Friday, 20 July 2012

နောက်ဆုံးပုံပြင်


လူတယောက်က သွေးမတော် သားမစပ် တခြားသူတယောက်ကို ဘယ်လောက်ထိချစ်နိုင်သလဲ ရှင်တို့သိကြပါ့မလား။ ပြီးတော့ အချစ်မှာ "အသွားအပြန်" တို့ "အလျားအနံ" တို့ လူတိုင်းအတွက်မရှိဘူးဆိုတဲ့ အမှန်တရားကြီးကိုရော ရှင်တို့လက်ခံရဲ့လား။

အချစ်နဲ့ပတ်သက်ရင်၊ သူနဲ့ပတ်သက်ရင် ကိုယ့်ဆီမှာ ပျော်စရာတွေထက် ငိုစရာတွေများခဲ့မှန်း ကိုယ်, ကိုယ်တိုင်ကလွဲပြီးဘယ်သူပိုသိအုံးမှာလဲ။ ကိုယ်ကပဲ ကံဆိုးတာလား။ မျှော်လင့်ချက်ပဲများလွန်းနေတာလား မသေချာပေမဲ့ ရေရေရာရာသိတာတခုက သူ ကိုယ့်ကို မချစ်ဘူးဆိုတာပါ။ 

အခုမှ သိတာတော့လဲ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ခုနကပြောခဲ့သလိုပဲ ကိုယ်မျှော်လင့်ချက်တွေ များခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လရဲ့ ရက်တခုမှာ စာတကြောင်း၊ စကားတလုံးမှတောင် နှုတ်မဆက်ပဲ သူ့ကိုသိပ်ချစ်တဲ့၊ သူ့ကိုအောင်မြင်စေချင်တဲ့၊ သူ့ကိုအမြဲ ပျော်ရွှင်စေချင်တဲ့၊ သူလိုအပ်တဲ့အခါတိုင်း ဘေးမှာအမြဲရှိပေးတဲ့၊ သူ့ရီးစားတွေနဲ့ ပြတ်သွားလို့ စိတ်လေနေတိုင်း,၊မျက်ရည်ကြတိုင်း ဘေးကနှစ်သိမ့်ပေးတတ်တဲ့ ချစ်သူတယောက်ကို သူ နှုတ်မဆက်ပဲထွက်သွားရက်ခဲ့တယ်။

~တော်ပါပြီ စိတ်ကုန်တယ် မေ့လိုက်ပြီ
အချိန်ကုန်တယ် စိတ်ပျက်နေပြီ
မင်းကြောင့်ငါ အလုပ်ပျက် ညတို့နက်ပြီ
အိမ်မှာဆို ရိပ်မိကုန်ပြီ~

သေချာတယ် ကိုယ်တို့နှစ်ယောက်ပြန်မဆုံတော့ပါဘူး။ သိပြီးသား ဇတ်သိမ်းတခုအတွက်တော့ ဝမ်းမနည်းသင့်ဘူးလေ။ သူ့ကို အဲလိုပြောရင်တော့ "ဟုတ်တာပေါ့" ဆိုပြီး ခပ်ရွဲ့ရွဲ့နဲ့ သူခေါင်းငြိမ့်လိမ့်အုံးမယ်။ တမြေထဲနေရင်း တောင် ကိုယ်နဲ့အကြောင်းအမျိုးမျိုးပြပြီး မတွေ့နိုင်ပဲနဲ့တော့ ရေမြေခြားမှာ ကိုယ့်ကိုသတိရဖို့ဆိုတာ ဝေလာဝေးပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဆယ်ခုနှစ် ၁ခုကျာ် သူ့အနားရှိ ပေးခဲ့တဲ့ ကိုယ့်မှာ ကောင်းကောင်းမွန်မွန် အချိန်လေးတခုပေးပြီး နှုတ်ဆက်ခွင့်လေးတော့ ရှိသင့်ပါတယ်။ ထိုင်နေကြ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟိုးတုန်းက ညဥ့်နက်တဲ့အထိ မိုးရေတွေထဲသွားထိုင်ဘူးခဲ့တဲ့ ပန်းခြံလေးမှာ ညနေခင်း တခုလောက် အချိန်ဖြုံးရင်း ဖြစ်ဖြစ်ပေါ့။ ထုံးစံအတိုင်း သူ့စာရင်းထဲမှာ ကိုယ့်ဆဒ္ဒတွေ အကျုံးမဝင်ဘူး။

