦးရာသီက မေ ကနေ အောက်တိုဘာ တဲ့..Ibiza-spotlight.com မှာဒီလိုရေးထားပါတယ်

"Yes, summer is for partying, spending warm evenings under star-filled skies, swimming in the crystal clear sea and living life on the beach. Then in November Ibiza throws off its hedonistic image and settles down to more peaceful times."

ပန်းကြိုက်တဲ့ ကောင်မလေးတွေအတွက် Flowers Lovers collection က Legging ပါ .အဲဒါလဲဆိုင်မှာမတွေ့ခဲ့ဘူး ဈေးမကြီးရင်တော့လိုချင်တဲ့ အထဲမှာပါ ပါတယ်..
 နောက်ဆုံး ဂါဝန်လေးက ခုခေတ်စား  နေတဲ့  အရောင်တောက်တောက်လေးပါ အနီရောင်ဂါဝန်လေးကို Jean Jacket လေးနဲ့nude accessories တွေနဲ့တွဲဝတ်တာတော်တော် သဘောကြပါတယ်.. ဒါလဲကိုယ်မပိုင်ပါဘူး..:D
ပုံတွေအားလုံးကို Facebook က Bershka Page ကနေယူပါတယ် နောက်တခေါက်ကြိုက်တာတွေ တွေ့ရင်ရေးပါအုံးမယ်..

The Beginning.

“The discipline of writing something down is the first step toward making it happen.” (Lee Lacocca)


Picture credit to lonelyplanet.com