~ငါ့အတွက်ဆိုထဲ့မတွက် မင်းကြောင့်ခက်ပြီ
ငါဒီမှာစိတ်ညစ်နေပြီ
အပေါင်းအသင်းတွေ မင်းကြောင့် 
မျက်နှာပျက်တာများပြီ
သေချာတယ် မေ့လိုက်ချင်ပြီ~


ဖြစ်ချင်တာတွေ မဖြစ်ခဲ့ပေမဲ့ ဖြစ်သင့်တာတွေကတော့ ဖြစ်သွားခဲ့ပါပြီ။ ကိစ္စတော့မရှိပါဘူးလေ။ လူဆိုတာမွေးကတဲက တယောက်ထဲပဲဟာ။ ဆယ်စုနှစ်တခုစာ အသားကြခဲ့တဲ့ အကျင့်တွေကိုလတ်ရှိအခြေအနေနဲ့ လိုက်ရောညီထွေရှိအောင် ပြင်ရုံပါပဲ။ ဥပမာ - ကိတ်မုန့်အသစ်စမ်း လုပ်တဲ့အခါ သူ့ကိုဖုန်းစက်စရာမလိုတော့ဘူး၊ သူကြိုက်တတ်တဲ့ဟင်းချက်နည်းတွေကိုလဲ လေ့လာစရာမလိုတော့ဘူး၊ သူနေမကောင်းတိုင်း လိုက်စောင့်ပေးရတဲ့ ဆေးခန်းမှာ ရုံးအပြန်ထမင်းမစားဘဲ အချိန်အကြာကြီးထိုင်ဖို့ မရှိတော့ဘူး၊ ကိုယ်သိပ်ကြိုက်တဲ့ ဖိနပ်အမြင့်တွေကိုလဲ ဂျောင်ထိုးထားစရာ မလိုတော့ဘူး၊ သူ့မှာ အသုံးပြတ်တိုင်း ကိုယ့်မှာရှိတဲ့ နည်းနည်းကို ခွဲဝေပေးစရာမလိုတော့ဘူး၊ ပြီးတော့ သူရီးစားနဲ့ ပြတ်တိုင်း ဟန်ဆောင်ပြုံးတခုနဲ့ ဘာမှမခံစားရသလို "နင်ကလဲ အားလုံးအဆင်ပြေသွား မှာပါ။ စိတ်မကောင်းမဖြစ်ပါနဲ့" လို့နှစ်သိမ့်စရာလဲမလိုတော့ဘူး။


~တော်ပါပြီ  Go Go Go အဝေးကို
Gone Gone Gone ပြီးပြီ
It's so cool ဘဝဟာ ပျော်စရာကြီး

သေချာတယ် No No No နောက်တခါ
ရှေ့ဆက်ဖို့မရှိပါ
မင်းမရှိတဲ့ ဘဝဟာပျော်စရာအတိ
Honey..It's cool baby~

ဒါဟာ ကိုယ်တို့နှစ်ယောက်ရဲ့ တကယ့် နောက်ဆုံးပါပဲ.

(သီချင်းလေးကို ခံစားပြီးရေးပါသည်။)


Sunday, 15 July 2012

ရထားပေါ်ကအတွေးများ

Blog ရေးမယ် လုပ်ပြီးခါမှ ကိုယ်ရေးကိုယ်တာတွေရှုတ်နေတာနဲ့ပဲ "တပတ်ကို  တပုဒ်တော့ အနည်းဆုံးတင်မယ်" ဆိုတဲ့ စိတ်ကူးလေးလဲ ပျက်သွားပါတယ်။ အစတုန်းကတော့ အရောင်တွေအကြောင်းရေး မလို့ပါပဲ။ ဒါပေမယ်. ခုတော့ပေါ့ပေါ့ ပါးပါး Singapore နဲ့ပတ်သက်တာလေး  ရေးပါရစေ။



ရထားစီးရင်းနဲ့ တွေးဖြစ်တာလေးတွေ၊ မြင်မိတာလေးတွေပါ။ ဒီမှာ ရထားနဲ့သွားတာကို MRTနဲ့သွားတယ်လို့ ပြောကြပါတယ်။ MRT ဆိုတာ Mass Rapid Transit ရဲ့အတိုကောက်ပါ။ အနောက်နိုင်ငံမှာ ဆိုရင်တော့ Subway လို့ခေါ်မယ်ထင်ပါတယ်။ SG မှာရထားလိုင်း ၄လိုင်းနဲ့ သွားချင်တဲ့နေရာကို သွားလို့ရပါတယ်။ တနေရာကနေ တနေရာကိုသွား ချင်ရင်လဲ MRT ကနေဘယ်လိုလာဆိုပြီး လမ်းညွှန်လေ့ ရှိပါတယ်။ ပထမဆုံးစဖွင့်တဲ့ ရထားလိုင်းက YIO CHU KANG နဲ့ TOA PAYOH ဖြစ်ပြီး ၁၉၈၇ မှာစပြီးဖွင့်ခဲ့တာပါ။ အရှေ့တောင်အာရှ မှာ ဒုတိယ အစောဆုံးပါပဲ။

Adora တို့လိုအချိန်ကိုက်ပြီး သွားလာတတ်တဲ့သူ တွေအတွက်တော့ ယာဉ်ကြောပိတ်တာတို့၊ဘာတို့မရှိတဲ့ ရထားကိုပဲ သွားလာစရာ ရှိရင်အများဆုံးသုံးဖြစ်တယ်လေ။ ကားရှိ တဲ့ သူတွေထဲမှာတောင် ကားရပ်ဖို့ ဈေးကြီးတဲ့နေရာ၊ ဒါမှမဟုတ် ကားရပ်ဖို့အခက်အခဲ ရှိတဲ့နေရာတွေဆို ဒီကလူတွေက ဈေးသက်သာ၊ ခေါင်းရှုတ်စရာမလိုဘဲ အဆင်ပြေတဲ့ Public Transport ကိုပဲ သုံးကြပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်က SGမှာ မြန်မာဒီလောက်မများသေးပါဘူး။ ဆိုလိုချင်တဲ့ သဘောက လမ်းမှာ၊ ကားပေါ် ရထားပေါ်မှာ မြန်မာအသံ အခုတနှစ် နှစ်နှစ် လောက် နေရာတကာမကြားရသေးပါဘူး။ Adora သတိမထားမိတာလဲဖြစ်နိုင်ပါတယ်။ အခုတော့ရထားထဲ, ကားထဲမှာ သတိထားမိလောက်အောင်ကို မြန်မာစကားကြားရတာပါ။၊အဲဒီတော့လဲ ကိုယ့်လိုပဲ ကိုယ့်လူမျိုးတွေ ရေခြားမြေခြားမှာအများကြီးရှိပါလား ဆိုပြီးအားတက်မိသလို၊ စိတ်ထားမှာတခါတလေတော့လဲ ဝမ်းနည်းသလိုပါပဲ။ ဒီကြားထဲကမှ တခါတလေ ပြုံးရတာလေးတွေလဲ ကြုံရတတ်ပါတယ်။



ဖြစ်ပုံကဒီလိုပါ။ တရက်မှာ မနက်ရုံးသွားရင်း ရထားပေါ်မှာ ငိုက်နေတုံး ....
"ကိုကြီး ညီမလေးကို ညာနေတာတွေက ဘုရားမကြိုက် နတ်မကြိုက်တဲ့ အလုပ်တွေပဲ" ဆိုလို့ လိုက်ရှာတဲ့အခါ အရှေ့ကအမတယောက်က သူ့ချစ်သူနဲ့ စကားပြောနေတာပါ။ ခိုးနားထောင်နေတာ မဟုတ်ပေမဲ့လဲ ကိုယ့်ရှေ့တည့်တည့် မှာဆိုတော့ အကုန်ကြားနေရပါတယ်။ ဒါနဲ့ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ ပြုံးနေတာ၂ယောက်လောက်ထပ်မြင်ပါတယ်။ အဲဒီအမကတော့သူပြောတာ "ဘယ်သူမှ နားမလည်လောက်ဘူး" ထင်လို့အကျယ်ကြီး ချစ်သူနဲ့ လမ်းတလျှောက် ရန်ဖြစ်တာ မှတ်တိုင်ရောက်လို့ ဆင်းသွားတဲ့အထိ ပါပဲ။ 


တခေါက်ကတော့ BUS ပေါ်မှာပါ။ ဘယ်သူ ဘယ်ဝါ မမြင်ရပေမမဲ့ အရှေ့ဘက် မှာ ထိုင်နေတဲ့ကိုယ်က အသံကအနောက်တနေရာကနေ လာနေမှန်း ခန့်မှန်းလို့ရပါတယ်။ ဘယ်သူမှ မကြားနိုင်ဘူး၊ ကြားလဲ နားမလည် ပါဘူးလို့ထင်ပြီး ကိုယ်ရေးကိုယ်တာတွေ ခပ်ကျယ်ကျယ်  ပြောမိနေကြတာပါ။


Singapore မှာမြန်မာတွေများလာသလို တခြားနိုင်ငံသားတွေလဲ ဒီတနှစ် နှစ်နှစ်မှာ သိသိသာသာကိုများလာပါတယ်။ ဖြစ်လာတဲ့အကျိုးဆက်က Public Transport  တွေ  တခါတလေ တက်လို့မရလောက်အောင် ကျပ်လာတာပါ။ အထူးသဖြင့် ရုံးတက်ချိန် ရုံးဆင်းချိန်တွေ မှာဆိုပိုဆိုး ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုံးက တချို့ ပါတီ တွေက Adora တို့လို နိုင်ငံခြားသား တွေကြောင့် ရထားတွေ ကားတွေ ကျပ်ပြီး Breakdown ဖြစ်တာဆိုတာမျိုး ကြားဘူးထားတော့ တခါတလေ ဒီနိုင်ငံသား သူငယ်ချင်းတွေ ရထားကျပ်ကြောင်း ညည်းကြတိုင်း စိတ်ထဲမှာ ငါတို့ကြောင့်များလားဆိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဧည့်သည်ဆိုတဲ့ အငုံ့စိတ်ကတော့ လူတိုင်းမှာ နဲများမဆို ရှိမယ်ထင်တာပါပဲ။ 


ရထားကျပ် တာ နဲ့ ပက်သတ်တဲ့ ကာတွန်းလေးတွေကြည့်ပါ အုံး။
ပုံထဲကအတိုင်း တခါတလေ ရထားပေါ်တက်လို့ရတာကိုက တော်တော်ကံကောင်းနေပါတယ်။ ရုံးနောက်မကြ တော့ဘူးလေ။



ဒီပုံကတော့ ရထားပေါ်ကသူတွေကို ဆင်းခွင့်မပေးဘဲ ရထားအရပ်မှာအတင်းလုတက်ကြတဲ့ သဘာဝကို လှောင်ထားတာပါ။ ကိုယ်က အဲဒီလို မတက်လို့ ရထားပေါ်ကလူလဲဆင်းအပြီး၊ အပြင်ကတိုးတက်တဲ့သူတွေလဲတက် အပြီး ရထားပေါ်ရပ်စရာ မရှိပြည့်ကျပ်သွားလို့ ရထားလွတ်သွားပေါင်းလဲ မနဲပါဘူး။ တကိုယ်ကောင်းဆန်လိုက်ကြတာ လို့ Adora တော့ မမြင်မိပဲ "သူ့အရပ် နဲ့ သူ့ဇတ်ပဲ"လို့ ထင်ပါတယ်။ Bus ကားမှာတော့ အဲဒီ ပြသနာ မရှိပါဘူး။ အများအားဖြစ် တန်းစီပြီး တက်ကြရတာကိုး။


ကဲ အဲဒီလို ပြည့်ကျပ်နေတဲ့ ရထားပေါ် ရောက်ပြီ ဆိုပါစို့။ နောက်ထပ် ကြုံရမှာက Reserved seat ပြသနာပါ။ ရထားတွဲတိုင်းမှာ မျက်နှာချင်းဆိုင် ထိုင်ခုံတန်း ၂တန်းရှိပါတယ်။  ထိုင်ခုံတန်း ၂တန်းရဲ့ ဘယ်ဘက် နဲ့ ညာဘက် ထောင့်ဆုံး ၄ ခုံက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ နဲ့၊ မသန်စွမ်းသူတွေ အတွက် သက်မှတ်ထားတာပါ။  


တချို့ လူငယ်တွေကတော့ သက်မှတ်ထားတဲ့ခုံတွေမှာ ဖယ်ပေးရမဲ့အတူတူ မထိုင်ကြပါဘူး။ တချို့တွေကတော့ ထိုင်ပေမဲ့ ဖယ်ပေးရမဲ့သူလာရင် ချက်ချင်းထပြီးဖယ်ပေးပါတယ်။ တချို့တွေကြတော့ ထိုင်ပြီးရင် အိပ်ပျော်ချင်ရောင်ဆောင်တာပဲ ဖြစ်ဖြစ်၊ တကယ်အိပ်ပျော်သွားတာကြောင့် ပဲဖြစ်ဖြစ် ဘယ်သူလာလာ ထမပေးတော့ပါဘူး။ နောက်ဆုံးအုပ်စု ကတော့အဆိုးဆုံးပါ။ သက်ကြီးရွယ်အို၊ ကလေးငယ်တွေ၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် အမျိုးသမီး တွေအတွက် ဖယ်ပေးတဲ့ခုံကို မသိချင်ရောင်ဆောင်ပြီးအတင်းဝင်ထိုင်တာပါ။ 


Adora က ဒုတိယအုပ်စု ထဲမှာပါ ပါတယ်။ အထူးသဖြင့် ဒေါက်မြင့်ဖိနပ် စီးဖြစ်တဲ့နေ့တွေမှာပါ။ ထိုင်ခုံမှာလူလဲလွတ်နေ၊ ဖယ်ပေးရမဲ့သူဘယ်သူမှ မရှိရင် Reserve seat မှာထိုင်ဖြစ် ပါတယ်။ တကယ်တော့ ရထားပေါ်မှာထိုင်ရတာ လူသက်သာပေမဲ့ စိတ်ပင်ပန်းပါတယ်။ မျက်စိကတချိန်လုံးလိုလို ဘယ်သူများထိုင်ခုံလိုမလဲ လို့ လိုက်ကြည့်နေရတာ မို့လို့ပါ။အထူးသဖြင့် သက်မှတ်ထားတဲ့ခုံတွေမှာ ထိုင်မိရင်ပေါ့။ အလုပ်ပိတ်ရက် ရုံးအားရက် ဖိနပ်အမြင့်စီးစရာမလိုတဲ့ ရက်တွေမှာ၊ ဒါမှမဟုတ် သက်သက်သာသာရှိတဲ့ စီးနေကြဖိနပ်မျိုး စီးတဲ့နေ့မျိုးမှာတော့ ထိုင်ခုံရလဲ မထိုင်ဖြစ်ပါဘူး။ ရထားပြတင်းပေါက်ကနေ ကြည့်နေမြင်နေကြ မြင်ကွင်းတွေ ကြည့်ပြီးလိုက်သွား တာပါပဲ။
အပေါ်က ကာတွန်းလေးကို သူငယ်ချင်းတယောက်က FB မှာ ရှယ်ထားတာပါ။ ဟိုအရင်တုံးက SG ကရထားတွေမှာ reserved seat မရှိပါဘူး။ ထိုင်နေတဲ့ သူတွေထဲက တယောက်က ထပေးလိုက်တာပါပဲ။ ဘာအကြောင်းကြောင့် reserved seat စနစ် ပြောင်းလိုက်လဲ ဆိုတာသေချာ မသိပေမဲ့ ဒီ စနစ် ကြောင့် ကာတွန်းထဲမှာပြထား သလို " ငါထိုင်နေတာ reserved seat မှ မဟုတ်ပဲ၊ သက်မှတ်ထားတဲ့ခုံမှာထိုင်ထားတဲ့ သူဖယ်ပေး လိမ့်မပေါ့" ဆိုတဲ့ အတွေးမျိုး လူတွေရဲ့စိတ်ထဲမှာ ပိုများလာတယ် လို့ Adora တော့မြင်ပါတယ်။ SG ကမီဒီယာ နဲ့ STOMP လို website မျိုးတွေမှာလဲ reserved seat မှာထိုင်ပြီး အိပ်နေမိတဲ့ သူကို အပြစ်မြင်ကြပြီး  ထိုင်ခုံလိုအပ် နေတဲ့သူကို ထမပေးတဲ့ ဘေးကထိုင်နေသူများ ကိုတော့ ဘယ်သူမှ ဘာမှမပြောကြပါဘူး။ လူသားချင်းစာနာမှု ရှိဖို့ သတိပေးတဲ့ စနစ်ပေမဲ့  လူတွေကဒီစနစ်ကြောင့်ပိုပြီး တကိုယ်ကောင်းပိုဆန်လာကြသလားလို့တွေးမိလို့ ပါ။ ဘယ်အရာပဲ ဖြစ်ဖြစ် တမင် သက်သက် အတင်းလုပ်ယူရတာမျိုး ဆိုရင်ဘာမှမကောင်းဘူးနော်။

ဘာရယ်မဟုတ် ရထားပေါ်မှာရုံးသွားရင်း တွေးမိတာလေးတွေချရေးလိုက်ပါတယ်။

Tuesday, 3 July 2012

ကျေးဇူး စကား

တနေ့တနေ့  My Blog - Stats ကနေ ဘယ်သူတွေလာကြည့်မလဲ။ ဘာများ ရေးသွားမလဲနဲ့ ချောင်းချောင်းကြည့်နေတာ ကြာပါပြီ။
ဒီနေ့ View ၆၀ကျော်တဲ့ အတွက်ဝမ်းသာအားရနဲ့ ဒီpost ကိုရေးပါတယ်။
ဘာမှမပြည့်စုံသေးတဲ့ အချိန်မှာ ခဏဖြစ်ဖြစ် လာကြည့်တဲ့ သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။